ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (18)
ဆံပင်တွေအများကြီးပဲ
ရေအောက်သင်္ချိုင်းမှာ ဆံပင်ကြိုး တစ်ချောင်းတွေ့ပြီး လှုပ်ရှားသွားနိုင်ရင် လူအများစုက သရဲတစ္ဆေ ရှိတယ်လို့ ချက်ချင်း ထင်ကြလိမ့်မယ်။ ကံကောင်း ထောက်မစွာနဲ့ အလယ်မှာ ကျောက်ပြားချပ်ကြီး တစ်ချပ် ရှိနေခဲ့တာကြောင့် တစ်ဖက်က အမြန်ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။
ဖက်တီးက ဆံပင်ကြိုးကို မဆွဲထားလိုက်မိတဲ့ အတွက် သိပ်ကျေနပ်ပုံ မပေါ်ပေ။ သူက ကျောက်ပြားချပ်တွေ ကြားကို သေသေချာချာ တွေ့နိုင်အောင် မီးထွန်းကြည့်ရင်း နောက်ကွယ်က အရာများကို ကြည့်ရန် ကြိုးစားလိုက်သည်။ ဝူရှဲကတော့ သူ့လောက် သတ္တိမရှိပါဘူး။ သူက ကျောက်ပြားနဲ့ ခပ်ဝေးဝေးမှာနေပြီး ဖက်တီး ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေလိုက်သည်။
ကြိမ်ဖန်များစွာ လေ့လာပြီးနောက် မတ်တတ် ထရပ်ကာ တစ်စုံတစ်ခုကို တကယ် တွေ့လိုက်ပုံရသည်။ စိတ်ရှုပ်ထွေးစွာဖြင့် ငြိမ်သက်သွားပြီး နောက်တစ်ကြိမ် ကြည့်ရန် အနီးကပ် တိုးသွားပြန်၏။ ဤတစ်ကြိမ်တွင် ဖက်တီးတစ်ယောက် ကြီးမားသော တုံ့ပြန်မှုတစ်ခု ပြလာခဲ့သည်။
ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး ကူးခတ်လာခဲ့သည်။ မီတာ အတော်ကြာအောင် ကူးခတ်လာကာ လက်သီးတွေကို အပြင်းအထန် ခါယမ်းရင်း ပထမတော့ ဝူရှဲ့လည်း သူ့ကို ရိုက်မယ်လို့ ထင်ခဲ့ပေမယ့် နောက်တော့ တွေးလိုက်မိတာက အဲဒါက ငါတို့အသက်အတွက် ထွက်ပြေးဖို့ အမူအရာပြတာ မဟုတ်ဘူးလား။
ဒါပေမဲ့ အခုနကတော့ ဘာမှဖြစ်ပုံ မပေါ်ဘူးလေ။ ဝူရှဲ ဓါတ်လိုက်သွားသလိုမျိုး ကြောင်အသွားပြီး လှည့်ကြည့်လိုက်တော့ လမ်းကို ပိတ်ဆို့နေတဲ့ ကျောက်ပြားက ရုတ်တရက် ကြွလာသလို အောက်ဘက်ကနေ မှင်နက်လို တစ်ခုခု စိမ့်ထွက်လာတာကို တွေ့လိုက်ရသည်။ အစက အဆိပ်ရှိတဲ့ ရေလို့ထင်ပြီး အနီးကပ်ကြည့်လိုက်တော့ သူ့မေးရိုးတွေ ပြုတ်ကျသွားတော့မတတ် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
ဒါက လူရဲ့ ဆံပင်တွေ မဟုတ်ဘူးလား?
