ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (14)
မျက်နှာသေ
ထိုအခိုက် သူတို့ကိုကြောက်ပြီး ထွက်ပြေးသွားခဲ့တဲ့ ကောင်လေးက ချောင်းဆိုးပြီး ပြောလာ၏။
"ရဲဘော်တို့ မင်းတို့ကို ဒုက္ခပေးမိသွားပြီ!! လောလောဆယ် ငါတို့တော့ ယမမင်းကို သွားတွေ့ရတော့မယ့်ပုံပဲ... ဖက်တီး ငါက ဘာမှ မကြောက်ဖူးပေမယ့် ဒီလိုမျိုး သေသွားဖို့တော့ မမျှော်လင့်ထားဘူးကွာ"
အနက်ရောင် ကြွက်ဝတ်စုံကို ၀တ်ထားတာကြောင့် အမှောင်ထဲမှာ သူ့ပုံသဏ္ဌာန်ကို မမြင်နိုင်ခဲ့ပေ။ အနီးကပ် ကြည့်လိုက်တော့မှ သူက တကယ်ကို ချောမောပေမယ့် အဆီတွေ ပိတ်နေတာကို တွေ့လိုက်ရတော့သည်။ ဒီလောက် အရမ်းဝတဲ့သူက သင်္ချိုင်းသူခိုး လုပ်နေတယ်တဲ့လား။
ဖန့်ကျစ် - "ဖက်တီးစုတ်.... မင်းဘယ်က ရောက်လာတာလဲ? ငါမင်းကို သေအောင် ရိုက်ပစ်ချင်နေပြီ"
ဝူရှဲ့က သူ့လက်ထဲက မီးတုတ် အခြေအနေ မဟန်တော့တာကို တွေ့လိုက်သော် ငိုတော့မယ့် အသံနဲ့ အော်ပြောလာခဲ့သည်။
"မင်းတို့ မြန်မြန် နည်းလမ်းစဉ်းစားကြပါ... မဟုတ်ရင် ဒီပိုးကောင်တွေ ငါတို့ကို စားသွားလိမ့်မယ်!"
ဖန့်ကျစ်က ဟိုဟိုဒီဒီကြည့်ကာ ဖက်တီးအား သေနတ်ကို ပေးပြီးနောက် မီးတုတ်ကို ဝူရှဲ့ထံ ပေးကာ ဆိုလာ၏။
"အစက ငါတို့အဝတ်ကို မီးရှို့လိုက်ရင် ခဏလောက် အချိန်ရှိနိုင်ပေမယ့် ဒီမီးတုတ်က သေးလွန်းတယ်....အခုတော့ အင်္ကျီမီးမလောင်ခင် ငါတို့သေနေခေါက်ပြီ.... ငါသုံးအထိ ရေမယ် ငါဒီပိုးကောင်တွေကို ဆွဲဆောင်ထားမယ်။ မင်းတို့က နံရံခြေရင်းကို ပြေးပြီး နံရံပေါ်က အပေါက်ထဲကို တက်ဖို့ ကိုယ်ပိုင်လှေခါးထစ်တစ်ခု လုပ်လိုက်.... ငါလှုပ်ရှားတာနဲ့ မင်းတို့ မြန်မြန် ပြေးတက်သွားတော့ ပြီးမှ ငါတက်လာမယ် အချိန်မဖြုန်းနဲ့!"
ဝူရှဲ့ မငြင်းဆန်မီ ဖန့်ကျစ်က အလောင်းစား ပိုးကောင်ပုံထဲသို့ ခုန်ဆင်းသွားပြီ။ ချက်ချင်းဆိုသလို အလောင်းစား ပိုးကောင်တွေက ဒီရေလို ပြေးတက်လာကာ သူတို့ရှေ့မှာ လမ်းတစ်လမ်း ဖြစ်သွားခဲ့သည်။ ဝူရှဲ့ အော်ဟစ်ပြီး ကယ်တင်ဖို့ ကြိုးစားပေမယ့် ဖက်တီးဆိုတဲ့လူက သူကို ဆွဲကိုင်လာပြီး
"တက်တော့!"
