ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (14)
ရုံရှင့်ကျွန်း
သင်္ဘောကုန်းပတ်ပေါ်ကို လှန်လိုက်တာနဲ့ တစ္ဆေသင်္ဘောကြီးက အစိတ်အပိုင်းကြီးတစ်ခု ပုံပျက်သွားသလို ဝမ်းနည်း တွန့်လိမ်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာတော့သည်။ သင်္ဘောရဲ့ ရှေ့နဲ့နောက်ဟာ တစ်ပြေးညီတည်း မဟုတ်တော့တာကို မြင်လိုက်ရ၏။ ဝူရှဲ မနေနိုင်တော့ဘဲ သင်္ဘောဂိုဒေါင်ကို တစ်ချက် ကြည့်လိုက်တော့ သင်္ဘောဝမ်းထဲက အပိုင်းအစတွေ ကျိုးသွားတာ တွေ့ရလေသည်။
ကျိုးသွားသည်နှင့် သင်္ဘောကိုယ်ထည်ကလည်း မလွှဲမရှောင်သာ အက်ကွဲသွားမှာပင်။ ထိုကဲ့သို့သော သင်္ဘောအတွက် အက်ကွဲမှုကြီး ဖြစ်လာတာနဲ့ သေဆုံးတော့မှာ အလွန် သေချာနေပြီ ဖြစ်သည်။ ရေသည် ပျံတက်လုနီးပါး ဝင်နေတာကြောင့် သင်္ဘောသည် ငါးမိနစ်အတွင်း လုံးဝမြုပ်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။
ထိပ်ပြောင်ကျန်းရဲ့ မျက်နှာက ဖြူဖျော့လာကာ ပြောလာ၏။
"ငါတို့သင်္ဘောရောက်ပြီ.... ဒီကနေ မြန်မြန်ထွက်ရအောင်"
နောက်ကြောင်း ပြန်လိုကိကြည့်တော့ သူတို့စီးလာခဲ့တဲ့ ငါးဖမ်းလှေက အရမ်း နီးကပ်နေပြီ ဆိုတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ အနားကို မနီးကပ်ခင်မှာပဲ လှေသူဌေးက လက်ကို ဝှေ့ယမ်းပြီး အော်ဟစ်လာ၏။
"မင်းတို့ အဆင်ပြေကြရဲ့လား?"
ထိပ်ပြောင်းကျန်းက မိန်းကလေးကို ကျောပေါ်တင်ပြီး တံငါသင်္ဘောကို လက်ပြန် ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါမှ သင်္ဘောသားတွေလည်း ရွှင်မြူးသွားပြီး သူတို့ဆီကို လှမ်းလာခဲ့၏။ အပေါ်စီးက တံငါးသည် အလုပ်သမား တော်တော်များများကလည်း စိတ်လှုပ်ရှားစွာ အော်နေကြသည်။
သူတို့အစောက ဘာလို့ အဲဒီလောက်တောင် ကြောက်နေတယ် ဆိုတာ ဝူရှဲ နားမလည်တော့ပေ။ ဒီလို ရိုးရှင်းသော တံငါသည်များက ပင်လယ်ပြင် အတွေ့အကြုံ၌ သူတို့နှင့် အမှန်တကယ် ကွဲပြားလေသည်။
တစ္ဆေသင်္ဘောသည် ရေဝင်ရောက်မှုကြောင့် အရှိန် နှေးကွေးသွားခဲ့သည်။ သူတို့သင်္ဘော နီးကပ်လာပြီးနောက် တံငါသည် အများအပြား ခုန်ချသွားကြသည်။ သူတို့ အမူအရာမှာ ကြောက်လန့်နေကြဆဲ ဖြစ်သည်။ ထိုမိန်းကလေးကို သင်္ဘောပေါ် ကမန်းကတန်း ခေါ်ဆောင်ကာ ကျောက်ဆူးကို အမြန်ရွှေ့ကြသည်။ သူဌေးက အသံကျယ်ကြီးဖြင့် အော်ပြောလာ၏။
"စက်မောင်းတော့ စက်မောင်းတော့ ဒီနေရာကနေ ထွက်သွားရအောင်!"