ဖက်တီးက သူ့ရဲ့တုံ့ပြန်မှု အလွန်နှေးကွေးနေတာကို မြင်ပြီး သူ့ကိုဆွဲထုတ်ရန် ကမန်းကတန်း ပြန်ကူးလာခဲ့သည်။ ထို့နောက် ဝူရှဲလည်း သတိဝင်လာကာ အသက်လုပွဲ အတွက် အဆောတလျင် ပြေးရလေ၏။ ဒါက ရေအောက်ဖြစ်သည်။ စိတ်အားထက်သန်လေ စွမ်းအင်ပိုသုံးလေနှင့် နှေးကွေးလေ ဖြစ်သည်။
ဝူရှဲ အထိတ်တလန့် ကူးခတ်နေရင်း ရုတ်တရက် အရှိန်ကို မထိန်းနိုင်တော့ဘူးလို့ ထင်လာရသည်။ ထို့ကြောင့် ဖက်တီးရဲ့ စံနမူနာကို လိုက်နာပြီး နံရံပေါ် လမ်းလျှောက်သလို ပြေးရတော့သည်။ ဒါက မယုံနိုင်စရာ ကောင်းပေမယ့် အရှိန်က အရမ်းမြန်သွား၏။ အထူးသဖြင့် ခြေထောက်ကို တင်းတင်းကြပ်ကြပ် မတ်မတ်ထားပြီး ပြေးနေရတာက မြေကြီးပေါ် ပြန်ရောက်သွားသလိုပင်။
ခြေလှမ်းနှစ်ဆယ်လောက် နင်းပြီး ထောင့်တစ်နေရာကို အရင်ဆုံး ရောက်သွားသည်။ ဖက်တီးက သူတို့ကို ဖမ်းဆွဲ၍ ထောင့်အနောက်မှာ ပုန်းခိုင်းပြီး အခြေအနေကို အရင်စစ်ဆေးသင့်တယ်လို့ ညွှန်ပြလာ၏။
ဝူရှဲတို့ အောက်ဆီဂျင်ကို စုပ်ယူပြီး အလျင်အမြန် ပြန်ကြည့်လိုက်သည်။ ကောင်းလိုက်လေခြင်း။ ဂူရဲ့ နောက်ကွယ်က လမ်းကြောင်းက ဆံပင်တွေနဲ့ ပြည့်နေပြီး မည်းမှောင်လို့နေသည်။ အဲဒါကို ကြည့်ရုံနဲ့ လည်ချောင်းက တင်းကြပ်လာသလို ခံစားလာရသည်။ ဘယ်လိုလုပ် ဆံပင်တွေက ဒီလောက်တောင် ရှည်လျား ကြီးထွားနေရတာလဲ?
ဖက်တီးက ကျိန်ဆဲပြီး လေသေနတ်ကို ကောက်ကိုင်ကာ အနက်ရောင် ဆံပင်တွေ အစုလိုက် အပြုံလိုက် ရှိနေတဲ့ အလယ်ဗဟိုသို့ ချိန်၍ ပစ်ခတ်လိုက်သည်။ လေသေနတ်သည် ချက်ချင်းဆိုသလို ထိုးဖောက် ဝင်ရောက်နိုင်လောက်တယ်လို့ ဖက်တီး ထင်နေခဲ့သည်။ ၆ မီတာ သို့မဟုတ် ခုနစ်မီတာလောက်ကနေ လျင်မြန်စွာ ပျံသန်းလာသော လှံတစ်ချောင်းလို့ လေသေနတ်ကို မြင်သောအခါ ဆံပင်တွေက ရစ်ပတ်လိုက်တဲ့အခါ သူ့မျက်နှာက ဖြူဖတ်သွားတော့သည်။
သို့သော် လေသေနတ်က အကျိုးသက်ရောက်မှု တချို့ရှိနေဆဲ ဖြစ်သည်။ ဆံပင်များက သတိရှိနေပုံပေါ်၏။ ၎င်းက နောက်ကို ကျုံ့သွားကာ တွန့်လိမ်နေပြီး ဆံပင်ထဲမှ တစ်ခုခု ထွက်လာတော့မည့် အတိုင်းပင်။ ဝူရှဲတစ်ယောက် ဒီတစ်ခါတော့ လှပြီလို့ တွေးနေချိန် ဖက်တီးက သူ သတိမထားမိလိုက်တဲ့ အခိုက် နောက်ထပ် လေသေနတ် တစ်လတ်ကို ဖမ်းယူသွားပြန်သည်။
အစောက ပစ်လိုက်တဲ့ လှံတစ်ချောင်း နီးကပ်လာချိန် ဖက်တီးက နောက်တစ်ကြိမ် ထပ်မံထိုးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဆံပင်များ ရုတ်တရက် ကျုံ့သွားရာမှ ရုတ်ချည်း လွတ်ထွက်သွားသည်။ ချက်ချင်းဆိုသလိုပဲ လူသေတစ်ယောက်ရဲ့ မျက်နှာက သူ့ဆံပင်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာတာကို တွေ့လိုက်ရတော့သည်။
