Chapter : 38 ( မီး မိန်းကလေး [13] )
ရှန့်ချန့်ယန် မတ်တပ်ထရပ်လိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘာလဲ..."
ဟိုင်ရိ : ...
ဟိုင်ရိမှာ ခုနက သတိမကပ်မိဘဲ 'မင်းငါ့အပေါ် ရည်ရွယ်ချက်ရှိလား' ဟူသော စကားလုံးများကို မပြောမိအောင် သီသီလေးထိန်းလိုက်ရသည်။ ထို့အပြင် ရှန့်ချန့်ယန်က သူ့အပေါ်ဂရုစိုက်မှုကို သူနားလည်နိုင်သော အခြားနည်းလမ်းမရှိပေ။
( T/N : ခံစားချက်ရှိလားလို့ပြောတာပါ ရှင်းရှင်းပြောရရင် မင်းငါ့ကို ကြိုက်လားပေါ့ )
ညီအစ်ကိုတစ်ဦးအတွက်ပင် ရှန့်ချန့်ယန်၏ ဂရုစိုက်မှုသည် ပုံမှန်ထက်ကျော်လွန်နေ၏။
ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအရာအားလုံးသည် ထိုနေရာတွင်ရှိပြီး အချို့ကို ဟိုင်ရိကိုယ်တိုင် သတိမပြုမိသည်များပင် ရှိကောင်းရှိနိုင်သည်။ မဟုတ်ပါက ဟိုင်ရိ၏စွမ်းရည်များနှင့်သာဆို ဤနေရာတွင် အသက်ရှင်ရပ်တည်နိုင်ဖို့ သူ့အတွက် ခက်ခဲနိုင်ချေရှိ၏။
ဒါဆို ရှန့်ချန့်ယန် ဘာလုပ်နေတာလဲ။
ဟိုင်ရိသည် သူ့ကိုယ်သူ သူ့ခန္ဓာကိုယ်မှလွဲပြီး ဘာမှမရှိဟုသာ ယူဆသည်။
ကောင်းရော၊ အဲ့တာမှတကယ်ကိုကောင်းရော။
ဟိုင်ရိက သူ့စိတ်ထဲမှ 'နတ်ဘုရားရေ၊ ကျွန်တော် ရွေးချယ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ မင်းမပြောနိုင်မှာကိုပဲ ကြောက်တယ်' ဟု ပြောချင်ခဲ့သည်။
ဟိုင်ရိသည် ပါးစပ်ပိတ်လိုက်ပြီး သတိပေးချက်တစ်ခုက သူ့နှလုံးသားထဲသို့ ဖြတ်သန်းသွား၏။ သူသည် ထိုအရာကို အသံမထွက်မိခြင်းက ကံကောင်းသည်ဟု စိတ်ထဲမှတွေးရင်း ကြောက်ရွံ့မှုများက သူ့နှလုံးသားတွင် တည်ရှိနေသည်။
ဒါဟာ သူ့စိတ်လုံးဝလွတ်ထွက်သွားတဲ့ ကိစ္စဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီစကားတွေကို ပြောလို့မဖြစ်ဘူး။
ရှန့်ချန့်ယန်သည် ချိန်းတွေ့ချင်ပုံမရဘဲ၊ အခြားယောက်ျားတစ်ဦးနှင့် ချိန်းတွေ့ရန်ဆိုသည်မှာ ပိုလို့တောင်မဖြစ်နိုင်ပေ။
ချိန်းတွေ့ခဲ့ရင်တောင် သူက ပရိသတ်တစ်ယောက်နဲ့ ချိန်းတွေ့ပါ့မလား။
နာမည်ကြီးများအားလုံးက ဒါကို သံသယရှိပုံရပြီး၊ 'ပရိသတ်များကို လိမ်လည်ခြင်း' ဟု ခေါ်သည့် ပရော်ဖက်ရှင်နယ် အသုံးအနှုန်းတောင်ရှိ၏။
ဒီလိုအပြုအမူက လုပ်ငန်းနယ်ပယ်ရဲ့ လှောင်ပြောင်မှုကို ဖိတ်ခေါ်နိုင်ပေသည်။
သူ၏ စိတ်ဝင်စားမှုသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးမဟုတ်သောကြောင့် ဟိုင်ရိသည် သူ့ကိုယ်သူ အသုံးဝင်နိုင်သည့် အခြားနည်းလမ်းများ ရှိသည်ဟု ခံစားရ၏။
