(26)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (26)

ခရမ်းရောင်ကျောက်စိမ်းသေတ္တာ


ခရမ်းရောင် ကျောက်စိမ်းသည် ခရမ်းရောင် ရေသလင်းကျောက် ကဲ့သို့ပင်။ ယေဘူယျအားဖြင့် ကျက်သရေရှိလို့ နတ်ဆိုးများကို တွန်းလှန်ရန်အတွက် သုံးလေ့ရှိသည်။ ၎င်းကို သေတ္တာအဖြစ် အသုံးပြုခဲပါသည်။ ဤသေတ္တာကို ခရမ်းရောင်ကျောက်စိမ်းတုံး တစ်ခုလုံးမှ တူးဖော်ထားပုံရကာ အလွန်ရှားပါး၏။ 


ခရမ်းရောင် ကျောက်စိမ်းသည် ပွတ်တိုက်ရာတွင် အဆင်မပြေသောကြောင့် ဤသေတ္တာတွင် ပုံစံမရှိဘဲ အဖုံးပေါ်တွင် ရွှေအကွပ် တစ်ခုသာ စီခြယ်ထားရာ နေရာချထားတဲ့ အနေအထားကို ကြည့်၍ တွက်ချက်ရလျှင် အလောင်းရဲ့ ခေါင်းအုံးအဖြစ် အသုံးပြုထားတာ ဖြစ်နိုင်သည်။  


ယေဘူယျအားဖြင့် ပြောရလျှင် ကျောက်စိမ်း ခေါင်းအုံးများသည် အလွန်အဖိုးတန်နေပြီ ဖြစ်ပြီး ခရမ်းရောင် ကျောက်စိမ်း ခေါင်းအုံးဆိုလျှင် ပို၍ပင် အဖိုးတန်လှသည်။ အဲဒီအချိန်တုန်းက ဧကရာဇ်မင်းဟာ အခုလို ဇိမ်ခံမှုမျိုး မရရှိခဲ့မှာ ကြောက်ရသည်။


ဝူရှဲတို့ သေတ္တာကို ဂရုတစိုက် ထုတ်လိုက်ပြီး မြေကြီးပေါ်ချလိုက်သည်။ သေတ္တာက သော့မရှိချေ။ သေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ရွှေရောင်ချည်ထားတဲ့ ပိုးစာလိပ် တစ်လိပ်ကို တွေ့၏။ စာလိပ်ကို အမျှင်တွေကို ရွှေချည်နဲ့ ချည်ပြီး သေသေချာချာ ထိန်းသိမ်းထားသည်။ ဘယ်ဘက်ခြမ်းက "မြေအောက်ဘုရင်လုရှန်ရဲ့ စာအုပ်" လို့ ရေးထားပြီး ဘေးဘက်မှာ စာလုံးသေးသေးလေးတွေလည်း အပြည့်ထည့်ထားလေသည်။ 


ဖက်တီးကတော့ ပိုးထည်စာအုပ်ထက် ကျောက်စိမ်းရုပ်ကို ပိုစိတ်ဝင်စားသည်။ သူနားမလည်ကြောင်း ကြိမ်ဖန်များစွာ ရေရွတ်ကာ ကျောက်စိမ်းရုပ်ကို လေ့လာရန် ပြေးသွားလေသည်။ မျက်နှာသေက သစ်ပင်မှဓားကို ပြန်ဆွဲနုတ်ကာ ကုတင်ဘေးမှာ ချရင်း ဘုရင်လုရှန်ရဲ့ အလောင်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ 


ဦးလေးသုံးနှင့် ဝူရှဲက သူ့ဘေးတွင်ထိုင်ကာ ပိုးစာအုပ်ပေါ်ရှိ စာသားကို သေသေချာချာ ဖတ်ကြည့်နေသည်။ ဝူရှဲရဲ့ အဆင့်အရ တစ်ပိုင်းတစ်စသာ နားလည်နိုင်သော်လည်း ထိုတစ်ပိုင်းတစ်စများကို ချိတ်ဆက်ခြင်းဖြင့် အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်သေးသည်။ 


