(10)
Viewers 5k

Chapter (10)

အရာခပ်သိမ်းရဲ့ သက်တမ်းတိုးခြင်း



လီကျင်လုံက ပြန်မဖြေဘဲ မီးအိမ်အောက်၌ သူ့အလုပ်သူ လုပ်​နေတာကြောင့် ဟုန်ကျွင့်လည်း တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်လေသည်။ 


"ထွက်သွား!!" လီကျင်လုံက ဇတ်ကနဲ လှည့်အော်သည်။ 


"ခေါင်းဆောင်ရဲ့ အိပ်ခန်းတံခါးကို လက်လွှတ်စပယ် ဖွင့်ဝင်လာဖို့ မင်းကို ဘယ်သူက သင်ပေးတာလဲ"


ဟုန်ကျွင့်ခမျာ သူ့ခေါင်းကို ကုတ်လိုက်ပြီး အခန်းအပြင်ကို တွန်းထုတ်ခံရဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ငါးကြင်းနတ်ဆိုးက ဟုန်ကျွင့်ရဲ့ခြေရင်းမှာ ရပ်နေပြီး သူ့ခေါင်းကို တံခါးခြေနင်းခုံပေါ်တင်ပြီး အတွင်းထဲကို ချောင်းကြည့်နေလိုက်သည်။ 


လီကျင်လုံသည် ကုတင်ပေါ်၌ တည့်တည့်မတ်မတ် ထိုင်လျက် ဟုန်ကျွင့်ကို စိုက်ကြည့်​နေသည်။


"ငါ မင်းကို ဒုက္ခရောက်စေခဲ့တာလား... ပြဿနာက တော်တော်ကြီးသွားလား?"


ဟုန်ကျွင့် မေးပြီးနောက် လီကျင်လုံက အသက်ပြင်းပြင်း ရှူနေရာ ဒေါသ ထွက်တော့မယ်လို့ ထင်လိုက်တာကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။


"မင်းအသက် ဘယ်လောက်ရှိပြီလဲ" 


လီကျင်လုံ ဟုန်ကျွင့်ကို ကြည့်ပြီး မေးလိုက်သည်။ ဟုန်ကျွင့်လည်း သူ့အသက်အရွယ်ကို အစီရင်ခံလိုက်သည်။ 


"မင်းရဲ့နတ်ဆိုးကိုပဲ ဂရုစိုက်... မင်း ခိုးထွက်ပြီး လူတွေကို ကြောက်အောင် လုပ်မိရင် နှစ်ယောက်စလုံး အိမ်ပြန်လိုက်တော့... နောက်တစ်ခါ ထပ်မလာနဲ့"


ငါးကြင်းနတ်ဆိုးက ငြီးငွေ့လာတာကြောင့် မျက်ဖြူ လှန်ပြလိုက်သော်လည်း ဟုန်ကျွင့်ကတော့ ပြောလေသည်။ 


"ငါ့ကို မနှင်ထုတ်ပါနဲ့.... ငါသတိထားပါ့​မယ်... ဘာပဲဖြစ်ဖြစ် ငါ့မှာ အိမ်မရှိတော့ဘူးဆိုတော့ မပြန်နိုင်​တော့ဘူး"


လီကျင်လုံ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်တော့ ဟုန်ကျွင့်က အနောက်ဖက် ခြံဝန်းဆီသို့ ပြန်သွားချေပြီ။ အခန်းသည် ဖုန်မှုန့်များဖြင့် ပြည့်နေပြီး ဟုန်ကျွင့်မှာ အိပ်ယာမရှိသောကြောင့် တစ်ညလုံး အနားယူနိုင်ရန် သစ်သားဘုတ်ပြားကို ရှာကာ အိပ်ယာ လုပ်လိုက်သည်။ မော့ရစ်ကန်းက သိုးမွှေးအင်္ကျီကို ဘုတ်ပြားပေါ်တွင် ဖြန့်ထားတာ မြင်လိုက်ရသည်။ မော့ရစ်ကန်းက သူ့အတွက်သူ ပြင်ဆင်ထားပြီးသားမို့ ဟုန်ကျွင့်လည်း ညစ်ပတ်တဲ့ အဝတ်အစားတွေနဲ့ပဲ ခေါင်းအုံးပေါ်မှာ လှဲအိပ်လိုက်လေသည်။ 


နောက်နေ့ မနက်မှာတော့ လီကျင်လုံ ခြံရှေ့က ကွင်းပြင်ထဲ၌ ရပ်နေ၏။ ဒါဇင်နဲ့ချီတဲ့ အထမ်းသမားတွေက အိတ်ကြီးအိတ်ငယ်တွေကို ထမ်းကာ ခြံထဲ ဝင်လာကြသည်။ 


"အထဲမှာ ထား!"


အလုပ်သမားတွေကို စေခိုင်းပြီးတော့ သူက ပိုက်ဆံကို ပြန်တွက်နေ၏။ ဟုန်ကျွင့် အံ့သြသွားပြီး ရှေ့ကို လှမ်းကြည့်လိုက်တော့ အိပ်ယာ၊ ချည်သားနဲ့ တခြားပစ္စည်းတွေအပြင် နေ့စဉ်သုံးပစ္စည်းတွေ၊ အိုးတွေ၊ ခွက်တွေ၊ စာလေ့လာမှုရဲ့ ရတနာလေးပါးလည်း ပါကာ အားလုံးကို လီကျင်လုံက ဝယ်ခဲ့တာ ထင်ရှားပါသည်။ 


"ဝါး.!...ဒါက ငါတို့အတွက်လား?" ဟုန်ကျွင့် မေးလိုက်သည်။


"အများပြည်သူနဲ့ ဆိုင်တယ်....လစာထဲက ဖြတ်မှာ"


လီကျင်လုံက ထုတ်ဖော်ပြောဆိုလိုက်ပြီး အနောက်ဖက် ခြံဝန်းဆီသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ၎င်းက အားထိုက်နဲ့ ချိုးယုံစစ်တို့ရဲ့ အခန်းတံခါးကို ဖြစ်ကာ လီကျင်လုံကတော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


"အကုန်ထွက်ခဲ့!! ညနက်သန်းခေါင်မှာ မအိပ်ဘဲ ဘယ်တွေသွားခဲ့တာလဲ?"


သူတို့နှစ်ယောက် မနေ့ညက လမ်းလျှောက်ထွက်ပြီး နှစ်နာရီ မပြည့်ခင်မှာ အထိတ်တလန့်နဲ့ တွားသွားကာ ပြန်ရောက်လာခဲ့သည်။ လီကျင်လုံက လူတိုင်းကို သူတို့ရဲ့ ပစ္စည်းတွေကို အခန်းတွေဆီ သယ်ခိုင်းပြီး နတ်ဆိုးသုတ်သင်ရေး ဌာနကို သန့်ရှင်းရေး စလုပ်ဖို့၊ ပြုပြင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံး စုသိမ်းဖို့ အမိန့်ပေးခဲ့သည်။ 


လီကျင်လုံသည် တစ်နေကုန် မရပ်မနား အလုပ်လုပ်သည်။ လူလေးယောက်ကတော့ ရံဖန်ရံခါ ပျင်းရိကာ ခြံဝင်းထဲတွင် အနားယူသလို စန္ဒယားတီးကာ ပန်းချီဆရာများနှယ် တိုင်များကို ရေးဆွဲပြီးနောက် ဘာမှလုပ်စရာ မရှိလျှင် သူတို့သည် အခန်းသန့်ရှင်းရေး လုပ်ရန် လီကျင်လုံကို ရပ်စောင့်ခဲ့ရသည်။ နောက်ဆုံး သုံးရက်အကြာတွင် လီကျင်လုံ သူ့အလုပ်များ ပြီးသွားကာ နတ်ဆိုးနှင် ဌာနတစ်ခုလုံးကို ပုံစံအသစ်အဖြစ် ပြောင်းလဲလိုက်သည်။


နေရာတိုင်းတွင် နှင်းနံရံများနှင့် အနီရောင်တိုင်များ၊ တံခါးများနှင့် ပြတင်းပေါက်များ၊ ဟင်းလင်းပြင်ထဲရှိ ရေညှိကွက်များ၊ ပင်မခန်းမတွင် တည်ဆောက်ထားသော နိမ့်နေသော ထိုင်ခုံများ၊ အိပ်ရာခင်း၊ လက်ဖက်ရည် အားလုံးက အသစ်တွေ ဖြစ်သွားသည်။ ဇောက်ထိုးတည်ထားသည့် အရှေ့ဘက်ခန်းမ၌ ရွှေရောင်ရွှေရုပ်တု တစ်ခုရှိသည်။ ခြံဝင်းအတွင်းက နေရာတိုင်းတွင် ဖီးနစ်ဝါးများ ရှိနေပြီး ဆောင်းဦးနေရောင်​​အောက်တွင် ရွှဲရွှဲစိုနေကာ အိမ်နောက်ဖေးရှိ ကျောက်တုံးလမ်းကိုလည်း ပြန်လည် ခင်းထားပြီး ရေကန်ထဲတွင် ငါးနီအချို့လည်း ရှိနေသည်။ ငါးကြင်းနတ်ဆိုး၏ နေအိမ်ကို ညွှန်ပြသော "ကျောက်ကျစ်လုံ" ဟူသော စာလုံးဖြင့် ဘေးဘက်တွင် သစ်သားဆိုင်းဘုတ်တစ်ခုလည်း စိုက်ထူထားသည်။


စင်္ကြံအောက်ရှိ ​ရေစီးသံသည် ညင်ညင်သာသာ ရွေ့လျား​​နေပြီး ပြတ်သားသော အသံများ ထွက်ပေါ်လာသည်။ ခြံဝင်းထဲတွင် အသက် ၇၀ ကျော် ရှည်လျားခဲ့သော သဖန်းပင်တစ်ပင်ဟာ နေရောင်အောက်တွင် ရေချိုးထားသကဲ့သို့ တောက်ပစွာ ထွန်းလင်းနေသည်။ အရှေ့ဘက်ခန်းတွင် လီကျင်လုံ၏ အိပ်ခန်းအပြင် စာဖတ်ခန်း၊ လက်နက်ခန်း၊ ဆေး​ပေးခန်းနှင့် အခြားနေရာများဖြစ်သည်။ စာဖတ်ခန်းထဲမှာ စာအုပ်ဆယ်အုပ်ကျော် စင်ပေါ် တင်ထားပြီး တိရန်ကျယ် ရှိနေစဥ်တုန်းက ဖြစ်ရပ်မှတ်တမ်းတွေလည်း ရှိပါသည်။ 


ဟုန်ကျွင့် စင်္ကြံလမ်း၌ ခြေဗလာဖြင့် ပြေးလွှားကြည့်လိုက်သော့ ကြမ်းပြင်မှာ အညစ်အကြေးတွေ ကင်းစင်သွားတာ တွေ့လိုက်ရသည်။ အခန်းတိုင်းတွင် အလင်းရောင် ရစေရန်အတွက် ကြမ်းပြင်မှ မျက်နှာကြက်အထိ အလျားလိုက် သစ်သားတံခါးဖြင့် အစားထိုးထားသည်။ အခန်းတိုင်းကိုလည်း သူ့ဘာသာသူ အလှဆင်ထားသည်။ 


မော့ရစ်ကန်း၏ အခန်းရှိ စားပွဲနိမ့်သည် ကျားသားရေဖြင့် ဖုံးလွှမ်းထားပြီး အနောက်တိုင်းဈေးတွင် ဝယ်ထားသော လေးကို ချိတ်ဆွဲထားသည်။ အားထိုက် အခန်းသည် ထူးခြားဆန်းပြားသော စောင်းများဖြင့် ဖုံးလွှမ်းထားပြီး အရာအားလုံးသည် အလွန်ဇိမ်ရှိလှသည့် ကျောက်စိမ်းရောင်နှင့် ရောင်စုံစဉ့်ခဲများဖြင့် ပြုလုပ်ထားသည်။ ချိုးယုံစစ်၏ အခန်းတွင် လက်ဖက်ရည် ပန်းကန်များ၊ ပန်းအိုးများနှင့် အခြားပစ္စည်းများ ရှိကာ အစိမ်းရင့်ရောင်ဖြစ်ပြီး နာမည်ကြီး ကြွေထည်များ ပါသည်။


ဟုန်ကျွင့်၏ အခန်းတွင် နံရံနှင့်ကပ်လျက် ရှိသော ကုတင်တစ်ခုသာရှိပြီး နံရံများက ဗလာဖြစ်နေသည်။ လီကျင်လုံက လက်ရေးလှရေးနည်းနှင့် ပန်းချီကားသုံးချပ်ကို ကောက်ယူကာ ဟုန်ကျွင့်ထံ လွှင့်တင်ကာ ကြိုးဆွဲခိုင်းသည်။


တစ်ခုမှာ ကျန်းရွှိ၏ ကောက်ကွေးကျစ်လစ်သော လက်ရေးလှ၊ တစ်ခုမှာ ကျန်းစန်းယောင်၏ "ရာပေါင်းများစွာသော ငှက်များ" ဖြစ်ပြီး တစ်ခုမှာ လီစစ်ရွှင့်၏ "ရွှေ​ရောင်ရှုခင်း" ဖြစ်သည်။ ဟုန်ကျွင့်သည် ကုန်ပစ္စည်းအကြောင်း များများစားစား မသိသည့်အပြင် ဘယ်သူ့ လက်ရာတွေဖြစ်ကြောင်းပါ မသိသောကြောင့် "ရာကျော်ငှက်များ" ကို ငေးကြည့်ရင်း ယောင်းကျင်းနန်းတော်ရှိ နေ့ရက်များကို ပြန်သတိရကာ ရင်းနှီးမှုကို ခံစားလိုက်ရလေသည်။ 


