Chapter : 31 ( မီး မိန်းကလေး [6] )
Viewers 3k

Chapter : 31 ( မီး မိန်းကလေး [6] )


ထို့နောက် ထမင်းစားပွဲပေါ်ရှိ မီးများ လင်းလာသည်။ ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ဟိုင်ရိက ချစ်မြတ်နိုးစိတ်ဖြင့် ဝန်ခံစကားဆိုလိုက်၏။ ရှန့်ချန့်ယန်၏ သီချင်းကို နားထောင်ပြီးစဖြစ်ရာ သူ့နှလုံးသားထဲမှ ခံစားချက်များ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေဆဲဖြစ်သည်။

ရှန့်ချန့်ယန်က စိတ်လှုပ်ရှားမှုနှင့် နာကျင်မှုများဖြင့် ပြည့်လျှံနေသော အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်လိုက်သောအခါ ဟိုင်ရိ၏ စာသားများသည် သူ့ကိုယ်သူ ပူးဝင်ခံထားရသလိုမျိုး ပါးစပ်မှ လွင့်ထွက်သွားခဲ့၏။

ဟိုင်ရိ : ''မင်းက အရမ်းပြည့်စုံလွန်းတယ်''

ရှန့်ချန့်ယန်၏ အကြည့်တွင် စိတ်ပျံ့လွင့်သွားသော အခိုက်အတန့်တစ်ခု ရှိခဲ့သည်။ သူ ဘာမှမပြောဘဲ တန်းတန်းမတ်မတ် ကြည့်နေခဲ့၏။ ထို့အစား သူ့ကို ဆက်ပြောရန် စောင့်နေခဲ့သည်။

ဟိုင်ရိက ထိုအခါမှ သူ့စာသားများကို မပြောရသေးဘဲ မသိစိတ်ကပင် ပြဇာတ်ထဲသို့ စီးမျောဝင်ရောက်သွားသည်ကို သဘောပေါက်လိုက်၏။

ထိတ်လန့်တုန်လှုပ်မှုတစ်ခု လင်းလက်သွားသည်။ သူ စားပွဲပေါ်ရှိ ဝိုင်နီ၊ ပုံစံတူ အရက်ပုလင်းကို တစ်ငုံသောက်လိုက်၏။ ၎င်းသည် ချဉ်ပြီး ဖန်တီးသော အရသာရှိသည်။ သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး နောက်ဆုံးတွင် သူ၏စာသားများကို ပြန်သတိရလိုက်သည်။

''ဆာဗီ၊ ငါ မင်းကို တကယ်ကြိုက်တယ်၊ မင်း ငါ့ကို ဒီအခွင့်အရေးပေးဖို့ ငါ ဘာလုပ်ပေးရမလဲ''

ရှန့်ချန့်ယန် : ''ကျွန်မကို ဘယ်အခွင့်အရေး ပေးစေချင်တာလဲ''

( TN : ပြဇာတ်ထဲက ဇာတ်ကောင်တွေအတိုင်း သုံးသွားပါ့မယ်နော် )

ဟိုင်ရိ စိတ်လွတ်သွားသည်။ သူ ရှန့်ချန့်ယန်ကို အတွေးများ မပါဘဲ ကြည့်နေခဲ့၏။

ရှန့်ချန့်ယန် ဆိတ်ဆိတ်နေပြီး သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

၎င်းသည် စီစဉ်ထားသော တိတ်ဆိတ်သည့် တစ်ကိုယ်တော်ပြောစကားဟု တွေးကာ ပရိသတ်ကလည်း ဆိတ်ဆိတ်နေခဲ့၏။

ဟိုင်ရိ ဘယ်လိုမှ သူ့စာသားတွေကို ပြန်မှတ်မိနိုင်ခြင်းမရှိပေမယ့် သူ စိတ်ထဲမှာတော့ အရမ်းအေးဆေးနေခဲ့သည်။ သူ စဉ်းစားပြီး သူ့ကိုယ်ပိုင်အတွေးတွေနဲ့ပဲ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်၏။

''မင်း ငါ့ကို မင်းကမ္ဘာထဲကို ဝင်ခွင့်ပြုမယ်လို့ မျှော်လင့်တယ်"

ဟိုင်ရိ : ''မင်း ငါ့ရဲ့စိုးရိမ်မှုကို လက်ခံပြီး မင်းအတွက် ငါ စိတ်မကောင်းဖြစ်ခွင့်ပေးမယ်လို့ မျှော်လင့်တယ်၊ မင်းကို တစ်ယောက်တည်း ထိခိုက်အောင် မလုပ်ဖို့ အခွင့်အရေးပေးပါ၊ ငါက နံရံစွန်းမှာ ပွင့်တဲ့ ပန်းပွင့်လေးတစ်ပွင့်ပါ၊ မင်းက ငါ ရှားရှားပါးပါးမြင်ရတဲ့ နေရောင်ခြည်ပဲ၊ မင်း ငါ့ကို အခါအခွင့်သင့်တိုင်း လာကြည့်ရုံပါပဲ၊ ငါ လှလှပပ ပွင့်လန်းလာလိမ့်မယ်''

ရှန့်ချန့်ယန် : ...

''ကျွန်မ ပြောစရာ ဘာမှမရှိပါဘူး''

ရှန့်ချန့်ယန် ပြုံးလိုက်သည်။ သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ဟိုင်ရိ၏ ခွက်နှင့် တိုက်လိုက်၏။

''လူကြီးမင်းရဲ့ စွမ်းရည်ဟာ ကျွန်မထက် သာလွန်ပါတယ်''

သို့သော် ဟိုင်ရိက ပြင်းထန်စွာ ပြန်ဖြေလိုက်သည်။

''မင်းအပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာက စစ်မှန်တယ်၊ အကြံအစည်မရှိပါဘူး"

ရှန့်ချန့်ယန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ဟိုင်ရိကို စိုက်ကြည့်နေပြီး အမှန်တကယ်ပင် အမှတ်တမဲ့ ဖမ်းမိသွားပုံရ၏။ 

သူ ဆိတ်ဆိတ်နေခဲ့သည်။ သူ ဘာပြောသင့်သည်ကို မသေချာသောကြောင့် ဖြစ်နိုင်ပါသည်။

ဟိုင်ရိ၏ စကားများသည် အလွန်လေးနက်ပြီး လူလည်တစ်ယောက် ပြောသည့်စကားနှင့် လုံးဝမတူပေ။

ဆန့်ကျင်ဘက်အားဖြင့်၊ သူသည် ချစ်မြတ်နိုးရသူကို ရိုးသားစွာ ဝန်ခံနေသော လျှို့ဝှက်ချစ်သူတစ်ဦးနှင့် ပိုတူနေ၏။

သို့သော် ထိုသို့ဖြစ်ခဲ့လျှင် နောက်ဆုံးအပိုင်း၊ ဟိုင်ရိ၏ အချစ်ဇာတ်လမ်းသည် ဖြစ်ပျက်လာမည်မဟုတ်ပေ။

ရှန့်ချန့်ယန်သည် ထိုအချိန်တွင် မည်သည့်အရာကိုမျှ ပြောရန် နည်းလမ်းမရှိဘဲ ဟိုင်ရိ၏လက်ကိုသာ ပေးလိုက်ပြီး သူ့အပေါ် အနမ်းတစ်ပွင့် ပေးခွင့်ပြုလိုက်သည်။

ဟိုင်ရိ မော့ကြည့်လိုက်၏။

''ကျေးဇူးပါ၊ လှပတဲ့ အမျိုးသမီးလေး''

ရှန့်ချန့်ယန် : ''ကျွန်မကို တန်ဖိုးထားပေးပါ၊ လူကြီးမင်း''

ဟိုင်ရိ၏ နှလုံးသားသည် ထိုအခိုက်အတန့်တွင် ဒရမ်တစ်ခုလို ခုန်နေပြီး ကျယ်လောင်စွာ မြည်ဟည်းနေသည်။ ဤခံစားချက်မျိုးကို သူ ခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။

နောက်ပိုင်းတွင် ဟိုင်ရိ တဖြည်းဖြည်း နောက်ဆုတ်သွားစဉ် ရှန့်ချန့်ယန်က အဆိုတော်ဖြစ်ရခြင်း၏ အိပ်မက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံး သီချင်းဆိုရင်း၊ သူ့အသံကို အသုံးပြု၍ သူ့ဘဝအကြောင်း သီဆိုခဲ့သည်။ သူသည် ဘားများတွင် သီချင်းစဆိုခဲ့၏။ သူ <Is There All There Is> ကို ပထမဆုံးအကြိမ် သီဆိုသောအခါ ဟိုင်ရိသည် ကောင်တာတွင် ထိုင်နေခဲ့သည်။

ဇာတ်ကွက်အရ ဟိုင်ရိသည် ဤအချိန်တွင် အခြားအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ပြီး အချစ်သစ်တစ်ဦး ရရှိသင့်သည်။ သူ့နှလုံးသားတွင် သူသည် အလကားနေသူ လူငယ်သခင်တစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦးအတွက် အချိန်များစွာ ပေးရန် မဖြစ်နိုင်ပေ။ 

သို့သော် လက်တွေ့တွင် ဟိုင်ရိ ထိုနေရာတွင် ထိုင်နေစဉ် သူ့မျက်လုံးနှင့် သူ့နှလုံးသားထဲတွင် ရှန့်ချန့်ယန်တစ်ယောက်တည်းသာ ရှိခဲ့၏။

ဝိုင်နီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှန့်ချန့်ယန်သည် စာသားများကို အရက်မူးသည့်အသံဖြင့် သီဆိုခဲ့သည်။

ထိုခဏတာတွင် ဟိုင်ရိသည် သူ့သွေးများ ပူလာသည်ကို ခံစားလိုက်ရ၏။ ဖြစ်နိုင်သည်မှာ ၎င်းသည် ဇာတ်ကွက်နောက်ခံ သို့မဟုတ် ရှန့်ချန့်ယန်၏ အပြစ်ကင်းစင်သော သရုပ်ဆောင်မှုနှင့် ကျွမ်းကျင်သော သီဆိုမှုကြောင့် ဖြစ်နိုင်သည်။ ထိုအခိုက်အတန့်တွင် ဟိုင်ရိသည် သူ့ကိုယ်သူ နစ်မြုပ်နေသည်။

သူသည် ချစ်ခြင်းမေတ္တာ၏ ထောင်ချောက်ထဲသို့ နစ်မြုပ်သွားခဲ့ပြီဖြစ်၏။

ပရိသတ်ကို ကျောခိုင်းပြီး ဟိုင်ရိသည် သူ့ရင်ဘတ်ကို ထိလိုက်ရာ သူ့မျက်နှာသည် အနီရောင်ရဲနေမည်ဟု ထင်ရသည်။ သူသည် အလွန်ရှုပ်ထွေးနေ၏။

ထိုမျှသော စိတ်ခံစားမှုမျိုး ရှိနေခြင်းကြောင့် ရှုပ်ထွေးနေခြင်းဖြစ်ပြီး၊ ထိုခံစားမှု ရုတ်တရက်ရောက်ရှိလာခြင်းကြောင့်လည်း ရှုပ်ထွေးနေခြင်းဖြစ်ရာ သူ့ကို ပြင်ဆင်ရန် နေရာမရှိတော့ပေ။

ဟိုင်ရိ၏ နှလုံးသားသည် နှစ်ပေါင်းများစွာကြာအောင် လှုပ်ရှားခြင်းမရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အထက်တန်းကျောင်းတွင် ကျောင်းရှိ အချောဆုံးကောင်လေးနှင့် ချစ်ကြိုက်ခဲ့စဉ်ကလည်း သူ့နှလုံးသားသည် ခဏတာ လှုပ်ရှားခဲ့ဖူးသည်။ သို့သော် အလွန်ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုအကြောင်းကို တွေးလိုက်သည်နှင့် အနည်းငယ် ထူးဆန်းသလို ခံစားရ၏။ ထိုစဉ်က သူသည် အလွန်အမင်း အတွေ့အကြုံမရှိသေးဘဲ အစိမ်းသက်သက်ပင် ဖြစ်ခဲ့သည်။ သူ စိတ်ခံစားမှုများကို ကိုင်တွယ်ပုံသည်လည်း အလွန်ကလေးဆန်ခဲ့သည်။ တက္ကသိုလ်တက်ရောက်ခဲ့သည့်အချိန်မှစ၍ ဟိုင်ရိသည် မည်သူ့ကိုမျှ ထပ်မကြိုက်တော့ပေ။

တစ်စုံတစ်ဦးအပေါ် ကောင်းသော အထင်အမြင်ရှိသည့် အခြေအနေများ ရှိခဲ့ဖူးသော်လည်း ထိုထက်မပိုခဲ့ပေ။

လူများစွာသည် ပထမတစ်ချက်ကြည့်လိုက်သည်နှင့် ဆွဲဆောင်မှုရှိပြီး လှပသည်ဟု ထင်ရသော်လည်း သူတို့သည် အပြန်အလှန်ဆက်ဆံပြီးနောက် သင့်လျော်ခြင်းမရှိဟု ခံစားရမည်ဖြစ်သည်။ 

ဆန့်ကျင်ဘက်အားဖြင့် ရှန့်ချန့်ယန်သည် အခြားသူများအား ပေးသည့် ပထမဆုံးအထင်အမြင်မှာ သူ့၏ အလွန်အားကောင်းသော ချောမောမှုဖြစ်ပြီး လူများကို အလှမ်းဝေးစေ၏။ လက်တွေ့တွင် သူနှင့် ခဏတာ အပြန်အလှန်ဆက်ဆံပြီးနောက် သူသည် ဤထက် ပိုမိုပြည့်စုံနိုင်တော့မည် မဟုတ်ပေ။

လူများက ကိုယ့်ကိုယ်ကို ချစ်မိစေရန် သို့မဟုတ် တစ်စုံတစ်ဦးကို မချစ်မိစေရန် နည်းလမ်းမရှိခဲ့ပါ။ သို့သော် ဟိုင်ရိသည် အားလုံးက ကြိုက်သင့်သော ပြီးပြည့်စုံသည့် တစ်ဦးချင်းစီကို ချစ်မိသွားခဲ့သည်။

ဟိုင်ရိသည် အရှိုက်ကြီးတစ်ချက်ရှိုက်လိုက်ပြီး သူ့၏အနာဂတ်ဘဝသည် အတော်လေး ဆိုးရွားလိမ့်မည်ဟု ခံစားလိုက်ရ၏။

ရှန့်ချန့်ယန်၏ မျက်လုံးများသည် စင်နောက်ဘက်သို့ စူးစိုက်ကြည့်နေပြီး ဟိုင်ရိကို တောင့်တစွာ ကြည့်နေသည်။ ဟိုင်ရိသည် ၎င်းသည် ပြဇာတ်တစ်ခုလုံးဖြစ်သည်ကို သိသော်လည်း သူ့မျက်နှာသည် မသိစိတ်ကပင် နီရဲနေဆဲဖြစ်၏။ ကိုယ့်ကိုယ်ကို သတိထားပြီး ဟိုင်ရိသည် သူ၏အကြည့်ကို ထိန်းသိမ်းရန် အခက်အခဲဖြင့် အတင်းအကျပ် ကြိုးစားခဲ့သည်။

အရေးပေါ်အခြေအနေ နီးကပ်လာပြီဟူသော စိတ်ဓာတ်ဖြင့် ဟိုင်ရိသည် ပြဇာတ်ကို ပွစိပွစိပြောဆိုရင်း အပြီးသတ်ခဲ့၏။ ၎င်းသည် ထူးခြားသည်ဟု မဆိုနိုင်သော်လည်း ကံကောင်းစွာဖြင့် သူသည် ရှန့်ချန့်ယန်၏ စကားများကို မှတ်မိနေသေးသည်။

မည်သို့ပင်ဖြစ်စေ သူသည် သူ၏စာသားများကို အလွတ်မရွတ်ဆိုသင့်ဘဲ သူ၏ပြောဆိုမှုသည် သဘာဝကျပြီး မြန်မြန်ဆန်ဆန် မဟုတ်သင့်ပေ။ နောက်ဆုံးတွင် ဟိုင်ရိသည် သူ၏ ချစ်သူအသစ်ကို ပွေ့ဖက်ပြီး စင်ပေါ်မှ ထွက်ခွာသွားသောအခါ သူသည် ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားရပြီး အလွန်ရေငတ်နေခဲ့သည်။

ဟိုင်ရိသည် မင်းသမီးကို လွှတ်ပေးလိုက်ပြီး ရှန့်ချန့်ယန်၏ ထိုင်ခုံတွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်လိုက်၏။ ရေပုလင်းတစ်လုံးကို ကောက်ယူကာ အကုန်သောက်ချလိုက်သည်။ ဆံပင်ဝါက စားပွဲပေါ်တွင် တင်နေပြီး စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်၏။

''နည်းနည်း မှားနေတဲ့ အပိုင်းတွေ ရှိတယ်၊ စကားပြောကြရအောင်''

ဟိုင်ရိ : ''ငါ မလုပ်တော့ဘူး'' 

ဟိုင်ရိက ကြွေးကြော်လိုက်သည်။

''မင်း ရှာချင်တဲ့သူကို ရှာလိုက်''

ဆံပင်ဝါ : ''အဲဒီလို မလုပ်ပါနဲ့''

သူသည် စာအုပ်ကို ချက်ချင်းထားလိုက်ပြီး အလွန်ရိုးသားစွာဖြင့် ပြောလိုက်၏။

''ခင်ဗျားသရုပ်ဆောင်တာက တကယ်တော့ ကောင်းတယ်၊ တကယ်ကြီး အမှားအယွင်းမရှိဘူး၊ အဲဒီလောက်ပဲ၊ ကျွန်တာ်ပြောစရာ သိပ်မရှိဘူး''

ဟိုင်ရိ : ''မင်း ဘာပြောပြော ငါ မလုပ်တော့ဘူး၊ ငါ မလုပ်နိုင်ဘူး''

ဆံပင်ဝါ : ''ဘယ်လောက်လိုချင်လဲ''

ဟိုင်ရိ : ?

ဆံပင်ဝါက ၂ ဂဏန်းကို ဖြတ်ခနဲ ပြလိုက်သည်။

''ဒီလောက်ဆို လုံလောက်ပြီလား''

ဟိုင်ရိ : ''ဘယ်လောက်လဲ''

ဆံပင်ဝါ : ''တစ်ပွဲကို နှစ်သောင်း''

ဟိုင်ရိ : ...

''နောက်တစ်ပွဲ ဘယ်တော့လဲ''

ဟိုင်ရိက ရေတစ်ကျိုက်သောက်ပြီး အေးအေးဆေးဆေး မေးလိုက်၏။

ဆံပင်ဝါ : ''နောက်အပတ်''

ဟိုင်ရိ : ''ငါ ပြန်လာတာကို စောင့်၊ ငါ လုပ်ငန်းတာဝန်တစ်ခု သွားလုပ်တော့မလို့''

''ခင်ဗျား စာရင်းပေးပြီးပြီလား"

ဆံပင်ဝါ အံ့အားသင့်သွားသည်။

''ခင်ဗျား နားမှာ မဟုတ်ဘူးလား''

ဟိုင်ရိ : ''ငါ ငွေပြတ်နေတယ်၊ ငါ့မှာ ရွေးစရာမရှိဘူး၊ ငါ စာရင်းမပေးရသေးဘူး၊ ဒါပေမယ့် မနက်ဖြန် သွားဖို့ စီစဉ်ထားတယ်''

ဆံပင်ဝါ : ''ကောင်းပြီလေ၊ အကောင်းဆုံး ကြိုးစားပါ၊ ကိုယ့်ကိုယ်ကို မသတ်မိပါစေနဲ့''

ဟိုင်ရိ၏ နှလုံးသားသည် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူ ကုလားထိုင်ပေါ် လှဲချလိုက်ပြီး လေးလေးစားစား ပြန်ဖြေလိုက်၏။

''အကောင်းဆုံး ကြိုးစားပါ့မယ်''

ခဏအကြာတွင် ဟိုင်ရိသည် မိုးကြိုးသံကဲ့သို့သော လက်ခုပ်သံများကို အပြင်ဘက်မှ ကြားလိုက်ရသည်။ 

ဆံပင်ဝါ ရောက်လာပြီး ကန့်လန့်ကာနောက်ကွယ်မှ လူများကို ခေါ်ထုတ်ကာ ဦးညွှတ်ခိုင်း၏။ ဟိုင်ရိလည်း လိုက်ပါသွားပြီး ရှေ့ဆုံးသို့ ရောက်ရှိသွားသည်။ သူသည် အညစ်အကြေးလူတစ်ယောက်ဖြစ်ခဲ့ရင်တောင် သူသည် အဓိကဇာတ်ဆောင်ဖြစ်နေဆဲပင်။ လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးခဲ့ကြရာ ဟိုင်ရိသည် နောက်ဆုံးတန်းမှ ရှေ့သို့ တက်လာရုံသာရှိတော့သည်။

ရှန့်ချန့်ယန်က သူ့ပခုံးကို ပုံမှန်အတိုင်း ဖက်လိုက်ပြီး အော်လိုက်၏။

''တစ်၊ နှစ်၊ သုံး''

ပြီးတော့ သူသည် ဟိုင်ရိကို ဖိချလိုက်ပြီး အတူတူ ဦးညွှတ်လိုက်သည်။

ရှန့်ချန့်ယန်၏ ပေါင်သည် ဟိုင်ရိ၏ ခြေထောက်နှင့် ကပ်နေ၏။ သူသည် ရှန့်ချန့်ယန်၏ မီးကဲ့သို့သော နွေးထွေးမှုကို ခံစားရပြီး သူ့မျက်နှာ အနည်းငယ် နီရဲလာသည်ကိုလည်း တွေ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ရှန့်ချန့်ယန်သည် သူ့လက်ကို အလွန်လျင်မြန်စွာ လွှတ်ပေးလိုက်ရာ ