(18)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (18)

သစ်ပင်ကြီး



ဂူအဝင်ဝကနေ ဂရုတစိုက် ခုန်ဆင်းလိုက်တော့ အပြင်မှာ အပြူထွက်စရာ နေရာလေးတစ်ခုပဲ ရှိတော့တာကို တွေ့လိုက်ရသည်။ အဲဒီ့အပြင် ဆယ့်ငါးမီတာထက် မနည်းမြင့်တဲ့ ချောက်ကမ်းပါးက လေတိုက်တာ အရမ်းပြင်းတဲ့အတွက် ကမ်းပါးမှာပဲ ကပ်နေရလေသည်။


မြင်​နေရတဲ့ နေရာကို ဝူရှဲ့ခမျာ ဘယ်လိုပြောရမှန်းတောင် မသိတော့ပေ။ သူ့ရှေ့မှာတော့ ဘောလုံးကွင်း အရွယ်လောက်ရှိတဲ့ သဘာဝဂူကြီး တစ်ခုရှိနေ၏။ ဂူရဲ့ထိပ်မှာ အက်ကွဲကြီးတစ်ခုရှိနေပြီး လရောင်က ဖြာကျ တောက်ပနေသည်။ ထိုအက်ကွဲကြောင်းမှတဆင့် ဂူတစ်ခုလုံးကို ပုံဖော်ကြည့်ရှုရန် လုံလောက်​လေသည်။ 


သူတို့၏ လက်ရှိ အနေအထားသည် အနောက်ဘက် ဂူနံရံတွင်ရှိပြီး အပေါ်နှင့် အောက်တက်စရာ နေရာမရှိပေ။ အလျင်အမြန် ကြည့်လိုက်တော့ ဂူနံရံတွေဟာ အပေါက်​ကြီးတွေနဲ့ ထူထပ်စွာ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။ ထောင်သောင်းချီတဲ့ အပေါက်တွေက လှိုဏ်ဂူနံရံကို အမျိုးမျိုးသော စူပါအမြောက်များဖြင့် ပစ်ခတ်ထသလိုပင်။


ထိတ်လန့်စရာ အကောင်းဆုံးကတော့ ဂူရဲ့အလယ်မှာ အိမ်ဆယ်ထပ်နီးပါး မြင့်တဲ့ သစ်ပင်ကြီး တစ်ပင်ရှိပြီး လူဆယ်ယောက်တောင် ပွေ့ဖက်လို့ မရနိုင်လောက်ပေ။ တယ်လီဖုန်းတိုင်များကဲ့သို့ မရေမတွက်နိုင်သော နွယ်ပင်များ ထူထပ်စွာ ရစ်ပတ် ချည်နှောင်ထားသည်။ 


သစ်ပင်၏ အကိုင်းအခက်များသည် မိုးမခပင်ကဲ့သို့ သစ်ပင်ပေါ်မှ တွဲလျောင်း ကျဆင်းနေပြီး တချို့မှာ လေထုထဲတွင် တွဲလောင်းကျလျက် ရှိသည်။ မြေပြင်မှာ ချိတ်ဆွဲထားသလို တချို့သော နွယ်ပင်များသည် ဂူနံရံအပေါက်များ အထိပင် ပြန့်ကျဲသွားသည်။


သေသေချာချာ ကြည့်လိုက်တော့ အကိုင်းအခက်တွေပေါ်မှာ ချိတ်ဆွဲထားတဲ့ အမည်မသိတဲ့ အရာတွေ အများကြီးကို တွေ့နိုင်လေသည်။ အစကတော့ သစ်သီးတွေလို့ ထင်မိပေမယ့် ဒီအရာတွေရဲ့ ပုံစံတွေကို ကြည့်တော့လည်း ဟုတ်ပုံမပေါ်ပေ။ ၎င်းတို့ ထူထဲသော နွယ်ပင်များ၏ နောက်ကွယ်တွင် ပုန်းကွယ်နေပြီး တစ်ခါတစ်ရံမှ ပေါ်လာတတ်တတ်သည်။


ဤသဘာဝလှိုဏ်ဂူ၏ အောက်ခြေတွင် ယဇ်ပလ္လင်ကဲ့သို့သော အဆောက်အအုံငယ် တစ်ခုမှ စတင်ကာ ကျောက်စင်္ကြံ တစ်ခုရှိပြီး သစ်ပင်အောက်ခြေအထိ ဆက်သွားကာ စင်္ကြံ၏ အဆုံးတွင် လှေကားထစ်များ ရှိသေးကြောင်း ယောင်ဝါးဝါး မြင်နိုင်သည်။ 