သူက ဝူရှဲ့ကို ခြေလှမ်းအနည်းငယ် ပြေးခိုင်းပြီး တွန်းတင်လိုက်ကာ အပေါ်ကို တက်သွားခိုင်းသည်။ ဝူရှဲ့လည်း လက်ကို ပြန်ဆန့်တန်းပြီး ထိုဖက်တီးကို ဆွဲတင်လိုက်၏။
အောက်ကို ငုံ့ကြည့်လိုက်တော့ ဖန့်ကျစ် အလောင်းစား ပိုးကောင်တွေနဲ့ ဖုံးလွှမ်းနေပြီး နာကျင်စွာနဲ့ မြေပြင်ပေါ်မှာ လူးလိမ့်နေရသည်။ ဝူရှဲ့ ငိုလုမတတ် ဖြစ်လာကာ ဖက်တီးက ထအော်လိုက်သည်။
"မြန်မြန်ထ.... ခြေလှမ်းနည်းနည်းပဲ လှမ်းလိုက်.... မြန်မြန်ထ!
သူထလာပေမယ့် သူ့ပါးစပ်ထဲမှာ အလောင်းစား အကောင်တွေက ရှိနေပြီလေ။ သူ မတ်တတ်ထဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မြေပြင်ပေါ်ကို ပြန်ပစ်ချခံနေရသည်။ ဒီပိုးကောင်တွေက ဒီလောက်ပြင်းထန်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့သည် အထက်မှ အော်ဟစ်ရင်း နာကျင်စွာ ခေါင်းခါနေရလေ၏။
နောက်ဆုံးတော့ သူ့မျက်နှာမှာ အလောင်းတွေနဲ့ ဖုံးလွှမ်းသွားတော့ လက်ကိုဆန့်ပြီး သေနတ်ပုံစံ အမူအရာ လုပ်ပြနေတာကို တွေ့လိုက်ရသည်။ သူ့လက်မှာ ဒဏ်ရာတွေ ရှိနေပြီ။ သူ့ကို အသေသတ်ပစ်စေချင်နေတာ သိသာပါ၏။
ဖက်တီးလည်း မကြည့်နိုင်တော့တာကြောင့် အံကိုကြိတ်ရင်း။
"ညီအစ်ကို.... အပြစ်ပြုမိပါပြီ..."
ဒီအချိန်မှာ အပေါ်ကနေ ရုတ်တရက် နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်ကတော့ အပေါ်ကနေ ခုန်ဆင်းလာတာကို သတိပြုမိလိုက်သည်။ အဲဒီလူက ပြုတ်ကျလာတာ မဟုတ်ဘဲ ခုန်ချတဲ့အတွက် သူက အရမ်းကို ဖြည်းဖြည်းချင်း ကျလာသော်လည်း ဆင်းသက်ရတဲ့ အလေးချိန်ကတော့ အရမ်း လေးလေ၏။
သူ လက်တစ်ဖက်ကို မြေကြီးပေါ် ရိုက်ချလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အလောင်းစား ပိုးကောင်တွေက ပထမတော့ အံ့အားသင့်သွားပြီး ရုတ်တရက် ဒီလူနဲ့ ဝေးဝေးနေဖို့ အသည်းအသန် ကြိုးစားရင်း အရူးတွေလို ပတ်ပြေးနေကြတော့သည်။
မတိုင်ခင်က ဒီပိုးကောင်ကြီးတွေဟာ ယခုအချိန်တွင် ဒီရေကဲ့သို့ နံရံရှိ ချိတ်အပေါက်ပေါင်းများစွာထဲသို့ နက်နဲစွာ ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။
ဝူရှဲ့ ခုန်ချလာသူကို ကြည့်လိုက်တော့ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျတော့မလို ဖြစ်လာ၏။ ဒါက မျက်နှာသေ မဟုတ်လား?