လှေသူဌေးက မိန်းကလေးကို ကြမ်းပြင်ပေါ် ချခိုင်းပြီး သူမဆံပင်ကို မြှောက်ကိုင်လိုက်သည်။ ဝူရှဲ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ထိုအရာကို မြင်လိုက်ရသောအခါတွင်တော့ အသက်ရှုကြပ်နေဆဲပင်။ အစောက လက်နှစ်ချောင်းကို သူမဆံပင်ထဲ ဝင်နေခဲ့တာကိုပဲ တွေ့ခဲ့သည်။
အခု ဒီလက်နှစ်ချောင်းက သိပ်မရှည်ဘူးလို့ ထင်ရပြန်သည်။ ၎င်း၏ အရေပြားတွေဟာ နီရဲနေပြီး ထိပ်က အသားစတွေရဲ့ အစုလိုက်အပြုံလိုက် ကြီးထွားလာနေသည်။ ရွံရှာစရာ အကောင်းဆုံးကတော့ ထိုအသားစပေါ်မှာ စမ်းတဝါးဝါး ပေါက်နေတဲ့ လူမျက်နှာငယ်လေး ရှိနေတာပါပဲ။ အမည်မသိ ယန္တရားအချို့က မိန်းကလေးရဲ့ ဦးခေါင်း အနောက်ဘက်သို့ ရောက်ရှိနေသလိုပင်။
ထိုအမူအရာများကို မြင်လျှင် သင်္ဘောသူဌေးသည် လေးနက်သော အကြည့်များဖြင့် ထိုအကောင်အား ကြိမ်ဖန်များစွာ ငုံ့ကြည့်ပြီးနောက် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ မျက်နှာငယ်လေးပေါ်တွင် ဖြန်းခနဲ ဖြန်းခနဲ ပတ်လိုက်သည်။ ထို့နောက် ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထိုအကောင်နှင့် ဦးရေပြားကြားကို လျင်မြန်စွာ ထိုးသွင်းကာ အကောင်ငယ်ကို ကောက်ယူပြီးနောက် ခဲယဉ်းစွာ ဆွဲထုတ်လိုက်သည်။
အကောင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ လှည့်ပတ်သွားလာနေရာ ဘေးမှ ကြည့်နေသော လူများကို ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားစေခဲ့သည်။ ခဏလေး အတွင်းမှာပင် ငါးပိရောင်ကဲ့သို့ အရာများအဖြစ် အရည်ပျော်သွားကာ ကုန်းပတ်ပေါ်ရှိ အက်ကွဲကြောင်းများအတိုင်း စီးဆင်းသွားသည်။ ဝူရှဲ ဒီအရာကို တစ်ခါမှ မမြင်ဖူးသေးတာကြောင့် မေးလိုက်၏။
"အဲဒါက ဘာလဲ?"
သူက ဓားကို ရေဆေးဖို့ ပင်လယ်ရေထဲကို ထည့်လိုက်ပြီး တိုးတိုးလေး ပြောလာသည်။
"ဒါက လူမျက်နှာ တစ္ဆေကောင်....တစ္ဆေသင်္ဘောထဲက တစ္ဆေပဲ... နွားမွေးနဲ့ ပတ်လိုက်ရင် ရပြီ"
သူဌေးရဲ့ မျက်နှာကို ကြည့်လိုက်ရင် သူ ဒီလုပ်ငန်းကို လုပ်ဖို့ သဘောတူခဲ့တာကို နောင်တရနေပြီဆိုတာ ရိပ်မိပါ၏။ သူက တစ်ယောက်တည်း တစ်ခုခုကို ဆက်ပြီး တိုးတိုးတိတ်တိတ် ရွတ်နေခဲ့သည်။ အမျိုးသမီးရဲ့ ဆံပင်မှာ တခြားဘာမှ မရှိဘူးဆိုတာ စစ်ဆေးပြီးနောက် သင်္ဘော အိမ်နောက်ခန်းထဲကို ခေါ်သွားကြသည်။ ခဏအကြာတွင် လှေက စတင် ရွေ့လျားလာတော့သည်။
ဒီအချိန်မှာတော့ ပင်လယ်ရေက ငြိမ်သက်သွားပြီ။ ကောင်းကင်မှာ တိမ်မည်းတွေ ရှိနေပေမယ့် အပိုင်းပိုင်းလေးတွေ ခွဲသွားပြီမို့ နေမင်းကြီးက တိမ်မျှင်တွေနဲ့ တိမ်တိုက်ကြားက ကွက်လပ်တွေကနေ ဖြတ်ပြီး လင်းလက်နေ၏။ ကောင်းကင်ကြီးကတော့ အရမ်းကို မှော်ဆန်နေပုံပါပဲ။
မုန်တိုင်းကတော့ လွန်သွားပါပြီ။
မိန်းကလေးကို ကောင်းကောင်း နေရာချပေးပြီးနောက် သင်္ဘောသူဌေးက သင်္ဘော ခေါင်မိုးပေါ်တက်ကာ အနီးနားက ပင်လယ်ပြင် အခြေအနေကို ကြည့်နေမှန်း တွေ့လိုက်ရသည်။ ထိုပင်လယ်မျောက်သည် အလွန် အမျက်ထွက်ကာ လက်တုံ့ပြန်ဖို့ အခွင့်အလမ်းရှာရန် သူတို့နောက်ကို လိုက်လာမလားဟုပင် တွေးမိသည်။