အပေါ်ထပ်မှာ ကျောက်စိမ်းကုတင် တစ်လုံးရှိပြီး အဲဒီအပေါ်မှာ တစ်ယောက်ယောက် လဲလျောင်းနေပုံရ၏။ အကွာအဝေးက ဝေးလွန်းသဖြင့် ကောက်ကြောင်းမှလွဲ၍ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကြောင့် ဝူရှဲ့လည်း ဒါပါလို့ကောက်ချက် မချရဲသေးချေ။ 


ဖက်တီးကတော့ အလွန် စိတ်လှုပ်ရှားသွားပြီး


"အဟား.... ငါတကယ် ရှာတွေ့ပြီ ဒါက အနောက် ကျိုးဂူသင်္ချိုင်းရဲ့ ပင်မအုတ်ဂူပဲ ဖြစ်ရမယ်.... ကျောက်စိမ်းစင်ပေါ်မှာ လဲလျောင်းနေတာက ဘုရင်လုရှန်ရဲ့ အလောင်းပဲ ဖြစ်ရမယ်.... ဒီလူက တကယ်ကို သိက္ခာမဲ့တဲ့ ငှက်တစ်ကောင်ပဲ ချိုးငှက်အသိုက်ကို သိမ်းပိုက်... တခြားသူတွေရဲ့ ချိုးငှက်တွေကို စွန့်ပစ်ပြီး ဒီအထဲမှာ လာနေထိုင်​နေတယ်..... ဒီနေ့သခင်လေးဖန့်ဆိုတဲ့ ငါက ကောင်းကင်ကိုယ်စား တရားမျှတအောင်လုပ်ဖို့ ကျင့်ဝတ်သိက္ခာမရှိတဲ့ မင်းကို ပညာ​ပေးဖို့ ဒီကိုရောက်လာပြီ.... ဘယ်သူကမှ ဂူသင်္ချိုင်း ဖောက်သူလဲဆိုတာ မင်းသိစေရမယ်!” 


သူဘာလုပ်နေတယ် ဆိုတာကို မတွေးမိဘဲ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်နေလေ၏။


ထိုအချိန်တွင် ဖန့်ကျစ်က ရုတ်တရက် ပြောလာ၏။


"မင်း မဆင်မခြင် သွားမလုပ်နဲ့... ဒီဘုရင်လုရှန်က အရမ်းဆိုးတယ်.... ဒီနေရာမှာ နောက်ထပ် လျှို့ဝှက်ယန္တရား တစ်ခု ရှိမယ်ထင်တယ်... ငါတို့အရင်ဆုံး မြေပြင်ပေါ် ပြန်ရောက်ဖို့ပဲ နည်းလမ်းရှာသင့်တယ်လို့ ထင်တယ်.... အပေါ်က အက်ကွဲကြောင်းက မြေကြီးပေါ်ကို ပြန်သွားတာ ဖြစ်ရမယ်"


အပေါ်ကို မော့ကြည့်လိုက်တော့ ဝူရှဲ့တို့ ထိတ်လန့်သွားသည်။ ထိပ်ကိုတက်ဖို့ ဆိုတာ မလွယ်ပါဘူး။ အက်ကွဲရာ အတိုင်း ရောက်ဖို့ ဆိုရင်တောင် တောင်ထိပ် အကွာအဝေးအထိ ရောက်ရင် လူတိုင်း ဇောက်ထိုးဆွဲထားသလို ဖြစ်သွားလိမ့်မယ်။ သူတို့က Spider-Man မဟုတ်တာကြောင့် ဘယ်လိုလုပ်ရမလဲ ခေါင်းရှုပ်သွား၏။


ထို့ကြောင့် ဖက်တီးအား သူ့ထင်မြင်ချက်ကို မေးရန် လှည့်ကြည့်လိုက်တဲ့ အခိုက် ဖက်တီးရဲ့ ခန္ဓာကိုယ်တစ်ဝက်မှာ ချောက်ကမ်းပါးမှ မှီနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ဖန့်ကျစ်ရဲ့ စကားကို သူ့နားထဲ လုံးဝမထည့်ထားခဲ့ပေ။ 


သူ အရမ်းသွက်လက်​​နေတာကို တွေ့လိုက်ရတော့ ဝူရှဲ့လည်း မတားတော့ပေ။ စက္ကန့် အနည်းငယ် အတွင်း နှစ်မီတာထက် ပိုဆင်းသွားပြီးနောက် တွင်းပေါက် တစ်ပေါက်နားကို ရောက်သွားလေ၏။ သူဆက်ဆင်းတော့မယ့် အချိန်မှာပဲ လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး သူ့ခြေထောက်ကို ဆုပ်ကိုင်လာခဲ့သည်။


ဖက်တီးလည်း ထိတ်လန့် တုန်လှုပ်သွားကာ ထိုလက်ကို ပြင်းပြင်းထန်ထန် ခါချလိုက်သည်။ထို့နောက် အပေါက်ထဲမှ လူတစ်ယောက် ထွက်လာသော အသံကို ကြားလိုက်ရသည်။


“မလှုပ်နဲ့... နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ မင်းသေပြီပဲ” 


အသံကို ကြားလိုက်ရချင်း ဝူရှဲ့လည်း ဝမ်းသာအားရဖြင့်


"ဦးလေးသုံး.... ဦးလေးမလား?"


အောက်က လူကလည်း အံ့သြတကြီးနဲ့ 


"တူကြီး.... ကောင်စုတ်လေး မင်းဘယ်တွေ လျှောက်ပြေးနေတာလဲ? မင်းငါ့ကို အရမ်းစိတ်ပူပြီး သေအောင်လုပ်​နေတာလား? အခု အဆင်ပြေလား?"


တကယ်ပဲ ဦးလေးသုံး ဖြစ်နေတာကို သိလိုက်ရတော့မှ စိတ်သက်သာရာ ရသွားပြီး 


"အဆင်ပြေတယ်! ဒါပေမယ့် ဖန့်ကျစ်ကတော့ ဒဏ်ရာရသွားပြီ.... အဲဒါ ဟိုဖက်တီးရဲ့ အပြစ်ပဲ" 


ခေါင်းကို ငုံ့ကြည့်လိုက်တော့ အောက်က အပေါက်က သူတို့နဲ့ မလှမ်းမကမ်းမှာ ရှိနေတာကို တွေ့လိုက်ရ၏။ ထိုစဥ် ဖက်တီးက အရှုံးပေးတဲ့ လေသံနဲ့ အော်လိုက်သည်။


“ရဲဘော်.... မင်း ငါ့ခြေထောက်ကို မဖမ်းထားပါနဲ့ ဟုတ်ပြီလား” 


ဦးလေးသုံးကလည်း 


"သေနာဖက်တီး... မင်းဘယ်က ထွက်လာတာလဲ? ငါ့ကို အဲ့လောက်အကျယ်ကြီး အော်ပြောမနေနဲ့.... မြန်မြန်ဆင်းခဲ့ နွယ်ပင်တွေကို လုံးဝ မထိမိ​စေနဲ့"


ဖက်တီးက သူ့ပတ်ဝန်းကျင်က နွယ်ပင်တွေကို ကြည့်ကာ ဘယ်နွယ်ကိုလဲ ဆိုပြီး တွေးနေ၏။ သူက ဒီတစ်ပင်ကိုလား ဟူ၍ ခြေချောင်းများဖြင့် ညွှန်ပြလိုက်သော် ဦးလေးသုံးလည်း အော်လိုက်တော့သည်။


“မလုပ်နဲ့.....” 


အော်ပြောသံ စကားမဆုံးမီတွင် မူလက အလွန်သာလွန်ကောင်းမွန်သော နွယ်ပင်သည် မြွေတစ်ကောင်လို ရုတ်တရက် ထ​ကြွလာပြီး ထိပ်ပိုင်းသည် ပန်းပွင့်ကဲ့သို့ လိပ်သွားခဲ့သည်။ ပထမတစ်ချက် ကြည့်လိုက်တော့ တစ္ဆေလက်နဲ့ တူသယောင်ပင်။ ထိုအရာက ဖက်တီးရဲ့ အနေအထားကို လေ့လာနေပုံလည်းရသည်။


ဖက်တီး လှုပ်နေသရွေ့ ၎င်းကလည်း အိန္ဒိယလူမျိုးတွေ မြွေနဲ့ကစားသလိုမျိုး ဘယ်တစ်ချက် ညာတစ်ချက် လှုပ်ရှားလာလိမ့်မည်။ လတ်စသတ်တော့ ဖန့်ကျစ်နဲ့ သူမြင်ခဲ့တဲ့ ပါးလွှာတဲ့ တစ္ဆေ လက်ငါးချောင်းဆိုတာ ဒီအရာကြီး ဖြစ်နေခဲ့တာပဲ။


ဖက်တီးက သိပ်တော့ မရိုးရှင်းချေ။ နွယ်ပင်တွေကို ကျီစားဖို့ သူ့ခြေဖဝါးကိုတောင် စက်ဝိုင်းပုံစံ လုပ်နေလိုက်သေးသည်။ ဒီကောင်က သိပ်အားမကိုးဘူးလို့ ထင်ရပေမယ့် ဒီလိုပုံစံနဲ့ သူတစ်ယောက်တည်းသာ ဂူလာဖောက်ရဲတာ သိပ်တော့ မဆန်းချေ။ သူနဲ့သာနေရာ တစ်နေ့ကျရင် သူတို့ပါ သေသွားနိုင်တယ်လို့ တွေးနေမိ၏။


ထိုစဥ် ဦးလေး၃က ဒေါသတကြီး ကျိန်ဆဲလာတော့သည်။ 


"မင်းကိုပြောနေတာ မင်းလုပ်နေတာ မပြီးနိုင်သေးဘူးလား... အဲဒါက ဘာလဲဆိုတာရော မင်းသိရဲ့လား? ဒီကို မြန်မြန် ဆင်းလာခဲ့!" 


ပြောပြီးတာနဲ့ ဖက်တီးတစ်ယောက် တင်းခနဲ ဝေဒနာကို ခံစားလိုက်ရ၏။ သူ့ခြေဖဝါးမှာ ရစ်ပတ်ထားတဲ့ နွယ်ပင်တွေက သူ့ကို ချောက်ကမ်းပါးပေါ်ကနေ ဆွဲချလုနီးပါးပင်။ အစောက သူနဲ့ဖက်တီး နှစ်ယောက် ဆွဲတာတောင် ထိုနွယ်ပင်ရဲ့ အားကို မနိုင်ခဲ့ပေ။ အခု ချောက်ကမ်းပါးပေါ်မှာ ခွန်အားတွေ ချေးငှားလို့ မရတာကြောင့် ဖက်တီးလည်း သေတော့မှာမို့ စိတ်တွေ ပူလာတော့သည်။


ဝူရှဲ့လည်း ဖက်တီး မဟန်တော့မှန်း သိလေရာ အဲဒီအရာကို ပစ်ခတ်ဖို့ ကျောက်တုံးတစ်တုံးကို ရှာပြီး ပစ်ချလိုက်ပေမယ့် အလုပ်မဖြစ်ချေ။ ဝူရှဲ့ ရုတ်တရက် သူ့ခြေထောက်တွေ တင်းတင်းကျပ်ကျပ် ဖြစ်သွားတာကို ခံစားလာရလို့ အောက်ကို ငုံ့ကြည့်လိုက်တော့ တစ္ဆေလက် နွယ်ပင်ကြီးဟာ ဘယ်ကနေ ပေါ်လာမှန်းမသိ သူ့ခြေထောက်တွေကို ရစ်ပတ်ထားပြီ။


ဝူရှဲ့ ဖမ်းဆုပ်ထားဖို့ နေရာကို ချက်ချင်းရှာချင်ပေမယ့် အချိန်နှောင်းသွားပြီ။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ သူ့တစ်ကိုယ်လုံး လေထဲမှာ မြောက်တက်သွား၏။ 


ထိုအချိန်တွင် သူ့ကိုယ်အလေးချိန်က ကင်းမဲ့သွားပြီး လက်​တွေခြေတွေကို ဖမ်းဆုပ်၍ မရတော့ဘဲ ချောက်နံရံပေါ် အပြင်းအထန် ပစ်ပေါက်ခြင်းသာ ခံလိုက်ရ​​တော့သည်။ ရိုက်ချက်ကတော့ သူကိုယ်တိုင် ဝင်တိုက်မိတာထက်ကို ဆိုးရွားလှ၏။ 


သွေးတွေ အန်လုမတတ် မူး​ဝေသွားပြီး နွယ်ပင်ရဲ့ ခွန်အားကို ပြန်ခုခံဖို့ လက်နှစ်ဖက်စလုံးကို ဝေ့ယမ်းနေပေမယ့် ဘာမှ ဖမ်းလို့မမိဘဲ ဖြစ်နေသည်။ ထို့နောက် ဆယ့်ငါးမီတာမြင့်တဲ့ ချောက်ကမ်းပါးကြီးကနေ ထိုးကျသွားတော့သည်။ ဝူရှဲ့ သူ့မျက်စိများ မှိတ်ပြီးတာနဲ့ ပြီးသွားပြီ အခုတကယ် သေပြီဟုသာ တွေးလိုက်မိ၏။