ထိုစဥ် ဖက်တီးက ထအော်လိုက်ပေသည်။
“အို ဘုရားရေ.... အဲဒီကောင် မသေသေးဘူးကွ”
ဖန့်ကျစ်ကို ကြည့်လိုက်တော့ ဝူရှဲ့ ရင်ထဲမှာ တစ်ဆို့သွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ အဝတ်တွေ စုတ်ပြဲနေပြီး သွေးတွေ အကုန်ထွက်နေတာကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ အပြင်းအထန် ရသွားပုံပင်။
မျက်နှာသေက မြေပြင်ပေါ်က ဖန့်ကျစ်ကို ဖမ်းဆုပ်ကာ သူ့ကို ကယ်တင်လိုက်သည်။ သူက ဖန့်ကျစ်ကိုသယ်ရင်း ဝူရှဲ့တို့ရှိရာ အပေါက်ဆီသို့ အလျင်အမြန် ပြေးလာ၏။ လူတစ်ဦးက ဖန့်ကျစ်ကို ဆွဲကိုင်ကာ အခြားတစ်ယောက်က မျက်နှာသေကို ဆွဲတင်လိုက်သည်။
ဒါဟာ တကယ့်ကို အပြောင်းအလဲ တစ်ခုပင်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေ တစ်ခုဖြစ်တဲ့ အသက်မဲ့သွားနိုင်တဲ့ အခြေအနေ တစ်ခုဟာ ရုတ်တရက် ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ဖန့်ကျစ်ရဲ့ ဒဏ်ရာကို အမြန် စစ်ဆေးချင်ပေမယ့် မျက်နှာသေက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလာ၏။
"မြန်မြန်သွား... သူ လိုက်လာပြီ"
သူ့စကားရဲ့ အဓိပ္ပာယ်ကို ဝူရှဲ့ နားမလည်ပေမယ့် ဖက်တီးက ထခုန်၍ ဖန့်ကျစ်ကို သူ့နောက်ကျောမှာ ထမ်းတင်ထားလိုက်သည်။ ဝူရှဲ့လည်း ဖန့်ကျစ်ရဲ့ မိုင်းတွင်းမီးအိမ်ကို ကောက်ကိုင်လိုက်ပြီး ရှေ့လမ်းကို ဖွင့်လျက် လေးယောက်သား ကျောက်တုံးလမ်းရဲ့ နက်နဲရာကို တိုက်ရိုက် ပြေးထွက်လာခဲ့သည်။
ဘယ်လောက်ကြာကြာ ပြေးနေရမှန်းကို မသိတော့ပေ။ သူတို့ ကွေးပတ်ခဲ့တဲ့ ဂူလမ်း အကွေ့အကောက်တွေကလည်း မနည်းလှချေ။ ရုတ်တရက် မျက်နှာသေက ဖက်တီးကို ဖမ်းကိုင်လိုက်ပြီး
"ကောင်းပြီ.... ဒီမှာရပ်လိုက်တော့ ကျောက်လမ်းရဲ့ ဖန်တီးထားပုံက ရှုပ်ထွေးတယ် သူ အချိန်တိုအတွင်း အမီလိုက်နိုင်မှာ မဟုတ်ဘူး"
သို့နှင့် ဝူရှဲ့တို့လည်း ရပ်တန့်လိုက်သည်။ ဝူရှဲ့ခမျာ သူ့ကိုယ်သူ ချွေးတွေ ထွက်နေပြီဆိုတာပဲ သိနေတာကြောင့် သူတို့ဘာတွေ ပြောနေကြတာလဲလို့ အမြန်မေးလိုက်သည်။ မျက်နှာသေက သက်ပြင်းချလိုက်ပြီး ပြန်မဖြေချေ။
ဖန့်ကျစ်ကို မြေပြင်ပေါ် ချလိုက်သည်။ အခုအချိန်မှာ အရေးကြီးဆုံးက ဖန့်ကျစ်ရဲ့ဒဏ်ရာ ဘယ်လိုလဲ ဆိုတာကို တစ်ချက်လောက် စစ်ဆေးကြည့်ဖို့ပင်။
ဖန့်ကျစ် ယခုတစ်ကြိမ်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူ့တစ်ကိုယ်လုံးနီးပါးက ဒဏ်ရာများကို ပတ်တီးများဖြင့် ပတ်ထားမည်ဆိုပါက ပတ်တီး အလုံအလောက်ရှိလျှင်ပင် သူသည် မံမီကြီးနှင့် တူသွားမှာ သေချာ၏။
ကြည့်လိုက်တော့ ကံကောင်း ထောက်မစွာနဲ့ ဒဏ်ရာအများစုဟာ နက်သွားတာမရှိပေမယ့် သူ့လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာ အနည်းငယ်ရှိကာ အသက်ဆုံးလုနီးပါး ဖြစ်နေပြီ။ ဒီပိုးကောင်တွေက လူတွေရဲ့ ပျော့ပျောင်းတဲ့ အစိတ်အပိုင်းတွေကို တိုက်ခိုက်ရာမှာ အလွန် အားကောင်းတယ်လို့ ထင်ရလေသည်။ ဝမ်းဗိုက်မှာ အပြင်းဆုံး အကိုက်ခံထားရ၏။
မျက်နှာသေသည် ဖန့်ကျစ်၏ ဝမ်းဗိုက်ကို လက်ဖြင့်ဖိကာ သူ့ခါးမှ ရှေးဟောင်း ရွှေနက်ဓားကိုထုတ်ကာ ပြောလာသည်။
"သူ့ကို ချုပ်ထားပေး!"
