Chapter : 40 ( မီး မိန်းကလေး [15] )
ထန်ယင် : "ဒါဆို အဲဒီနာမည်ကြီးက ရှင်လောက် မချောဘူးပေါ့၊ ရှင်က ဒီနေရာမှာ တောက်ပနေတဲ့အလင်းရောင်လေးလိုပဲ"
ဟိုင်ရိ ရှားပါးသော ရှက်ရွံ့ခြင်းကို တစ်ခဏ ခံစားလိုက်ရသည်။ သူပြန်ဖြေဖို့ရာ တုံးတိဖြစ်နေချိန်မှာပင် စင်္ကြန်လမ်းကနေ အနက်ရောင်အရိပ်တစ်ခု ထွက်လာပြီး သူတို့ရှေ့တွင် မျက်နှာချင်းဆိုင် ရပ်လိုက်၏။ သေဆုံးသူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်ထားသလို မဲမဲနက်နက်ဖြစ်နေပြီး အချိန်မရွေး အရေပြားတွေ ကွာကျလာနိုင်သည့် ရေခဲဖတ်လို ဖြစ်နေသည်။ သူမ လက်ထဲတွင် အစားအသောက်သေတ္တာတစ်လုံးကိုင်ထားပြီး ဖြည်းဖြည်းချင်း လျှောက်လာ၏။
ဟိုင်ရိနှင့် ထန်ယင်တို့က ကိုယ်တိုင်သိစိတ်ဖြင့် သူမအတွက် လမ်းဖယ်ပေးလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားငယ်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ ကွယ်လွန်သူ၏ ဝမ်းနည်းဖွယ်သေဆုံးမှုပုံစံက သူတို့ကို စကားမဲ့စေခဲ့သည်။ အထူးသဖြင့် ဟိုင်ရိအတွက်ပင်၊ တကယ့်လူတစ်ယောက် ဒီလိုဖြစ်သွားတာ သိလိုက်ရတော့ သူ့စိတ်ခံစားချက်သည် ပို၍ပင်ရှုပ်ထွေးလာခဲ့၏။
ထန်ယင် တိုးတိုးလေး မေးလိုက်သည်။
"သွားစားတော့မလား"
"အာ"
ဟိုင်ရိ ရှန့်ချန့်ယန်၏အခန်းကို နောက်လှည့်ကြည့်လိုက်သည်။ သူခဏတာ တုံ့ဆိုင်းပြီးမှ ပြောလိုက်သည်။
"သွားရအောင်"
သူ့ဖုန်းကို ဖွင့်ပြီးနောက် နေလုံးလေးဆီ စာပို့လိုက်သည်။
"ထမင်းစားချိန်ရောက်ပြီ"
နေလုံးလေးက ချက်ချင်းဆိုသလို သူ့ကို 'အိုကေ' စတစ်ကာ ပြန်ပို့လာသည်။
ထန်ယင်နှင့်အတူ ထိုင်ပြီးစားရမှာကို စိုးရိမ်သည့်အတွက် ဟိုင်ရိက သူ့ကို တွန်းအားပေးလိုက်သည်။
"မြန်မြန်လာပါ~ ဘိုးဘိုးကြီးရယ်"
နေလုံးလေး၊ ပန်းပွင့်လေး : "လာနေပြီ"
ဟိုင်ရိ မသိစိတ်ကပင် ရယ်မောရင်း သူ့နှုတ်ခမ်းကို မသိမသာစူလိုက်သည်။ ထန်ယင်သည် သူမ၏ခေါင်းကို စောင်းလိုက်ပြီး သူ့ကို ခိုးကြည့်လိုက်၏။ သူမက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူတစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းချရင်း နောက်လှည့်သွားသည်။
သူတို့နှစ်ယောက် အထဲသို့ဝင်သွားသည့်အခါ ကွယ်လွန်သူသည် ပန်းကန်များကို မချရသေးပေ။ ဟိုင်ရိ၏ အကြည့်က နေရာအနှံ့ကို ဝေ့ကြည့်လိုက်ရာ စားပွဲတစ်လုံးတွင် နှစ်ယောက်စီ ထိုင်ရမည်ကို တွေ့ရသည်။ ဟိုင်ရိ၏ အကြည့်က ထန်ယင်ဆီ ရောက်သွားပြီ သူ တုံ့ဆိုင်းနေခဲ့သည်။
သူတို့အတူတူ ထိုင်လို့မရတော့ဘူး အားးးး
လူနှစ်ယောက် အတူတူထိုင်ရခြင်းက အလွန်အမင်း မရေရာမှုတစ်ခုလို ခံစားရသည်။ ဤမရေရာမှုကို ဆက်လက်ဖြစ်ပေါ်စေလိုသည်ဟု ဟိုင်ရိက ခံစားရစေခဲ့၏။ ထန်ယင်သည် တကယ်ကို ကောင်းမွန်သော စကားပြောဖော်တစ်ဦး ဖြစ်သည်။ သူမသည် ဟိုင်ရိ၏ စိတ်ထဲရှိသမျှ အရာအားလုံးကို ထုတ်ဖော်ပြောဆိုလိုစိတ်ကို လှုံ့ဆော်ပေးခဲ့၏။ လူအများကြီးနှင့် စကားပြောပြီးနောက်မှာပင် သူ မခံစားရသော အရာဖြစ်သည်။
ထို့ပြင် ထန်ယင်သည် သူ့ကို တဖြည်းဖြည်း ပေါ့ပါးလာအောင် ပြုလုပ်ပေးနိုင်သည့်သူတစ်ဦးနှင့် ပိုတူ၏။ ဟိုင်ရိ၏ အကြီးမားဆုံး စိန်ခေါ်မှုမှာ သူ့ရဲ့လိင်စိတ်ခံယူချက်ကို သဘာဝကျကျ ဘယ်လိုထုတ်ဖော်ပြောဆိုရမှန်း မသိခြင်းပင် ဖြစ်သည်။
ထန်ယင်က စားပွဲတစ်ခုကို ရှာတွေ့နှင့်ပြီးသား ဖြစ်သည်။ ဟိုင်ရိက ချက်ချင်း မသွားသေးဘဲ ခဏလေး တုံ့ဆိုင်းနေခဲ့၏။ ထန်ယင်က သူ့ကို ပြုံးပြရင်း နောက်လှည့်ကြည့်ပြီး မေးလိုက်သည်။
ထန်ယင် : "ဒီမှာလား"
ဟိုင်ရိ : ...
သူ့ပခုံးကို ရုတ်တရက် အပုတ်ခံလိုက်ရသည်။ ရှန့်ချန့်ယန်သည် သဘာဝအတိုင်းပင် မေးလိုက်၏။
ရှန့်ချန့်ယန် : "စားချိန်ရောက်ပြီလား"
ဟိုင်ရိ ချက်ချင်းဆိုသလို စိတ်အေးသွားသည်။
"အာ..."
ရှန့်ချန့်ယန်သည် ဘေးတွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည်။ သူ့ကို မြေကြီးမှာ စူးစူးစိုက်စိုက် မူးဝေနေဆဲကို မြင်သော် သူပြောလိုက်၏။
ရှန့်ချန့်ယန် : "ထိုင်လေ"
ဟိုင်ရိ သတိပြန်ဝင်လာသည်။
"အို...အိုကေ"
သူက ထန်ယင်ကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ သူမက ခေါင်းညိတ်ပြီး ပြုံးပြရုံသာ တတ်နိုင်ပြီး အားလုံးအဆင်ပြေကြောင်း ပြသလိုက်၏။
ဟိုင်ရိ၏ ရင်ဘတ်က ကျပ်တည်းနေသလို ခံစားရသည်။
ဒါပေမယ့် ဒါက ပိုကောင်းပါသည်။ တစ်စုံတစ်ယောက်ကို စောစီးစွာ ပယ်ချခြင်း၊ ကိုယ့်ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းက ဘယ်သူ့အတွက်မှ မကောင်းတဲ့အရာ မဟုတ်ပါဘူး။
ရှန့်ချန့်ယန်သည် ဘာမှမသိသလို သူ့ရဲ့တူတွေကို ခွဲလိုက်ပြီး ဟိုင်ရိကိုပါ ကူညီပေးလိုက်၏။ ဟိုင်ရိက မေးလိုက်သည်။
"မင်းဘာလို့ ပြန်သွားတာလဲ"
ရှန့်ချန့်ယန် : "ဖုန်းနဲ့ ကစားဖို့"
ဟိုင်ရိ : ...
