ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (28)
မီး
ထိုမျက်နှာသည် သွေးများနှင့် အသားများ စွန်းထင်း တွဲကျနေသည်။ အရေပြား အတွင်းပိုင်းရှိ ကြွက်သားများ အရည်ပျော်သွားခြင်း ရှိမရှိ၊ သို့မဟုတ် သူ့ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်ပြီး မျက်နှာကို ဖုံးလွှမ်းသွားခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဝူရှဲ ထိတ်လန့်သွားပြီး ခဏလောက် ကြာတော့ ဒီမျက်နှာကို အရမ်း ရင်းနှီးနေသလို ခံစားလိုက်ရတာကြောင့် အနီးကပ် ကြည့်လိုက်တော့ တခွေ ဖြစ်နေတာကို တွေ့လိုက်ရ၏။
ဦးခေါင်း ဘယ်ဘက်ခြမ်းမှာ ကျည်ဆန်ကြောင့် အသားတစ်စ ပြတ်ထွက်သွားပြီး အရိုးတွေကို မြင်နေရပေမယ့် အတွင်းပိုင်း ဦးနှောက်ကိုတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ ဒဏ်ရာ အပြင်းအထန် ရထားပေမယ့် မသေသေးတာကို မြင်လိုက်ရတဲ့အတွက် ဝူရှဲလည်း ကမန်းကတန်းပြောလိုက်သည်။
"မြန်မြန်ထ...ပြောလို့မရဘူး အသက်ရှင်ရင် ရှင်နိုင်လိမ့်မယ်"
ဒါပေမဲ့ သူက လုံးဝမလှုပ်ဘူး။ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အရမ်းနာကြည်းပြီး သူ့ကို ဘာကြောင့် ထားသွားရတာလဲ ဆိုပြီး ပြောနေသလိုပင်။ ဝူရှဲ အရမ်းတုန်လှုပ်သွား၏။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်တွေက တခွေပုခုံးကို ကိုင်ပြီးသွားပြီ။
သူ့ပုခုံးက ကြောက်စရာကောင်းတဲ့ သွေးနီရဲရဲတွေ ပြည့်နှက်နေကာ ဝူရှဲ လက်တွေပေါ် လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ လက်တွေပင် ယားယံလာသလို ခံစားလာရသည်။
"သွားပြီ!"
တခွေပါးစပ်ထဲက မသေချာ မရေရာတဲ့ အသံထွက်လာပြီး ရုတ်တရက် သူ့ကို ဆွဲချလိုက်သည်။ တခွေရဲ့ သနားစရာကောင်းတဲ့ အရေပြားတွေက တကိုယ်လုံး အရည်ပျော်ကျနေပါပြီ ဆိုတဲ့ အခြေအနေကို တွေးပြီး ဝူရှဲ ရူးသွပ်သွားချင်စိတ်ကိုပင် မထိန်းနိုင်တော့ချေ။ ငါနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်လို့ နှုတ်ကို ကျယ်ကျယ်ဖွင့်၍ ပြောနေသလိုပင်။
"တခွေ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်လိုက်ပါ.... ဒါတွေက အသက်တွေပဲ ခင်ဗျား အသက်ရှင်ချင်သေးရင် ကျွန်တော်နဲ့ လိုက်တက်ခဲ့.... ပြောလို့မရဘူး.. ခင်ဗျား ပျောက်ကင်းအောင် ကုသသွားနိုင်လောက်တယ်.... မဟုတ်ရင် ကျွန်တော့်ကို ခင်ဗျားနဲ့အတူ မြှုပ်နှံဖို့ ဆွဲခေါ်သွားတာကလည်း အသုံးမဝင်ဘူးလေ!"
ထိုစကားကို ကြားပြီးနောက်တွင် သူသည် ဘယ်လို လှုံ့ဆော်မှုမျိုးကို ရသွားလဲ မသိပေမယ့် အရူးတစ်ယောက်လိုမျိုး ရှေ့ကို ပြေးလာခဲ့သည်။ ရုတ်တရက် သူက ဝူရှဲလည်ပင်းကို ဆွဲကိုင်ပြီး လည်ပင်း ညှစ်သတ်ဖို့ ကြိုးစားလေသညိ။
မင်းသေရင်သေ မသေရင် ငါသေရမှာပဲ။ ဝူရှဲလည်း ရုတ်တရက် လူသတ်ချင်စိတ်ဖြင့် ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်တော့သည်။ သူ့လက်က လွတ်သွားတာနဲ့ သူ့ရင်ဘတ်ထဲက သေနတ်မောင်း ခလုတ်နဲ့ ဖိလိုက်ရာ ကျည်ဆန်က ချက်ချင်း ပြေးထွက်သွား၏။ ပစ္စတို ကျည်ဆန်က အရမ်းပြင်းလေသည်။
သူပစ်လိုက်တဲ့ နေရာကနေ သွေးတွေ ပန်းထွက်လာခဲ့သည်။ သူ့လက်တွေက လေထဲမှာ ကုတ်ခြစ်နေပေမယ့် ဘာကိုမှ ဖမ်းဆုပ်လို့ မရတော့ဘဲ အလောင်းစား အကောင်တွေထဲ ပြုတ်ကျသွားတော့သည်။
ဒီအချိန်မှာ သူအစောက ဆုပ်ကိုင်ထားရင်း နာကျင်သွားတဲ့ လက်က ထုံကျင်နေပြီး လုံးဝကို မခံစားနိုင်တော့ချေ။ သစ်ကိုင်းကို ကိုင်ထားမိသေးလား ဆိုတာကိုတောင် မခံစားနိုင်တော့ဘဲ ချက်ချင်း လဲကျသွားသလို ခံစားလိုက်ရတာကြောင့် လက်တစ်ဖက်ကို အမြန် ဆန့်ထုတ်လိုက်သည်။ သူ့လက်တစ်ဖက်က သရဲလက် နွယ်ပင်ကို ဖမ်းဆုပ်လိုက်ပေမယ့် လက်မှာက ကျောက်မှုန့်တွေ ရှိနေတော့ နွယ်ပင်က ရုတ်တရက် ရှောင်ထွက်သွားသည်။
အကိုင်းအခက်တွေက အလောင်းတွေနဲ့ ဖုံးလွှမ်းနေရာ ဝူရှဲ ပြုတ်ကျသွားတဲ့ တစ်လျှောက်လုံး ထိုအလောင်းတွေကို ထိမိသွားသည်။ သူ တော်တော်လေး ပြုတ်ကျသွားခဲ့သည်။ ရှိုက်ကြီးတငင်ပင် မပြုံးနိုင်တော့ဘဲ ပိုးကောင်တွေ အကိုက်ခံရပြီး သေမလား ဒါမှမဟုတ် အဆိပ်မိသေမလား၊ အမြင့်ပြုတ်ကျပြီး သေမလား သေဖို့ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီး ရှိနေပြီ။ မိုးကောင်းကင်ကြီးကတော့ သူ့အပေါ် လုံးဝ မကြင်နာချေ။
ဖက်တီးက ရုတ်တရက် အောက်မှ တက်လာပြီး အလောင်းတချို့ကို ကန်ထုတ်လိုက်သည်။ ဝူရှ သူ့ထက်အရင် တွားသွား တက်သွားတာကို တွေ့လိုက်တယ်လေ။
“မင်းကဒီမှာ အိပ်ဖို့ သတ္တိရှိနေသေးတယ်ပေါ့? ဒီလောင်ဇီရဲ့ တင်ပါးက အပေါက်တွေကို ကြည့်စမ်းပါဦး!”
သူက ဝူရှဲကို ကူညီဖို့ ပြေးလာသော် ဝူရှဲလည်း လက်ဝေ့ယမ်းရင်း
“ငါ့ကို မထိနဲ့... ငါ အဆိပ်မိနေပြီ မင်း အရင်သွားတော့ ငါ့ကို မကယ်နိုင်တော့ဘူး”
စကားတစ်ခွန်းမှ မပြောဘဲ ဖက်တီးက သူ့ကို ကောက်မလိုက်ပြီး ပြောလာ၏။
"မှန်တစ်ချပ်လောက် ဖြစ်ဖြစ် ယူပြီး ကြည့်ဦးမလား? မင်းမျက်နှာက ငါ့ထက်တောင် ပိုလှနေသေးတယ်ဟ! မင်းမျက်နှာက နှင်းဆီရောင်ကို တောက်ပြောင်နေတာပဲ... မင်းဘယ်လိုလုပ် အဆိပ်မိမှာလဲ"
ဝူရှဲ အံ့သြသွားသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်တော့ ခြင်ထောင်ပေါင်းများစွာ အကိုက်ခံထားရသလို လက်တွေပေါ်မှာ အနီဖုတွေကို တွေ့တယ်။ သို့သော် သူပခုံးတွေဆီ ရောက်တဲ့အခါ နီရဲတာက ရပ်သွားပြီး တဖြည်းဖြည်းနဲ့ ပျောက်သွားတော့သည်။ အဆိပ်က သူအပေါ်ဘာလို့ မသက်ရောက်တာလဲလို့တောင် တွေးမိလာသည်။
ဖက်တီးက သူ့ကို ကျောပေါ်ထမ်းပြီး အံကြိတ်ထားတဲ့ အသံတွေနဲ့ အပေါ်တက်သွားသည်။ ဝူရှဲကတော့ ဖက်တီးရဲ့ ကျောပေါ်ကလိုက်ရင်း လူသားဒိုင်းကာ ဖြစ်သွားလေ၏။ အလောင်းစား ပိုးကောင်တွေက သူ့ရဲ့တင်ပါးပေါ် ခုန်တက်လာပြီး ပါးစပ်ကို ဖွင့်ဟကာ အားရပါးရ ကိုက်ချလာတော့သည်။
ဝူရှဲ နာနာကျင်ကျင်ဖြင့် အော်ဟစ်လိုက်သည်။
"ဖက်တီးစုတ်..... ငါကမင်းအကောင်းနဲ့ လုပ်တယ်လို့ ထင်နေတာ လတ်စသတ်တော့ မင်းကငါ့ကို အကာအရံအဖြစ် အသုံးချချင်နေတာကိုး!"
"မင်းဘာတွေ ပြောနေတာလဲ? မင်းမယုံရင် ငါ့ဆီကို အရင်ကြည့်လိုက်... ငါ့တင်ပါးက အသားမပြည့်တော့ဘူးဆိုတာ မင်းမမြင်ဘူးလား?"
အပင်ကြီးရဲ့ ပင်စည်နားက တစ်ဝိုင်းမှာ အလောင်းစား ပိုးကောင်တွေနဲ့ ပွတ်သိပ်နေ၏။ ဖက်တီးသာ အချိန်မီတက်မလာရင် အရိုးထဲအထိ အစားခံရနိုင်သည်။ ကံကောင်းစွာနဲ့ အကောင်ရေ တော်တော်များများက သူတို့ဘေးကနေ ပစ်ချလိုက်တဲ့တဲ့ မံမီတွေပေါ် ခုန်တက်ပြီး ကိုက်စားကြတော့သည်။
ဖက်တီးလည်း ဒါကို မြင်လိုက်တာနဲ့ အကြံကောင်းလို့ ထင်ပြီး အလောင်းတွေကို လှုပ်ခိုင်းပြီး ပစ်ချခိုင်းတော့သည်။ ဝူရှဲ လုံးဝ မလုပ်ချင်ပေမယ့် မတတ်နိုင်ဘူးလေ။ သူ့ဘဝက ဒုက္ခရောက်နေပြီ။
လမ်းတစ်လျှောက်မှာ တွေ့တဲ့အလောင်းကို ကန်ကျောက်ခဲ့သည်။ ရုတ်တရက် သူတို့ဖြတ်သွားခဲ့တဲ့ နေရာဟာ လှည့်ပတ်နေတဲ့ အလောင်းတွေနဲ့ ပြည့်သွားတော့သည်။ ဒီပိုးကောင်တွေရဲ့ IQ ဟာ လူသားတွေနဲ့ ယှဉ်လို့မရပါဘူး။ သူတို့က ရှုပ်ယှက်ခတ်နေတာကို မြင်လိုက်ရတာနဲ့ အလောင်းတွေကို ကိုက်ရမလား လိုက်ရမလား မသိတော့ဘဲ ရပ်ပြီး စက်ဝိုင်းပုံစံ လှည့်ပတ်သွားနေလေ၏။
လေ့ကျင့်ခန်း နည်းနည်းလောက် လုပ်ပြီးတော့ လက်တွေ ခြေတွေအကုန်လုံး သတိ ပြန်လည်လာသလို သက်သာလာသည်။ အဆိပ်ခတ်မိတဲ့ ခံစားချက်က အဘိုးရဲ့ မှတ်စုထဲက အဆိပ်ခတ်ခံရတဲ့ ခံစားချက်နဲ့ အတူတူပဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိသည်။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် အဘိုးလည်း မသေခဲ့သလို သူ့ကိုယ်ခန္ဓာကလည်း ထို့နည်းအတူ ခုခံနိုင်စွမ်း ရှိခဲ့သည်။
အဲဒါကို တွေးပြီးတောင်မှ သိပ်နားမလည်သလို ဖြစ်နေသေး၏။ လက်တွေ ခြေတွေ လှုပ်ရှားလို့ ရနေတာကို တွေ့လိုက်ရတော့ ဖက်တီးအား သူ့ကိုအောက်ချပေးဖို့ ပြောလိုက်သည်။ ဖက်တီးမျက်နှာမှာ ချွေးတွေ ရွှဲနေပြီး အသက်ရှူမဝသလို ဟောဟဲဆိုက်နေသည်။
ဝူရှဲမှာ 'ငါ မင်းကို ကျောက်တုံးလမ်းပေါ် သယ်လာတုန်းက သွေးတွေ အန်တော့မလိုပဲကွ'လို့ ကိုယ့်ဘာသာ တွေးလိုက်မိသည်။ ထိုအချိန်တွင် ဖက်တီး အနောက်က သစ်ကိုင်းတစ်ကိုင်း ပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။
တုန်တုန်ယင်ယင်နဲ့ မျက်လုံးတွေကို ပွတ်လိုက်တဲ့အခါ အဲဒီလူကတော့ မရှိတော့ချေ။ သစ်ပင်နောက်ကွယ်မှာ ပုန်းနေတယ်လို့ ထင်တာကြောင့် ခေါင်းကို လှည့်လိုက်တော့ ဖက်တီးက အော်ပြောလာ၏။
"ကြောင်မနေနဲ့... မြန်မြန် သွားရအောင်"
"ခဏနေဦး!" ဝူရှဲ ဖက်တီးကိုဆွဲကိုင်ပြီး
"ဘယ်ဘက် ဘက်ဘက်မှာ လူတစ်ယောက် ငါ့ကို လက်ပြနှုတ်ဆက်နေတာ တွေ့လိုက်တယ်"
ဖက်တီးကသက်ပြင်း တစ်ချက်ချကာ ဝူရှဲနဲ့အတူ ထိုနောက်သို့ တွားသွားကြည့်တော့ ဘယ်သူမှ မရှိဘဲ လူတစ်ယောက် ထိုင်နေနိုင်တဲ့ သစ်ပင်ပေါက် တစ်ပေါက်သာ ရှိတော့သည်။ အထဲမှာ မည်းနက်နေပြီး ဘာရှိမှန်းတောင် ခန့်မှန်းကြည့်လို့ မရချေ။
ဖက်တီးက ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တဲ့အခါမှာတော့ နှစ်ယောက်လုံး ထိတ်လန့် တုန်လှုပ်သွားလေသည်။ အပေါက်ထဲတွင် လူးလှိမ့်နေသော နွယ်ပင်အစုအဝေးကို မြင်လိုက်ရပြီး အလွန်ပုပ်ပွနေသော အလောင်းတစ်လောင်းကို ရစ်ပတ်ထားသည်။ မျက်လုံးနှစ်လုံးက ပြူးလျက် ပါးစပ်ကို ဖွင့်ဟထားကာ သူ့အား ဘာပြောချင်နေမှန်း မသိပေ။ ဖက်တီးက သူ့ကို ကြည့်ပြီး
"ဘယ်လိုလုပ် လူသေ ဖြစ်နေတာလဲ? မင်း တစ္ဆေကို မြင်လိုက်တာတော့ မဟုတ်ပါဘူးနော်"
တစ္ဆေတွေထက် မယုံနိုင်စရာ ကောင်းလောက်တဲ့ ထူးဆန်းတဲ့အရာတွေ အများကြီး ကြုံခဲ့ရပြီပြီလေ။ သူ သူတို့ကို လက်ပြ နှုတ်ဆက်ပြီဆိုကတည်းက သူ့မှာ ရည်ရွယ်ချက် တစ်ခုခုရှိရမယ် လို့တွေးပြီး သူ့ပါးစပ်ကို စိုက်ကြည့်နေခဲ့သည်။ ဒါပေမဲ့ သူ့မေးစေ့ ကျိုးသွားပြီး တစ်စုံတစ်ခုက ပြုတ်ကျသွားခဲ့သည်။
ဝူရှဲ့ ဆက်ရှာကြည့်တော့ သူ့လက်ထဲမှာ တစ်ခုခု ကိုင်ထားပုံရတာကို တွေ့ရသည်။ ဖွင့်ကြည့်လိုက်တော့ ဆွဲကြိုးတစ်ကုံး ဖြစ်နေ၏။
အောက်ဖက်က အလောင်းဟာ တဆတ်ဆတ်တုန်ပြီး အလောင်းစား ပိုးကောင်တွေကလည်း တွားသွားပြီး တက်လာပြီ။ သူ့ပစ္စည်းတွေကို ဆက်ရှာဖို့ မလုပ်နိုင်တော့ပေ။ ယူနီဖောင်းကို ဝတ်ထားတာကြောင့် ဝူရှဲ သူ့ကို အလေးပြုပြီး အပေါ်ကို ဆက်တက်လာခဲ့သည်။ ဖက်တီးတက်ကာက အလွန်လျင်မြန်လှသည်။ ထိပ်ပိုင်းက အက်ကွဲရာနှင့် မဝေးသောကြောင့် ကြိုးစားပြီး ဆက်တက်ခဲ့သည်။
အက်ကွဲရာကနေ ခုန်ထွက်ပြီးတာနဲ့ တစ်ပြိုင်နက် အောက်ကို ငုံ့ကြည့်လိုက်တော့ အလောင်းစား ပိုးကောင်တွေက ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိသလိုပဲ အားလုံးနီးပါး အက်ကွဲရာ အစွန်းကို ပြေးတက်လာကြ၏။ ထိုစဉ် ဖက်တီးက
"အနားယူဖို့ အချိန်ရှိမသေးဘူး ပြေး!"
မြေအောက်မှာ ရှိနေတာက ကြာပြီမို့ လမ်းကြောင်းကိုက မှန်းဆလို့ မရတော့ပေ။ ရုတ်တရက် တစ်စုံတစ်ခု သယ်ဆောင်လာရင်း သူ့ရှေ့မှာ မြက်ခင်းပြင်ကနေ ပြေးထွက်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အဲဒါက သူ့ဦးလေးသုံးမှန်း သိတာနဲ့ ဝူရှဲ ချက်ချင်း ဝမ်းသာသွားသည်။
ထိုအခါ ဦးလေးသုံးက အော်ဟစ်လာ၏။
"အနောက်ကိုသွားပြီး ဓာတ်ဆီတွေ ယူလာခဲ့!"
ဝူရှဲ ပြေးပြီး ကြည့်လိုက်တော့ ဒီအက်ကွဲရာကြားက ချောက်ကမ်းပါး အတိုလေးပဲ ရှိပြီး သူတို့ပထမဆုံး ဆင်းလာတဲ့ဂူနဲ့ ဆယ်မီတာအောက်ပဲ ကွာတာကို တွေ့လိုက်ရသည်။ ဂူထဲကို ဆင်းတဲ့ နေရာမှာ သူတို့ရဲ့ စက်ပစ္စည်းတွေ အားလုံး ကျန်နေသေးတာကို တွေ့လိုက်ရရာ ဝူရှဲချက်ချင်း ဒေါသထွက်ကာ စိတ်ထဲကလည်း ကျိန်ဆဲလိုက်သည်။
'ကောင်းပြီ... မင်းတို့ကို ကြည့်ကောင်းတာလေး တစ်ခု ပေးရသေးတာပေါ့'
သူနှင့် ဖက်တီးသည် ဓာတ်ဆီပုံးတစ်ပုံးစီကို ကောက်ကိုင်ကာ ပြန်ပြေးသွားသည်။ ဦးလေးသုံးက ပထမပုံးကို လောင်းချပြီးသော်လည်း ယခုအချိန်တွင် အလောင်းစား ပိုးကောင်းများက မြေပေါ်သို့ တွားသွား တက်လာလုနီးပါး ဖြစ်နေပြီ။ ဦးလေးသုံးက မီးခြစ်ကို ချလိုက်သော် ဖောင်းကနဲ ပေါက်ကွဲသွားသည်။ ညှော်နံ့တွေ ထွက်လာပြီး မီးက ပိုးကောင်တွေဆီ ဒီရေလို ချက်ချင်း ပျံ့သွားလေ၏။
ဒုတိယပုံးနှင့် တတိယပုံးတို့ကို လောင်းချရာ အက်ကွဲကြောင်းမှ ရုတ်တရက် ထွက်လာသော မီးတော်သည် လူနှစ်ယောက် အရပ်ထက်ပင် မြင့်သွားလေ၏။ အပူလှိုင်းတွေက မြေကြီးပေါ်အထိပါ ခုန်တက်၍ တောက်လောင်သွားသည်။
ခြေနှစ်လှမ်းဆုတ်ပြီး လက်ထဲက ဆွဲသီးကို ကြည့်လိုက်တော့ နာမည် တံဆိပ်တစ်ခု ပါနေတာ တွေ့ရသည်။ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်က ဂျိန်း ဖြစ်ရမယ်။ သုတ်ပြီး အင်္ကျီအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။ အခွင့်အရေးရရင် မင်းတို့ အိမ်ကို ပြန်ပေးပေးမယ် အေးအေးဆေးဆေး အနားယူဟုပင် စိတ်ထဲမှ ဆိုလိုက်၏။
ဖက်တီးမှာ ချွေးတွေ အရမ်းထွက်လာပြီး ဦးလေးသုံးကို လှည့်မေးလိုက်လေသည်။
“ဟိုလူနှစ်ယောက်ရော?”
"ဖန့်ကျစ်က နေမကောင်းဘူး.... သူ အဖျားရှိနေပြီနဲ့ တူတယ်.... အစ်ကိုလေးကိုတော့ မတွေ့ဘူး... မင်းတို့နဲ့အတူရှိနေတယ်လို့ ထင်နေတာ"
ဝူရှဲ သက်ပြင်းချကာ
"ပေါက်ကွဲပြီးတာနဲ့ သူ့ကို လုံးဝ မတွေ့ရတော့ဘူး... ဆိုးဆိုးဝါးဝါး ပိုပြင်းထန်သွားမှာကို ကြောက်ရတယ်"
ဦးလေးသုံးက ခေါင်းယမ်းပြီး
"မဟုတ်ဘူး.... ဒီလူ့ခန္ဓာကိုယ်က သွတ်လတ်တယ်... သူက အခုနက ငါတို့ရဲ့ထိပ်မှာ ရှိနေတာ.... လေလှိုင်းကြောင့် လွင့်ထွက်သွားရင်တောင်မှ အပေါ်ကို ပြေးတက်သွားတာ ဖြစ်နိုင်တယ်"
ဦးလေးသုံးရဲ့ မျက်နှာကို ကြည့်လိုက်ရင် သူလည်း သေချာ မသိကြောင်း ထင်ရှားလေ၏။ မျက်နှာသေက အစွမ်းထက်ပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ကြုံနေရတုန်းပဲလေ။ လေလှိုင်းနဲ့ သစ်ပင်ပေါ်ကနေ ပြုတ်ကျသွားရင် တကယ် သေလိမ့်မယ်။
သူတို့ အနီးနားတစ်ဝိုက်ကို လိုက်ရှာပေမယ့် လူတစ်ယောက် ထွက်သွားတဲ့ ခြေရာလက်ရာကိုလည်း မတွေ့ခဲ့ရချေ။ ဦးလေးသုံးက ဝူရှဲဘက်ကိုလှည့်၍ ခါးသက်သက်ပဲ ပြုံးပြလာခဲ့တော့သည်။
သူတို့လည်း စခန်းချထားတဲ့ နေရာကို ပြန်လာကာ ပစ္စည်းတွေ ထုပ်ပိုးကြသည်။ မီးထွန်းညှိပြီး စားဖို့ အထုပ်ထဲက ဗူးတွေကို အပူပေးကာ စားကြလေ၏။ ဗိုက်ဆာလွန်းလို့ ဘာစားစား အရသာရှိနေရာ စားနေတုန်း ဦးလေးသုံးက နောက်ဘက်ကမ်းပါးက ခပ်တိုတိုကို ညွှန်ပြပြီး
“မင်းတို့ မြင်တယ်မလား? ဒီစခန်းက အက်ကွဲကြောင်းရဲ့ အစွန်းမှာ ရှိနေတယ် အဘိုးကြီး မြင်လိုက်ရတဲ့ နတ်ဆိုးသစ်ပင် ဆိုတာ ဒီခေါင်းကိုးလုံးမြွေသစ်ပင်ကို ပြောတာ ဖြစ်ရမယ်... သူတို့ ညဘက်လှုပ်ရှားတဲ့ အချိန်မှာ ဆူညံသံတွေ အရမ်းထွက်နေတာကြောင့် ဒီမြွေသစ်ပင်ရဲ့ နွယ်တွေကို အက်ကွဲကြောင်းကနေ ဆွဲဆောင်နိုင်ခဲ့တာ ကံကောင်း ထောက်မစွာပဲ ငါတို့တစ်ညလုံး မအိပ်ဘဲ ဂူဆီ တည့်တည့် သွားခဲ့လို့ပေါ့... မဟုတ်ရင် ငါတို့ကို ဒီထင်းရူးမြွေကြီးရဲ့ နွယ်တွေက ဆွဲထုတ်သွားနိုင်တယ်”
ဖက်တီးကလည်း ဆိုလာ၏။
