【Volume 2 : လက်ထောက်လေး ၂၂】
Chapter 45
"ကြာလှပြီ... အဲဒါက ဘာကိုဆိုလိုတာလဲ။" ကျန်းကျင်ယန်သည် ချက်ချင်းပဲ ကျန်းယွီချွမ်းနှင့်တူသောသူတစ်ယောက်ကို သူ့မှတ်ဉာဏ်ထဲမှာ ရှာဖွေနေခဲ့သည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်း သူ ဘာမှရှာမတွေ့ပေ။
အဓိပ္ပါယ်ရှိရှိပြောရလျှင် ကျန်းကျင်ယန်သည် ဤလောက်ချောမောသောလူတစ်ယောက်ကို တကယ်တွေ့ဖူးပါက သူမေ့မည်မဟုတ်ဟု ခံစားရသည်။
...ဒါက ငယ်ချစ်ဦးတွေရဲ့ မှတ်ဉာဏ်ချို့ယွင်းမှု ဇာတ်လမ်းလား။
သူတို့က ငယ်ငယ်တုန်းက အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကြီးလာရင် လက်ထပ်ဖို့တောင် သဘောတူခဲ့ကြတယ်။ အချစ်သင်္ကေတအနေနဲ့ ကောက်ရိုးလက်စွပ်တွေတောင် လဲလှယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကတော့ မတော်တဆမှုတစ်ခုမှာ ခေါင်းကို ထိသွားပြီး ဒီကတိလွဲလို့ အားလုံးမေ့သွားတယ်… ဒါက စံပြစီအီးအိုအချစ်ဝတ္ထုတွေထဲက ဇာတ်ကွက်ပဲ။
ကျန်းကျင်ယန်သည် သူဆယ်နှစ်မပြည့်ခင်အချိန်ကို ချက်ချင်းပြန်သတိရမိသွားသည်။
ငါ ငယ်ငယ်တုန်းက အဖေက ငါ့ကိုရိုက်နှက်လို့ မှတ်ဉာဏ်ပျောက်သွားတာလား။
သို့သော် သေချာစဉ်းစားကြည့်တော့ သူ၏ငယ်ဘဝအမှတ်တရများက အလွန်ဆက်စပ်မှုရှိနေသည်။ လောင်းကစားသမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်သမားဖြစ်သော အဖေ၊ နေ့တိုင်းငိုနေရသော အမေ၊ နို့စို့ကလေးအရွယ် ညီမနှင့် ငွေချေးသူများက သူတို့နောက်ကို အဆက်မပြတ်လိုက်ကြသည်။ သူ၏ရှုပ်ထွေးသောမိသားစုနောက်ခံကြောင့် အသက်အရွယ်တူကလေးများ၏မိဘများက ကျန်းကျင်ယန်နှင့်ဝေးဝေးနေရန် သတိပေးခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဘယ်သူမှ သူတို့၏ကလေးတွေကို သည်လိုလူယုတ်မာ၏ကလေးနှင့် နေ့တိုင်းပေါင်းသင်းဆက်ဆံစေချင်မှာမဟုတ်ပေ။
သည်လိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သော ကျန်းကျင်ယန်သည် ငယ်ရွယ်စဉ်ကတည်းက သူ၏စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်လာပြီး သူ၏ပျော်ရွှင်မှု ဒါမှမဟုတ် ဒေါသကို မျက်နှာမှာ ဘယ်တော့မှ မပြသတတ်ခဲ့ချေ။ သူ၏သေးငယ်သောမျက်နှာလေးက အမြဲတမ်း ခံစားချက်မဲ့နေပြီး တသီးတသန့်နေထိုင်ခဲ့သည်။ တခြားကလေးတွေ အတူတူပျော်ရွှင်စွာကစားနေချိန်မှာ ကျန်းကျင်ယန်သည် သူ့ညီမလေးကို ချော့မြူနေတာ ဒါမှမဟုတ် တစ်ယောက်တည်းနေပြီး သူ့ခေါင်းထဲတွင် ပုံပြင်များဖန်တီးပြီး သူ့ကိုယ်သူနှစ်သိမ့်နေခဲ့သည်။