သို့သော် ရှီးရှားကျွန်းဘက်ရှိ ရေသည် အလွန်ကြည်လင်နေပြီး အလင်းရောင် ကောင်းနေချိန်တွင် မီတာ ၄၀ ထက်ပို၍ မြင်နိုင်သည်။ တကယ်လို့ တစ်စုံတစ်ခု သူတို့နောက်သို့ လိုက်နေပါက ၎င်းကို တစ်ချက် ကြည့်လိုက်လျှင် ကျိန်းသေပေါက် မြင်နိုင်မှာ ဖြစ်သဖြင့် ဝူရှဲ အရမ်းကြီး မစိုးရိမ်တော့ချေ။
ဒီကလူတွေ အလုပ်များလာပြီး သူ့ကို လျစ်လျူရှုကာ လှည့်ပတ် ပြေးနေကြသည်။ ဝူရှဲလည်း အခုမှပဲ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ် နေခဲ့တာကို သတိထားမိလာကာ လူက ငြိမ်သက်သွားတာနဲ့ အိပ်ငိုက်လာတော့သည်။ ပျော့ပျောင်းတဲ့ နေရာကို ရှာ၍ ခဏလောက် မှေးလိုက်တာနဲ့ အိပ်ပျော်သွားတော့သည်။
ဝူရှဲ နိုးလာတော့ နေဝင်နေပြီ။ သူတို့သင်္ဘောက ကျွန်းတစ်ကျွန်းရဲ့ ကမ်းရိုးတန်းမှာ ရွက်လွှင့်နေတာ တွေ့လိုက်ရ၏။ အရမ်းလှပ ဖြူဖွေး ကမ်းခြေတစ်ခုကို မြင်လိုက်ရပေမယ့် သဲတွေက အတော်လေးထူလို့ သွားလာရ မလွယ်ဘူးလို့ ထင်ရသည်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါ၏။ သူ တို့ရှေ့မှာ ဆိပ်ခံတစ်ခု ရှိနေပြီး မကြာခင် ဆိုက်ကပ်တော့မယ့်ပုံပဲ။
နောက်တစ်ကြိမ် စူးစမ်းလေ့လာရေး နေရာကို တိုက်ရိုက်သွားမယ်လို့ တွေးထားပေမယ့် ဆိုက်ကပ်ဖို့ အခွင့်အလမ်း ရှိလာမယ်လို့ မမျှော်လင့်ထားတာကြောင့် ဝူရှဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အခုငါတို့ ဘယ်သွားမလို့လဲ?"
ထိုအခါ သူ့ဘေးက လူတစ်ယောက်က ပြန်ဖြေလာ၏။
"ရုံရှင့်ကျွန်းကိုသွားပြီး လူနည်းနည်း ခေါ်မလို့"
ခေါင်း လှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမမျက်နှာ အရောင်က ပြန်ကောင်းလာပြီး မကြာသေးခင်ကမှ နိုးလာပုံပေါ်၏။ ဒီမိန်းကလေးရဲ့ ခံနိုင်ရည်အားကတော့ မဆိုးလှချေ။ သူမနေမကောင်းတဲ့ အသွင်အပြင်ကို မြင်တော့ နည်းနည်း ထူးဆန်းတယ်လို့ ထင်မိပေမယ့် ပြုံးလျက် သူမကို ထပ်မေးလိုက်သည်။
"ဘယ်သူတွေကို ခေါ်မှာလဲ?"
ခပ်ဝေးဝေးက ဆိပ်ခံမှာ ခရီးဆောင်အိတ်တွေ ထမ်းလာသော ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ လူတစ်စုကို သူမက ညွှန်ပြပြီး ပြော၏။
"သူတို့ပဲ... ရေငုပ်သမား နည်းနည်းနဲ့ ရှင့်လို အတိုင်ပင်ခံ တစ်ယောက်ပါ.... ကျွန်မကတော့ ရှင်တို့အချင်းချင်း သိလောက်တယ်လို့ ထင်တယ်"
ကြိမ်ဖန်များစွာ ခက်ခက်ခဲခဲ ကြည့်ရင်း ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦး၏ ပုံသဏ္ဌာန်မှာ အနည်းငယ် ရင်းနှီးနေသလို ခံစားမိသော်လည်း ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မမှတ်မိတော့ပေ။ ထိုအချိန်တွင် လှေသမားတစ်ဦးသည် လှေငယ်ပေါ်တွင် ရပ်နေပြီး အော်ငေါက်လျက်။
"အိုး ... ပြင်ဆင်ထားလိုက်... ငါတို့က ဒီမှာ!" "
ခပ်ဝဝနဲ့လူက ခေါင်းကို လှည့်ပြီး ပြောလာ၏။
"ဟမ့်... မင်းကြီးတော်ကြီး... ဖန့်ယဲငါက ဒီမှာ အနောက်မြောက်လေကို နာရီဝက်လောက် အတိုက်ခံထားရတာကွ!! မင်းတို့ အချိန်ကို လေးစားကြရဲ့လား?"