ရှန့်ချန့်ယန်သည် သူ့ကို ဘေးတစောင်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟိုင်ရိ : "ဘာလို့ ဒီလောက်မာနကြီးတာလဲ"
ဟိုင်ရိက တီးတိုးရေရွတ်လိုက်၏။
"ဆိုးတဲ့ ကောင်လေး"
ရှန့်ချန့်ယန် : "ဒါပဲလေ၊ ချောတဲ့ယောကျာ်းတွေက မာနကြီးလို့မရဘူးလား"
ရှန့်ချန့်ယန်၏ ရုတ်တရက်စနောက်မှုကြောင့် ဟိုင်ရိ ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။
{ သတိပေးချက် - ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြချက်များ အနည်းငယ် ပိုပါဝင်ပါသည်။ }
ယနေ့ညစာသည် တို့ဟူးဟင်းချို၊ ထောပတ်အနည်းငယ်၊ မုန့်ဖုတ်ပေါင်မုန့်နှင့် ခေါက်ဆွဲတို့ဖြင့် စားလို့ကောင်းသော ညစာတစ်နပ် ဖြစ်သည်။ လူအများစုက ညစာစားချိန်ကို စောစီးစွာ ရွှေ့ထားကြောင်း မသိကြပေ။ ထို့ကြောင့် ဟိုင်ရိသည် လျိုကျယ်ထံသို့ တိတ်တဆိတ် စာတစ်စောင် ပို့လိုက်၏။
"ကျယ်ကျဲ၊ လာစားပါဦး
မကြာခင်မှာပဲ လျိုကျယ်လည်း ရောက်လာခဲ့ပြီး မလာသေးသည့် ကောင်လေးတစ်ယောက်ပဲ ကျန်တော့သည်။ လျိုကျယ်၏ အကြည့်သည် နေရာအနှံ့ကို ဝေ့ကြည့်လိုက်ပြီးနောက် သူမ ပြန်လှည့်သွား၏။ ထို့နောက် သူမ ကောင်လေး၏ တံခါးကို ခေါက်သည့်အသံကို ကြားနိုင်သည်။ ကောင်လေးက တံခါးကို မဖွင့်ပေ။ အပြင်ကနေ လျိုကျယ်က ကြေညာလိုက်၏။
"ထမင်းစားချိန်ရောက်ပြီ"
ဗိုက်ဆာနေသော ဟိုင်ရိမှာ အားရပါးရ စားလိုက်သည်။ ရှန့်ချန့်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခဏအကြာတွင် တစ်ရှူးတစ်ခု လှမ်းပေးလိုက်၏။
ရှန့်ချန့်ယန် : "ဗိုက်ပြည့်ပြီလား"
ဟိုင်ရိ ဟင်းချိုကို တစ်ငုံသောက်လိုက်သည်။
"ဗိုက်ပြည့်ပြီ၊ ငါ နေ့လည်ပိုင်းဆို အများကြီးမစားဘူး"
ကောင်လေးတစ်ယောက်လည်း နောက်ဆုံးတော့ ဝင်လာခဲ့သည်။ ဟိုင်ရိ သူ့ခေါင်းကို မော့လိုက်ရာ သူ့အကြည့်က ကောင်လေး၏ မျက်စိဖြင့် မတော်တဆ ဆုံသွားသည်။ အကြောင်းရင်းမသိရသော်လည်း ဟိုင်ရိသည် သူ့အကြည့်က တစ်စုံတရာ ရန်လိုနေသလို ခံစားရ၏။
ဟိုင်ရိ မှိုင်တွေတွေနှင့် စိုက်ကြည့်နေမိပြီး ဒါက ထူးဆန်းသည်ဟု ခံစားရသည်။ သူ ရှန့်ချန့်ယန်ဘက်ကို လှည့်လိုက်၏။
ရှန့်ချန့်ယန်တွင် မည်သည်မျှ မတွေ့ရှိခဲ့ပေ။ ဟိုင်ရိ၏ အကြည့်က သူ့အပေါ်ကျရောက်နေသည်ကို မြင်တော့ သူက ဟိုင်ရိကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"?"
ဟိုင်ရိ : "ဘာမှမဟုတ်ဘူး"
ဟိုင်ရိ သေချာစဉ်းစားလိုက်သည်။
သူ ထိုကောင်လေးနှင့် ဘာမှ အပြန်အလှန်ဆက်ဆံဖူးပုံမရချေ။ သို့သော် သူ၏အကြည့်က ဟိုင်ရိအပေါ်၌ ရွံရှာမှု အပြည့်ပါနေတာတော့ သေချာလေသည်။
ဒါ ဘယ်လိုဖြစ်တာလဲ...
ဟိုင်ရိသည် ထိုကောင်လေးနှင့် ရန်သူဖြစ်ရန် ဆန္ဒမရှိခဲ့ပေ။ သူ ထိုကောင်လေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
စားပွဲတစ်လုံးတွင် နှစ်ယောက်ထိုင်ရမည်ဖြစ်၏။ ရှန့်ချန့်ယန်နှင့် ဟိုင်ရိတို့ အတူတူထိုင်ကြပြီး လျိုကျယ်နှင့် ထန်ယင်တို့ အတူတူထိုင်ကြရာ ထိုကောင်လေးသည် တစ်ယောက်တည်း ထိုင်ခဲ့ရသည်။ သူ ထိုင်လိုက်သည့်အချိန်မှစ၍ သူ့ခေါင်းက ငုံ့ကျနေခဲ့ပြီး သူ၏တူများကို စိတ်ပျက်စွာ ကိုင်ထားကာ ခရုတစ်ကောင်လို ဖြည်းဖြည်းချင်း စားနေ၏။
တစ်စုံတစ်ယောက်ဆီတွက် သူ ပိုက်ဆံကြွေးတင်နေပြီး အစားအသောက်ကို အတင်းအကြပ် မြိုချခိုင်းနေသလိုပင်။ ဟိုင်ရိ နေ့တစ်ဝက်လောက် စောင့်ခဲ့သော်လည်း ထိုကောင်လေးမှာ သူ့ကို ဘယ်တော့မှ ပြန်မကြည့်တော့ပေ။
ရှန့်ချန့်ယန်လည်း ထိုကောင်လေးဘက်ကို လှည့်ကြည့်လိုက်ပြီးနောက် ဟိုင်ရိကို တစ်ချက်ကြည့်လိုက်သည်။
ဟိုင်ရိ : "အဆင်ပြေပါတယ်"
ရှန့်ချန့်ယန်က သူ့အကြည့်ကို လိုက်ကြည့်လိုက်၏။
"ခင်ဗျား ထပ်ပြီး ပြဿနာမရှာထားဘူးမလား"
"မရှာပါဘူး"
ဟိုင်ရိ ရှုပ်ထွေးစွာ ဖြေလိုက်သည်။
"'ထပ်ပြီး' ဆိုတာ ဘာကိုဆိုလိုတာလဲ...ငါ ဘယ်တုန်းက ပြဿနာ ရှာခဲ့လို့လဲ"
ရှန့်ချန့်ယန် ပြန်မဖြေခဲ့ပေ။ သူ ဟင်းချိုတစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
ရှန့်ချန့်ယန် : "မကြည့်ပါနဲ့တော့၊ သူ့ကို သွားဆွမနေနဲ့"
ဟိုင်ရိ : "အာ..."
ရှန့်ချန့်ယန် သူ့ခြေထောက်တွေကို ချိတ်လိုက်ပြီး ဖုန်းနှင့်ကစားနေရင်း သူ့ပန်းကန်ထဲရှိ ပေါင်မုန့်ကို လှမ်းပေးလိုက်သည်။
ဟိုင်ရိသည် အမှန်မှာ ဗိုက်နည်းနည်း ပြည့်နေပြီလို့ ခံစားရသော်လည်း သူ၏ နတ်ဘုရားက ပေးထားခြင်းဖြစ်ရာ ပေါင်မုန့်ကို ကောက်ယူပြီး အနည်းငယ် ကိုက်စားလိုက်၏။
ရှန့်ချန့်ယန်သည် အလွန်ပိန်လေသည်။ သူ ဖုန်းကစားရင်း ခေါင်းငုံ့ထားတဲ့အခါ သူ့ရဲ့ကျောရိုးက သူ့တီရှပ်ကို သိသိသာသာ ထိုးထွက်နေသည်။ အရမ်းတင်းမာတာပဲ။
ဟိုင်ရိ သူ့ခေါင်းကို ငုံ့ကြည့်လိုက်ရာ ရှန့်ချန့်ယန်၏နားနောက်ရှိ သန့်ရှင်းသောအရေပြားမှ မှဲ့တစ်လုံးကို တွေ့လိုက်ရသည်။ ဒီလိုကျပန်းအသေးစိတ်လေးတွေက ဟိုင်ရိအား မကြာခဏဆိုသလို လှုပ်ရှားစေ၏။