ထို့ကြောင့် တခြားသူများ၏ ငယ်ချစ်များသည် ကောက်ရိုးလက်စွပ်များကို လဲလှယ်နေချိန်တွင် သူက သူ့အမေအတွက် ကလေးအနှီးလျှော်ပေးနေရတာ ဖြစ်နိုင်သည်။
…ငါက ကြွေကွဲစရာဇာတ်လိုက် လမ်းကြောင်းကို သရုပ်ဆောင်နေမှန်း ဒီနေ့မှ သဘောပေါက်လိုက်တယ်။
ကျစ်…
"...ဝမ်းမနည်းပါနဲ့" ကျန်းယွီချွမ်းသည် ရှေ့ကိုကိုင်းပြီး ကျန်းကျင်ယန်၏ခေါင်းကို သူ့ရင်ဘတ်ပေါ် ညင်သာစွာဖိကပ်ကာ ကျန်းကျင်ယန်၏ခေါင်းပေါ်က နူးညံ့သောဆံပင်များကို မေးစေ့နှင့်ပွတ်သပ်လိုက်သည်။ "အခုကစပြီး ကိုယ် မင်းကို ချစ်ပေးပါ့မယ်။"
ကျန်းကျင်ယန် ငိုချင်လာပြီး တစ်ချိန်တည်းမှာပဲ ရှက်ရွံ့ပြီး ပေါက်ကွဲလုနီးဖြစ်နေသည်: "..."
…ဘုရားရေ… ငါ့အမှတ်တရတွေကိုလည်း ကြားလိုက်ပြီ။
ငါ့မှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိလို့မရဘူးလား။ ဟမ်…
"မရှိရဘူး။" ကျန်းယွီချွမ်းသည် ချုပ်ကိုင်စွာ ပြောလိုက်ရင်း ကျန်းကျင်ယန်၏မေးစေ့ကို မြှောက်ပြီး နဖူးချင်းကပ်လိုက်သည်။ သူ့မျက်လုံးများက အေးစက်သောရေကန်လိုနက်ရှိုင်းသော်လည်း အောက်ခြေကိုမြင်နိုင်လောက်အောင် ကြည်လင်နေသည်။ "ဒီဘဝမှာ မင်းကို ကိုယ်ဘယ်တော့မှ လျှို့ဝှက်ချက်မထားဘူး။ အဲဒါကောင်းတယ်မဟုတ်ဘူးလား။"
ကျန်းကျင်ယန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်: "..."
ပြဿနာက ငါမင်းရဲ့အသံကို မကြားရဘူးလေ။ မင်းတစ်ယောက်တည်းပဲ နားထောင်လို့ရတာ။
"...မဟုတ်ဘူး။" ကျန်းယွီချွမ်း၏မျက်လုံးများက ရုတ်တရက် အပြုံးများနှင့် ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာပဲ မဖော်ပြနိုင်သော ထူးဆန်းသည့်စွမ်းအားတစ်ခုက ကျန်းကျင်ယန်၏ဦးနှောက်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြတ်သန်းသွားသည်။ သူ၏အသိစိတ်တစ်ခုလုံးကို ရေနှင့်ဆေးကြောသွားသလိုပင်။ ကျန်းကျင်ယန်၏ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွားသည်။ သူမေးတော့မည့်အချိန်တွင် ရင်းနှီးသောပုံရိပ်တစ်ခုက ရုတ်တရက် သူ့စိတ်ထဲကို ဝင်လာသည်။
၎င်းက ကျန်းကျင်ယန် မူလတန်းကျောင်းတက်တုန်းက ကျောင်းသွားကျောင်းပြန်တိုင်း နေ့တိုင်းဖြတ်သွားသော လမ်းကြားဖြစ်သည်။
သူသည် ဤလမ်းကြားကို အနည်းဆုံး အကြိမ်တစ်ထောင်လောက် လျှောက်ဖူးပြီး အလွန်ရင်းနှီးပါသည်။
သို့သော် ဤမြင်ကွင်း၏ ရှုထောင့်က အလွန်ထူးဆန်းသည်။ စိုစွတ်နေသော ဒုတ္တာပြာလမ်းသည် မျက်လုံးအောက်တွင် ရှိနေပြီး အလွန်နီးကပ်နေကာ ဤမျက်လုံးပိုင်ရှင်က မြေပြင်ပေါ်မှာ လဲနေသလိုပင်။