နတ်ဆိုးနှိမ်နင်းဌာနသည် လုံးဝ ပြုပြင်မွမ်းမံထားလေပြီ။ ဤနေရာသည် ချန်းအန်မြို့၏ တရားရုံး နန်းတော်များထဲတွင် အကြော့ဆုံးဖြစ်သည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်နိုင်ပေ။ ဤလမ်းကြားရှိ နေအိမ်သည် မူလက ယွီဝမ်ခိုင်၏ ယခင်နေထိုင်ရာ ဖြစ်ပြီး တိရန်ကျယ်၏တပည့် လော့ကျင်းထုံးမှ ထန်မင်ဆက် လော့ယန်မှ ချန်အန်းသို့ ပြောင်းရွှေ့စဥ်က ဝယ်ယူခဲ့တာ ဖြစ်သည်။ လီကျင်လုံက လူတိုင်းအတွက် အိမ်အသစ် ဖြစ်အောင် လုပ်ပေးခဲ့၏။ 


"ကောင်းပြီ" 


လီကျင်လုံက သူ့ချွေးတွေကို သုတ်လိုက်ပြီး ပင်မခန်းမမှာ လက်ဖက်ရည် စားပွဲမှာ ထိုင်လိုက်သည်။ 


လူတိုင်းက သူ့အပေါ် အမြင်မတူကြပေ။ အစကတော့ မော့ရစ်ကန်း၊ အားထိုက်နဲ့ ချိုးယုံစစ်က သူ့ကို မယုံပေ။ လီကျင်လုံ ဘာပဲလုပ်လုပ် သူ့ဘာသာသူ လုပ်နေတာပဲလို့ တွေးခဲ့လေသည်။ မမျှော်လင့်ထားဘူး။ လီကျင်လုံက နောက်ဆုံးတော့ အခန်းတွေကို တစ်ခန်းပြီးတစ်ခန်း သန့်ရှင်းရေး လုပ်လိုက်သည်။


"ငါလုပ်မယ်..."


ချိုးယုံစစ်က ယူလိုက်ပြီး လီကျင်လုံအတွက် ပွက်ပွက်ဆူနေပြီး ဆောင်းဦး ရေနွေးကြမ်းလေး ငှဲ့ပေး၏။


"အရင်တုန်းက ငါဒီကိစ္စကို တွေးနေခဲ့တာ"


လီကျင်လုံ ဘာမှမထူးခြားသည့် မျက်နှာထားဖြင့် ဆိုလာသည်။ 


"နတ်ဆိုးနှိမ်နင်းဌာနက အခု ပြန်စ​နေပြီ... အတူတူ အလုပ်လုပ်ဖို့ ဌာနမှာရှိတဲ့ အခန်းတွေကို ပြုပြင်ဖို့ အခွင့်အရေးကို ယူလိုက်တယ်... တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ရအောင်လို့…”


ဟုန်ကျွင့် သူ့ခေါင်းကို ဘယ်ညာ လှည့်ကြည့်လိုက်တော့ မော့ရစ်ကန်း၊ ချိုးယုံစစ်နဲ့ အားထိုက်တို့ အားလုံးဟာ သဘာဝမကျတဲ့ အမူအရာတွေ ရှိနေတာကို တွေ့လိုက်ရလေသည်။ 


ဟုန်ကျွင့်:"?"


"...ဒါပေမယ့် မင်းတို့က လူတွေကြားထဲမှာ အကောင်းဆုံးလို့ ထင်ရပြီး ငါကတော့ လိုက်လျောညီထွေ မဖြစ်နိုင်တဲ့ သူငယ်ချင်းဖြစ်လာခဲ့ပုံပဲ... ကျင်လုံငါက ​​သေမျိုးပဲ... နောင်တစ်ချိန်မှာ မင်းတို့ကို အခက်တွေ့စေမိရင် တကယ် တောင်းပန်ပါတယ်"


လီကျင်လုံ ဒီလိုပြောလာတဲ့အခါ အားလုံးလည်း အရမ်းရှက်သွားကြသည်။ ဟုန်ကျွင့်မှလွဲ၍ ကျန်လူသုံးယောက်ဟာ သူ့ကို သာမန်လူတစ်ဦးအဖြစ် ရှုမြင်ကြပြီး လက်အောက်ငယ်သားများက အစွမ်းကြီးကာ သူကသာမန်လူဟူ၍ ရှုံ့ချခဲ့ကြောင်း သိသော်လည်း လီကျင်လုံ စကားမဆိုခဲ့ပေ။


"မင်းတို့ လက်ထဲက စာကိုလွှဲပေး!!" 