ဝူရှဲ့ ထိတ်လန့် တုန်လှုပ်သွားပြီး အမည်မသိတဲ့ ကြိုတင်သတိပေးချက် တစ်ခုကြောင့် အမြန် မေးလိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ?"
သားကောင်ကို ကြည့်နေတဲ့ သားသတ်သမား တစ်ယောက်လို ဖန့်ကျစ်ရဲ့ ဝမ်းဗိုက်ကို စိုက်ကြည့်နေ၏။ သူရဲ့လက်ချောင်း ရှည်တွေကို ဒဏ်ရာတဝိုက်မှာ ခြစ်ပြီး ပြောလာတာကတော့။
"သူ့ဗိုက်ထဲမှာ တစ်ကောင် ရှိတယ်"
"မဟုတ်လောက်ဘူးမလား?"
ဝူရှဲ့ သူ့ကို သံသယနဲ့ ကြည့်လိုက်တော့ ဖန့်ကျစ်ရဲ့ ခြေဖဝါးကို ကိုင်ထားပြီးပြီဖြစ်တဲ့ ဖက်တီးက ဆိုလေသည်။
"မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ငါတော့ သူ့ကို ပိုယုံတယ်"
ဝူရှဲ့မှာလည်း ဖန့်ကျစ်ရဲ့လက်ကို ကိုင်ထားဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ချေ။ မျက်နှာသေက ဓားနဲ့ ဖန့်ကျစ်ဗိုက်က ဒဏ်ရာကို ဖွင့်ကာ လျှပ်စီးကြောင်းလို သူ့လက်ချောင်းတွေကို ဇတ်ကနဲ ထိုးထည့်လိုက်သည်။
ထို့နောက် အလောင်းစား ပိုးကောင်ကို ဆွဲထုတ်လိုက်တော့သည်။ ဒီလှုပ်ရှားမှုတွေက အရမ်း မြန်ပေမယ့် ဖန့်ကျစ်က နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန် ဝူရှဲ့ပင် သူ့လက်တွေကို ဆုပ်ကိုင်ထားလို့ မရတော့အောင် ဖြစ်လာသည်။
"ဒီကောင်က အသက်ရှူကျပ်ပြီး သူ့ဗိုက်ထဲမှာ သေသွားပြီ"
မျက်နှာသေက အင်းဆက်ကောင်ရဲ့ အလောင်းကို လွှင့်ပစ်လိုက်ပြီး ဆက်ပြောလာ၏။
"ဒဏ်ရာက အရမ်းနက်တယ်.... ပိုးမသတ်ရင် အဆိပ်မိပြီး ဒုက္ခပေးနိုင်တယ်"
ထိုအခိုက်တွင် ဖက်တီးသည် သေနတ်ထဲက ကျည်ဆန်ကို ထုတ်ယူလိုက်ပြီး
"အမေရိကန် ပြည်သူတွေရဲ့ အတွေ့အကြုံကနေ ဘယ်လိုများ သင်ယူပြီး ဒီကျည်ဆန်ကို တကယ်လိုအပ်တဲ့ နေရာမှာ သုံးတတ်တာလဲ? ဒါမှမဟုတ် ငါတို့လည်း သင်လိုက်ရအောင်လေ.... ကျည်ဆံခေါင်းကို ဝက်အူဖြုတ်ပြီး ယမ်းမှုန့်နဲ့ မီးရှို့ပစ်လိုက်မယ် ဆိုရင်ရော?"
