【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၀၄】
Chapter 4
သူ စားချင်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ ပိန်ပါးသေးသွယ်သော စူးချုံသည် ဘဲကင်နှစ်ကောင်ကို တစ်ခါတည်း စားပစ်လိုက်သည်။
လင်ဖုက သိပ်မစားဘဲ စူးချုံအတွက် ဘဲကင်ကိုသာ တစ်ချိန်လုံး တိတ်တဆိတ် လုပ်ပေးနေသည်…
စားပွဲပေါ်တွင် စူးချုံ သန့်ရှင်းသပ်ရပ်စွာ ဝါးထားသော ဘဲအရိုးများသည် အရိုးတောင်ပုံအဖြစ် ပြောင်းလဲသွားသည်။ လင်ဖု စစ်ဆေးရန် သွားသောအခါ စူးချုံသည် အရိုးတောင်ပုံကို တစ်ခါသုံး စက္ကူပြားတစ်ခုထဲသို့ ထည့်ကာ စားပွဲကို စက္ကူသုတ်ပုဝါဖြင့် သုတ်လိုက်သည်။ အကြွင်းအကျန်များကို ပေါင်း၍ စက္ကူပြားထဲသို့ ထည့်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် စူးချုံသည် လင်ဖုထံသို့ လျှောက်သွားပြီး အလေးအနက် သူ့ကို ကျေးဇူးတင်လိုက်သည်။ "ငါ့ကို ဘဲကင်ဖိတ်ကျွေးလို့ ကျေးဇူးတင်ပါတယ်။ ငါ အရမ်းပျော်ပါတယ်။"
နူးညံ့သိမ်မွေ့ပြီး ကလေးဆန်သော မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည့် ကျေးဇူးတင်မှုနှင့် ကျေနပ်မှု အပြုံးသည် ရင်ဘတ်ရှိ နှလုံးသားထဲသို့ မြားတစ်စင်းလိုပစ်ဝင်သွားသည်။
"…ရပါတယ်" လင်ဖုသည် တည်ငြိမ်စွာ တစ်ဖက်သို့လှည့်ပြီး သူ့နှလုံးသားနေရာကို ဖိလိုက်သည်။
သူတို့နှစ်ဦး အိမ်ပြန်သောအခါတွင် အင်ဂျင်ပျက်စီးသွားသည့် လင်ဖု၏ ကားကို ဆွဲယူသွားပြီဖြစ်သည်။ ကုမ္ပဏီမှ ကားတစ်စီးကို ရှောင်ကျန်းက ခေါ်ပြီး လင်ဖုကို စောင့်နေသည်။
"ဒါဆို ငါပြန်တော့မယ်" လို့ စူးချုံက ယဉ်ကျေးစွာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်"
လင်ဖုသည် သူ့လက်ကို သပ်ရပ်စွာ ဝှေ့ယမ်းပြီး "မနက်ဖြန်တွေ့မယ်" ဟု လေးလေးနက်နက် ပြောခဲ့သည်။
စူးချုံသည် 'အင်း'ဟု တုံ့ပြန်ကာ ဝမ်းသာအားရ အပေါ်ထပ်ကို ပြေးတက်သွားသည်။
လင်ဖု၏မျက်လုံးများသည် စူးချုံ၏ပိန်ပိန်ပါးပါးပုံစံနောက်သို့ လိုက်ကာ အမှောင်စင်္ကြံထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ကျန်းသည် ကားတံခါးကိုဖွင့်ပြီး သစ်လုံးကဲ့သို့ မြေပြင်ပေါ်တွင် မလှုပ်မယှက် မတ်တတ်ရပ်နေသော လင်ဖုကို "မစ္စတာလင်၊ ကားပေါ်တက်ပါ" ဟု သတိပေးလိုက်သည်။
ငါတို့မစ္စတာလင် အမြဲဂုဏ်ယူခဲ့ရတဲ့ ထိန်းချုပ်မှုက ပျက်စီးတော့မယ်ထင်တယ်။
"...သွားရအောင်" လင်ဖုက တိုးတိုးလေးပြောသည်။
ရှောင်ကျန်း: …