သွပ်ပြား၏ ချွန်ထက်သောထောင့်ကနေ မိုးစက်တစ်စက်က သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာပြီး အရိုးထဲအထိ အေးစိမ့်သွားသည်။
ကျန်းကျင်ယန်သည် တုန်ရီဘဲမနေနိုင်ကာ အနည်းငယ်အကွာမှာရှိနေသော ကျန်းယွီချွမ်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"မင်းဆန္ဒရှိရင် ကိုယ့်ရဲ့စွမ်းရည်တွေကို မင်းဆီခဏလောက်မျှဝေပေးလို့ရတယ်။ မင်းက ကိုယ့်ရှေ့မှာရှိသလိုမျိူး မင်းရဲ့မျက်စိအောက်မှာ ကိုယ့်ကို ဖောက်ထွင်းမြင်နိုင်တယ်။" ကျန်းယွီချွမ်း၏အသံသည် ရုတ်တရက်ဝေးကွာပြီး ဗလာဖြစ်သွားကာ အခန်းလွတ်တစ်ခုမှာ ကျယ်လောင်စွာပြောနေသလိုပင်။ "မင်းအခုမြင်ရတာက ကိုယ့်စိတ်ထဲက မှတ်ဉာဏ်တွေဖြစ်ပြီး မင်းကြားရတာက ကိုယ့်စိတ်အသံတွေပဲ..."
ကျန်းကျင်ယန်၏နှလုံးသားတုန်ခါသွားပြီး အလျင်အမြန်အောက်ကိုငုံ့ကြည့်လိုက်သည်။ ကျန်းယွီချွမ်း၏နှုတ်ခမ်းများက လုံးဝလှုပ်မသွားဘူးဆိုတာ သေချာသည်။
"ဒါကို လူတွေက 'စိတ်ကိုဖတ်ခြင်း' လို့ခေါ်တယ်။" ကျန်းယွီချွမ်း၏ပါးစပ်က တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။
"တကယ်တော့ ကိုယ်က လူသားမဟုတ်ဘူး။" ကျန်းယွီချွမ်း၏နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး သူ၏အတွင်းအသံက သူ၏ဗလာနံရံများကို ထိမှန်သွားပြီး သူ့အသံက ဝေးလံပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။
"ကိုယ်က တိထျင်း(ဒဏ္ဍာရီလာသားရဲ)"
သေချာနားထောင်ပါ။
ဦးချိုတစ်ချောင်း၊ ခွေးနားရွက်များ၊ နဂါးကိုယ်ထည်နှင့် ခြင်္သေ့အမြီးပါရှိသည်။
၎င်းသည် နဂါးနှင့်တူသော်လည်း နဂါးမဟုတ်၊ ကျားနှင့်တူသော်လည်း ကျားမဟုတ်၊ ခြင်္သေ့နှင့်တူသော်လည်း ခြင်္သေ့မဟုတ်၊ ခွေးနှင့်တူသော်လည်း ခွေးမဟုတ်ပါ။
၎င်းကို စိတ်၏အသံဖြင့် လောကမှာရှိသော အရာခပ်သိမ်းကို ပိုင်းခြားသိမြင်နိုင်ခြင်း၊ လူတို့၏နှလုံးသားကို နားလည်နိုင်ခြင်းနှင့် ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားသိမြင်နိုင်ခြင်းတို့တွင် ကျွမ်းကျင်သော တိကျန့်ဗုဒ္ဓ၏ စီးတော်ယာဉ်ဟု ဆိုကြသည်။
ကျန်းကျင်ယန်၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး ယနေ့ညတွငအ ကုတင်ပေါ်မှာ ဆယ်ကြိမ်မြောက် မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။
ငါ့ယောက်ျားက ဇာတ်ညွှန်းအမှားရပြီးတော့ ဇာတ်ကွက်အမှားဆီ ရောက်သွားတာကို…
ဒါက လွှမ်းမိုးခြင်း စီအီးအိုတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ စိတ်ကူးယဉ်ဆန်တဲ့ လက်ရာမြောက်ဇာတ်လမ်းပဲ ချစ်လှစွာသောကြည့်ရှုတွေရေ…
နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှု။
မုဆိုးများ၏ ဝိုင်းရံမှုမှ ထွက်ပြေးပြီးနောက် သွေးစွန်းနေသော တိထျင်းသည် လုံးဝမောပန်းပြီး မြေပြင်ပေါ်လဲကျသည့်အထိ အသက်လုပြေးခဲ့ရသည်။
ပြင်းထန်သော ဒဏ်ရာကြောင့် လူသားပုံစံသို့ ပြောင်းလဲနိုင်ခြင်း မရှိသလို ၎င်း၏တိုက်ခိုက်ရေးအခြေအနေကိုလည်း ထိန်းသိမ်းနိုင်ခြင်း မရှိပေ။ ၎င်းသည် လမ်းဘေးတွင် ထူးဆန်းသော ခွေးပေါက်စလေးတစ်ကောင်ကဲ့သို့ သေဆုံးရန်သာ စောင့်ဆိုင်းနေနိုင်သည်။
ဘယ်အချိန်ကတည်းက စတင်ခဲ့သည်ကို မသိရသော်လည်း လူ့ကမ္ဘာတွင် မိစ္ဆာသားရဲများကို အမဲလိုက်ရာမှာ အထူးပြုသော မုဆိုးအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် အသုံးဝင်သော မိစ္ဆာသားရဲအားလုံးကို ဖမ်းဆီးပြီး သတ်ပြီးနောက် မိစ္ဆာသားရဲများ၏ဝိညာဉ်များကို ဖမ်းချုပ်ရန် ဝိညာဉ်ဖမ်းကိရိယာများကို အသုံးပြုပြီး ၎င်းတို့၏ ဝိညာဉ်သုံးခုနှင့် စိတ်ခုနစ်ခုကို သန့်စင်ခဲ့သည်။ သန့်စင်ထားသောဝိညာဉ်များကို ပိုင်ဆိုင်သူများသည် မိစ္ဆာသားရဲများ၏စွမ်းရည်များကို လွတ်လပ်စွာ အသုံးချနိုင်သည်။
လူများ၏စိတ်ကို နားထောင်နားလည်နိုင်စွမ်းက မှောင်ခိုဈေးကွက်မှာ အဖိုးတန်ဆုံး ကုန်ပစ္စည်းဖြစ်သည်။
သို့သော် တကယ်တမ်းမှာတော့ တိထျင်း၏ဝိညာဉ်ကို နှစ်ပေါင်းများစွာ ဘယ်သူမှ မမြင်ဖူးသေးပါ။ ထို့အပြင် တိထျင်းသည် အလွန်ရှားပါးသော နတ်သားရဲတစ်ကောင်ဖြစ်ပြီး မတော်တဆသာ ကြုံတွေ့ရနိုင်သည်။
ထို့ကြောင် မှောင်ခိုဈေးကွက်ကုန်သည်တစ်ယောက်သည် တိထျင်းငယ်၏ ခြေရာကို မတော်တဆတွေ့ပြီး ဆုလာဘ်တစ်ခုကမ်းလှမ်းသောအခါ စိတ်လှုပ်ရှားနေသော သားရဲမုဆိုးများသည် ဘယ်လိုနည်းဖြင့်မဆို လမ်းတစ်လျှောက်တွင် ထောင်ချောက်များချကာ ခြေရာခံခဲ့ကြသည်။
ဒဏ်ရာရနေသော တိထျင်းသည် စိုစွတ်နေသော ဒုတ္တာပြာပေါ်တွင် လဲလျောင်းနေသည်။
အနီးအနားမှ ကျောင်းဆင်းချိန်ဖြစ်ပြီး ကျောင်းသားများနှင့် မိဘများသည် သူတို့၏ကလေးများကို ခေါ်ကာ လမ်းကြားကနေ ရံဖန်ရံခါ ဖြတ်သွားကြသည်။
ပုံမှန်အခြေအနေမှာ မှော်စွမ်းအားဝန်းရံနေသော မိစ္ဆာသားရဲကို လူသားများ မမြင်နိုင်ပေ။ သို့သော် ဤတိထျင်းသည် မှော်အစွမ်းမရှိတော့ဘဲ ၎င်း၏ဝမ်းနည်းဖွယ်ကောင်းပြီး သနားစရာကောင်းသော အသွင်အပြင်က လမ်းသွားလမ်းလာများ၏ မျက်လုံးရှေ့မှာ ပေါ်လွင်လာသည်။ ရင်ဘတ်ပေါ်က ဒဏ်ရာကြောင့် ကျိုးပဲ့နေသောဖားဖိုကဲ့သို့ အသက်ရှူသံထွက်နေသည်။
လူတိုင်း၏စိတ်ထဲက အသံများသည် အရပ်မျက်နှာအားလုံးကနေ ထွက်ပေါ်လာသည်...