လီကျင်လုံက ဆိုလိုက်သည်။ 


"ငါ ဒီနေ့ စာရင်းသွင်းလိုက်မယ်.... ဆိုတော့ မနက်ဖြန် အမတ်ယန်ကို ရှင်းပြလို့ရပြီ..."


"ခေါင်းဆောင် ဒီစာက မင်း ငါတို့ကို ပို့လိုက်တဲ့စာလား" မော့ရစ်ကန်းက မေးလိုက်သည်။ 


လီကျင်လုံက ခေါင်းယမ်းပြီး "မဟုတ်ဘူး.... ငါလည်း ဒီစာကို ဘယ်သူပို့လိုက်တာလဲ စဥ်းစားနေတာ"


လီကျင်လုံသည် ၎င်းတို့အား လိမ်ညာ​နေရန် မလိုအပ်တော့ပေ။ တချို့သော ဆွေးနွေးမှုများ အပြီးတွင် တစ်စုံတစ်ယောက်သည် ထန်မင်းဆက်၏ နတ်ဆိုးနှင်ဌာနကို ပြန်လည်ရရှိရန်အတွက် ယခုအချိန်တွင် ရွေးချယ်ခံရသူ လေးဦးအား ချန်အန်းသို့ ခေါ်ဆောင်ရန် ရွေးချယ်ခဲ့တာ ဖြစ်​ပေမည်။


ဒါပေမဲ့ ဒီလိုပြောရင် လီကျင်လုံ ဒီကို မတော်တဆ ရောက်လာတယ် ဆိုတာ ဘယ်လိုလုပ် ရှင်းပြနိုင်မလဲ။ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုလို့ပဲ ပြောနိုင်မလား။


ဟုန်ကျွင့်က သူ့စာအား လီကျင်လုံထံ ဦးစွာ ပေးလိုက်သည်။ 


"ခုန်ဟုန်ကျွင့်... မင်းဘယ်မှာနေပြီး မင်းမိဘတွေက ဘယ်သူလဲ"


ငါးကြင်းနတ်ဆိုးသည် ခန်းမအပြင်ဘက်မှ ခေါင်းညိတ်ပြလေ၏။ ဟုန်ကျွင့်လည်း ယခင်က သူသင်ကြားခဲ့သည့် အတိုင်း လိုက်နာ၍ မွေးစားဖခင်သည် ထိုက်ဟန်တောင်တန်းရှိ ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ပြီး သူက လောကကြီးကို တွေ့ကြုံခံစားနိုင်ရန် ချန်အန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကျောက်ကျစ်လုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး နတ်ဆိုးမျိုးနွယ်မှ ပေးပို့ထားသော သူလျှိုမဟုတ်ပေ။ 


လီကျင်လုံ အများကြီး မမေးပေ။ ဟုန်ကျွင့်မှာ သူ့ရဲ့ လိမ်လည်မှုမှာ ရှင်းပြရခက်တဲ့ ဟာကွက်များစွာ ရှိတယ်လို့ ခံစားခဲ့ရပေမယ့် လီကျင်လုံက ဆက်မမေးဘဲ ယုံကြည်​ပေးခဲ့သည်။


ထို့နောက် ရှစ်ဝေတွင် မွေးဖွားခဲ့သော မော့ရစ်ကန်းသည်လည်း လီကျင်လုံကို အတွေ့အကြုံရယူရန် လာရောက်ခဲ့ကြောင်း ပြောခဲ့သည်။ မော့ရစ်ကန်းက အရာများစွာကို ဖုံးကွယ်ထားပုံရသည်ဟု ဟုန်ကျွင့် ထင်သော်လည်း လီကျင်လုံက မမေးဘဲ မော့ရစ်ကန်းအမည်ကို မှတ်တမ်း ထင်ထားခဲ့သည်။ 


အားထိုက်သည် ထန်မင်းဆက်၏ ယဉ်ကျေးမှုကို လေ့လာရန် ရောက်ရှိလာသော ထူးဟော်လော်က အဆင့်မြင့် မျိုးရိုး ဖြစ်သည်။ ချိုးယုံစစ်ကတော့ ဟန်ကျိုးတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏မိသားစု နောက်ခံမှာ စာပေ ပညာရှင်တစ်ဦးဖြစ်ကြောင်း ၎င်း၏အဖိုးက သတ္တိရှိရှိ လေ့ကျင့်နိုင်ရန် စေလွှတ်လိုက်ကြောင်း ပြောပေသည်။ 


နောက်ပိုင်းမှာ ရှင်းပြခဲ့တဲ့ တစ်ခုချင်းစီဟာ နောက်ဆုံးထက် ပိုရိုးရှင်းပြီး စကားလုံးအနည်းငယ်နဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အကြောင်းအရာတွေပင်။ လီကျင်လုံက စာရင်းသွင်းပြီးနောက် ချိုးယုံစစ်က လက်ဖက်ရည် စပ်ပြီးသွားရာ ငါးကြင်းနတ်ဆိုးအပါအဝင် လူတိုင်းအား ပန်းကန်လုံး တစ်လုံးစီ ပေးလိုက်သည်။ 


"မဝင်ခင် ခြေထောက်ကို ခြောက်အောင်သုတ်... ရေတွေနဲ့ ကြမ်းပြင်ပေါ် မနင်းနဲ့" 


လီကျင်လုံက ငါးကြင်းနတ်ဆိုးအား အမိန့်ပေး​လေသည်။


"လူသစ်တွေ သတင်းလာပို့တာ မရှိ​တော့ဘူးထင်တယ်" 


လီကျင်လုံ ပြောလိုက်သည်။


အားလုံးက လီကျင်လုံကို တိတ်တဆိတ် ကြည့်ကာ သူဘာပြောမလဲ ဆိုတာကို မှန်းဆကြည့်​နေကြသည်။ လီကျင်လုံကတော့ သူ့ရှေ့က လူလေးယောက်ကို မကြည့်ဘဲ လက်ဖက်ရည်သောက်လိုက်ပြီး။ 


"မင်းတို့ကို ဘယ်သူခေါ်လဲတော့ ငါမသိဘူး တိရန်ကျယ် ဆုံးသွားပေမယ့် သူဒီနေရာကို ဂရုစိုက်နေတုန်းပဲလို့ ငါယုံကြည်တယ်... ငါတို့ ထန်မင်းဆက်ကို ဒီနေ့ မင်းတို့နဲ့အတူ ကာကွယ်ဖို့ စုဝေးနိုင်တာက ကံကြမ္မာပဲ"


သူက စကားပြောနေရင်း ခေါင်းကို မော့လျက် ပင်မခန်းမ အရှေ့ဘက်နံရံရှိ တိရန်ကျယ်ရဲ့ ပန်းချီကားကို လေး​လေးနက်နက် ကြည့်ကာ ရှုပ်ထွေးသော မျက်လုံးများဖြင့် နောက်ပြန်လှည့်ကာ တိရန်ကျယ်ရဲ့ ရုပ်တုကိုလည်း ကြည့်လိုက်သည်။ 


"မင်းဆိုလိုတာက လူကြီးမင်းတိက သူသေပြီး နှစ်အတော်ကြာအောင် စာလေးစောင် ဝှက်ထားပြီးမှ ဒီအချိန်မှာ စာပို့ လွှတ်လိုက်တာပေါ့"


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" 


လူတိုင်းက လီကျင်လုံအား 'မင်းငါတို့ကို ငတုံးလို့ထင်နေတာလား' ဟူသည့် အမူအယာဖြင့် ပြန်ကြည့်နေကြလေသည်။ 


"ဒါက... ယုတ္တိမဲ့လွန်းတယ်မလား" 


ဟုန်ကျွင့်လည်း သူ့မျက်နှာကို ဗလာကျင်းကာထားလျက် ပြောလိုက်သည်။


"အဆင်ခြင်မဲ့ဆုံး အရာက လက်ရှည်၊ ခြေတံရှည်နဲ့ ငါးပဲ ဖြစ်နိုင်တယ်... ဒါမှမဟုတ် အမွှေးအမျှင်တွေရှိတဲ့ ခြေထောက်တွေပဲ" 


လီကျင်လုံက သူ့ခေါင်းကို လှည့်ကာ ငါးကြင်းနတ်ဆိုးကို တစ်ချက် ကြည့်လိုက်သည်။


ငါးကြင်းနတ်ဆိုး: "..."


"မှန်တယ်!!" ဟုန်ကျွင့်က အလျင်အမြန် လက်ခံဟန် ခေါင်းညိတ်ကာ။ 


"ဒါနဲ့ နှိုင်းယှဥ်ပြီးကြည့်ရင် သေပြီးနောက်မှ စာပို့ရင်​တောင် ဒီကိစ္စက နားလည်လို့ ရနိုင်တုန်းပဲ"


လီကျင်လုံ ဒီလိုပြောတဲ့အတွက် လူတိုင်းက မျက်ခုံးပင့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အားလုံးက အသေးစိတ်ကို မစူးစမ်းတော့ဘဲ ခေါင်းဆောင်ပျော်ရင် ပြီးရော ဆိုသည့် မျက်နှာထားမျိုး လုပ်နေကြ၏။ 


"မနက်ဖြန် ငါ မင်းတို့အတွက် ခါးတံဆိပ်​ပြားတွေနဲ့ တရားဝင် ဝတ်စုံတွေကို အမိန့်ပေးလိမ့်မယ်" 


"ငါ လစာတစ်ခု တောင်းမယ် မင်းတို့ စိတ်ကြိုက်နေနိုင်၊ ထွက်သွားနိုင်တယ်...စဥ်းစားဖို့ တစ်ရက်ရမယ်... ဟူဖြစ်ဖြစ် ဟန်ဖြစ်ဖြစ် တရားရုံးမှာ နာမည်စာရင်း သွင်းပြီးရင် တရားဝင် အမှုထမ်း ဖြစ်သွားပြီ"


ဟုန်ကျွင့်သည် ချန်မိသားစုနှင့် သူ၏ နတ်ဓားပျံကို ဘယ်အချိန် ရှာတွေ့နိုင်မလဲ တွေးတောကာ ချက်ချင်းပင် လီကျင်လုံအား စိုက်ကြည့်လိုက်ရာ တစ်ဖက်က သူ့ကို မျက်ခုံးပင့်ပြလာလေသည်။ 


"ကျွန်​​တော်​ ​နေမယ်​" ဟုန်ကျွင်းက ဦးစွာ ဆိုသည်။ 


မော့ရစ်ကန်း: "နေမယ်"


အားထိုက်: "နေမယ်"


ချိုးယုံစစ်က "နေမယ်.... ဒါပေမဲ့ နတ်ဆိုးနှင်ဌာနမှာ ငါတို့က ဘာလုပ်ရမလဲ... ခေါင်းဆောင် မင်း ငါတို့ကို အလုပ်နည်းနည်းလောက် ပေးရမယ်နော်"


"အလုပ်ရှိမယ်" လီကျင်လုံက ဆိုသည်။ 


"ဆဌမစစ်တပ်နှင့် တလီတရားရုံးက အမှုကိစ္စ ကိုင်တွယ်နေစဉ်အတွင်း နတ်ဆိုးနဲ့ သရဲတစ္ဆေတွေ ပါဝင်နိုင်တဲ့ အမှုတွေကို နတ်ဆိုးနှင်ဌာနကို လွှဲပြောင်းပေးလိမ့်မယ်လို့ ရှန်းယန်က ပြောထားတယ်.... ဒီကိစ္စတွေ မလုပ်ခင် မင်းတို့ချန်အန်းမှာ အရင်ဆုံး လမ်းလျှောက်ထွက်လို့ ရမယ်ထင်တယ် ဒါပေမဲ့ ငါပြောပြီးတာနဲ့ မင်းတို့စိတ်ပျက်သွားမှာ​တော့ မဟုတ်ဘူး နေ့ခင်းမှာ အလုပ်စလုပ်ရလိမ့်မယ်" 


ပြောပြီး လက်ဖက်ရည်ကို လတ်စသတ်ကာ ထလိုက်လေသည်။ ဟုန်ကျွင့်က ချက်ချင်း ပြော၏။ 


"ခေါင်းဆောင် မင်းငါ့ကို ကျေးဇူးပြု​ပြီး တစ်ခုလောက် ပေးနိုင်မလား "


"မ​ဖြစ်ဘူး" 


လူတိုင်း: "..."


