Volume 1 (1)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


chapter (1)

အလောင်းကောင်


လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့် ချောင်ရှားမြို့ ဖျောက်ဇစ်တောင်တန်း၌။


လူလေးယောက်သည် တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်လျက်နေကြပြီး ၎င်းတို့အားလုံး မြေပြင်ပေါ်ရှိ ​​လော့ရန်ဂေါ်ပြားကို စိုက်ကြည့်နေကြသည်။


ဂေါ်ပြားတွင် မြေပြင်မှ ထုတ်ယူပြီးသော မြေဆီလွှာများ ပါ၀င်နေသော်ငြား ထူးဆန်းသည့် အချက်မှာ မြေဆီလွှာသည် သွေးရည်များ စိမ့်ဝင်နေသကဲ့သို့ နီရဲတောက်တောက် အရည်များ အဆက်မပြတ် ယိုစိမ့်နေ၏။


"အခု ငါတို့ အကြီးအကျယ် ဒုက္ခရောက်တော့မယ်"


အဘိုးကြီး တစ်ယောက်က သူ့​ဆေးလိပ် ဆေးတံထဲက ပြာများကို မြေပြင်ပေါ် အသာခေါက်ချရင်း ဆိုလိုက်သည်။


"ဒီဂူသင်္ချိုင်းထဲမှာ အလောင်းကောင်တွေ ရှိတယ်... ငါတို့နည်းနည်းလေး သတိမထားမိတာနဲ့ တစ်ခါတည်း မြှုပ်ပြီးသား ဖြစ်သွားလိမ့်မယ်"


"ဆင်းရမှာလား မဆင်းရဘူးလား... တစ်ခွန်းပဲပြော! အဲ့လောက် ရှည်ရှည်ဝေးဝေး ပြောမနေစမ်းပါနဲ့"


မျက်လုံး တစ်ဖက်တည်း ရှိတဲ့ လူငယ်ကလည်း ပြန်ပြောလိုက်သည်။


"အဘိုး ဒီခြေထောက်နဲ့ ခြေဖဝါးတွေ အဆင်မပြေဘူးလို့ ပြောတယ်နော်... ဒါဆိုလည်း မဆင်းနဲ့.... ကျွန်​တော့်ညီနဲ့ ကျွန်တော် ဆင်းလိုက်မယ်... အဲဒါကြီးက ဘာကြီးပဲ ဖြစ်နေပါစေ ဘယ်သူက ဂရုစိုက်မှာလဲ? တစ်ခါတည်း ကျည်စာကျွေးပစ်မယ်!"


ဆေးလိပ်ဆေးတံနဲ့ အဘိုးကြီးက ဒေါသထွက်နေမယ့်အစား ပြုံးပြီး သူ့ဘေးနားက မုတ်ဆိတ်မွေးနဲ့ လူကို လှည့်ပြောလိုက်သည်။


"မင်းတို့အိမ်က ယောက်ျားလေး နှစ်ယောက်က အဖုံးလှန် နိုင်လောက်အောင် စကားလုံးတွေ ကြီးနေကြတာပဲ... မင်း သူတို့ကို ပိုပညာပေးရမယ် ငါတို့လုပ်ငန်းက သေနတ်သုံးပြီး ဖြေရှင်းရုံနဲ့ ပြီးသွားတာ မဟုတ်ဘူး...."


မုတ်ဆိတ်မွေး ယောက်ျားက လူငယ်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း 


"ကောင်စုတ်လေး... အဘိုးနဲ့ ဘာလို့ ဒီလို စကားတွေ ပြောနေတာလဲ? အဘိုး ဂူသင်္ချိုင်းတွေ တူးနေတဲ့အချိန်မှာ မင်းက မင်းအမေရဲ့ ဝမ်းထဲမှာပဲ ရှိနေသေးတယ်"


"ကျွန်တော် ကျွန်တော်ပြောတာ မှားသွားပါတယ်....ဒါပေမဲ့ အဘိုးပဲ ပြောတယ်လေ အဲဒီသွေးစွန်းနေတဲ့ အလောင်းကောင်က ပစ္စည်းကောင်း တစ်ခုပဲ.... အဲဒီမှာ ရတနာတွေ အများကြီး ရှိရမယ်ဆို... အောက်မဆင်းရင် အများကြီး ဆုံးရှုံးသွားမှာပေါ့"


"မင်းက ပြန်ပြောရဲသေးတယ်ပေါ့!" 