ငါတို့မစ္စတာလင်က ဒီအပြစ်ကင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ကောင်လေးကြောင့် မျက်ရည်တွေဝဲနေပြီထင်တယ်။
[12]
အဲဒီနေ့မှာ စူးချုံသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လှည်းကို တစ်နေကုန်တွန်းပြီး အသီးအရွက်အိတ်အနည်းငယ်ကို ထမ်းကာ ဖုန်တွေ၊ အညစ်အကြေးတွေဖြင့် အိမ်ပြန်ခဲ့သည်။
အလုပ်ကြမ်းပေမဲ့ လစာတစ်ခုနဲ့ဝယ်ထားတဲ့ အစားအစာက ရက်အတော်ကြာအောင် လုံလောက်ပြီး အလုပ်စဝင်တဲ့ နှစ်ရက်အတွင်းမှာ ရေနှင့်လျှပ်စစ်မီးကြေး ကြွေးကျန်တွေအားလုံးကို သူပေးချေနိုင်သည်။
စူးချုံသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အသီးအရွက်များကို ဆေးကြောရန် တွေးနေသည်။
အဲဒီမှာ အကြာကြီးမနေနိုင်တာ ဝမ်းနည်းစရာပင်။ ဆင်းရဲခြင်းနတ်ဘုရားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အချိန်အကြာကြီး နေပါက ဆောက်လုပ်ရေးက ဘယ်တော့မှ ပြီးမည်မဟုတ်ပေ။
ဘေးစင်ထဲတွင် အသစ်ဝယ်ထားသော လက်ဆေးရေဇလုံသည် ဟင်းသီးဟင်းရွက်ဆေးရည်များ ပြည့်သွားသောအခါ စူးချုံသည် အိမ်သာသို့ ရေကိုယူသွားပြီး အိမ်သာရေဆေးရန်နှင့် ကြမ်းပြင်ကို သုတ်ရန် ပိုကြီးသော အင်တုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။
ရေနှစ်ခါလောင်းပြီးနောက် ဟင်းသီးဟင်းရွက်များကို ဆေးကြော၍ပြီးသွားသည်။
စူးချုံသည် ဂေါ်ဖီကြော်ကို ပြုလုပ်ထားပြီး အပေါက်သေးသေးလေးဖြင့် ပန်းကန်တစ်လုံးပေါ်တွင် ထည့်ကာ ပန်းကန်ပြားအနားတွင် ပေါင်းထားသော မုန့်ကို တင်ပြီး စားရန် ပန်းကန်ကိုကိုင်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
ခဏလောက်စားပြီးတဲ့အခါ ဆင်းရဲသားလေး စူးချုံသည် မနေ့ညက ဘဲကင်ကို သတိရသွား၏။
အနံ့အရမ်းကောင်းတယ်... စူးချုံသည် ပြန်လည်သတိရပြီး သူ့နှုတ်ခမ်းတွေကို သပ်လိုက်ကာ ခေါင်းအုံးအောက်ကနေ စုတ်ပြဲနေတဲ့ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
——"ရွေးချယ်စရာ ဝက်သား၊ အမဲသားနှင့် သိုးသား အိမ်ချက်ဟင်းလျာများ 666"
စူးချုံသည် စာအုပ်ကို ဒူးပေါ်တွင်တင်ကာ ဖွင့်ပြီး စာမျက်နှာများကို လှန်လှောကာ စာအုပ်ထဲရှိ အသားတုံးကြီးများ၏ ဓာတ်ပုံများကို စိုက်ကြည့်ကာ ဂေါ်ဖီကြော်စားပြီး ပေါင်းထားသော မုန့်ခြောက်များကို မျိုချလိုက်သည်။
ဒီအချိန်မှာ တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။
စူးချုံသည် ထမင်းစားရင်းတစ်ဝက်တွင် စာအုပ်ကို ကုတင်ပေါ်တင်ပြီး ဖြေဖို့ တံခါးဆီ ပြေးသွားလိုက်သည်။ "ဘယ်သူလဲ။"
"ကိုယ်ပါ" လင်ဖုက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။
စူးချုံသည် တံခါးကိုဖွင့်ပြီး လင်ဖုကို ရှုပ်ယှက်ခတ်ပြီး ကြည့်ကာ မေးလိုက်သည်။ "မင်းဘာလို့ ဒီကိုထပ်ရောက်လာတာလဲ။"
လင်ဖုသည် သူ့လက်ထဲက အိတ်နှစ်လုံးကို မြှောက်လိုက်ပြီး နူးညံ့သော အပြုံးဖြင့် "ကိုယ် တစ်ခုခုလာပို့တာ။"
"အိုး... ကျေးဇူးပြုပြီး ဝင်လာပါ"
လင်ဖုသည် အခန်းထဲဝင်လာကာ ခြေထောက်တစ်ချောင်းပျောက်နေသော ထိုင်ခုံပေါ်ကို လက်ထဲက အိတ်နှစ်လုံးအား သေသေချာချာတင်လိုက်သည်။ ထို့နောက် သူသည် အိတ်ထဲမှ အဖြူရောင်စတုဂံဘောက်ကို ထုတ်ကာ ဖွင့်ပြီး စူးချုံအား ပြလိုက်သည်။
ဘောက်ထဲတွင် ငွေဖြူရောင် Apple ဖုန်းတစ်လုံးရှိသည်။
စူးချုံသည် သူ့မျက်လုံးများကို ပြူးကျယ်ကျယ်ဖွင့်လိုက်ပြီး "အိုး... " ဟု အံ့သြစွာ အော်လိုက်သည်။
လင်ဖုက အေးအေးဆေးဆေး ရှင်းပြသည်။ "မင်းမှာ ဖုန်းမရှိဘူးလေ၊ ဒါကြောင့် မင်းကို ဆက်သွယ်ရတာ အဆင်မပြေဘူး။"
စူးချုံသည် ဖုန်းကို ဝမ်းနည်းစွာကြည့်ရင်း ခေါင်းကိုငုံ့ကာ သူ့လက်ချောင်းများကို ကစားနေသည်။ "ဒါပေမဲ့… ဒီဖုန်းက ထောင်ချီပြီးဈေးကြီးလောက်တယ်။ ငါက ဖျက်စီးမိမှာ ကြောက်တယ်။"
"မဖြစ်နိုင်ပါဘူး၊ ဒါက ကိုယ်ဒီနေ့မှ အသစ်ဝယ်လာတာ" လင်ဖုသည် ဖုန်းကို ဘောက်ထဲက ထုတ်လိုက်ပြီး သူ့နံပါတ်ကို နှိပ်လိုက်ပြီး စူးချုံက ပေးလိုက်သည်။ "အထဲမှာ ဖုန်းကတ်ရှိတယ်၊ မင်း ချက်ချင်း သုံးလို့ရတယ်။"
စူးချုံက တုံ့ဆိုင်းနေဆဲဖြစ်သည်။ "ဒါပေမဲ့…"
လင်ဖုသည် မျက်မှောင်ကြုတ်ကာ ဒေါသထွက်ဟန်ဆောင်ပြီး "မင်းမသုံးရင် ကိုယ်စိတ်ဆိုးမှာ"
"စိတ်မဆိုးပါနဲ့၊ ငါစမ်းကြည့်မယ်။" စူးချုံသည် သူ့လက်ချောင်းထိပ်တွေနဲ့ ဖုန်းကို ဂရုတစိုက်ကိုင်လိုက်ပြီး သူ့မျက်လုံးတွေမှာ စိုးရိမ်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေသည်။
လင်ဖု၏ ဖုန်းက မြည်လာသည်။ ဒါက စူးချုံ၏ဖုန်းအသစ်မှ ခေါ်သံဖြစ်သည်။ လင်ဖုက ဖုန်းကို ကိုင်ကာ "ဟယ်လို"
စူးချုံသည် ဖုန်းလက်ခံသူနှင့် သူ့ဘက်ခြမ်းမှ ထွက်ပေါ်လာသော လင်ဖု၏ အေးဆေးတည်ငြိမ်သော အသံကို နားထောင်ပြီး တစ်ချိန်တည်းတွင် သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး စိတ်မသက်မသာစွာ ပြောလိုက်သည်။ "ဟယ်လို..."
သူ့ဘဝတွင် ဖုန်းခေါ်ဆိုမှုကို တစ်ခါမျှ မပြုလုပ်ဖူးသလိုပင်။
"ကြည့်လေ၊ အရာအားလုံးက ပုံမှန်ပါပဲ။" လင်ဖုက သူ့နှုတ်ခမ်းထောင့်ကို မြှောက်လိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။
သို့သော် သူစကားပြောပြီးသည်နှင့် စူးချုံ၏လက်ထဲမှ ဖုန်းစခရင်က ချက်ချင်းပင် ဖြူသွားသည်။
လင်ဖု၏ ယုံကြည်မှုအပြုံးသည် သူ့နှုတ်ခမ်းထောင့်တွင် အေးခဲသွားသည်..။
"အာ" စူးချုံသည် စိုးရိမ်တကြီးဖြင့် သူ့ဖုန်းကို အခေါက်ခေါက်အခါခါ ဖိကာ မျှော်လင့်ချက် ခပ်ရေးရေးဖြင့် မေးလိုက်သည်။ "ဘာဖြစ်သွားတာလဲ၊ အားကုန်သွားတာလား။"
လင်ဖုက ခက်ခက်ခဲခဲ ပြောလိုက်သည်။ "...ဒါက အားအပြည့်ပဲ"
ဖုန်းစခရင်သည် လုံးဝမည်းမသွားမီ အကြိမ်အနည်းငယ် တုန်ခါပြီး လက်သွားသေးသည်။
လင်ဖုသည် စူးချုံထံမှ ဖုန်းကို ပြန်ယူ၍ ဖွင့်ရန် ကြိုးစားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိခဲ့ပေ။
"တောင်းပန်ပါတယ်..." စူးချုံသည် အမှားတစ်ခုခုလုပ်မိသွားသလိုမျိုး ခေါင်းကိုငုံ့ကာ "ငါ ထပ်ပြီးဖျက်ဆီးမိလိုက်ပြီ။"
ယခုတစ်ကြိမ်တွင် လင်ဖုသည် ဒါကို မယုံကြည်ရင်တောင် သူ့ကိုယ်သူ လက်ခံယုံကြည်အောင် မလုပ်နိုင်ပေ။
"ကိုယ် မင်းကို အပြစ်မတင်ပါဘူး။" လင်ဖုသည် ပျက်သွားသောဖုန်းကို ဘောက်ထဲကို ထည့်လိုက်ပြီး နောင်တကြီးစွာနဲ့ သက်ပြင်းချကာ ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ "ထိလိုက်တာနဲ့ ဈေးကြီးတဲ့အရာတွေက ပျက်စီးသွားတာလား။ ဈေးမကြီးတဲ့အရာတွေဆိုရင်ကော။"
စူးချုံက ခေါင်းခါလိုက်သည်။ "ဈေးမကြီးရင် အဲလောက်မဆိုးပါဘူး၊ ဒါပေမဲ့ ဖုန်းတွေက ငါ့အတွက် တော်တော်စျေးကြီးတယ်။"