'ဒါက ဘာကောင်လဲ။ ကံဆိုးတာပဲ။'
'ငါ သူ့ကို တကယ်ကယ်ချင်ပါတယ်… ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ သွေးတွေပေကျံပြီး အရမ်းညစ်ပတ်နေတယ်။'
'ခွေးအသေကောင်လား။ ငါ့ကိစ္စမဟုတ်ပါဘူးလေ။'
'သူက အသက်ရှူနေသေးသလိုပဲ။ ဘာမှမဖြစ်ပါဘူးလေ၊ သူ့မှာ သန်းတွေရှိနေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ သူ့ကို ဆေးခန်းပြရင် ပိုက်ဆံကုန်လိမ့်မယ်…'
အေးစိမ့်စိမ့်လေက မြေပြင်ကနေ မြင့်တက်လာပြီး တိထျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို စိုစွတ်စေခဲ့သည်။ အမှန်ပင် ဤလူများက သူ့ကို လုံးဝမကယ်တင်နိုင်ခဲ့ချေ။ သူ့ဒဏ်ရာများက ဘယ်လောက်ပြင်းထန်သလဲဆိုတာ သူကောင်းကောင်းသိသော်လည်း အံကြိတ်လျက် လက်လျှော့ရန် ငြင်းဆန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သားရဲမုဆိုးများသည် မြို့တစ်ဝိုက်မှာ ဝိညာဉ်ဖမ်းကိရိယာများ ချထား၍ဖြစ်သည်။ ဝိညာဉ်သည် ခန္ဓာကိုယ်ကနေ ထွက်သွားသည်နှင့် မကြာခင်မှာပဲ ဝိညာဉ်ဖမ်းကိရိယာက စုပ်ယူသွားလိမ့်မည်။ ထိုအချိန်မှကစပြီး ပြန်လည်ဝင်စားရန်မဆိုထားနှင့် ဝိညာဉ်ပျောက်ကွယ်ခြင်းပင် မမျှော်မှန်းနိုင်သောအရာ ဖြစ်လာလိမ့်မည်။ သန့်စင်ထားသောဝိညာဉ်သည် သေးငယ်ပြီး မှောင်မိုက်သော ဝိညာဉ်ဖမ်းကိရိယာထဲတွင် ချုပ်နှောင်ခံရပြီး တခြားသူများ၏ အတင်းခိုင်းစေမှုနှင့် ကျွန်အဖြစ် နေရမှာဖြစ်ပြီး ဘယ်တော့မှ အလင်းရောင်ကို မမြင်နိုင်တော့ပါ။
ရှုပ်ထွေးပြီး ဂရုမစိုက်သော စိတ်ထဲကအသံများကြားတွင် တိထျင်းသည် အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
၎င်း၏အသိစိတ် တဖြည်းဖြည်း ဝေဝါးလာသောအခါ ၎င်း၏ခန္ဓာကိုယ်ကို လက်တစ်ဖက်က ညင်သာစွာ ထိလိုက်သည်။
တိထျင်းသည် မျက်ခွံများကို မဝံ့မရဲ မလိုက်ပြီး အေးစက်စက် ကလေးဆန်သော မျက်နှာနှင့် ရင်ဆိုင်လိုက်သည်။
သူသည် အလွန်ချောမောသော ကောင်လေးတစ်ယောက်ဖြစ်သော်လည်း သူ့မျက်နှာသည် အမူအရာမဲ့နေပြီး မျက်လုံးထောင့်များနှင့် မျက်ခုံးများက အေးခဲနေသလို မာကျောနေသည်။
သို့သော် သူ့စိတ်ထဲကအသံသည် အလွန်နူးညံ့၏။
'သနားစရာကောင်းလိုက်တာ… မကြောက်နဲ့နော်၊ ငါမင်းကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်။'