မုတ်ဆိတ်မွေးနဲ့ ယောက်ျားက လူငယ်ကိုရိုက်ဖို့ လက်ကို မြှောက်လိုက်ပေမယ့် အဘိုးကြီးက သူ့ဆေးလိပ်တံနဲ့ တားထားလိုက်သည်။


"မင်းကမှ တကယ့်အဖေပါ....ရိုက်မယ် ဆိုတာနဲ့ ရိုက်တော့တာပဲ... ဒါဘယ်နေရာကို ရောက်နေလဲ အရင်ကြည့်ဦး... မင်းငယ်ငယ်တုန်းကရော ဒီလို မဟုတ်လို့လား? အဲဒါ ရှေ့နွားက ဖြောင့်ဖြောင့်မသွားလို့ နောက်ကနွား ကောက်ကောက် လိုက်တယ်လို့ ခေါ်တယ်ကွ!"


ဖခင်ဖြစ်သူ ဆူပူကြိမ်းမောင်း ခံနေရတာကို မြင်တော့ မျက်လုံး တစ်ဖက်တည်းရှိတဲ့ လူငယ်က ခေါင်းငုံ့ပြီး ရယ်မောနေ၏။ အဘိုးကြီးက ချောင်းဆိုးပြီး မျက်လုံးတစ်ဖက်တည်းနဲ့ လူငယ်ကို ခေါင်းကို ရိုက်လိုက်တော့သည်။ 


"မင်းက ရယ်နေသေးတယ်ပေါ့... မင်း သွေးစွန်းနေတဲ့ အလောင်း​ကောင်ကို တွေ့ရင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဒုက္ခလှလှတွေ့ပြီပဲ... မင်းရဲ့ဒုတိယအဘိုး လော့ရန်မှာ အဲဒီဥစ္စာကို တွေ့ပြီး အခုထိ ရူး​နေတုန်းပဲ.... မင်းပါးစပ်မှာဖြင့် အမွေးတောင် မစုံသေးဘူး... ဒါတောင် ကြမ်းကြမ်းတမ်းတမ်း လုပ်ချင်နေ​သေးတယ်... ​​မင်းမှာ ဦးနှောက်တွေ အရမ်းများနေတယ် ထင်လား?"


"ဒါဆို အဲဒါကြီးကိုက ယူရမှာလား မယူရဘူးလား?" 


မျက်လုံး တစ်ဖက်တည်းရှိတဲ့ လူငယ်က စိတ်မရှည်စွာ ခေါင်းကုတ်လိုက်သည်။


အဘိုးကြီးက ဆေးလိပ်ငွေ့ အနည်းငယ်ကို မှုတ်ထုတ်ရင်း ကောင်းကင်ကို ကြည့်ကာ သူ့စိတ်ထဲရှိပုံပေါ်ပြီး မုတ်ဆိတ်မွေးနဲ့ လူကို လှည့်ပြောလိုက်သည်။


"ယူတာကတော့ ယူရမယ်... ခဏစောင့် ငါအရင်ဆင်းမယ်.... မင်းငါ့နောက်ကို လိုက်ခဲ့ ဒုတိယမြေးက ဂေါ်ပြားကိုယူပြီး နောက်ကလိုက်... တတိယမြေးကတော့ လိုက်မဆင်းနဲ့တော့.. ငါတို့ လေးယောက်စလုံး ဝင်သွားရင် နောက်ဆုတ်ချင်တဲ့အခါ အချိန်မမှီလိုက်ဘဲ နေမယ်... ဒါကြောင့် တတိယမြေးက ကြိုးရဲ့အမြီးကို ဆွဲထား ငါတို့မင်းကို အမိန့်ပေးတာနဲ့ ပစ္စည်းကို ချက်ချင်း ဆွဲတင်လိုက်တော့"


ထိုအခါ အငယ်ဆုံး ကလေးက 


"ကျွန်တော် သဘောမတူဘူး... အဘိုး မျက်နှာလိုက်တယ်... ကျွန်တော် ​အမေနဲ့ သွားတိုင်ပြောပစ်မယ်!"