"ကိုယ် အကြံတစ်ခုရပြီ။" လင်ဖု၏ မျက်လုံးတွေ တောက်ပလာပြီး နောက်အိတ်ကို ကောက်ကိုင်လိုက်ပြီး ခါလိုကါကာ သဘာဝကျကျ ပြောလိုက်သည်။ "မနက်ဖြန်မှ ပြောရအောင်။ အရင်ဆုံး ကိုယ်နဲ့အတူ ထမင်းစားရအောင်။"
"တကယ်တော့ ငါထမင်းစားနေတာ..." စူးချုံသည် ဂေါ်ဖီကြော်၊ မုန့်ပေါင်းတစ်ဝက်နှင့် ကုတင်ပေါ်ရှိ ထမင်းချက်စာအုပ်ကို လက်ညှိုးထိုးပြသည်။
လင်ဖုသည် ကုတင်ကို ငုံ့ကြည့်ကာ ချက်ချင်း နားလည်လိုက်သည်။
"ဘာလို့ ညစာစားဖို့ ငါ့အိမ်ကို ထူးထူးခြားခြား ရောက်လာတာလဲ။" စူးချုံက တွန့်ဆုံ့စွာ မေးလိုက်သည်။
လင်ဖုသည် ပြန်မဖြေဘဲ စူးချုံဘက်သို့ ကျောပေးကာ အသက်ပြင်းပြင်းရှူလိုက်သည်။
စူးချုံသည် သူ့နောက်ကျောကို ညင်သာစွာထိရင်း "မင်းဘာဖြစ်နေတာလဲ။"
"ကိုယ် အဆင်ပြေပါတယ်။" လင်ဖုက တည်ငြိမ်စွာ ပြန်လှည့်လာသည်။
"မင်းမျက်လုံးတွေ နည်းနည်းနီနေတယ်။" စူးချုံက စိုးရိမ်စွာပြောသည်။
"ငါဗိုက်ဆာလို့" လင်ဖုက ခပ်တိုတိုပြောသည်။
စူးချုံ:...
လင်ဖုသည် သူ့လက်ထဲမှ အိတ်တစ်လုံးဖြင့် စူးချုံ၏ ကုတင်ဆီသို့ လျှောက်သွားကာ အထဲမှ အရသာရှိသော အစားအစာများကို ထုတ်ပြီး လက်သုတ်ပုဝါကို ကုတင်ပေါ်တင်ကာ တိုးတိုးလေးပြောသည်။ "မင်း ကိုယ်နဲ့အတူ လာစားပါလား။"
"အိုး၊ ကောင်းပြီ" စူးချုံက ကြောင်တောင်တောင် တုံ့ပြန်လိုက်သည်။
"စားလေ" လင်ဖုသည် သူ့တူဖြင့် အသားတုံးနှင့် ဟင်းသီးဟင်းရွက် အများအပြားကိုကော်ပြီး စူးချုံ၏ နေ့လယ်စာဘူးထဲသို့ ထည့်ပေးသည်။
စူးချုံသည် ပျော်ရွှင်စွာ စတင်စားပြီး စားနေရင်းနဲ့ ရယ်မောနေသည်။ အခုချိန် သူ့တင်ပါးမှာ အမြီးရှိနေပါက ပန်ကာကဲ့သို့ သေချာပေါက် လှုပ်ယမ်းနေမည်။
လင်ဖုသည် တိတ်ဆိတ်နေပြီး စူးချုံ၏ နေ့လယ်စာဘူးထဲသို့ အသားများကို ဆက်လက်ထည့်ပေးသည်။
ဘာပဲဖြစ်ဖြစ် ငါ သူ့ကို မနက်ဖြန် စားပွဲတစ်ခုဝယ်ပေးရမယ်လို့ လင်ဖုက ဝမ်းနည်းစွာ တွေးလိုက်သည်။