ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (17)
အပေါက်
ထိုလက်၏ လက်ငါးချောင်းလုံးသည် အလျားတူညီပြီး လက်မောင်းသည် ဖန့်ကျစ် ဆိုသည့်အတိုင်း အလွန်ပါးလွှာပြီး အလွန်ကြောက်စရာကောင်းသည်။ ဖက်တီးက သူ့အား မလှုပ်ရန် စကားမပြောရန် လက်ဟန်အမူအရာဖြင့် ဆက်လုပ်ပြသည်။
အရမ်းကြောက်မနေနဲ့။ လူတစ်ယောက်မှာ မမျှော်လင့်ထားတဲ့ အရာတွေ များလွန်းရင် တစ်ချိန်တည်းမှာ စိတ်တည်ငြိမ်လာလိမ့်မယ်။ ရုတ်တရက်ပင် ဝူရှဲ့မှာ အလွန်ပင်ပန်းသွားသလို ခံစားလိုက်ရပြီး ထိုလက်ကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် ကိုက်ပစ်ချင်မိသည်။
ဒါပေါ့။ သူ့ရဲ့ဆင်ခြင်တုံ တရားက သူ့ကိုအဲဒီလို မလှုပ်ရှားဖို့ ပြောနေတုန်းပဲ။ ဖက်တီးက ဖန့်ကျစ်ရဲ့ သေနတ်ကိုသုံးပြီး ထိုလက်ကို ကောက်ကိုင်လိုက်ပြီး ဝူရှဲ့ပုခုံးပေါ်ကနေ ဆွဲချဖို့ ကြိုးစားလိုက်သည်။
သေနတ်ကို ဆန့်လိုက်တဲ့အခါ လက်က မြွေတစ်ကောင်လိုမျိုး သူ့ကိုယ်သူ သေနတ်ကို ရစ်ပတ်ပစ်လိုက်သည်။ ဖက်တီးလည်း လက်မလွှတ်ရဲတော့ဘဲ သူ့ဖင်ကြီးကြီးကို လှုပ်ခါကာ လက်ကို အပေါက်ထဲက ဆွဲထုတ်ဖို့ ပြင်လေ၏။
ဝူရှဲ့ အပြေးအလွှား အကူအညီ ပေးလိုက်ပေမယ့် လက်ပိန်ပိန် အကောင်ကြီးက အရမ်း အားသန်နေပြီး သူတို့နှစ်ယောက် ပေါင်းတာတောင် ဒီလက်ပိန်သေးသေးလေး နဲ့ ပြိုင်ဆိုင်လို့ မရတော့တာ တွေ့လိုက်ရတော့ ဖန့်ကျစ် သူ့လက်ကို မြှောက်ပြီး ဓားကို သူတို့ဆီ လှမ်းပစ်လိုက်သည်။
ဖက်တီး ဓားကိုဖမ်းလိုက်ကာ လက်ထဲက အရေခွံ အပိုင်းအစတွေကို အောက်ခြေကနေ အပေါ်ထပ်သို့ အပြင်းအထန် ဖြတ်ခုတ်ပစ်လိုက်သည်။ လက်က ရုတ်တရက် လွတ်ထွက်သွားပြီး အမှောင်ထဲကို ပြေးဝင်သွားတော့သည်။ ဒီအချိန်မှာ ဝူရှဲ့နဲ့ ဖက်တီးတို့ နှစ်ယောက်စလုံး ခွန်အားတွေကို မခံနိုင်ဘဲ မြေကြီးပေါ် လဲကျသွား၏။
ဖက်တီး ဝက်တစ်ကောင်လို ခုန်တက်လာပြီး အပေါက်ကို ချောင်းကြည့်လိုက်တဲ့အခါ အဲဒီနေရာမှာ အရမ်းနက်တဲ့ မြောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ ခက်ခက်ခဲခဲ ညှစ်၍ အတွင်းပိုင်းကို ကြည့်ချင်သော်လည်း ဝင်ပေါက်သည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရန် သေးငယ်လွန်းလှသည်။
ဖက်တီး စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ ဒေါသတကြီးဖြင့် ကျောက်အုတ်များကို ဖြိုခွင်းဖို့အတွက် သူ့လက်တွေနဲ့ လွတ်တဲ့နေရာကနေ ဆွဲခွာတော့သည်။ ကျောက်နံရံကို ကြည့်လိုက်တော့ ခိုင်ခံ့ပေမယ့် သူ့ကြောင့် အလွယ်တကူ ကျိုးပဲ့သွားသည်။
"လာကြည့်!... အထဲမှာ အပေါက်ကြီး ရှိတယ်!"