အဘိုးကြီးက တဟားဟား အော်ရယ်လိုက်ရင်း


"တတိယမြေးလေး... ဒုက္ခ မရှာစမ်းပါနဲ့ နောက်မှ မင်းကို ရွှေဓားတစ်ချောင်း ပေးမယ်"


"မလိုချင်ဘူး... ကျွန်တော် ကိုယ်တိုင် ဆင်းယူချင်တာ"


ရုတ်တရက် မျက်လုံးတစ်ဖက်တည်း ရှိသော ဒုတိယမြေး ဖြစ်သူက တတိယကလေးရဲ့ နားရွက်ကို ဖမ်းဆွဲလိုက်ကာ 


"ကောင်စုတ်လေး မင်းက ငါ့ကို ပြဿနာ ရှာချင်နေတာလား ဟင်? မင်းဘာလို့ ပြောစကား နားမထောင်တာလဲ??"


အငယ်ဆုံး သားလေးသည် နေ့စဥ်နေ့တိုင်း ရိုက်နှက်မှုများစွာကို ခံခဲ့ရပုံ ပေါ်​လေသည်။ ၎င်း၏ ဒုတိယအစ်ကို ဖြစ်သူမှာ ဒေါသအရမ်း ထွက်နေတာကို တွေ့ရသဖြင့် ကြောက်ရွံ့ ထိတ်လန့်ကာ စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ဖခင်ကို တိုက်ရိုက်ကြည့်ကာ အကူအညီ တောင်းချင်သော်လည်း ဖခင်ဖြစ်သူက မထင်မှတ်ဘဲ ပစ္စည်းတွေ ယူဆောင်ကာ ထွက်သွားခဲ့ပြီ။


သို့နှင့် သူ့ဒုတိယအစ်ကိုက 


"မင်းဘာလို့ ပြဿနာ ရှာနေတာလဲ? အဘိုးလည်း မင်းကို ဒီတစ်ခါ မကူညီနိုင်တော့ဘူး... မင်းထပ်အော်ရင် ငါ မင်းဖင်ကို ရိုက်ပစ်လိုက်မယ်!"


တတိယကလေးက လန့်​ဖြတ်ပြီး သူ့တင်ပါးကို အမြန်ဖုံးကာ ထွက်ပြေးသွားတော့သည်။


ထိုအချိန်တွင် မုတ်ဆိတ်မွေးနဲ့ ယောက်ျားက


"ဘာလို့ စကားတွေ အရမ်းပြောနေတာလဲ? ကောင်စုတ်လေး သွားမယ်!" 


ပြောပြီးနောက် ဂေါ်ပြားက ကောက်ယူကာ ထွက်သွားလေသည်။


နာရီဝက်လောက် ကြာတော့ အောက်ခြေက အပေါက်ကို ဖောက်ပြီး ရံဖန်ရံခါ လေထဲကို ထွက်လာတဲ့ ဒုတိယအစ်ကိုရဲ့ အသံကလွဲလို့ ဂူထဲမှာ ဘာအသံမှ ရှင်းရှင်းလင်းလင်း မကြားရတော့ချေ။ တတိယမြေး ဖြစ်သူက စိတ်မရှည်တော့ အပေါက်ထဲကို ငုံ့ကြည့်ရင်း လှမ်းအော်လိုက်သည်။ 


"အဘိုး.... အဘိုးတို့ တူးထုတ်လာပြီလား?"


စက္ကန့်အတော် ကြာပြီးနောက် အတွင်းမှ မရေရာသောအသံတစ်ခု ထွက်ပေါ်လာသည်။


"မသိဘူး မင်းက...အဲဒီမှာနေပြီးတော့ ကြိုးကိုဆွဲ...."


အဲဒါက သူ့ဒုတိယ အစ်ကိုရဲ့ အသံပဲ။ ပြီးတော့ အဘိုးကြီးရဲ့ ချောင်းဆိုးသံကိုလည်း ကြားလိုက်ရသေးတယ်။


"ငြိမ်ငြိမ်နေ.... နားထောင်ကြည့် လှုပ်ရှားနေတာ တစ်ခုခုရှိတယ်!"