သူနှင့် အခြားလူများကြားရှိ ကွာခြားချက်မှာ သူသည် ရှန့်ချန့်ယန်က သူ့ကို အသုံးချလိုခြင်းပင်ဖြစ်သည်။ အန္တရာယ်လည်းမရှိ၊ ကြင်နာတတ်သည့် ကောင်လေးတစ်ဦးမှ အသုံးချခြင်းခံရခြင်းသည် မည်မျှဆိုးရွားနိုင်ပါသလဲ။
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို နှစ်သက်သောကြောင့် သူနှင့်အတူရှိရန် သဘာဝအတိုင်း မျှော်လင့်ခဲ့သည်။ သို့သော် သူ မတတ်နိုင်လျှင် ရှန့်ချန့်ယန်သည် ကောင်းမွန်သောအရာအားလုံးကို ရရှိစေရန် မျှော်လင့်ခဲ့သည်။
ဟိုင်ရိသည် ဤနည်းဖြင့် မိမိကိုယ်ကို နှိမ့်ချခဲ့သော်လည်း၊ သူသည် သူ့တွင် ထူးခြားသော ချစ်ခြင်းမေတ္တာအပေါ် နားလည်မှုရှိခဲ့၏။
မိမိကိုယ်ကို နှိမ့်ချခြင်းဟူ၍ မရှိ၊ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာသာ ဖြစ်သည်။ ဤဖြစ်စဉ်တွင် မပျော်ရွှင်မှုများအကြောင်း မပြောသင့်ပေ။ မည်သည့်ပျော်ရွှင်မှုမဆို သူတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။
ရှန့်ချန့်ယန်က မေးလိုက်သည်။
"ကျွန်တော်က ဘာဖြစ်တာလဲ..."
ဟိုင်ရိ : "မင်း... ဗိုက်ဆာနေလား"
ရှန့်ချန့်ယန် : ?
ရှန့်ချန့်ယန်သည် ဤအရာကို ဝန်ခံခြင်းကော ငြင်းဆိုခြင်းပါ ဘာမှမလုပ်ခဲ့ပေ။
"ခင်ဗျား ဗိုက်ဆာနေတာလား"
သူသည် ဖုန်းကိုကောက်ကိုင်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။
"မကြာခင် ထမင်းစားချိန်ရောက်တော့မှာ"
သူက အိတ်ကပ်ထဲ လက်လျှိုလိုက်ပြီး ချိုချဥ်တစ်ချောင်းကို ထုတ်ယူကာ ဟိုင်ရိဆီ ပစ်ပေးလိုက်သည်။ ဟိုင်ရိက ၎င်းကိုယူ၍ ကြည့်လိုက်၏။ ထိုအရာမှာ ထပ်မံ၍ Alpenliebe သကြားလုံးတစ်မျိုး ဖြစ်၏။
ဟိုင်ရိ : "ဆံပင်ဝါ ဝယ်လာတာလား"
ရှန့်ချန့်ယန်က ရှင်းပြလိုက်သည်။
"သူ အရင်က ဒါတွေ အချောင်းတစ်ရာလောက် ဝယ်ပေးဖူးတယ်၊ ဒီတစ်ခုက တော်တော်ကောင်းတယ်လို့ ကျွန်တော်ပြောဖူးတယ်၊ ကလေးတုန်းက စားခဲ့တာ၊ ကြီးလာတော့ မစားဖြစ်တော့ဘူး၊ သူတစ်ဘူးလုံး ပြန်ယူလာပေးတာဆိုတော့ နောက်နှစ်အထိ စားရဦးမယ်၊ ပြန်ရောက်ရင် ခင်ဗျားကို နည်းနည်းပေးမယ်"
ဟိုင်ရိ : "အဲ့ဒါက မတုံးအဘူးလား... အရသာတစ်မျိုးတည်း ဝယ်နေမယ့်အစား တခြားအရသာတွေ ဝယ်လို့မရဘူးလား"
ရှန့်ချန့်ယန် : "ကြားရတာတော့ မူရင်းအရသာပဲ လျှော့စျေးရှိတယ်တဲ့"
ဟိုင်ရိ : "ဟားဟားဟား"
တကယ်တော့ ဟိုင်ရိသည် ရှန့်ချန့်ယန် လော်လီပေါ့ကို ပါးစပ်ထဲထည့်ပြီး အစီအစဉ်တစ်ခုတွင် ပါဝင်နေသည့် ဓာတ်ပုံကို တစ်ချိန်က မြင်ဖူးသည်။ ဒါကြောင့် သူက အဲ့ဒါတွေကို နှစ်သက်ပုံရ၏။ ဟိုင်ရိအတွက် ရှန့်ချန့်ယန်သည် သူနှစ်သက်ရာကို အခြားသူများကို ပြောပြလိုခြင်းမရှိသူတစ်ဦးဖြစ်၏။ ဆံပင်ဝါက သူ့ကို လော်လီပေါ့ အများကြီးပေးခဲ့သလိုမျိုးပေါ့။ သူကလော်လီပေါ့များကို နှစ်သက်ခြင်းသည် သိသာနေသော်လည်း သူက ဆံပင်ဝါကို စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်ခံရအောင် လုပ်ခဲ့၏။
ဟိုင်ရိက ချိုချဥ်အခွံကို ဆွဲဖြဲပြီး ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
"လူသတ်သမား ဘယ်သူလဲဆိုတာ မင်းသိလား"
ရှန့်ချန့်ယန်က သူ့ကို ထူးဆန်းစွာကြည့်လိုက်သည်။
"သိတာပေါ့"
ဟိုင်ရိ : "ဒါဆို မေးလို့မရဘူးလား"
ရှန့်ချန့်ယန် : "ခင်ဗျားမေးလို့ရတယ်"
ဟိုင်ရိ : ...
ဟိုင်ရိ : "သေချာရဲ့လား၊ တကယ်လား"
ရှန့်ချန့်ယန် : "ကျွန်တော့်ကို စမ်းကြည့်လေ"
သို့သော် ဟိုင်ရိသည် မေးဝံ့ခြင်းမရှိပေ။
ဒါက လှည့်စားနေတာ မဟုတ်ဘူးလား...
ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်သည်။ ဟိုင်ရိ၏ ရဲရင့်မှုလုံးဝမရှိခြင်းသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပုံရ၏။ သူက ဟိုင်ရိကို အကြီးအကျယ်ပြောဆိုပြီး တကယ်တမ်းကျတော့ အကောင်အထည်မဖော်နိုင်တာကို လှောင်ပြောင်သည့်အနေဖြင့် နှုတ်ခမ်းကိုအနည်းငယ်တွန့်လိုက်လေသည်။ ဘာမှမပြောစရာမရှိတော့သည့် ဟိုင်ရိသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့နှာခေါင်းကိုသာ ကုတ်ခြစ်နေလိုက်၏။
ရှန့်ချန့်ယန် : "ဒါကြောင့် ကျွန်တော်က ယေဘူယျအားဖြင့် လူသတ်သမားနေရာကနေပဲ ကစားတာ၊ ဘာလို့လဲဆိုတော့ ကျွန်တော်က မှားပြီး မဲပေးဖို့ မဖြစ်နိုင်လို့ပဲ၊ တစ်ခါတလေကျရင် လူသတ်သမားနေရာကို လုယူဖို့ အချိန်မရတော့ဘူးဆိုရင်တော့ မတတ်နိုင်ဘဲ လူကောင်းနေရာယူလိုက်ရတယ်၊ အဲဒီလို အခြေအနေတွေမှာ ကျွန်တော်က လူကောင်းတွေရဲ့ မဲတွေကို သြဇာလွှမ်းမိုးနိုင်မှာ မဟုတ်ဘူး၊ သူတို့ဆန္ဒရှိသလို မဲပေးမှာပဲလေ"
ရုတ်တရက် ဟိုင်ရိ သဘောပေါက်သွားပြီး ပြန်ပြောလိုက်၏။
"အဲဒါကြောင့်ပဲ အဲဒီအချိန်တုန်းက ငါက လူသတ်သမားဖြစ်နေပေမယ့် မင်း ငါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိနေတာတောင် ဘာမှမပြောခဲ့တာလား"
ရှန့်ချန့်ယန်သည် မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။ သူ့မျက်နှာပေါ်သို့ အမူအရာများ ပြန်ရောက်လာရန် အနည်းငယ်ကြာခဲ့၏။ ပြီးနောက် သူက 'အာ' ဟူသော အသံကိုပြုလုပ်လိုက်သည်။
"အင်း..."