အဲဒီလူက သူတို့နဲ့ တူညီတဲ့ ရေငုပ်ဝတ်စုံပုံစံမျိုး ဝတ်ထားတာကြောင့် ကြည့်ရတာ ပျောက်သွားတဲ့ သုံးယောက်ထဲက တစ်ယောက် ဖြစ်နိုင်သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့နှာခေါင်းနဲ့ ပါးစပ်က ဆံပင်တွေ ဖုံးလွှမ်းနေပြီး သူ့မျက်လုံးနှစ်လုံးမှာတောင် ဆံပင်တွေ ပေါက်ထွက်လာနေတာကို တွေ့နေရ၏။ ပထမတစ်ချက်မှာတင် သူ အသက်ရှူကျပ်ပြီး သေသွားမှန်း သိသာသည်။ နီမြန်းပြီး ရောင်ရမ်းနေကာ အရမ်းရုပ်ဆိုးလှသည်။
ထိုအလောင်းကို မြင်ပြီးတာနဲ့ ဝူရှဲ သူ့ဦးရေပြားတွေ တုန်လာသလို ခံစားလိုက်ရသည်။ ဒီဆံပင်တွေက အရမ်းဆိုးရွားလွန်း၏။ ဝူရှဲ မြန်မြန်လမ်းလျှောက်ပြီး ဖက်တီးကို ဆွဲထုတ်ချင်ပေမယ့် မော့ကြည့်လိုက်တော့ ဖက်တီးက မရှိတော့ပေ။ ဝူရှဲ လန့်ပြီး လှည့်ကြည့်လိုက်တဲ့အခါ ဖက်တီးက ပြေးတာမှ အဝေးကြီးတောင် ရောက်နေပြီ။
ဘယ်မှာလဲ လက်သီး ဝေ့ယမ်းပြီး အချက်ပြတဲ့ဟာကြီး!!
ဝူရှဲ စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ သူ့ဘာသာအရင် လုံခြုံတဲ့နေရာကို အရင်ပြေးပြီးမှ သူတို့ကို သတိပေးဖို့ စဥ်းစားနေတာလား။ ဝူရှဲလည်း ထိပ်ပြောင်ကျန်း နဲ့ အားနင်တို့ကို သူ့နောက်ကလိုက်ခဲ့ဖို့ ကမန်းကတန်း အချက်ပြလိုက်သည်။ ဖက်တီးက သူတို့ရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကြောင့် အားမလိုအားမရ ဖြစ်နေပုံရသည်။
ဝူရှဲလည်း အနားရောက်တာနဲ့ ဖက်တီးရဲ့ဖင်ကို တစ်ချက် ကန်ထည့်လိုက်သည်။ ဖက်တီးမှာ သူ့ရဲ့ ကန်သွင်းမှုကြောင့် နာကျင်သွားရာ မယုံနိုင်စွာဖြင့် အပြေးအလွှားလာ၍ ရိုက်ချင်နေသေးသော်လည်း အားနင်က သူတို့အား အမြန်ပိတ်ဆို့ကာ အနောက်သို့ လက်ညှိုး ထိုးပြလိုက်သည်။ အခုက လွတ်မြောက်ရန် အရေးကြီးကြောင်း သိတာကြောင့် ဒီကိစ္စကို ထွက်သွားပြီးမှ တစ်ခါတည်း ဖြေရှင်းလိုက်ဖို့ တွေးထားလိုက်သည်။
ထိုအချိန်တွင် လက်ထဲက အောက်ဆီဂျင် မီတာက တုန်ခါလာတာကြောင့် အောက်ကို ငုံ့ကြည့်လိုက်သည်။ ဒုက္ခပဲ။ သူတို့ရေအောက်ကို ရောက်လာတာ နာရီဝက်နီးပါး ကြာသွားပြီ။ အခုကလည်း အသက်ရှုတာ အရမ်းမြန်နေပြန်တာကြောင့် အောက်ဆီဂျင် သုံးစွဲမှုက ပုံမှန်ထက် အဆများစွာ ပိုများနေသည်။ ဒါက နည်းနည်းတော့ လွန်သွားပြီ။