ထို့နောက် တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားရာ တတိယကလေးက ထိုနေရာ၌ တစ်ခုခု ဖြစ်​နေတယကို သိသဖြင့် စကားမပြောနိုင် လောက်အောင် ထိတ်လန့်သွားသည်။ ရုတ်တရက်ပင် လယ်ကွင်းထဲက ဖားတစ်ကောင်လို ​အော်မြည်သံကြီးကို ဂူထဲမှ ကြောက်စရာ ကောင်းလောက်အောင် ကြားလိုက်ရသည်။


ထို့နောက် သူ၏ဒုတိယအစ်ကိုက 


"တတိယညီလေး ဆွဲထုတ်လိုက်တော့!"


ပျင်းပျင်းရိရိ မနေဝံ့ဘဲ ကြိုးအမြီးကို ဆွဲကိုင်ကာ ဆွဲထုတ်လိုက်ပြီးနောက် ကြိုးသည် ရုတ်တရက် တင်းကျပ်လာ၏။ အောက်ဘက်တွင် တစ်စုံတစ်ရာ ကိုက်နေပုံရပြီး ကြိုးကို တွန်းထုတ်သည့် တုံ့ပြန်မှု စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ 


ဆွဲထုတ်လိုက်တဲ့အခါ တတိယကလေးက ဒီလိုထပ်ဖြစ်မယ်လို့ မထင်ထားလေရာ တွင်းထဲကို ဆွဲချခံလုနီးပါး ဖြစ်သွား၏။ ကြိုးကို သူ့ခါးမှာ အမြန်ချည်ပြီး နောက်ပြန်လဲကျသွားခဲ့သည်။ သူ့ပုံစံက ၃၀ ဒီဂရီ ထောင့်ချိုးပုံစံ ဖြစ်သွားသည်။ 


ဒါက ရွာက တခြားကောင်လေးတွေနဲ့ လွန်ဆွဲတမ်း ကစားတုန်းက သူသုံးခဲ့တဲ့ လှည့်ကွက်လိုပဲ။ ဒီလိုနည်းနဲ့ သူ့အလေးချိန် အားလုံးကို ကြိုးပေါ်မှာ ထားခဲ့လေသည်။ 


သေချာတာကတော့ ဒီနည်းနဲ့ ဂူထဲမှာ သော့ခတ်ထားသလို နှစ်ဖက်စလုံးက ရုန်းကန်ပေမယ့် ဆွဲမထုတ်နိုင်ဘဲ ဆယ်စက္ကန့်ကျော် ကြာတော့ လှိုဏ်ဂူထဲမှာ သေနတ်သံတွေ ကြားလိုက်ရသည်။ ပြီးတော့ အဖေဆီက အသံကိုလည်း ကြားလိုကိရ၏။


"၃လေး.... ပြေးတော့!"


အော်သံကို ကြားတော့ ကြိုးက လွတ်သွားပြီး ကြိုးက တစ်ခုခုကို ဆွဲထုတ်လာသလိုမျိုး တွင်းထဲက ထွက်လာ၏။ အဲဒီအချိန်မှာ တတိယကလေးကလည်း သိပ်ဂရုမစိုက်တော့ဘဲ အမှိုက်တွေကြား ဝရုန်းသုန်းကား ထွက်ပြေးသွားတော့သည်။


မရပ်ခင် မိနစ်၂၀ ကျော်လောက် ထွက်ပြေး​နေပြီး သူပွေ့ချီထားတဲ့ ကြိုးကို ငုံ့ကြည့်လိုက်တော့ ကြောက်လန့်တကြား ထအော်လိုက်မိသည်။ ကြိုးမှာ ဘာပစ္စည်းမှချိတ်ပြီး ပါမလာခဲ့။ ၎င်းမှာ လက်တစ်ဖက်သာ ဖြစ်သည်။ 


ထိုလက်ကို သူ မှတ်မိသည်။ ၎င်းသည် သူ၏ ဒုတိယအစ်ကို ဖြစ်ကြောင်း ထင်ရှား​ပေသည်။ သူ့ဒုတိယအစ်ကိုမှာ မသေရင်တောင် မသန်မစွမ်း ဖြစ်သွားချေပြီ။