ဝူရှဲ့တို့နှစ်ယောက် အနီးကပ် ကြည့်လာခိုက် ဖက်တီးကလည်း သူ့ဝံပုလွေ မျက်လုံးများဖြင့် ကြည့်နေသည်။ အထဲမှာ အမှန်တကယ် ခြားနားသော နေရာတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ အပေါက်ကတော့ ဘယ်ကိုသွားမှန်းကို မသိနိုင်လောက်အောင် မှောင်နေ၏။ နံရံရဲ့ အမှောင်ထဲမှာ လျှို့ဝှက်ထားတဲ့ လမ်းကြောင်းငယ်တစ်ခု ရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ဟိုအလောင်းစား အကောင်တွေ ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့တာ အံ့သြစရာ မရှိပါဘူး။
ဖန့်ကျစ်သည် အပေါက်ရဲ့ မျက်နှာပြင်ကို ထိလိုက်ကာ စိတ်ရှုပ်သွားပုံဖြင့်။
"ဒါကို ကိုယ်တိုင် တူးထားပုံရတယ်.... အလောင်းစား အကောင်တွေ လှည့်ပတ်သွားလာနိုင်တဲ့ လမ်းကြောင်းများ ဖြစ်နိုင်မလား?"
"အဲဒီအလောင်းစား အကောင်တွေ အထဲမှာရှိတယ်လို့ ပြောနေတာလား?"
ဖက်တီးမှာ မူလက အပေါက်ထဲကို ဝင်ချင်နေတာ ဖြစ်သည်။ ဖန့်ကျစ်က ဒီလိုပြောလာတဲ့အခါ သူ့ခမျာ တွန့်ဆုတ်သွား၏။ ဖန့်ကျစ်က ရယ်လျက်။
"မကြောက်ပါနဲ့.... အဲဒီအစ်ကိုလေး ငါ့ကို ကယ်လိုက်တဲ့ အချိန်တုန်းက သူ့လက်ပေါ်က ကျလာတဲ့ သွေးတွေကို ငါ့လက်ပေါ်မှာ နည်းနည်း သုတ်ထားလိုက်တယ်"
ဖန့်ကျစ် သူ့လက်ပေါ်က သွေးအပိုင်းအစ တစ်ခုကို ညွှန်ပြပြီး ပြောလာ၏။
"မင်းတို့ ရေနည်းနည်းသုံးပြီး မင်းတို့ မျက်နှာပေါ်ကို နည်းနည်းလောက် သုတ်ထားလိုက်... သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်!"
ဝူရှဲ့မှာ ရယ်ရခက် ငိုရခက်ဖြင့်။
"ခင်ဗျား အရမ်းမိုက်တာပဲ.... အနည်းဆုံးတော့ သူက ခင်ဗျား အသက်ကို ကယ်ခဲ့တာနော်!"
ဖန့်ကျစ် ရှက်ရွံ့စွာ ပြုံးပြီး
"အဲဒီတုန်းက ဘာကြောင့်မှန်း မသိပေမယ့် သူ့သွေးတွေ မြေပြင်ပေါ်မှာ ရွှဲနေတာကို မြင်လိုက်ရတော့ အဲဒါကို မဖြုန်းသင့်ဘူးလို့ ခံစားမိလို့ပါ...."
ဖက်တီးမှာ သူတို့ဘာတေစကားတွေ ပြောနေမှန်း မသိတာကြောင့်။
"ဘာလဲ? အဲဒီအစ်ကိုလေးရဲ့ သွေးက အဲ့လောက်တောင် အစွမ်းထက်တာလား?"
သူတို့နှစ်ယောက်လုံး ခေါင်းညိတ်ပြပြီး အလောင်းဂူထဲက အခြေအနေ အကြောင်း ပြောပြလိုက်တော့ ဖက်တီးလည်း ဖန့်ကျစ်လက်ပေါ်က သွေးကွက်တွေကို ချက်ချင်းဆိုသလို စိတ်ဝင်စားသွားသည်။ သူချီးကျူး စကားများကို အားရပါးရ ဆိုလာ၏။
"အရမ်းကောင်းတယ်.... ငါအနာဂတ် ဂူတွေဖောက်တဲ့အခါ ဘယ်သူ ငါ့ဖယောင်းတိုင်ကို မှုတ်ရဲလဲ... တစ်ခါတည်း အခေါင်းတလားပေါ် ဒူးထောက်ခိုင်းပစ်လိုက်မယ်!!"
သူပြောသည့်အတိုင်း ဖန့်ကျစ် လက်ပေါ်က သွေးများကို အလျင်အမြန် ယူပစ်ချင်ပုံရလေသည်။
ဖန့်ကျစ်က
"ဒီအပေါက်လေးကို လုပ်ထားရတဲ့ ရည်ရွယ်ချက်ကို မသိပေမယ့် ဘာပဲဖြစ်ဖြစ် ကျောက်လမ်းဝင်္ကပါထဲက မရုန်းထွက်နိုင်မှတော့ ဒီနေရာက မျှော်လင့်ချက်ရှိမယ်လို့ ထင်ရတာပဲ!... ဒါမှမဟုတ် ငါတို့ ဝင်သွားကြည့်ကြရင်ရော??"