ဟိုင်ရိ : "လက်စသတ်တော့ အဲလိုကိုး...အဲဒီတုန်းက ငါ ထူးဆန်းနေတယ်လို့ထင်ခဲ့တာ"
ရှန့်ချန့်ယန်သည် စကားဆက်မပြောတော့ချေ။ ရုတ်တရက် ဟိုင်ရိ တုံ့ပြန်လိုက်သည်။
"နေပါဦး၊ မင်းက ဒီတစ်ခါလည်း လူသတ်သမားပဲလား"
ရှန့်ချန့်ယန် စကားပြန်ပြောခါနီးတွင် ဟိုင်ရိ၏ ဆန့်တန်းထားသော လက်က သူ့ကို တားလိုက်သည်။
"မဟုတ်ဘူး၊ မပြောနဲ့၊ ငါတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ထုတ်ဖော်လို့မရဘူး၊ ငါ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတော့မယ်"
ရှန့်ချန့်ယန်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ပွင့် ဖြန့်ကျက်သွားပြီး သူ့ကို ကြည့်လိုက်သည်။
ဟိုင်ရိသည် လော်လီပေါ့ကို စုပ်ရင်း အိပ်ရာပေါ်တွင် ပက်လက်လှန်နေသည်။ ရှန့်ချန့်ယန်က သူ့ရှေ့တွင်ရပ်နေပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ သူ့ကို ခဏတာစိုက်ကြည့်လိုက်သည်။
'ဝိုး၊ မူရင်းအရသာက တော်တော်လေး ကောင်းတာပဲ'
ဟိုင်ရိ စိတ်ထဲမှ တွေးလိုက်မိသည်။
ခဏအကြာတွင် ရှန့်ချန့်ယန်က ဖိအားပေးလိုက်သည်။
"ခင်ဗျား မေးမှာလား၊ မမေးဘူးလား"
ဟိုင်ရိ : "မမေးဘူး၊ ခုနက ပြောပြီးပြီမဟုတ်လား...မမေးဘူး"
ရှန့်ချန့်ယန် : "သေချာလား"
ဟိုင်ရိက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။
"မင်းငါ့ကို မြှူဆွယ်နေတယ်လို့ ဘာလို့ခံစားရတာလဲ၊ မင်း ဘာကြံစည်နေတာလဲ...ထားလိုက်ပါတော့၊ မေးမယ်၊ ရိုးရှင်းတဲ့ မေးခွန်းလေးပါပဲ...မဟုတ်ဘူး!"
သူက နောင်တရစွာ သူ့ကိုယ်သူ ပြင်လိုက်၏။
"မမေးဘူး...ငါသေချာတယ်...မမေးဘူး"
ရှန့်ချန့်ယန်သည် သူ့အပြုံးကို မထိန်းနိုင်တော့ပေ။
"ခင်ဗျား တကယ် မမေးတော့ဘူးလား"
ဟိုင်ရိ ဒေါသထွက်သွားချေသည်။
"သွား...အခုထွက်သွား!"
သို့သော် ရှန့်ချန့်ယန်က ထိုင်ချလိုက်သည်။
"ကျွန်တော်က ဘယ်ကိုသွားရမှာလဲ"
"ဒီနေရာကနေ ထွက်သွား"
ဟိုင်ရိမှပြောလိုက်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ၊ နောက်မှ သူတို့ထွက်လာပြီး ငါ့အခန်းကနေ မင်းထွက်သွားတာကို မြင်ရင် ငါတို့ချင်း သိတယ်လို့ ထင်လိမ့်မယ်"
ဆန့်ကျင်ဘက်အားဖြင့် ရှန့်ချန့်ယန်သည် ဂရုစိုက်ပုံမရပေ။ သူသည် ဤအလုပ်ကို အစကတည်းက ပျော်စရာအတွက်သာ ပါဝင်ခဲ့ခြင်းဖြစ်သောကြောင့် သူဂရုစိုက်စရာ အများကြီးမရှိခဲ့ပေ။ သူက ပြောသည်၊၊
"ခင်ဗျား ကျွန်တော့်ကို ကိုယ်ပိုင်အချက်အလက်အကြောင်း မမေးတာကတောင် သူတို့ကို မျက်နှာသာပေးရာ ရောက်နေပြီ၊ ဘယ်သူက သူတို့ကို ဂရုစိုက်မှာလဲ"
ဟိုင်ရိ သူ့စကားတွေက အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရသည်။
ဟိုင်ရိ စကားမပြောနိုင်တော့ပေ။
"မင်းက လုံးဝ အချိုးမပြေဘူး"
ရှန့်ချန့်ယန်သည် အနည်းငယ်မျှပင် မတုန်လှုပ်ပေ။
"သူတို့ သတ္တိရှိရင် ကျွန်တော့်ကို သေပါလိမ့်စေ"
ဟိုင်ရိက သူ့ကို လက်မထောင်ပြလိုက်သည်။ ခဏတာမျှ ဘယ်သူမှ စကားမပြောကြပေ။ ဟိုင်ရိသည် သတိမထားမိဘဲ သူ့ဖုန်းကို ကောက်ကိုင်လိုက်၏။ သူတို့နှစ်ဦးစလုံး ဖုန်းသုံးနေကြသော်လည်း အူကြောင်ကြောင် ဖြစ်သည့်အထိ မရောက်ပေ။
ဟိုင်ရိက Pinduoduo ( တရုတ်အွန်လိုင်းစျေးဝယ် app ) ကို ဖွင့်ပြီး Alpenliebe များကို ရှာဖွေကာ အရသာတိုင်းကို သူ့စျေးဝယ်ခြင်းထဲသို့ ထည့်လိုက်သည်။ ထည့်ယူခြင်း ဖယ်ထုတ်ခြင်း ပြုလုပ်ပြီးနောက် သူသည် အချောင်းတစ်ရာ ဝယ်ယူခြင်းဖြင့် အဆုံးသတ်ခဲ့၏။ ပေးပို့ရမည့် လိပ်စာမှာ ရှန့်ချန့်ယန်၏ အခန်းနံပါတ်ဖြစ်သည်။
ဟိုင်ရိသည် သူ့ကိုယ်သူအတွက် ဆင်ခြေပေးရန်ပင် စဉ်းစားထားခဲ့သည်။ သူက ထိုအရသာများကိုလည်း နှစ်သက်ပြီး ရှန့်ချန့်ယန်နှင့် မူရင်းအရသာအတွက် အဆင်ပြေပြေ လဲလှယ်နိုင်သည်ဟု ပြောလိမ့်မည်ဖြစ်၏။ သို့ပေမယ့် ဖြစ်နိုင်ခြေအားလုံးမှာ ဆင်ခြေပေးစရာ လုံးဝမလိုအပ်ပေ။ သူတို့ ဝယ်ဖို့ အသုံးပြုခဲ့သည့် ပိုက်ဆံသည် ရှန့်ချန့်ယန်ရဲ့ ပိုက်ဆံဖြစ်သည့်အတွက် သူသည် သူ၏ ငွေချေးသူကို မျက်နှာသာပေးသည်ဟုပဲ သတ်မှတ်ခံရလိမ့်မည်ဖြစ်သည်။
ဒါကြောင့် အဖြောင့်ယောက်ျားများက တစ်ခါတလေ ပိုကောင်းသေးသည်။ သူတို့တွင် ဂေးယောက်ျားလေးများကို စနောက်သည့်အခါ သဘာဝအားသာချက် ရှိတယ်။
အခြေခံအားဖြင့်တော့ စကားတစ်ခွန်းတည်းနဲ့ ပြောနိုင်သည်။
'ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာ မင်းက ငါ့သူငယ်ချင်းဖြစ်လို့ပဲ'
ဒီစကားကြောင့် မိန်းကလေး ဘယ်နှစ်ယောက်များ စိတ်ပျက်ခဲ့ရလဲ ဘယ်သူသိမှာလဲ။ အရမ်းကို ပွင့်လင်းမြင်သာတာ ဘာမှ မလုပ်ရဲကြချေ။ သို့သော် အဖြောင့်ယောက်ျားတွေက လုပ်ရဲသည်။ သူ ဒါကို ကြိုသိခဲ့ရင် အဝတ်ဗီရိုကနေ ထွက်လာမှာ မဟုတ်ပေ။
( T/N : gay အဖြစ် come out လုပ်မှာမဟုတ်ဘူးလို့ ဆိုလိုတာပါ )
ပထမဆုံးအကြိမ်အဖြစ် ဟိုင်ရိ နည်းနည်း နောင်တရနေမိသည်။
သို့သော် ထိုသို့သောအရာကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ ဟိုင်ရိ တက္ကသိုလ်တက်နေစဉ်က သူ့အနီးအနားရှိ လူတိုင်းက သူ ဂေး မှန်းသိကြ၏။ သူသည် အဆောင်တွင်နေရန် အလွန်ပျင်းရိသောကြောင့် အပြင်တွင် အခန်းငှားနေထိုင်သည်။ ထို့ကြောင့် သူ့တက္ကသိုလ်မှ အတန်းဖော်များနှင့် ဆက်ဆံရေးသည် အပေါ်ယံသာဖြစ်၏။
ရလဒ်အနေဖြင့် လူအချို့က သူ့ကို ဂေး မှန်းမသိကြပေ။ သူ၏ ရုပ်ရည်ကောင်းမွန်မှုကြောင့် နှစ်သစ်ကူးပါတီအတွက် အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ခံခဲ့ရသည်။ မွန်ဂိုလီးယား ပါတီပွဲများတွင် အများအားဖြင့် အစီအစဥ်တင်ဆက်သူလေးဦး ရှိ၏။ နှစ်ဦးက မွန်ဂိုလီးယား ဘာသာစကားပြောပြီး နှစ်ဦးက မန်ဒရင်း(တရုတ်) ဘာသာစကားပြောသည်။ ဟိုင်ရိ၏ တရုတ်စကားမှာ တော်တော်လေး ကောင်းမွန်သောကြောင့် သူသည် မန်ဒရင်း ဘာသာစကားပြော အစီအစဉ်တင်ဆက်သူတစ်ဦးထဲမှ တစ်ဦးဖြစ်၏။ သူ၏ပါတနာမှာ အမျိုးသမီး အကြီးတန်းတစ်ဦး ဖြစ်သည်။ စကားအနည်းငယ် လဲလှယ်ပြီးနောက် သူမက သူသည် သူမ၏ ညီအစ်မတစ်ဦး ဟုတ်မဟုတ် မေးခဲ့၏။
ဟိုင်ရိသည် ထိုအချိန်က သတိမထားမိဘဲ ဖမ်းမိခံရပြီး ဝန်ခံလိုက်သည်။ မတွဲရသေးသော အမျိုးသမီးသည် နောင်တရသော်လည်း ဟိုင်ရိသည် မိန်းကလေးများကို နှစ်သက်ပုံမရကြောင်းလည်း ပြောခဲ့၏။
ပါတီပြီးဆုံးပြီးနောက် ဟိုင်ရိသည် လူအများရှေ့တွင် သူ့မျက်နှာကို ပြသခြင်းဖြင့် အထင်ကြီးစေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သို့သော် သူဆင်းသွားသောအခါ သူ့ကို add လိုသော မိန်းကလေးတစ်ဦးမျှ မရှိဘဲ၊ သူတို့အားလုံးက ယောက်ျားများဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။
သူ့သဘာဝအတိုင်း ယောက်ျားများကိုသာ ချစ်ခဲ့ပြီး ယောက်ျားများနှင့်သာ ချိန်းတွေ့ခဲ့သည်။ သူ ဘယ်တုန်းကမှ ဟန်ဆောင်ပြီး ချိန်းတွေ့ခဲ့ဖူးခြင်းမရှိသလို ဘယ်လိုချိန်းတွေ့ရမည်ဆိုသည်လည်း မသိခဲ့ပေ။ သူ့ကို မြင်လိုက်သည်နှင့် သူ ဂေး ဖြစ်သည်ဟုတခြားသူများကို ခံစားရစေခဲ့သည်။
ရှန့်ချန့်ယန်သည် သူနှင့်ဆန့်ကျင်ဘက်ဖြစ်၏။ သူ့ Idol နောက်လိုက်နေသည့် အချိန်ကပင် ရှန့်ချန့်ယန်က ယောက်ျားများကို ကြိုက်ခဲ့ဖူးတယ်ဆိုသည်အား ဟိုင်ရိ မသိခဲ့ပေ။
ထိုသတင်း ထွက်လာစဉ် သူ၏ပထမဆုံး တုံ့ပြန်မှုကတော့ တုန်လှုပ်ခြင်းပင်။ ရှန့်ချန့်ယန်က အဖြောင့်ယောက်ျားတစ်ယောက်သာ မဟုတ်ဘဲ၊ နေရောင်ခြည်လို တောက်ပပြီး သံမဏိလို ခိုင်မာတဲ့ အဖြောင့်တစ်ယောက်ဖြစ်ကာ ခြေတံရှည်၊ အသားဖြူ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးများကို ကြိုက်မည့်သူတစ်ယောက်လိုပင်။
၄င်းသည် ရှန့်ချန့်ယန် ဂေးတစ်ယောက် ဖြစ်သွားလို့ ဖြစ်နိုင်၏။
မင်းက သူ့ကို လိင်တူချစ်သူဖြစ်အောင် လုပ်ခဲ့တာဆိုရင် ဘာလို့ သူ့ကို တန်ဖိုးမထားတာလဲ...
( TN : ဒါလေးက ရှန့်ယွီကို ပြောနေတာပါ )
ဟိုင်ရိ တွေးလိုက်သည်။
အဖြောင့်ယောက်ျားများကို ဂေး ဖြစ်အောင် လုပ်ခြင်းသည် ဂုဏ်သိက္ခာရှိသည့်လုပ်ရပ် မဟုတ်ဆိုသည်မှာ ပြောစရာတောင်မလိုပေ။ ထို့အပြင် ရှန့်ချန့်ယန်ကို ကိုယ့်ကိုယ်ကို သတ်သေရန်အထိ တွန်းပို့နိုင်ခဲ့သည်။
ရှန့်ယွီ၊ မင်း စိတ်အေးအေးလူလူ နေနိုင်သေးတာလား
ရှန့်ချန့်ယန်က ဘေးဘက်က ကုလားထိုင်တစ်လုံးမှာ ထိုင်လိုက်ပြီး ခြေချိတ်ကာ သူ့ဖုန်းကို ပွတ်ဆွဲနေသည်။ ဟိုင်ရိက သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကွေးလိုက်၏။ နာကျင်မှုနှင့် ခါးသီးသော ခံစားချက်က ပြန်ရောက်လာသည်။ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်း၏။
ဟိုင်ရိ၏ မျက်လုံးများက သူ့ကို ကြည့်နေသည်ကို သတိပြုမိသောအခါ ရှန့်ချန့်ယန်က မျက်ခွံများပင့်လိုက်ကာ သူ့ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟိုင်ရိ ဘာမှမပြောပေ။ သူ့လက်ချောင်းများသည် သူ့ဖုန်းပေါ်တွင် ပန်းတိုင်မရှိဘဲ ပွတ်ဆွဲနေပြီး ဗီဒီယိုအတိုများကို တစ်ခုပြီးတစ်ခု ကျော်ကြည့်နေသည်။ သူ အလွန်ပျင်းနေ၏။
ရှန့်ချန့်ယန်က သူ့ဖုန်းကို လက်ညှိုးဖြင့် ပုတ်လိုက်သည်။ သူ မတ်တပ်မရပ်မီ ခဏတာမျှ စဉ်းစားလိုက်သည်။
"ခင်ဗျား အရမ်းဗိုက်ဆာနေတာလား"
ဟိုင်ရိ : ?
ရှန့်ချန့်ယန်သည် အခန်းထဲက တိုက်ရိုက်ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။ ဟိုင်ရိ ခဏတာ ကြောင်သွားခဲ့သော်လည်း သူက အမြန်လိုက်သွားခဲ့၏။ စင်္ကြံတစ်လျှောက် ရှန့်ချန့်ယန်က ဖုန်းနံပါတ်တစ်ခုကို တိုးတိုးလေး ခေါ်နေသည်ကို သူကြားလိုက်ရသည်။ တစ်ဖက်လူ ဖုန်းကိုင်လိုက်သောအခါ သူက ပြောလိုက်၏၊
"ညစာအတွက် အချိန်ကို ရှေ့တိုးဖို့ ကူညီပေးပါ... ကျွန်တော် စဉ်းစားပါရစေဦး... ညနေ ၅ နာရီ ၃၀ မိနစ်"
တစ်ဖက်လူက တစ်ခုခုပြောလိုက်ချိန် ရှန့်ချန့်ယန်က တိုက်ရိုက်ဖြတ်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော် ဗိုက်ဆာနေလို့"
ရှန့်ချန့်ယန် : "တခြား ပြဿနာမရှိဘူး၊ ထမင်းစားချိန် ပြောင်းတာပဲ၊ ဟုတ်တယ်... ဒီနေ့ကစပြီး မနက်ဖြန်အတွက် မီးဖိုချောင်က ဘယ်လိုလုပ်နေလဲ ကြည့်ပြီးတာနဲ့ အစားအစာကို ပို့လိုက်ရုံပဲ၊ အစာစားချိန် စီစဉ်တာက အရမ်းကိုယုတ္တိမရှိဘူး... လူတိုင်း ဗိုက်ဆာနေပြီ၊ ဒီနေ့လိုပဲ လုပ်ကြစို့၊ မနက်ဖြန်အတွက်က..."
သူသည် စကားပြောနေရင်း နားကြပ်ကို ချွတ်လိုက်ပြီး ဟိုင်ရိကို မေးလိုက်သည်။
"မနက်စာ ဘယ်အချိန်စားချင်လဲ"
ဟိုင်ရိ : ...
ဟိုင်ရိက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ဟိုင်ရိ : "ဘယ်အချိန်မဆို အဆင်ပြေတယ်"
ရှန့်ချန့်ယန်က တစ်ဖက်လူကို အကြောင်းကြားလိုက်သည်။
"မနက်စာက ခင်ဗျားသဘောပဲ"
အား... စိတ်ထဲမှာတော့ ဟိုင်ရိသည် သူ့ရင်ဘတ်ကို လက်နဲ့ ဆုပ်ကိုင်ထားပြီး မျက်ရည်တွေက မျက်နှာပေါ် စီးကျနေရင်း တွေးလိုက်သည်။
တကယ်ကို ဒါက အဖြောင့်တစ်ယောက်ရဲ့ ဂေး တစ်ယောက်အပေါ် တာဝန်မဲ့စွာ စနောက်ခြင်းပဲ...
တိတိ၊ မင်း တကယ်ကို လွန်သွားပြီ...
ငါ့ကို မပြတ်သားလို့ဆိုပြီး မင်းအထင်သေးနေတာမဟုတ်လား...
🌟🌟🌟