တတိယမြေးမှာ ဒုတိယအစ်ကိုဆီက အနိုင်ကျင့် ခံခဲ့ရပေမယ့် ညီအစ်ကိုတွေကြားက ဆက်ဆံရေးက အရမ်းနက်ရှိုင်းခဲ့ပါသည်။ ဒီတစ်ခါတော့ ကြီးကြီးမားမား ဖြစ်သွားနိုင်တယ်လို့ တွေးလိုက်တဲ့အခါ သူ့စိတ်တွေ ပူလာပြီး ဒုတိယအစ်ကိုကို ကယ်တင်ဖို့ သူ့အသက်ကို စွန့်ချင်လာပါတော့သည်။ 


သူလှည့်ကြည့်လိုက်တော့ သူ့နောက်က ကျူရိုးတွေ​ကြားမှာ ထိုင်နေတဲ့ သွေးတွေနဲ့ နီရဲနေတဲ့ အရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရလေ၏။


ဒီတတိယမြောက် ကလေးဟာ သာမန် ကောင်လေးတော့ မဟုတ်ချေ။ သူဟာ သူ့အဖေနဲ့အတူ ဂူသင်္ချိုင်းများစွာထဲ လိုက်ဖူးပြီး ထူးထူးဆန်းဆန်းတွေ အများကြီး တွေ့ခဲ့ဖူးသည်။ မြေကြီးအောက်မှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း သူသိသည်။ 


အရေးကြီးဆုံးက ဟန်မဆောင်ဖို့ဘဲ။ အပြောင်းအလဲနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမယ်။ အဲဒါကဘာလဲ? မှောင်မိုက်ပြီး ရက်စက်လွန်းတဲ့ အတွက် ကျည်ဆံတွေ ကျိုးသွားတယ် ဆိုရင်တော့ ကြောက်စရာ မရှိဘူး။


သူ ငြိမ်သက်သွားကာ နောက်မဆုတ်ဘဲ လက်ထဲတွင် ရှိပြီးသား သေတ္တာကို လှမ်းကိုင်ကာ ထိုအရာဆီသို့ လှမ်းမျှော်လိုက်သည်။ သွေးနီရဲသော အရာသည် လှုပ်ရှားနေသရွေ့ သူ့ကို မိုးသက်မုန်တိုင်းလို ခံစားချက်မျိုး ပေးစွမ်းနိုင်လေသည်။


သွေးနီရဲနေတဲ့ အကောင်ဟာ မြက်ခင်းပြင်မှာ ငုတ်တုတ်ထိုင်နေပြီး မလှုပ်မယှက်ပင်။ တတိယကလေးက ခြေလှမ်း သုံးလှမ်းလောက် လှမ်းပြီး အနီးကပ် ကြည့်လိုက်တော့ ဦးရေပြား တစ်ခုလုံး ထုံထိုင်းလာပြီး ဗိုက်ကလည်း တဆက်ဆက် တုန်လာခဲ့၏။


ဒါက အရေခွံ ချွတ်ထားတဲ့ဘလူဆိုတာ ထင်ရှားပါသည်။ ခန္ဓာကိုယ်သည် လူ့အရေပြားမှ ညှစ်ထုတ်ခံရသကဲ့သို့ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ဤအရာသည် သွေးစွန်းနေတဲ့ အလောင်းကောင်များ ဖြစ်မလား။


သူ့အောက်နှုတ်ခမ်းကို ကိုက်ပြီး ဓားရှည်ကို ခါးမှဆွဲထုတ်လိုက်သည်။ သူသည် ထိုအကောင်ကြွးကို ဓားဖြင့် ထိုး​ကြည့်ချင်နေသည်​။ သူ မထနိုင်ခင်တွင် အလောင်းကောင်က ရုတ်တရက် သူ့ဆီသို့ ကိုင်းလာ​တော့သည်။ သူ့မျက်လုံးတွေက ရှောင်တိမ်းပေမယ့် ရှောင်ဖို့က အရမ်းနောက်ကျနေပြီလေ။ 