သူ့နောက်မှာ ပိုငယ်သောမိန်းကလေးတစ်ယောက် လိုက်လာသည်။ ကလေးနှစ်ယောက်သည် အလွန်တူပြီး မောင်နှမများဆိုတာ သိသာပါသည်။
ချက်ချင်းပဲ တိထျင်းကို သူ ပွေ့ချီလိုက်သည်။ သူ၏ပိန်ပိန်ပါးပါး လက်မောင်းများတွင် အသားမရှိသလောက်ဖြစ်သော်လည်း သူသည် ၎င်းကို တင်းတင်းကျပ်ကျပ်နှင့် နွေးထွေးစွာ ဖက်ထားသည်။
"ဆေးရုံကို ခေါ်သွားရအောင်" ကောင်လေးက သူ့ညီမကို ပြောလိုက်သည်။ "အိမ်ပြန်ပြီး ပိုက်ဆံအရင်သွားယူရအောင်"
ညီမလေးသည် နားလည်သလို ခေါင်းညိတ်ပြပြီး ကလေးနှစ်ယောက်သည် ပြန်ပြေးသွားပြီး အိမ်ရောက်သောအခါ သူတို့၏ဝက်စုဘူးကို ရိုက်ခွဲလိုက်သည်။
ထိုအချိန်တုန်းက မြို့ထဲတွင် တိရစ္ဆာန်ဆေးရုံကောင်းများ မရှိခဲ့ဘဲ ရှိခဲ့လျှင်ပင် ကလေးများက မသိကြပေ။
ထို့ကြောင့် ကလေးမလေးသည် အကြွေစေ့အိတ်တစ်လုံးနှင့် လိုက်လာပြီး ကောင်လေးကတော့ အနီးဆုံးဆေးရုံကို အသက်လုပြေးသွားသည်။ ကျောက်ခင်းလမ်းပေါ်က ရေတိမ်ထဲကို သူ့ဖိနပ်များ ပြုတ်ကျပြီး အလင်းရောင်တစ်ခု လင်းလက်သွားသည်။
လမ်းတစ်လျှောက်မှာ ကောင်လေးသည် အသက်မရှူ၊ စကားမပြောနိုင်တော့သည်အထိ အလွန်ပြေးလွှားနေခဲ့သော်လည်း သူ့၏ပုံပန်းသဏ္ဌာန်နှင့် လုံးဝမကိုက်ညီသော စိတ်၏နူးညံ့သောအသံက သူ့ရင်ခွင်ထဲက တိထျင်းကို အဆက်မပြတ် နှစ်သိမ့်ပေးနေခဲ့သည်။ တိထျင်းသည် သူ၏နောက်ဆုံးအစွမ်းအစကို အသုံးပြုပြီး ၎င်း၏ခေါင်းကို သူ၏နှလုံးသားပေါ်တင်ပြီး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်
သူ၏နှလုံးခုန်သံ၊ သူ၏ရင်တွင်းအသံ။
တဒုတ်ဒုတ်… တဒုတ်ဒုတ်…
မကြောက်ပါနဲ့၊ ငါမင်းကို ပွေ့ထားပေးတယ်။
သူတို့ ဆေးရုံကိုရောက်သောအခါ တိထျင်းသည် မျက်လုံးများကို လုံးဝမှိတ်လိုက်ပြီဖြစ်သည်။
နွေးထွေးသောပွေ့ဖက်မှုကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း သူ၏ဝိညာဉ်နှင့်စိတ်သည် ဝိညာဉ်ဖမ်းကိရိယာ၏ဆွဲငင်အားကြောင့် ၎င်း၏ခန္ဓာကိုယ်ကနေ တွန့်ဆုတ်စွာ ခွဲထွက်သွားခဲ့ကြသည်။ တိထျင်း၏ ဝိညာဉ်သည် ဆေးရုံ၏ စင်္ကြံတစ်လျှောက် လွင့်မျောသွားပြီး အနီးဆုံး ဝိညာဉ်ဖမ်းကိရိယာဆီကို မရည်ရွယ်ဘဲ လွင့်မျောသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ကားမတော်တဆမှုတစ်ခုမှာ အသက်အန္တရာယ်ရှိသော ဒဏ်ရာရရှိခဲ့သည့် လူတစ်ယောက်က အထူးကြပ်မတ်ကုသဆောင်တွင် သေဆုံးနေသည်။ ကျန်းယွီချွမ်းဟုခေါ်သော ဤလူငယ်သည် အသက် ၁၆ နှစ်ထက် ပိုမရှင်သန်နိုင်တော့သော ကံကြမ္မာမျိုး ကြုံခဲ့ရသည်။ သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားပြီး ဆေးရုံကုတင်ပေါ်မှာ ကျန်ခဲ့တာက အသစ်စက်စက် ဗလာအခွံတစ်ခုသာ ဖြစ်သည်။
'ငါသေသွားပြီလား။'
ကောင်လေး၏အားပျော့သောနှလုံးခုန်သံသည် မပျောက်ကွယ်သွားခင် နောက်ဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။
တိထျင်း၏ဝိညာဉ်သည် ဝိညာဉ်ဖမ်းကိရိယာ၏ဆွဲငင်အားကို ခုခံရန် အကောင်းဆုံးကြိုးစားခဲ့ပြီး လွတ်မြောက်မှုရခဲ့သော စက္ကန့်အနည်းငယ်အတွင်းမှာပဲ တွန့်ဆုတ်ခြင်းမရှိဘဲ သေဆုံးသွားသူ၏ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားခဲ့သည်။
နောက်တစ်စက္ကန့်မှာ ဆေးရုံကုတင်ပေါ်ရှိ အလောင်းက ရုတ်တရက် မျက်လုံးဖွင့်လာသည်။
မျက်လုံးများသည် နက်ရှိုင်းသောရေကန်ကြီးတစ်ခုလို ငြိမ်သက်နေသည်။
ဤလူခန္ဓာကိုယ်၏ ထိခိုက်မှုက တိထျင်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ထက် ပိုနည်းပါသည်။ မုဆိုးများ၏ ဖမ်းဆီးခြင်းကို လုံးဝမခံချင်သောစိတ်ဆန္ဒနှင့် လူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော တိထျင်းသည် အံကြိတ်ပြီး ဒုက္ခသုက္ခကို တောင့်ခံခဲ့သည်။
ထိုညတွင် ကျန်းယွီချွမ်းဟုခေါ်သော လူငယ်သည် အထူးကြပ်မတ်ကုသဆောင်မှာ အံ့ဖွယ်နည်းဖြင့် အရေးပေါ်အခြေအနေကို ကျော်လွှားနိုင်ခဲ့သည်။
မှတ်ဉာဏ်ပြသခြင်းပြီးဆုံးသွားပြီးနောက် ကျန်းယွီချွမ်းသည် လက်ချောင်းနှစ်ချောင်းကို ဖြည်းဖြည်းချင်းဆန့်ထုတ်ပြီး ငိုယိုနေသော ကျန်းကျင်ယန်ကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ကျင်ယန်၊ မင်းကိုယ့်ကို နှစ်ခါကယ်တင်ခဲ့တယ်"
ပထမအကြိမ်က…
ကိုယ့်ကို မကျေနပ်မှုတွေနဲ့ တစ်ယောက်တည်းသေဆုံးရမဲ့အဖြစ်ကနေ တားဆီးခဲ့တာလည်း မင်းပဲ။
ဒုတိယအကြိမ်က…
အဲဒီဆေးရုံကို ကိုယ့်ကိုခေါ်လာခဲ့တာလည်း မင်းပဲ။
မင်းရဲ့နှလုံးခုန်သံနဲ့ မင်းရဲ့စိတ်ထဲကအသံက ကမ္ဘာပေါ်မှာ အလှပဆုံးအသံနှစ်ခုပဲ။
TK Team Chapter 45