"မင်း အဲ့ဒီညတုန်းက နတ်ဆိုးကို သွားရှာချင်နေတာ ငါသိတယ်.... ဒါပေမဲ့ မင်းဘာတတ်နိုင်လဲ ငါမသိဘူး အရင်က မင်းတို့နဲ့ ငါ အလုပ်အတူ မလုပ်ဖူးဘူး.... အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ အခုထွက်သွားရင် မင်း ဒီထက်ပိုပြီး ဒုက္ခရောက်လိမ့်မယ်... ခဏ စောင့်ကြည့်ရအောင်" 


ဟုန်ကျွင့် စိတ်ဆိုးချင်ပေမယ့် လီကျင်လုံ ပြောတဲ့စကားက ကျိုးကြောင်း ဆီလျော်ကြောင်း သူသိတဲ့အတွက် ခေါင်းသာ ညိတ်ပြလိုက်ရသည်။


လီကျင်လုံ မတ်တပ်ထရပ်ပြီး စားပွဲမှ ထွက်သွားပြီးနောက် အားလုံးလည်း ခန်းမထဲမှ ထွက်သွားကာ အရှေ့ဘက် အခန်းထဲသို့ ဝင်လိုက်သောအခါတွင် သူရုတ်တရက် စိတ်သက်သာရာ ရသွားသလို တိုင်ကို မှီ၍ အသက်ဝဝ ရှူနေရသည်။ မှော်စွမ်းအားရှိတဲ့ ဒီနတ်ဆိုးနှင် အဖွဲ့ကို သူ့က ဦး​ဆောင်ထားရတယ်လို့ တွေးကြည့်ရင်း လက်သီးကို ဆုပ်ပြီး ဝှေ့ယမ်းကာ ရှားပါးတဲ့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းမှာ ပေါ်လာခဲ့သည်။ 


သူ ခေါင်းကို ​မော့​လိုက်သည်နှင့် ရုတ်တရက် ဟုန်ကျွင့်သည် သူ့ရှေ့တွင် ရပ်နေကာ သူ့မျက်နှာကို သံသယများဖြင့် ကြည့်နေတာကို မြင်လိုက်ရ​လေသည်။


"ခေါင်းဆောင် ဘာလုပ်နေတာလဲ"


လီကျင်လုံ ချက်ချင်း ချောင်းဆိုးလိုက်ပြီး။


"ဘာကိစ္စလဲ?"


"မင်း ငါ့ကို ကျေးဇူးပြု​ပြီး ကူညီပေးနိုင်မလား?"


"ငါပြော​ပြီးသား မ​ဖြစ်ဘူး!" 


လီကျင်လုံ မကျေမနပ်နဲ့ ပြန်ပြောလိုက်၏။ 


"နတ်ဆိုးတွေကို လိုက်မရှာပါဘူး" 


ဟုန်ကျွင့်လည်း ချက်ချင်းပြောသည်။ 


"မင်းက ချန်အန်းနဲ့ ရင်းနှီးပြီးသား ဆိုတော့ ချန်မိသားစု ဘယ်မှာနေလဲ ငါ့ကို ပြောပြပါလား... ငါ တစ်ယောက်တည်း သွားလိုက်ပါ့မယ်"


ချန်မိသားစု မည်သည့်နေရာတွင် နေထိုင်သည်ကို မေးမြန်းရာတွင် ချန်အန်းတွင် အိမ်ခြေ 600,000လောက် ရှိ၍ အိမ်ပေါက်ဝင် ရှာမတွေ့ခဲ့ပေ။ ယခု လီကျင်လုံ ဤနေရာတွင် ရှိနေသောကြောင့် သူက ရိုးရိုးရှင်းရှင်းပင် သူ၏ ကယ်တင်ရှင် ဖြစ်လာခဲ့သည်။


"မင်းကို မေးခွန်းတစ်ခု မေးပါရစေ"


လီကျင်လုံက ဟုန်ကျွင့်ကိုကြည့်ကာ ရုတ်တရက် ပြန်မေးလိုက်သည်။ 


"မင်းက ကျင့်ကြံသူ တစ်ယောက်ပဲ... မင်းမှာ လူတွေကို တချို့ကိစ္စတွေ မေ့သွား​စေနိုင်တဲ့ မှော်စွမ်းအင် ရှိလား"


"မှော်စွမ်းအင်လား?" 


ဟုန်ကျွင့် ခဏစဥ်းစား၍ "မှော်စွမ်းအင်​တော့ မရှိဘူး ဒါပေမဲ့ ပန်းတစ်မျိုး​တော့ ရှိတယ်..."


ဟုန်ကျွင့်သည် ယခင်က တိုင်ဟန်တောင်တန်းများတွင် တောရိုင်းပင်များကြား လည်ပတ်ရခြင်းကို နှစ်သက်ပြီး ထူးဆန်းသော အပင်များနှင့် ပန်းများစွာလည်း ရှိသည်။ ယောင်းကျင်းနန်းတော်၏ အနောက်ဘက် ခန်းမဆောင်ထဲတွင် အပင်တစ်ပင်ကို အစားထိုး စိုက်ပျိုးထားခဲ့ကြောင်း ယောင်ဝါးဝါး မှတ်မိ​နေ​သေးသည်။