ခြေချော်ကျပြီး နောက်ပြန် လဲကျသွားသည်။ တစ်ချိန်တည်းမှာပဲ သေတ္တာထဲက ကျည်ဆံတစ်တောင့်ဖြင့် အလောင်းကောင်ရဲ့ ရင်ဘတ်ကို ပစ်ခတ်လိုက်ရာ ရုတ်တရက် ပစ်ခတ်မှုကြောင့် သွေးများသည် နေရာအနှံ့ ဖျန်းခနဲ ထွက်ကျလာကာ အလောင်းကောင်က ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ကာ မြက်ခင်းပြင်ပေါ်သို့ လဲကျသွားသည်။


တတိယကလေးကလည်း အရှိန်နဲ့ လှိမ့်လာပြီး ချက်ချင်း ခုန်တက်လိုက်သည်။ သူ့လက်ကို လှည့်၍ မောင်တံ ခလုတ်ကို ဆွဲလိုက်တဲ့အခါ မထင်မှတ်လဲ ကလစ်ဆိုတဲ့ အသံတစ်ချက် ကြားလိုက်ရပြီး သေနတ်က ကပ်နေခဲ့သည်။


ဒီ​သေနတ်ဟောင်းကြီးကို စစ်ဘုရင်တစ်ယောက်ရဲ့ သင်္ချိုင်းတွင်းကနေ သူ့ရဲ့ ဒုတိယအဘိုးက တူးဖော်ရရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကံမကောင်းစွာဖြင့် သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူ့အဖေနှင့် ခရီးသွားနေခဲ့လို့ ထိန်းသိမ်းရန် အချိန်မရှိခဲ့ချေ။


သာမာန် အချိန်တွေမှာ သေနတ်ပစ်ဖို့အခွင့်အရေး မရှိသလောက် ရှားပါခဲ့သည်။ အရေးကြုံလာမှ သေနတ်က ပစ်မရ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။


တတိယကလေးက သွေးနီရဲရဲ အကောင်ကြီး လှည့်လာတာကို မြင်တော့ စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ အခုတော့ တိုက်ရဲတဲ့ သတ္တိတွေ မရှိတော့ပေ။ ထိုအကောင်ကြီးအား သေနတ်နဲ့ ပစ်ပေါက်ကာ လှည့်ပြေးရတော့သည်။ 


ဒီတစ်ခါတော့ သူ နောက်ပြန် လှည့်မကြည့် ဝံ့တော့ဘဲ သူ့ရှေ့က သစ်ပင်ကြီးတစ်ပင်ကို တွေ့ပြီး အဲဒီဘက်ကို ပြေးသွားလိုက်သည်။ အဲ့အကောင်ကြီး ဘယ်လိုမှ သစ်ပင်ပေါ် မတက်နိုင်ဘူးလို့ တွေးပြီး သစ်ပင်ပေါ်မှာ တက်ပုန်းနေဖို့ ကြံလိုက်သည်။


သူတွေးနေရင်း ရုတ်တရက် ခလုတ်တိုက်မိကာ ခွေးတစ်ကောင်လို ခုန်ထွက်သွားပြီး သစ်ပင်ငုတ်တိုပေါ် မျက်နှာနဲ့ ရိုက်မိသွားတာကြောင့် နှာခေါင်းနှင့် ပါးစပ်တို့သည် ချက်ချင်းပင် သွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။


တတိယမြေးသည် ရုတ်တရက် မူးဝေသွားသည့်ပြီး အံကြိတ်ကာ မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း သူ့လက်တစ်ပြင်လုံးတွင် မည်သည့်ခွန်အားကိုမျှ အသုံးမပြုနိုင်တာကို တွေ့လိုက်ရသည်။ 


သူ့နောက်ကို လှည့်ကြည့်လိုက်တော့ အလောင်းကောင်က ခြေလှမ်း အနည်းငယ်အကွာကို ရောက်နေပြီဆိုတာ တွေ့လိုက်ရ၏။


ရုတ်တရက် ငရဲမင်းက သူ့နာမည်ကို ခေါ်နေသံကိုပင် ကြားလိုက်ရသည်။


တတိယမြောက်သားသည် ဥာဏ်ရည် ထက်မြက်သူလည်း ဖြစ်သည်။ သေဆုံးချိန် နီးလာ​တာကို မြင်သောအခါ မကြောက်တော့ဘဲ ခါးသက်သက်ပြုံးကာ မြေကြီးပေါ် လှဲချလျင် သေခြင်းကို စောင့်မျှော်နေလေသည်။ 