"မီးက ဘယ်လောက်ကြာမလဲ မသိဘူး.... မီးငြိမ်းရင် ဒီပိုးကောင်တွေ ထပ်ထွက်လာတဲ့အခါ ဒုက္ခဖြစ်လိမ့်မယ်.... မိုးလင်းခါနီးပြီပဲ တောထဲက မြန်မြန်ထွက်ကြရအောင်"
ဝူရှဲလည်း အကိုက်ခံထားရတာကြောင့် ခေါင်းညိတ်လိုက်ပြီး ဖက်တီးနဲ့ ဦးလေးသုံးတို့က ဖန့်ကျစ်ကို တစ်လှည့်စီ ကျောပေါ်ထမ်းပြီး တောထဲက လှည့်ထွက်လာခဲ့ကြသည်။
အလာတုန်းကတော့ ခရီးက အရမ်းအေးချမ်းခဲ့ပြီး ဒီကိုရောက်တဲ့အခါ စကားပြောဆို သီဆိုတောင် ဆိုခဲ့ကြသော်လည်း အပြန်လမ်းကတော့ အသက်ဘေးက လွတ်မြောက်အောင် ပြေးနေသလိုမျိုး မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာလာခဲ့သည်။
ဝူရှဲ တစ်ညလုံး မအိပ်ရဘဲ စိတ်ဖိစီးနေခဲ့ရာ အခု သူ့ရဲ့ ကာယခွန်အားက ကန့်သတ်ချက် ပြည့်သွားပြီ။ တစ်နေကုန် တောင့်ခံထားတဲ့ သူ့စိတ်နဲ့ ခွန်အားကို အားကိုးထားပေမယ့် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ အကယ်၍ သူ့ရှေ့မှာ အိပ်ယာကို တွေ့လိုက်ရပါက စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတော့မယ့် အခြေအနေကို ရောက်နေချေ၏။
နေ့တစ်ဝက်နီးပါး လမ်းလျှောက်ပြီး မနက်မှာတော့ တောအုပ်ထဲက ထွက်လာနိုင်ခဲ့သည်။ ရွှံ့မြေပြိုကျထားတဲ့ ကျောက်စောင်းလေးကို ကျော်တက်လိုက်တဲ့အခါ နောက်ဆုံးတော့ ဖော်ရွေတဲ့ ရွာလေးကို တွေ့လိုက်ရလေသည်။
သူတို့ အေးအေးဆေးဆေး မနေရဲတော့တဲ့အတွက် ဖန့်ကျစ်ကို ရွာကျန်းမာရေး ဆေးခန်းကို အရင် ပို့လိုက်ကြသည်။ ခြေဗလာနဲ့ ဆရာဝန်က မျက်မှောင်ကြုတ်ပြီး သူနာပြုဆရာမကို ခေါ်လိုက်သည်။ ထို့နောက် သူတို့ထံ စကားအနည်းငယ် မှာကြားတာကို နားထောင်နေရင်း ဝူရှဲလည်း အိပ်ပျော်သွားခဲ့သည်။
ပင်ပန်းလွန်းလို့ အိပ်ရေးဝအောင် အိပ်ပစ်လိုက်ရာ အိပ်မက်တစ်ခုပင် မမက်ခဲ့ချေ။ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ မသိပေမယ့် အိပ်ရာက နိုးလာတဲ့အခါ အပြင်မှာ ပရမ်းပတာ ဖြစ်နေတဲ့ အသံတွေကို ကြားရပြီး ဘာတွေဖြစ်နေလဲတော့ မသိပေ။