မြေအောက်ဘုရင်လုရှန်ရဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာတွေက မယုံနိုင်စရာတွေချည်းပင်။ ကမ္ဘာမြေကြီးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းတဲ့ အရာတွေနဲ့ ပြည့်နေကြောင်း အများကြီး ကြုံခဲ့ရလို့သာ မဟုတ်ရင် ကမ္ဘာပေါ်မှာ ဒီလိုအရာတွေ ရှိတယ်ဆိုတာ တကယ်ကို ယုံမိမည် မဟုတ်ပေ။ 


မြေအောက်ဘုရင် ဟူသော စကားလုံးများ အပြင် ဘေးအစွန်းတွင် သူကိုယ်တိုင် ရေးထားသော နိမိတ်ပုံငယ် စကားလုံး အနည်းငယ် ပါရှိပြီး မွေးဖွားချိန်မှ ကွယ်လွန်ချိန်အထိ ကြီးကြီးမားမား ဖြစ်ရပ်များ အားလုံးပါ၀င်သည်။ ဘာသာပြန်လိုက်လို့ကတော့ ဆယ်ရက်ခွဲအတွင်းပင် အပြီးမသတ်နိုင်မှာကို ကြောက်ရ၏။ ကံကောင်း ထောက်မစွာနဲ့ အရေးကြီးဆုံး အရာနှစ်ခုကို သူနားလည်နိုင်ခဲ့သည်။


ပထမတစ်ချက်ကတော့ ဘုရင်လုရှန်က တစ္ဆေတံဆိပ်တုံးကို ဘယ်လိုရရှိခဲ့တာလဲ ဆိုတာပဲ ဖြစ်သည်။ ပိုးစာအုပ်ထဲမှာ အတော်လေး ရိုးရှင်းတဲ့နည်းနဲ့ ရေးထားတာမို့ အဲဒါကို ခဏလောက်စဉ်းစားပြီး ဖတ်ကြည့်လိုက်သည်။


အသက်နှစ်ဆယ့်ငါးနှစ်တွင် ဖခင်၏ တရားဝင်ရာထူးကို အမွေဆက်ခံပြီး လုစစ်တပ်အတွက် ရှေးဟောင်းသင်္ချိုင်းများကို လုယက်၍ စစ်တပ်အတွက် ရွှေများစုဆောင်းခဲ့သည်။ တစ်ကြိမ်တွင် အမည်မသိ ခေတ်တစ်ခေတ်၏ သင်္ချိုင်းတွင်းသို့ ဝင်ရောက်စဥ် ခေါင်းတလားထဲတွင် မြွေကြီးတစ်ကောင် လဲလျောင်းနေတာကို တွေ့ခဲ့ရသည်။


ဘုရင်လုရှန်က အလွန်ရဲရင့်သည်။ အခေါင်းထဲတွင် လဲလျောင်းနေသော မြွေကြီးသည် မကောင်းတဲ့အရာ ဖြစ်မည်ဟု သူထင်သောကြောင့် မြွေကို ဓားတစ်ချောင်းဖြင့် အပိုင်းပိုင်း လှီးဖြတ်ကာ မြွေကို ခွဲထုတ်ရန် အတင်းအကြပ် အမိန့်ပေးခဲ့သည်။ ရလဒ်အနေဖြင့် မြွေဗိုက်ထဲက ခရမ်းရောင် ရွှေသေတ္တာကို ရရှိလိုက်သည်။


ဒါကိုမြင်တော့ ဝူရှဲလည်း အံ့အားသင့်သွားတာကို မထိန်းနိုင်ခဲ့ပေ။ သူ့အိတ်ထဲ ထည့်ထားတဲ့ သေတ္တာက မြွေဗိုက်ထဲက ထုတ်လာတာတဲ့လား။ ဦးလေးသုံးသည် သူစကား ဆက်မဆိုတော့တာကြောင့် စိတ်မရှည်စွာ ပြောလာခဲ့သည်။


“မရပ်နဲ့.... ဆက်ပြော” 


ထိုအကြောင်းကို ဂရုတစိုက် မစဉ်းစားနိုင်တော့ဘဲ အာရုံပြန်စိုက်ကာ ဆက်ဖတ်နေရ၏။ 


ဘုရင်လုရှန်က သေတ္တာကို သိပ်ဂရုမစိုက်ခဲ့ပေ။ မြွေတစ်ကောင် မျိုချထားတဲ့ ပစ္စည်းပဲလို့ မှတ်ယူထားခဲ့သည်။ နောက်တော့ ညဘက် အိပ်ရာဝင်တဲ့အခါ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုကို အိပ်မက်မက်လေသည်။


“ဘာလို့ ငါ့ကိုသတ်ခဲ့တာလဲ?"


ဘုရင်လုရှန်သည် အများအားဖြင့် အလွန်ကြမ်းတမ်းလေ့ရှိသည်။ သူသည် လူများကို သတ်လေ့ရှိပြီး သတ်ပြီးရင်တော့ ၎င်းတို့ကို မေ့သွားလေ့ရှိသည်။ ဤအဘိုးအိုသည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မသိသောကြောင့် “သတ်ချင်ရင် သတ်မှာပဲ” ဟုဆိုသည်။


အဘိုးအိုသည် ရုတ်တရက် မြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို ကိုက်ပစ်လိုက်သည်။ မမျှော်လင့်ဘဲ ဘုရင်လုရှန်သည် အိပ်မက်ထဲတွင် မြွေကို နောက်ထပ်ဓားဖြင့် ခုတ်သတ်ရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သည်။ ထို့နောက် မြွေကို တက်နင်းကာ မြွေ၏ဦးခေါင်းကို ဖြတ်ရန် ကြိုးစားခဲ့သည်။ 


ထိုအခါမြွေကြီးက အလောင်းကို သူသတ်ပြီးပြီ။ သူ့ဝိညာဉ်ကိုပါ နောက်တစ်ကြိမ် သတ်ခဲ့လျှင် လူဝင်စားတော့နိုင်မည် မဟုတ်ကြောင်း ဆိုကာ သူ့အား လွှတ်ပေးပါက ရတနာနှစ်ခုကို သူ့ထံ လွှဲပြောင်းပေးမည် ဆိုလေ၏။ ၎င်းသည် သူ့ကို အလွန်နာမည်ကြီးသော ၀န်ကြီးတစ်ဦး ဖြစ်လာစေနိုင်သည်။ 


ထိုအချိန်က သင်္ချိုင်းများကို ဖောက်ထွင်းခဲ့သော မှူးမတ် အရာရှိများသည် ဧကရာဇ်မင်းမြတ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော်လည်း ၎င်းတို့၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျသည်။ ဘုရင်လုရှန်သည် မိမိကိုယ်ကို အလွန် တန်ဖိုးထားသောကြောင့် ထိုစကားတွေက သူ့ကို ဆွဲဆောင်မှုသွားစေကာ သဘောတူလိုက်သည်။


မြွေက သူ့ဗိုက်ထဲက ခရမ်းရောင် ရွှေသေတ္တာကို ဘယ်လို ဖွင့်ရမလဲဆိုတာ ပြောပြပြီး အတွင်းမှာရှိတဲ့ ရတနာတွေကို ဘယ်လို သုံးရမလဲ ဆိုတာကိုလည်း သင်ပေးခဲ့သည်။ ဒါကိုကြားပြီးနောက် ဘုရင်လုရှန်ကက “ဒါက နက်ရှိုင်းတဲ့ နားလည်မှုပဲ” လို့ ခံစားလိုက်ရပြီး ဒီကိစ္စကလည်း သာမာန်ပဲလို့ ခံစားလိုက်ရသည်။ ဒီလျှိုဝှက်ချက်ကို မပြန့်ပွားစေရဘူးလို့ ဆုံးဖြတ်ချက်ချရင်း တုံ့ပြန်တဲ့အနေနဲ့ မြွေရဲ့ဦးခေါင်းကို ဓားတစ်ချောင်းတည်းနဲ့ ခုတ်ဖြတ်ခဲ့တော့သည်။ 


ဒါကိုမြင်တော့ ဝူရှဲ ဒီဘုရင်လုရှန် ရက်စက်လွန်းတယ်လို့ ထင်မိလေသည်။


ထိုအချိန်တွင် ဖက်တီးက ပြေးလာပြီး 


"အဲဒီရတနာက တစ္ဆေတံဆိပ်တုံး ဖြစ်ရမယ်... နောက်တစ်ခုက ဘာလဲ? ရှေး​ဟောင်း စာအုပ်တွေထဲမှာတော့ တစ်ခါမှ မဖော်ပြထားဖူးဘူး.. အဲဒါက ကျောက်စိမ်းရုပ်များလား"


ဝူရှဲ ဖက်တီးကို မလောပါနဲ့လို့ အချက်ပြပြီး ပိုးစာလိပ်ကို ဆက်ငုံ့ကြည့်နေလိုက်သည်။ 


ဘုရင်လုရှန် နိုးလာပြီးနောက်တွင် အိပ်မက်ထဲက နည်းလမ်းအတိုင်း စမ်းသပ်ကြည့်ရာ သေတ္တာကို အမှန်ပင် ဖွင့်နိုင်ခဲ့သည်။ သို့သော် အတွင်းတွင် မည်သည့်ရတနာများ ပါရှိသည်ကိုမူ မရေးခဲ့ပေ။ ခဏကြာအောင် သုံးပြီးနောက် “တော်တော် အဆင်ပြေသွားပြီ” ဟု သူခံစားလိုက်ရကြောင်း ရေးထား၏။ 


ဤသေတ္တာအကြောင်း တခြား ဘယ်သူမှ မသိနိုင်စေရန် သူ့မိသားစုများနှင့်အတူ သူယူဆောင်လာသော နောက်လိုက်များကို တစ်ယောက်ပြီး တစ်ယောက် သတ်ခဲ့ပြီး တစ်လသားအရွယ် ကလေးများကိုပင် မသက်ညှာခဲ့ပေ။


ဒါကိုမြင်တော့ ဘုရင်လုရှန်ဟာ ​​စိတ်ပိုင်းဆိုင်ရာ ပြသနာ တစ်ခုခုရှိမယ် မဟုတ်ရင် သူဘယ်လိုများ ရက်စက်နိုင်မှာလဲလို့ တွေးမိပြီး ရင်မောသွားမိပြန်၏။


"ဒီလောက် လူတွေ အများကြီးကို သူ့ဘာသာသူ ဘယ်လိုလုပ် သတ်နိုင်မှာလဲ? သူ ဒီရတနာကို သုံးခဲ့တာ ဖြစ်မယ်.... ငါတကယ်ကို စိတ်ဝင်စားလာပြီ.... အောက်မှာ ရေးထားတာကို မင်းဆက်ကြည့်လို့ရမလား"


"မင်းဘာလို့ဒီလောက် စကားတွေ လာပြောနေတာလဲ? မင်းရဲ့ကျောက်စိမ်း အရုပ်ကိုပဲ ထုပ်ပိုးလိုက်စမ်းပါ!"


ဝူရှဲ ဟောက်လိုက်တော့ ဖက်တီးက ပြုံးပြီး 


"အိုကေ.... ငါမနှောင့်ယှက်ရင် အဆင်ပြေပြီမလား? မင်း မြန်မြန်ဖတ်သင့်တယ်.... ငါဒီမှာ အူတွေ ယားနေပြီကွ!!"