တခဏချင်းမှာပဲ ထိုမိစ္ဆာကောင်က သူ့နောက်ကျောကို တက်နင်းမိသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောမှ ထူးဆန်းသော ယားယံမှုတစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်လုံးများသည်လည်း ချက်ချင်းပင် မှိန်ဖျော့သွားခဲ့သည်။


အဆိပ်မိသွားတာ ဖြစ်နိုင်ပြီး အဆိပ်က အရမ်းပြင်းတာကို သူသဘောပေါက်လိုက်သည်။ မလှမ်းမကမ်းက နေရာတွင် လက်မောင်း ဖြတ်သွားခဲ့သော ဒုတိယအစ်ကို၏ လက်တစ်ဖက် ပြုတ်ကျခဲ့တာကို မြင်လိုက်ရပြီး သူ့လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ထားပုံရ​လေသည်။


အနီးကပ် ကြည့်လိုက်တော့ ပိုးသားလက်ကိုင် ပုဝါလေးတစ်ထည် ဖြစ်နေ၏။ တတိယမြောက်သားက သူခိုးယူဖို့ ကြိုးစား​နေတဲ့ ဒီအရာဟာ သာမန်အရာ မဟုတ်ဘူး ဆိုတာ မသိခဲ့ပေ။ သူတကယ် သေသွားလို့ သူ့အလောင်းကို တွေ့ကြတဲ့အခါ ဒါကိုပါ တွေ့ကြလိမ်မည်။


အဘိုးသေတာ အချည်းနှီး မဟုတ်သလို သူသေတာကလည်း အချည်းနှီးတော့ မဟုတ်တော့ပေ။ တွေးကြည့်လိုက်ရင်း ကျိုးနေတဲ့ လက်ထဲက ပိုးသားလက်ကိုင်ပုဝါကို ခက်ခက်ခဲခဲ ထုတ်ယူပြီး သူ့အိတ်ကပ်ထဲကို ထည့်လိုက်သည်။


ထိုအချိန်တွင် သူ့နားရွက်များ တုန်ခါလာသည်။ သူ့မျက်လုံးများကို ဖုံးအုပ်ထားတဲ့ လက်ခြေများ အေးစက်လာသည်။ သူ့အတိတ်က အတွေ့အကြုံအရ ယခု သူ့ခြေဖဝါးတွင် ဆီးနှင့် မစင်များစွာ ရှိနေမည် ဖြစ်သည်။


“အလောင်းကောင် အဆိပ်မိတဲ့ လူတွေက သေဆုံးတဲ့အခါ ရုပ်ဆိုး​ကြတယ်... ဘေးအိမ်က ကောင်မလေး မတွေ့ပါစေနဲ့လို့ မျှော်လင့်တယ်”


အဓိပ္ပာယ်မဲ့စွာ တွေးကာ သူ့စိတ်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့သည်။ လှိုဏ်ဂူထဲက တိုးတိုးတိတ်တိတ် အသံတစ်သံကို ကြားလာရ၏။


တတိယကလေးလည်စ တစ်ခုခု မှားနေတယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရပေသည်။ ဒီအသံက ဂူထဲမှာ အခုနက ကြားရတဲ့အသံနဲ့ ဘာကြောင့် ကွာခြားသွားတာလဲ? ကံမကောင်းစွာပဲ ဒီအချိန်မှာတော့ သူလုံးဝ မစဉ်းစားနိုင်ခဲ့ပါဘူး။ 


သူခေါင်းကိုမော့ပြီး တစ်ချက် ကြည့်ကြည့်ချင်လာတယ်။ ဒါပေမဲ့ ဧရာမ အလောင်ကောင်ကြီး တစ်ကောင်ကိုသာ မြင်လိုက်ရပြီး အသက်မဲ့သော မျက်လုံးကြီး ၂လုံးက သူ့မျက်နှာကို ငုံ့ကြည့်နေတာကို သွေးပြတ်ဖွယ် တွေ့လိုက်ရပေသည်။