အဲဒီအချိန်မှာ နောက်ထပ် နွယ်ပင် ၃ ချောင်းက ရုတ်တရက် သူ့ကို စောင့်ဆွဲလိုက်တာကြောင့် ချောက်ကမ်းပါးပေါ်ကနေ လှိမ့်ဆင်း ကျလာခဲ့သည်။ နွယ်တစ်ချောင်းက သူ့ခါးမှာ ရစ်ပတ်ထား၏။ ထို့နောက် အထူး ထူထပ်သော တစ္ဆေလက် နွယ်ပင်များသည် သူ့​ဦးခေါင်းနောက်ကို ကျောက်နံရံနှင့် ပွတ်တိုက်သွားလေရာ သူ့ဦးနှောက်တစ်ခုလုံး တုန်ခါသွားကာ မူးဝေသွားသလို ခံစားလိုက်ရသည်။ 


သူ့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ မနှမြောဘဲ ပြင်းပြင်းထန်ထန် ထိမှန်​​နေပြီး သူ့မျက်လုံးထဲမှာလည်း ကြယ်တွေလတွေ ပေါ်လာကာ သတိလစ်လုနီးပါး ဖြစ်လာသည်။


သူ့ခန္ဓာကိုယ်က ငြိမ်သွားမှန်း သိလိုက်ချိန်မှာတော့ ရုတ်တရက် အရမ်း မူးဝေသွားတာကြောင့် မျက်လုံးဖွင့်ချင်ပေမယ့် သူ့ရှေ့မှာ သဲအလွှာတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ အသက်ပြင်းပြင်းရှူပြီး တဖြည်းဖြည်း သတိ ပြန်ကောင်းလာအောင် ကြိုးစားလိုက်ချိန် မျက်စိရှေ့က တဖြည်းဖြည်း ပိုရှင်းလာ၏။ 


အဲဒီအချိန်မှာ ဝူရှဲ့တစ်ယောက် သူ့ကိုယ်သူ ဧရာမသစ်ပင်ကြီးရဲ့ အကိုင်းအခက်ပေါ်မှာ ဇောက်ထိုးကျနေတာကို တွေ့လိုက်ရလေသည်။ သူခေါင်းအောက်မှာ လျှို့ဝှက်ဆန်းကြယ် အလောင်း တစ်လောင်း ချထားတဲ့ ကျောက်တုံးကြီးကိုပါ တွေ့ရ၏။ 


အနီးကပ် ကြည့်လိုက်တော့ မတုန်လှုပ်ဘဲ မနေနိုင်အောင် ကျောက်စင်ပေါ်မှာ အလောင်းတစ်လောင်း လဲကျနေတာကို တွေ့လိုက်ရပြီး ထိုအလောင်းဘေးမှာ လဲလျောင်းနေတဲ့ အမျိုးသမီးအလောင်း တစ်လောင်းလည်း ရှိနေသည်။ အလောင်းအား ပိတ်စဖြူလေးဖြင့် ဖုံးအုပ်ထားသည်။ မျက်လုံးများ မှိတ်ထားပုံကြောင့် သူမမျက်နှာက အင်မတန် အေးချမ်းနေပုံရသည်။ 


တစ်ကယ်တော့ သူမသည် အနည်းငယ် ချောမောနေပုံရပြီး သူမခန္ဓာကိုယ်က ပုပ်သိုးသွားသည့် အရိပ်အယောင် လုံးဝ မရှိပေ။ သေသေချာချာ မကြည့်မိပါက သူမ အိပ်ပျော်နေတယ်လို့သာ တွေးမိလိမ့်မည်။ နံဘေးတွင် လဲလျောင်းနေသော အလောင်းသည် မြေခွေးမျက်နှာနှင့် ကြေးဝါမျက်နှာဖုံးကို ၀တ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်ကို တင်းကြပ်သော ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသည်။ ရင်ဘတ်ပေါ်တွင် လက်ကိုတင်ကာ ခရမ်းရောင်နှင့် ရွှေရောင်ရှိ သေတ္တာကို လက်ထဲတွင် ကိုင်ထားသည်။


သံချပ်ကာ အလောင်းကို အကြိမ်ပေါင်းများစွာ ငုံ့ကြည့်မိတဲ့အခိုက် စိတ်မသက်မသာ ဖြစ်စေတဲ့ အရာတစ်ခု ရှိနေတယ်လို့ ခံစားလာရတော့သည်။ သေသေချာချာ ကြည့်လိုက်တော့ ကြေးမျက်နှာဖုံးရဲ့ မျက်လုံး အပေါက်ကနေတစ်ဆင့် အတွင်းမှာရှိတဲ့ အလောင်းရဲ့ မျက်လုံးတွေ ပွင့်လာတာကို တွေ့လိုက်ရ၏။ အစိမ်းရောင် မျက်လုံးတွေက သူ့အား အေးစက်စွာ စိုက်ကြည့်နေလေသည်။