ကျန်တဲ့ အချိန်တွေကို တွက်ကြည့်တော့ အခြေအနေက အရမ်းဆိုးလာခဲ့သည်။ ဒီအတိုင်းသာဆို တိုးတက်မှုမရှိဘဲ ပြန်သွားရတော့မယ်။ မဟုတ်ရင် အောက်ဆီဂျင်က လုံလောက်မှာ မဟုတ်ဘူလေ။ ဒါပေမဲ့ ဒီလိုမျိုး အပြင်ထွက်လိုက်ရမယ်လို့ တွေးမိတော့ ဦးလေးသုံးပြောခဲ့တဲ့ နားခန်းကိုတောင် ရှာမတွေ့ရလားဆိုပြီး နည်းနည်းလေး မနာလို ဖြစ်မိလာသည်။
ထိုအချိန်တွင် အဆုံးတွင် ရေကူးနေသော ထိပ်ပြောင်ကျန်းသည် ကဏန်းတစ်ကောင်လို သူတို့ရဲ့ သိုင်းကြိုးများကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး ရှေ့သို့ အလျင်အမြန် ပြေးကာ ဖက်တီးကိုလည်း ဖမ်းကိုင်၍ ရပ်ခိုင်းလိုက်သည်။ ဝူရှဲ သူ့မျက်လုံးများ ပြူးကျယ်သွားတာကို မြင်လိုက်ရ၏။ ဒီလူက သူတို့ထက် ရှေးကျတဲ့ သင်္ချိုင်းရဲ့ ဖွဲ့စည်းပုံကို ပိုသိပုံရပြီး သဲလွန်စတချို့ အရင်ရှာထားတာ ဖြစ်နိုင်လား။
သေချာတာပေါ့။ ထိပ်ပြောင်ကျန်းက သူ့နောက်ကို လိုက်ဖို့ သူတို့ဘက်ကို အချက်ပြလာခဲ့သည်။ ဖက်တီးက စိုးရိမ်တကြီး ငြင်းချင်ပေမယ့် အခုနက သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းဆိုးရွားတဲ့အတွက် လျစ်လျူရှုပြီး ဒေါသတကြီးနဲ့ လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ထိပ်ပြောင်ကျန်းက မီတာအနည်းငယ် အထိ နောက်သို့ ကူးခတ်ပြီးနောက် အနည်းငယ် နစ်နေပြီဖြစ်သော သင်္ချိုင်းနံရံကို ညွှန်ပြလိုက်သည်။ လတ်စသတ်တော့ အစောက ဖက်တီးတစ်ယောက် ဂူနံရံကို ကန်ကျောက်ကာ ထွက်ပြေးသွားတဲ့ အချိန်တုန်းက နစ်ဝင်သွားတဲ့ နံရံမှန်း သိလိုက်ရသည်။
ဝူရှဲ မြင်လိုက်တာနဲ့ အရမ်းပျော်သွားသည်။ အနောက်မှာ အရှေ့အနောက် အပြန်ပြန် အလှန်လှန် ရှည်လျားစွာ တည်ဆောက်ထားသော စင်္ကြံလမ်း၏ အဆုံး ဖြစ်နိုင်သည်။ ဦးလေးသုံးက အဲဒီတုန်းက ဦးထုပ်ဆောင်းထားတော့ အဆင်ပြေသည်။ အခု သူတို့ခေါင်းပေါ်မှာက ရေငုပ်မျက်မှန်တွေပဲ ရှိကာ ရေစီးကြောင်းထဲ ပါသွားပြီး တစ်ခုခုကို တိုက်မိသွားရင် သွေးထွက်မှာ မဟုတ်ဘူးလို့ အာမခံချက် မရှိဘူး။
နောက်ကို ပြန်ကြည့်လိုက်တော့ ဆံပင်က မထွက်လာသေးချေ။ ဝူရှဲလည်း သူတို့ကို အရင်သတိပေးချင်ပေမယ့် အဲဒီအချိန်မှာ အကောင်းအဆိုး မသိတဲ့ ထိပ်ပြောင်ကျန်းက ရုတ်တရက် ဘာကို သွားဖိချလိုက်တယ်မသိ။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ ရေပူပေါင်းတွေ ရုတ်တရက် ပေါ်လာတော့သည်။