ဝူရှဲ သူ့ကို လျစ်လျူရှုပြီး ဆက်ဖတ်လိုက်သည်။ 


နောက်ဆယ်စုနှစ်များ အတွင်း ထိုရတနာ နှစ်ခု၏ အကူအညီဖြင့် သူသည် စစ်တပ်အတွင်း၌ ဖြစ်စေ အစိုးရတွင်ဖြစ်စေ အောင်မြင်သူအဖြစ် အချိန်အတော် ကြာအောင် ကျော်ကြားလာခဲ့သည်။ သို့သော် သူ၏နောက်ပိုင်း နှစ်များတွင် အလောင်းကောင် စွမ်းအင်နှင့် နှစ်ပေါင်းများစွာထိတွေ့မှုကြောင့် သူ့ခန္ဓာကိုယ်မှာ ခေါင်းမာတဲ့ ရောဂါတွေ အများကြီး ဖြစ်ပေါ်လာပြီး သိပ်ကို အဆင်မပြေတဲ့ အတွက် ဧကရာဇ်မင်းကြီးက သူ အသက်ကြီးနေပြီလို့ ထင်တဲ့အတွက် သူ့ရဲ့ စစ်အာဏာကို ဖယ်ရှားပြီး ဂူပြန်ဖောက်ဖို့သာ ဆိုခဲ့သည်။


စစ်ရေးကိစ္စကို ဝင်စွက်ဖက်စရာ မလိုတော့ဘူးဟု ဆိုတာကြောင့် သူ့ရာထူးက နိမ့်ကျသွားခဲ့သည်။


တနေ့တခြား ကျန်းမာရေး ယိုယွင်းလာတဲ့အခါ သေမှာကို နည်းနည်း ကြောက်လာမိသည်။ တနေ့မှာတော့ အသတ်ခံခဲ့ရတာ ဆယ်စုနှစ်နဲ့ချီပြီး ရှိနေခဲ့တဲ့ မြွေကြီးကို အိပ်မက် မက်ပြန်သည်။ မြွေကြီးက သူ့အား သူ့ရဲ့သေနေ့စေ့ပြီ။ သူတို့အားလုံး မရဏနိုင်ငံမှာ သူ့ကိုစောင့်နေကြောင်း ဆိုကြသည်။ သူ ကြည့်လိုက်ရာ အားလုံးက သူသတ်ခဲ့တဲ့ လူတွေချည်းပင်။


သူနိုးလာပြီးနောက်တွင် သူအိပ်မက် မက်ခဲ့ကြောင်း သတိရသွားကာ အလွန် ထိတ်လန့်သွားသဖြင့် ၎င်း၏ စစ်​ရေးအကြံပေးကို အကြံဉာဏ်တောင်းရန် သွားခဲ့သည်။


သူ၏ စစ်ရေးအကြံပေးသည် ကံကြမ္မာနှင့် ဖုန်းရွှေပညာကို ကျွမ်းကျင်သော ထက်မြက်သူ ဖြစ်သည်။ သူသည် တခဏမျှ တွေးကာ ဘုရင်လုရှန်အား ရှေးခေတ်က လူတို့အား ပြန်လည်နုပျိုစေပြီး ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ရတဲ့ မသေနိုင်သော ကျောက်စိမ်းရုပ် တစ်မျိုးရှိကြောင်း ပြောပြခဲ့သည်။ ကံမကောင်းစွာပဲ ထိုအရာက ဟိုးရှေးရှေးကတည်းက ပျောက်ကွယ်သွားခဲ့​ပြီ။ ရှာချင်ရင် ရှာတွေ့ဖို့ တစ်ခုတည်းသော နည်းလမ်းက ရှေးခေတ်ဂူသင်္ချိုင်းထဲမှာ သွားရှာဖို့ပင်။ 


ဘုရင်လုရှန်ဟာ ​​အဲဒီအချိန်က သူ့ကြိုးရဲ့က အဆုံးမှာ ရှိနေပြီး လမ်းပျောက်နေခဲ့တာကြောင့် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်ညလုံးနီးပါး ရှေးဟောင်း စာအုပ်များကို လေ့လာခဲ့သည်။ ထိုအချိန်က စာပေသည် အတော်အတန် ကြွယ်ဝနေသေးပြီး များစွာသော မှတ်တမ်းများက မပျောက်ပျက်သွားသေးရာ နောက်ဆုံးတွင် ရိုးရိုးစာအုပ်ထဲတွင် ကျောက်စိမ်းရုပ်များ ပါရှိသော အုတ်ဂူကြီးတစ်ခုကို တွေ့ရှိခဲ့သည်။