ဝူရှဲ့လည်း အတွေးတစ်ချက်နဲ့ ဒီမှောင်မည်းနေတဲ့ အပေါက်ထဲကို လှမ်းကြည့်လိုက်သည်။ အပေါက်သေးသေးလေးတွေက လူတစ်ဦးတည်းသာ ဝင်နိုင်ကာ အရမ်းကြောက်စရာ ကောင်းလောက်အောင် မထွက်နိုင်ဘဲ ဖြစ်သွားရင် ဝင်ရတာ နည်းနည်းတော့ မသင့်တော်ဘူးလို့ ခံစားမိပေမယ့် ဘာမှ မလုပ်ဘဲ ထိုင်နေလို့က မဖြစ်သေးချေ။
ဒီနေရာမှာဆို သေခြင်းတရားကို စောင့်ဆိုင်းဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတာကြောင့် ဝူရှဲ့ ခေါင်းညိတ် သဘောတူလိုက်သည်။ ဖက်တီးက သူ့ခါးပတ်ကို ချွတ်ပြီး ခြေထောက်မှာ ချည်ထားလိုက်ရင်း ဖန့်ကျစ်ကို ပြောလာ၏။
“ဒီခါးပတ်ကို ကိုင်ထား.... ရှေ့ကလမ်းကို ငါရှင်းမယ်”
စကားတစ်ခွန်းမှ မပြောဘဲ ဖက်တီးသည် အပေါက်ထဲသို့ ပထမဆုံး ဝင်သွားလိုက်သည်။ ထို့နောက် ဖန့်ကျစ်သည် ခါးပတ်ကို ဆွဲယူကာ အထဲသို့ ၀င်သွားသည်။ သူတို့နှစ်ယောက် အမှောင်ထဲ ပျောက်ကွယ်သွားတာကို လှမ်းကြည့်ရင်း ဝူရှဲ့ တံတွေးမျိုချလိုက်ပြီး “မိုးနတ်မင်းကြီး ကူညီမစပါ” လို့ အော်လိုက်ရင်း သူလည်း လိုက်ဝင်လာခဲ့တော့သည်။
ဖက်တီးက ရှေ့သို့ ဖြည်းညှင်းစွာ တွားသွား ဝင်သွားသည်။ သူ့ခန္ဓာကိုယ်နဲ့ ဖြတ်သန်းဖို့ ခက်ခဲတဲ့ နေရာတွေလည်း ရှိလေသည်။ သူသည် မဖြတ်သန်းမီတွင် ကံကောင်းစွာနှင့် တင်ပါးကို ကျုံ့သွားခဲ့ရသည်။ ဖန့်ကျစ်မှာ သူ့နောက်မှ လိုက်သူဖြစ်သောကြောင့် သူ့တင်ပါးနဲ့ တည့်တည့်ကြီး ဖြစ်နေ၏။
ဖန့်ကျစ်က ဆိုလေသည်။
“မင်းလုံးဝ အီး မပေါက်နဲ့နော်”
ရှေ့ကဖက်တီးမှာ ရင်တထိတ်ထိတ်နဲ့ သွားနေရတာကြောင့် ပြန်ဖြေဖို့ ခွန်အားမရှိတော့ပေ။ သူ့လို စကားများတဲ့ လူတစ်ယောက်ကတောင် စကားတစ်ခွန်းမှ ပြန်မပြောနိုင်တာကို မြင်လိုက်ရတော့ သူတကယ် ပင်ပန်းနေပြီဆိုတာ သိလိုက်ရ၏။
ဒီလိုနဲ့ သူတို့သုံးယောက် အင်းဆက်သုံးကောင်လို တစ်ယောက်ပြီး တစ်ယောက် လှုပ်ရှားရင်း ဝင်သွားကြရသည်။ ဘယ်လောက်ကြာကြာ တွားသွားလာမိမှန်း မသိပေမယ့် ရုတ်တရက် ဖက်တီးက တိုးတိုးလေး အော်လိုက်၏။
"အလင်းရောင် တွေ့တယ်!"
ရုတ်တရက် သူ့အရှိန်ကို အရှိန်မြှင့်လိုက်ရာ ဖန့်ကျစ်ရဲ့ ဒဏ်ရာက တင်းကျပ်သွားရာ သူက အံကြိတ်ပြီး ဖြည်းဖြည်း သွားဖို့ ဆို၏။ သို့သော် ဖက်တီးက အလွန်လျင်မြန်စွာ တက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ် ပုံသဏ္ဌာန်နဲ့တောင် ဒီလောက်အရှိန်နဲ့ အပေါက်ထဲက အံ့ဖွယ်ကောင်းလောက်အောင် ခုန်တော့မလို ဖြစ်နေသည်။
အလင်းရောင်က ပိုအားကောင်းလာတာကို မြင်လိုက်ရသည်။ သူတို့ ဘယ်လောက်တောင် ကံကောင်းလဲ။ ဒီအပေါက်သေးသေးလေးက မြေကြီးအပေါ်ဆီကို ဦးတည် သွားနေတာများလား။ နောက်ဆုံးတော့ ဖက်တီးက တွင်းထဲက ပထမဆုံး အပေါက်ထဲက ထွက်သွားရသူပဲ ဖြစ်လေသည်။ သူက ထွက်လာပြီးတာနဲ့ အော်ဟစ်လိုက်ပေ၏။
“ငါလူး...... ဒီနေရာက ဘယ်လို နေရာကြီးလဲ? ”