ထိုအချိန်တွင် ဖန့်ကျစ်မှ ဖက်တီးရဲ့ ခြေထောက်ကို ဖမ်းကိုင်လိုက်သည်။ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာကြောင့် သွားများကို အံကြိတ်ရင်း
“ငါ သေနတ်ဒဏ်ရာ ရနေတာ မဟုတ်ဘူး! မင်းက ငါ့အူတွေကို မီးလောင်စေချင်တာလား?”
ပြောပြီးနောက် သူ့ဘောင်းဘီ အိတ်ကပ်ထဲက ပတ်တီးထုပ်ကို ထုတ်ယူလိုက်လေသည်။ သူ့ခေါင်းမှာ ဒဏ်ရာက သွေးတွေ ထွက်ကျနေသေးသည်။
"ကံကောင်းလို့ပေါ့ ငါ့အတွက် ပတ်တီးအရင် စည်းပေး.... တင်းနေအောင် ချည်ထားလိုက် ဒီဒဏ်ရာက ဘာမှမဖြစ်ဘူး!"
ထိုအခါ ဖက်တီးက
"ဒီခေတ်မှာ ပုဂ္ဂိုလ်ရေးအရ သူရဲကောင်းဆိုတာ ခေတ်မမီပါဘူး.... ရဲဘော် မင်းရဲ့ အူတွေကို ငါမြင်ပြီးပြီ ဒါကြောင့် မငြင်းပါနဲ့"
ပြောပြီး လှုပ်ရှားတော့မယ့် အချိန်မှာ ဝူရှဲ့နဲ့ မျက်နှာသေက သူ့ကို ဝင်တားလိုက်သည်။
"မရှုပ်နဲ့.... ကျည်ဆန်ယမ်းမှုန့်က သူ့အတွင်းအင်္ဂါတွေကို လောင်ကျွမ်းသွားစေလိမ့်မယ်.... အရင်ဆုံး ပတ်တီး စည်းထားလိုက်တာပဲ ပိုကောင်းတယ်"
ဖန့်ကျစ် ဒဏ်ရာကို အမြန် ကူစည်းပေးဖို့ အဝတ်စတချို့ကို ဆုတ်ဖြဲပြီး အထပ်ထပ် ထုပ်ထားသလိုမျိုး စည်းပေးလိုက်သည်။ ဖန့်ကျစ်မှာတော့ နာကျင်မှုကြောင့် မူးမေ့လဲလုနီးပါး ဖြစ်နေပြီ။ သူ့ကိုကြည့်လိုက်တော့ နံရံကိုမှီပြီး ရင်တထိတ်ထိတ်နဲ့ မလှုပ်နိုင်တော့ပေ။
ဝူရှဲ့လည်း စိတ်မကောင်း ဖြစ်သွား၏။ သူသာ မီးအိမ်ကို ပြုတ်ကျမသွားခဲ့ရင် ဖန့်ကျစ်လည်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။
အဲဒီအချိန်မှာ ဝူရှဲ့ တစ်ခုခုကို သတိရသွားပြီး ဖက်တီးအား မေးလိုက်သည်။
"ဟုတ်သားပဲ.... မင်းက ဘယ်သူလဲ?"
ဖက်တီး စကားပြောခါနီးတွင် မျက်နှာသေက တိတ်တိတ်နေရန် အမူအရာ လုပ်ပြလာ၏။ ဝူရှဲ့ သေချာ နားစွင့် ကြည့်လိုက်တော့ တစ်ဖက်မှ ကျယ်လောင်စွာ အော်ဟစ်သံကို ချက်ချင်းပဲ ကြားလိုက်ရသည်။