ထို့နောက် လူပေါင်း ၃၀၀၀ ကျော်ကို စုစည်းပြီး တောင်ကို နှစ်ဝက်ကြာ အချိန်ယူ တူးဖော်ခဲ့ရာ ထိုဒေသတွင် အနောက် ကျိုးအင်ပါယာ သင်္ချိုင်းကြီးကို တွေ့ရှိခဲ့သည်။ ထိုအချိန်က နိုင်ငံတစ်ခုစီ၏ နည်းပညာ စွမ်းအားသည် အလွန်ကောင်းမွန်ခြင်း မရှိသောကြောင့် ထိုအချိန်က ဤဧကရာဇ်သင်္ချိုင်းသည် အတိုင်းအတာ တစ်ခုအထိ အံ့သြစရာကောင်းနေပြီ ဖြစ်သည်။  


သဘာဝလိုဏ်ဂူများကို အသုံးပြု၍ တောင်တန်းများ အတွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ အုတ်ဂူအတွင်းမှာ ပါးကွာ၏ အခြေခံမူများကို အသုံးပြုထားပြီး အလွန်ရှုပ်ထွေးလှသည်။ လုရှန်သာ ချီမန်သွမ့်ကျားကို မကျွမ်းကျင်ထားပါက အထူးခြားဆုံး ဂူသင်္ချိုင်းထဲမှာ လမ်းလျှောက်သွားရန်ပင် မဖြစ်နိုင်ချေ။ 


ထူးခြားချက်က ပင်မသင်္ချိုင်းဂူထဲမှာ ခေါင်းကိုးလုံး မြွေထင်းရှူးပင် လို့ခေါ်တဲ့ ဧရာမသစ်ပင်ကြီး တစ်ပင် ရှိနေသည်။ အနက်ရောင် ရွှေချည် ကွပ်ထားတဲ့ ကျောက်စိမ်း အ၀တ်အထည်ကို ၀တ်ဆင်ထားတဲ့ လူငယ် အလောင်းကောင်ကြီးဟာ ဧရာမသစ်ပင်ကြီး အောက်က ကျောက်စိမ်းကုတင်ပေါ်မှာ တရားထိုင်နေလျက် ပုံစံဖြင့် ရှိနေ၏။ 


အဲဒါကို ကြည့်ပြီးနောက် သံမျက်နှာလူကြီးမင်းက ကျောက်စိမ်းရုပ်ပဲလို့ ပြတ်ပြတ်သားသား ပြောလာခဲ့သည်။ လူငယ်လေးရဲ့ ခန္ဓာကိုယ်ဟာ သေသွားပုံရပေမယ့် မသေသေးချေ။ ခဏကြာတဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေ ကြွေကျလာပြီး အတွင်းထဲမှာ အရေပြားအသစ်တွေ ထွက်လာခဲ့၏။ ဤလူငယ်သည် သူသေခဲ့စဥ်က ဆွေးမြေ့သော အဘိုးကြီး ဖြစ်ရမည်ဟု သူ ခန့်မှန်းခဲ့​လေသည်။


ထိုသံမျက်နှာ လူကြီးမင်းဟာ အံ့သြစရာကောင်းလောက်အောင် သွေးစွန်းနေတဲ့ အလောင်းကို ဘယ်လို ထိန်းရမလဲ ဆိုတာ တကယ်သိနေခဲ့သည်။ သူဟာ ကျောက်စိမ်းရုပ်ထဲက အလောင်းကို ထုတ်ယူဖို့ အထူးနည်းလမ်းကို အသုံးပြုပြီး အရန်သင်္ချိုင်းထဲက ကျောက်ခေါင်းတလားထဲမှာ တံဆိပ်ခတ်ထားခဲ့သည်။ ဘုရင်လုရှန်က သံမျက်နှာ လူကြီးမင်းရဲ့ ညွှန်ကြားချက်အတိုင်း အားလုံးကို လိုက်နာခဲ့သည်။ 