အခုဆို လူတိုင်းလိုလို ညစာစားပြီးကြပြီ။ လျိုကျယ်က လူတိုင်းကို စကားပြောဖို့ လက်ဟန်ပြလိုက်ရာ မည်သူမှ ကန့်ကွက်ခြင်းမရှိပေ။ စကားပြောခြင်းကလည်း ကောင်းသောအရာတစ်ခုဖြစ်သည်။ ထိုနည်းဖြင့် ဇာတ်ကြောင်းနှင့် ပို၍ရင်းနှီးလာစေမည်ဖြစ်၏။ ဟိုင်ရိလည်း ထိုနည်းတူ ခံစားမိပြီး ပြန်ဖြေတော့မလိုလုပ်နေစဉ် ရှန့်ချန့်ယန်က ပြောလိုက်သည်။
"တော်တော်နောက်ကျနေပြီ၊ မေ့လိုက်တော့"
ဟိုင်ရိ ခဏတာမျှ အံ့အားသင့်သွားသည်။ ရှန့်ချန့်ယန်က တခြားသူတွေနှင့် ဆွေးနွေးဖို့ အနည်းငယ်မျှ ဆန္ဒမရှိဘဲ ထိုအတိုင်း ထရပ်ပြီး ထွက်သွားသည်။
ဟိုင်ရိ၏ မျက်လုံးများတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာ၏။ ရှန့်ချန့်ယန်က ဤသို့ ရှားရှားပါးပါး ပြုမူတတ်သည်။ သူသည် လူဝင်ဆံ့သူ မဟုတ်ပေ။
အပေါ်ယံအားဖြင့် သူနှင့် အဆင်ပြေအောင် ပေါင်းသင်းရန် ခက်ခဲပုံရသော်လည်း တကယ်တမ်းတွင် အခြားသူများကို အလွန်အမင်း ထောက်ထားတတ်သူဖြစ်၏။
ရှန့်ချန့်ယန်ကို သိသည့် လျိုကျယ်ကလည်း အံ့အားသင့်သွားသော်လည်း သူမက သူမ၏အပြုံးကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
''အို့...ပင်ပန်းသွားပြီလား"
ရှန့်ချန့်ယန် : "အင်း၊ ကျွန်တော်အရင်ပြန်လိုက်တော့မယ်"
"ဒါဆိုလည်း ကျွန်မတို့..."
လျိုကျယ် တုံ့ဆိုင်းနေခဲ့သည်။
ထန်ယင် : "စကားပြောကြရအောင်၊ ငါတို့နည်းနည်း စကားပြောလို့ရပါတယ်"
ဟိုင်ရိ စိတ်ဓာတ်ကျနေသော ထိုကောင်လေးသည် ထွက်ခွာမသွားသေးသည်ကို တွေ့လိုက်ရ၏။
လျိုကျယ် : "ရှင့်ရဲ့အမှတ်တွေ လုံလောက်ပြီလား"
ဟိုင်ရိ : "ငါ စားဖို့သောက်ဖို့နဲ့ အဝတ်အစားအတွက် ရုန်းကန်နေရတုန်းပဲ"
သူတို့အနည်းငယ် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ထန်ယင်က ပြောလိုက်၏။
"ကျွန်မလည်း နီးစပ်နေပြီ၊ ရှင်ကော"
လျိုကျယ် : "နည်းနည်းလေးပဲ လိုတော့တယ်"
ထန်ယင် : "ဒါက မဖြစ်ဘူး၊ အဖေရေ..."
( T/N : ဝမ်ယင့်က သေဆုံးသူရဲ့ အဖေနေရာ ဇာတ်ကောင်ကျတာမလို့ အဖေလို့ နာမည်တပ်ခေါ်လိုက်တာပါ )
ထန်ယင်က ထိုကောင်လေးကို ခင်မင်ရင်းနှီးစွာ ခေါ်လိုက်သည်။
"ကျွန်မတို့ကို စကားပြောပါဦး၊ ကျွန်မတို့ ရှင့်နာမည်ကို မသိသေးဘူး"
ထိုကောင်လေးသည် ဖြည်းဖြည်းချင်း သူ့မျက်ခုံးများကို တွန့်လိုက်ပြီး နေရာအနှံ့ကို ဝေ့ကြည့်လိုက်၏။
"ဝမ်ယင့်၊ ကျွန်တော့်နာမည်က ဝမ်ယင့်ပါ"
ဟိုင်ရိက ပြုံးလိုက်သည်။
"ဘယ် ယင့် လဲ..."
ထိုကောင်လေးသည် ရုတ်တရက် ထရပ်လိုက်ပြီး သူ့ဆီသို့ တိုက်ရိုက် လျှောက်လာသည်။ ဟိုင်ရိ ခဏတာမျှ ကြောင်တောင်တောင် ဖြစ်သွား၏။ ဝမ်ယင်က ကုလားထိုင်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ရှန့်ချန့်ယန်၏ ထိုင်ခုံတွင် ထိုင်ကာ ဟိုင်ရိကို ဖုန်းလှမ်းပေးလိုက်သည်။ မျက်နှာပြင်ပေါ်တွင် ''胤" ဟူသော စာလုံးကို ရိုက်ထား၏။
ဟိုင်ရိသည် တရုတ်ဘာသာစကားကို ကောင်းစွာပြောဆိုနိုင်သည်။ ယေဘုယျအားဖြင့် သူ့ဘာသာသူ အချက်အလက်မပေးပါက သူ့၏မိခင်ဘာသာစကားမှာ မွန်ဂိုဘာသာစကားဖြစ်ကြောင်း မည်သူမျှ သိရှိကြမည်မဟုတ်ပေ။ သို့သော် ဤဇာတ်ကောင်မှာ သူနှင့် မရင်းနှီးပေ။ သူမှတ်ချက်ချလိုက်၏။
"ဧကရာဇ်နာမည်နဲ့တူတယ်"
ဝမ်ယင့် : " 'သားသမီး' လို့ အဓိပ္ပါယ်ရတယ်"
ဟိုင်ရိမှာ ပြောစရာစကားမရှိတော့ပြန်...
ဝမ်ယင့်သည် ဟိုင်ရိဘေးတွင် ထိုင်နေပြီး ထွက်သွားဖို့ ရည်ရွယ်ချက်မရှိပေ။ ဟိုင်ရိတစ်ယောက် နည်းနည်း စိတ်မသက်မသာ ခံစားရသည်။ သို့သော် ယခုပုံစံအရဆို အေစာပိုင်းဖြစ်ရပ်သည် အထင်အမြင်လွဲမှားမှုတစ်ခုသာ ဖြစ်ပြီး ဤလူတွင် သူ့ကို ဘာမှ ရန်လိုတာ မရှိလောက်ဘူးဟု ထင်ရ၏။
လျိုကျယ်သည် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်သည်။ ဝမ်ယင့်နှင့် ရှန့်ချန့်ယန်တို့၏ အမူအရာကို ပစ်ပယ်လိုက်ပြီး သူမ ရဲရဲဝံ့ဝံ့ မေးလိုက်၏။
"ဘယ်သူက လူသတ်သမားလို့ ထင်လဲ"
အားလုံး တိတ်ဆိတ်သွားသည်။
လျိုကျယ်က ပြုံးလိုက်ကာ
"ဘာဖြစ်လို့လဲ၊ သာမန်စကားပြောနေတာပဲ"
ထန်ယင် : "အခုဆို ရှန့်ချန့်ယန်တစ်ယောက်တည်းပဲ မရှိတော့တာ၊ သူ့နောက်ကွယ်မှာပဲ သူ့အကြောင်း မကောင်းပြောလို့ရမယ်"
ဟိုင်ရိလည်း ရယ်လိုက်သည်။
"ဒါဆို သူ့ကိုပဲ လူသတ်သမားလို့ သတ်မှတ်လိုက်ပါတော့"
ထန်ယင် : "ဘယ်သူက လူသတ်သမားလဲဆိုတာ ကျွန်မ မပြောတတ်ဘူး၊ ရှန့်ချန့်ယန်က ကျွန်မရဲ့ရည်းစားနေရာကနေ သရုပ်ဆောင်နေတာ၊ အမှန်အတိုင်းပြောရရင် သူက လူသတ်သမားလို့ မထင်ဘူး"
ဟိုင်ရိက စနောက်လိုက်၏။
"ချစ်သူစုံတွဲအလုပ် ထပ်မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"
ထန်ယင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"မဟုတ်ဘူး...တကယ်ကို အဲ့လိုမျိုး ဘာမှမရှိဘူး"
ဟိုင်ရိ : "နောက်တာပါ"
ထန်ယင် : "ကျွန်မ သူနဲ့ပြတ်ဖို့ နီးစပ်နေပြီ... ကျွန်မ သူ့ကိုရော၊ သေသွားတဲ့သူကိုရော မုန်းတယ်၊ ဒါကြောင့် သူ့အတွက် ဖုံးကွယ်ပေးမှာ မဟုတ်ဘူး"
ဟိုင်ရိ : "အာ..."
ဟိုင်ရိက ပြောလိုက်သည်။
"နားလည်ပြီ"
လျိုကျယ်သည် ဝမ်ယင့်ကို တစ်ချက်ကြည့်လိုက်၏။
လျိုကျယ် : "အဖေ့မှာ သဲလွန်စအချို့ရှိမယ်လို့ ထင်တယ်၊ ဘယ်သူက လူသတ်သမားလို့ ထင်လဲ...ကျွန်မတို့ ပေါ့ပေါ့ပါးပါး စကားပြောပြီး နောက်ဆုံးမှာ ဘယ်သူက မှန်မှန်ကန်ကန် ခန့်မှန်းလို့ရမလဲဆိုတာ ကြည့်ရအောင်"
ဝမ်ယင့်သည် တော်တော်လေး ဖြည်းဖြည်းချင်းနှင့် တုံ့ပြန်ခဲ့ပြီး ခဏကြာမှ ပြန်ဖြေလိုက်သည်။
"ဖြစ်ရပ်ဖြစ်ပွားချိန်အတွင်း မင်းတို့အားလုံး ပြဇာတ်ရုံထဲမှာ ရှိနေခဲ့တာ၊ ဒါကြောင့် ဘယ်သူမှ သံသယကင်းတာမျိုး မရှိဘူး"
ဖြစ်ရပ်ဖြစ်ပွားချိန်မှာ အဖေနှင့် ရည်းစားဟောင်း၏ လက်ရှိရည်းစားနေရာကနေ သရုပ်ဆောင်နေသူ ထန်ယင်မှ လွဲ၍ ကျန်သည့်သုံးယောက်လုံးမှာ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ကြသည်။
ထန်ယင် : "ခန့်မှန်းကြည့်ပါဦး...သူဌေး၊ ရှင်လို့ ထင်တယ်"
လျိုကျယ် : "ကျွန်မက ဟိုင်ရိလို့ ထင်တယ်၊ ရှင့်မှာ ရာဇဝတ်မှုကျူးလွန်ဖို့ အကြောင်းရင်း နည်းလွန်းတယ်"
"ကောင်းပြီ"
( T/N : လျိုကျယ်နဲ့ ဟိုင်ရိက ပုံမှန် နင်/ငါ သုံးပေမယ့် သူတို့က အချင်းချင်း မသိကြတဲ့လူတွေလို သရုပ်ဆောင်နေတာမလို့ ရှင်/ကျွန်မ သုံးထားပါတယ်နော် )
ဟိုင်ရိ မျက်စိစုံမှိတ်ကာ မခန့်မှန်းချင်ပေ။ သူ ပေါ့ပေါ့ပါးပါးပင် ပြောချလိုက်သည်။
"အချိန်တန်ရင် နောင်တရလိမ့်မယ်"
ဝမ်ယင့် : "ကျွန်တော်လည်း သူဌေးလို့ ထင်တယ်"
လျိုကျယ် : "...ဒါက ဘယ်လိုဖြစ်လာတာလဲ"
ဟိုင်ရိ ထရယ်လိုက်သည်။ ထို့နောက် သူတို့သည် သူတို့၏သေဆုံးရခြင်း အကြောင်းရင်းကို စတင်ပြောဆိုကြ၏။
သူတို့အဖွဲ့သည် အတူတူထိုင်ပြီး မည်သို့သေဆုံးခဲ့ကြကြောင်းနှင့် အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် သေရန် ရွေးချယ်ခဲ့ကြကြောင်း ပြောဆိုကြသည်။ စကားလုံးနှင့် ဖော်ပြ၍မရအောင် ရယ်စရာကောင်းလှ၏။
လျိုကျယ်က သူမသည် အဆောက်အအုံတစ်ခုမှ ခုန်ချခဲ့ကြောင်း ဝေမျှခဲ့သည်။
တစ်ခုမှ မချန်ထားဘဲ သူမသည် ဖောက်ပြန်ခံရသူဖြစ်ပြီး စိတ်ကျရောဂါခံစားနေရကြောင်း ကြေညာခဲ့၏။ မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးအခန်း၏ ခေါင်မိုးပေါ်မှ သူမ ခုန်ချခဲ့သည်။ လျိုကျယ် ဝန်ခံလိုက်၏။
"အဲဒီ မိနစ်အနည်းငယ်က ကျွန်မ ဘဝမှာ အပျော်ဆုံးအချိန်တွေပဲ"
လျိုကျယ် : "ကျွန်မ နောင်တမရဘူး၊ တကယ် နောင်တမရဘူး"
စားပွဲမှလူများက ခေါင်းညိတ်လိုက်ကြသည်။ ယခုချိန်ထိ ဟိုင်ရိသည် ဤနေရာသို့ရောက်လာခြင်းကို နောင်တရသူ တစ်ယောက်ကိုမျှ မတွေ့ရသေးပေ။
ဝမ်ယင့်က သူ့လက်ကောက်ဝတ်ပေါ်ရှိ သွေးလွှတ်ကြောကို ဓားမီးဖြင့် လှီးဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ သူ မသေမှာကို ကြောက်သောကြောင့် ဓာတ်ငွေ့မီးဖိုကိုပါ ဖွင့်ထားခဲ့၏။
သူ့အပြောအရဆိုပါက သူ အသက်ရှင်နေစဉ် မည်သူမှ သူ့ကို မကြိုက်၊ မလိုအပ်ဟု ခံစားရသောကြောင့် သေသွားခြင်းက ပိုကောင်းသည်ဟု ခံစားရသည်ဟု ဆိုသည်။
ဟိုင်ရိသည် ဝမ်ယင့်နှင့် အလားတူ စိတ်နေစိတ်ထားရှိသူများလည်း ထိုကဲ့သို့ စိတ်ပျက်ဖွယ် အခြေအနေများသို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။
လူတစ်ဦး၏ စိတ်နေစိတ်ထားကို ပြောင်းလဲ၍ မရဟု ဆိုကြသော်လည်း ကိုယ်ရည်ကိုယ်သွေးကိုမူ ပြောင်းလဲနိုင်၏။ ထိုသို့ဆိုလျှင် ပြင်ပအင်အားစုများမှတစ်ဆင့် လူတစ်ဦး၏ စရိုက်ကို ပြောင်းလဲခြင်းသည် အလွန်အမင်း ကွာဟသွားစေသည်။ ထို့အပြင် စကားလုံးဖြင့် ပေါင်းစည်း၍မရသော ကြီးထွားမှု၏ နာကျင်မှုလည်း ရှိ၏။ ဤအရာသည် ကံဆိုးခြင်းတစ်မျိုးဖြစ်သည်ကို မည်သူ ငြင်းဆိုနိုင်မည်နည်း။
ဝမ်ယင့် စကားပြောနေရင်း သူ၏လက်များကို အေးအေးဆေးဆေးပင် လှုပ်ရှားလိုက်ရာ ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သူသည် သူ့လက်ကောက်ဝတ်ပေါ်၌ လက်ချောင်းဖြင့် မျဉ်းတစ်ကြောင်း ဆွဲလိုက်ပြီး ရှင်းပြ၏။
"ပထမအကြိမ်မှာ မပြတ်ခဲ့ဘူး၊ နှစ်ကြိမ်လုပ်ခဲ့ရတယ်၊ သွေးထွက်တာ အရမ်းများတော့ ချက်ချင်းသေသွားမယ်လို့ ခံစားရတယ်၊ ဒါကြောင့် နည်းနည်း စိုးရိမ်ခဲ့တယ်"
ဟိုင်ရိ ဆက်နားထောင်ဖို့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။ အလွန်ငြိမ်သက်သော မျက်နှာထားများကို ပြသနေသော အခြားသူများနှင့်မူ ဆန့်ကျင်ဘက်ဖြစ်သည်။
ဝမ်ယင့် : "နည်းနည်း အေးစိမ့်သွားလိမ့်မယ်၊ စောင်ခြုံချင်တဲ့စိတ် ပေါ်လာပေမယ့် မခြုံတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်...အတွေးတွေက တဖြည်းဖြည်းပေါ်လာတယ်၊ ခင်ဗျားတို့ကော ဘယ်လိုလဲ"
အားလုံးက သူတို့အတွက်လည်း ထိုနည်းတူဖြစ်ကြောင်း ပြန်ဖြေကြသည်။
ရုတ်တရက် အသည်းခိုက်အောင် အေးစိမ့်သော လေစီးကြောင်းတစ်ခု ဟိုင်ရိကို ဖြတ်သန်းသွား၏။
သူနှင့် ဒီလူတွေကြားက ကွာခြားချက်ကို သူသိလိုက်သည်။ သူတို့ကြား၌ ထိုင်နေသည့်အချိန် သူသည်သာ တစ်ဦးတည်းသော ပြင်ပလူလို ဖြစ်နေခဲ့သည်။
အရင်က လူတိုင်းက သေခြင်းတရားကို သူ့ကို စနောက်ဖို့ အသုံးပြုသည့်အခါ ဟိုင်ရိက သူတို့နှင့် အရမ်းမတူဘူးဟု မခံစားရဘဲ အတူတူရယ်မောတတ်ခဲ့၏။ သို့ပေမယ့် ထိုအချိန်မှာတော့ သူ ရုတ်တရက် စိတ်မကောင်းဖြစ်သွားခဲ့သည်။
🌟🌟🌟
Telegram Paid GP မှာ Completed ပါပြီရှင် ~
Tele - @richie_is_me