မြင်ပြီးတာနဲ့ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ပြီ။ ဒီထိပ်ပြောင်ကျန်းရဲ့ ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ စွမ်းရည်က ဖက်တီးကောင်လောက် ကောင်းနေမယ်လို့ မမျှော်လင့်ထားဘူး။ သူ့နောက်ကနေ တိုက်ရိုက် ရောက်လာတဲ့ တွန်းအားက ဝူရှဲကို နံရံမှာရှိတဲ့ အပေါက်ထဲကို တွန်းပို့လိုက်တော့သည်။
ရေတွေက တဝူးဝူး လည်ပတ်နေရာ ဦးလေးသုံး ပြောခဲ့တဲ့ ခံစားချက်ကို ချက်ချင်း သဘောပေါက်သွား၏။ အတွင်းအင်္ဂါတွေ အကုန်လုံးကို ဖယ်ထားပြီး အဝတ်လျှော်စက်ထဲကို ထည့်ထားသလို ခံစားနေရပြီ။ သိပ်မကြာခင်မှာ မူးဝေလာကာ အမြင်အာရုံကလည်း ရှင်းရှင်းလင်းလင်း မရှိတော့ချေ။
ဘယ်လောက်ကြာသွားမှန်း မသိပေ။ သတိဝင်ကာ နိုးလာချိန်မှာတော့ တစ်ကိုယ်လုံး ကွဲထွက်သွားသလို ခံစားနေရသည်။ အထူးသဖြင့် လည်ပင်းက ပြင်းထန်စွာ နာကျင်ကိုက်ခဲနေတာပါပဲ။ ကံကောင်း ထောက်မစွာနဲ့ ကျိုးတော့ ကျိုးမသွားခဲ့ပေ။ ပါးစပ်ကလည်း အသက်ရှူလို့ ရနေတုန်းပဲ။
ဝူရှဲ မျက်လုံး ဖွင့်ကြည့်လိုက်တော့ အပေါ်က၊အောက်၊ ဘယ်ညာ မည်းမှောင်နေတာ တွေ့လိုက်ရသည်။ ဖက်တီးနဲ့ တခြားသူတွေက သူ့အောက်မှာ ရှိကာ အခုထိ မူးနေပုံရသည်။ အထူးသဖြင့် ဖက်တီးမှာ ဘဲလေးအက ကခုန်နေသလိုမျိုး လည်နေ၏။
ဝူရှဲ ရေတွင်းနံရံကို ကြည့်လိုက်တော့ အရည်အသွေးမြင့် ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာ တွေ့ရသည်။ ဒီလိုကောင်းတဲ့ ပစ္စည်းကို ဒီနေရာမှာ သုံးထားတယ် ဆိုတော့ သူတို့ရေအောက် သင်္ချိုင်းရဲ့ မြေအောက်နန်းတော်ထဲကို ရောက်နေပြီ ထင်ပါရဲ့။
ဒါက ဦးလေးသုံးပြောခဲ့တဲ့ နားခန်းအထိ ဆက်ထားတဲ့ နွေဦးပေါက် ရေစီးကြောင်း ဖြစ်မည်။ ခြေထောက်ကို ကန်ပြီး အပေါ်ကို လှမ်းတက်လိုက်တော့ ရုတ်တရက် ခေါင်းက ပူနွေးလာပြီး ရေထဲက ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်က မည်းမှောင်နေပြီး ရှာဖွေရေးအလင်း၏ အလင်းရောင်သည် အာရုံစူးလွန်းသဖြင့် တစ်ချက်သာ ထွန်းလင်းနိုင်ခဲ့သည်။ ဝူရှဲ ရှာဖွေရေးမီးကို ပိတ်လိုက်ပြီး ဓာတ်မီးဖြင့် အစားထိုးကာ သင်္ချိုင်းဂူကို သေသေချာချာ ကြည့်လိုက်သည်။ အုတ်ဂူသည် ချွန်ထက်သော အစွန်းများနှင့် ထောင့်များပါသည့် စတုဂံပုံသဏ္ဌာန် ဖြစ်သည်။
ထိပ်တွင် ကြယ်ငါးဆယ်မြေပုံမှ လွဲ၍ တခြားနေရာများတွင် တံစက်မြိတ်နှင့် နံရံကပ်ပုံများ အများအပြား မရှိသဖြင့် ရိုးရှင်းပြီး ဟန်မကျလှပေ။
ဒီအထဲမှာ ခေါင်းတလား ကုတင်နဲ့ ခေါင်းတလား မရှိဘူး ဆိုတော့ ဒါက နားခန်းတစ်ခု ဖြစ်နိုင်လေသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ တခြား ထွက်ပေါက် မရှိဘူး ဆိုတာကို တွေ့လိုက်ရ၏။ စင်္ကြံနဲ့ ချိတ်ထားတဲ့ ဘယ်ဘက်က ကျောက်တံခါး တစ်ခုပဲ ရှိသည်။
သင်္ချိုင်းအခန်း နံရံများကိုလည်း အလွန်စျေးပေါသော အဖြူရောင်အင်္ဂတေဖြင့် တံဆိပ်ခတ် ခြယ်သထားသည်။ မူလက သူတို့ပေါ်တွင် ရောင်စုံပန်းချီကား တချို့ရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့သည် ရေခိုးရေငွေ့များကြောင့် စုတ်ပြဲသွားရာ ပန်းချီကားများက တားမြစ်မိန်းမပျို၏ ပုံစံဖြစ်မဖြစ် မပြောနိုင်တော့ပေ။
ကြမ်းပြင်ပေါ်တွင် သင်္ချိုင်းတွင်း၌ ကြွေထည် အပိုင်းအစ အများအပြား မြှုပ်နှံထားပြီး ထိုအထဲမှ တစ်ရာခန့်သာ တန်ဖိုးရှိသော အပြာရောင် ယွင်လုံ(တိမ်နဂါး) ကြွေအိုးကြီးများ ရှိသည်။ ထိုပစ္စည်းတွေ အပါအဝင် ကြမ်းပြင်ပေါ်ရှိ ခြေရာအချို့ကိုလည်း တွေ့ရလေ၏။ စိုစွတ်သော ခြေထောက်များဖြင့် ဖုန်ထူနေသော ကြမ်းပြင်ပေါ် နင်းထားသလို ခြေရာအသစ်ပင်။ ဒါက သူ့ဦးလေးတို့ အဖွဲ့လား။
လေထု အရည်အသွေးကို တိုင်းတာပြီး ရေထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခိုင်းလိုက်သည်။ အားနင် တက်လာပြီးတဲ့ နောက်မှာတော့ သူမက ဒီခြေရာတွေကိုမြင်တော့ စိတ်ပူပြီး မေးလာ၏။
“ဒါတွေက သင်္ချိုင်းဖောက်သူတွေ ကျန်ခဲ့တဲ့ ခြေရာတွေလား?”
ဝူရှဲ မျက်မှောင် ကြုတ်လိုက်သည်။ သူ သိပ်တော့ မသေချာပေ။ ဒီခြေရာတွေက သိပ်ပြောင်မြောက်တဲ့ ခြေဗလာ အမှတ်အသားတစ်ခုလိုပဲ။ အထူးခြားဆုံးကတော့ ခြေရာဟာ အလွန်သေးငယ်နေခြင်းပင်။ သုံးနှစ်ထက် မပိုတဲ့ ကလေးတစ်ယောက်ရဲ့ ခြေရာအတိုင်းပင်။
ကလေးတွေကို ဂူသင်္ချိုင်းတွေ ခေါ်သွင်းတာမျိုးကို တစ်ခါမှ မကြားဖူးတဲ့အတွက် ဖက်တီးကို တစ်ချက် လာကြည့်ဖို့ ခေါ်ခဲ့လိုက်သည်။ သူ့မှာ အတွေ့အကြုံ ကြွယ်ဝတာကြောင့် ဘာတွေဖြစ်နေလဲ သိနိုင်လောက်သည်။
ဖက်တီးက နည်းနည်းတော့ စိတ်ရှုပ်သွားပြီး ပြောလာခဲ့သည်။
"ကြီးလား သေးလား အရင်မပြောနဲ့ဦး... ခြေရာက သိပ်မူမမှန်ဘူး....မင်း အနီးကပ် ကြည့်လိုက်"
ဝူရှဲ နောက်တစ်ကြိမ် သေချာ ကြည့်လိုက်တော့ ခြေရာတွေပေါ်မှာ ဖယောင်းနဲ့တူတဲ့ အဝါရောင်အလွှာတွေ ရှိနေတာကို တွေ့လိုက်ရသည်။ ဓားနဲ့ခြစ်ပြီး အနံ့ခံလိုက်ကြည့်လိုက်တော့ ရုတ်တရက် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
"ဒါက အလောင်းဖယောင်းပဲ… !"