သူသည် ဧကရာဇ်မင်းရှေ့တွင် သေခြင်းတရားအတုကို ရယူရန် သေဆေးအတုကို သောက်၍ ကြံစည်ခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် ယင်းနှင့် ယန်က လောကကြားကို သူ အမှန်တကယ် လွတ်လွတ်လပ်လပ် သွားလာနိုင်သွားပြီဟု တွေးကာ အလွန် ကြောက်သွားခဲ့သည်။ ဘုရင်မင်းမြတ်သည် သူ့အား သာမာန် မင်းသားများနှင့် ဘုရင်များထက် ပိုမိုမြင့်မားသော ပုံစံဖြင့် သင်္ဂြိုဟ်ပေးခဲ့သည်။


ဘုရင်လုရှန်က သင်္ချိုင်းဖောက်သည် ဟူသည့် အကြောင်းပြချက်ကို အသုံးပြု၍ အနောက် ကျိုဧကရာဇ် ဂူဗိမာန်ထိပ်တွင် ယပ်တောင်ကဲ့သို့ ရှေးဟောင်းသင်္ချိုင်း တစ်ခုကို တိတ်တဆိတ် တည်ဆောက်ခဲ့သည်။ ဂူဖောက်ဆိုင်ရာ နည်းမျိုးစုံနှင့် ရင်းနှီးကျွမ်းဝင်ပြီး နေရာတိုင်းတွင် သံသယများကို ချန်ရစ်၍ ခေါင်းတလားအတု ခုနစ်ခုကို ချန်ထားခဲ့ကာ သူကိုယ်တိုင်ကတော့ အနောက်ကျိုးမင်းဆက် အုတ်ဂူ၏ အနှစ်တစ်ထောင်ရှိသော သစ်ပင်ထဲတွင် ပုန်းအောင်း​နေ​ခဲ့သည်။


အခေါင်းထဲသို့ မထည့်မီ ထိုလုပ်ငန်းစဥ်တွင် ပါဝင်သူအားလုံးကို သတ်ပစ်ကာ မြစ်ထဲသို့ ပစ်ချပြီးနောက် သူ့နောက်လိုက်များ အားလုံးကိုလည်း အဆိပ်သောက်စေခဲ့သည်။ သစ္စာစောင့်သိသူ နှစ်ဦး ဖြစ်သည့် ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုသာ ကျန်ရစ်ခဲ့သည်။ 


ထိုနှစ်ယောက်မှာ အရာအားလုံးကို ပြီးစီးအောင် ပြုလုပ်ပြီးနောက် အဆိပ်သောက် သေခဲ့ကြသည်။ ဂူတွင်းရှိ ရှေးဟောင်း အလောင်းများစွာဟာ ထိုအချိန်က အသတ်ခံခဲ့ရသူများ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိ​လေသည်။


ဒီအချိန်မှာ ဝူရှဲမှာလည်း မေးစရာတစ်ခု ရှိလာတာကြောင့် ဦးလေးသုံးကို လှည့်မေးလိုက်သည်။ 


"သံမျက်နှာ လူကြီးမင်းက ဘာဖြစ်သွားတာလဲ? ဒီထဲမှာလည်း ရေးထားတာ မရှိဘူး....ဧကန္တ သူလည်း အသတ်ခံလိုက်ရတာလား?"


ဦးလေးသုံးက ခေါင်းယမ်းပြီး 


"အဲဒီလိုလူမျိုးက အရမ်းထက်မြက်တယ်... ဘုရင်လုရှန်က လူတွေကို သတ်ပြီး နှုတ်ပိတ်မယ် ဆိုတာကို သူမျှော်လင့်ထားလောက်တယ်.... သူ့ကိုယ်သူတော့ မိုက်မဲပြီး သစ္စာရှိပုံနဲ့ အမြှုပ်ခံမှာ မဟုတ်ဘူး"


ထိုစဥ် မျက်နှာသေက ပေါ့ပေါ့တန်တန် ပြောလာ၏။


"သေချာပေါက် အဲ့လို အလုပ်ခံမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ကျောက်စိမ်းရုပ်ထဲမှာ လဲလျောင်းနေတဲ့သူက ဘုရင်လုရှန် မဟုတ်တော့ဘဲ သူ့ကိုယ်တိုင် ဖြစ်နေလို့ပဲ"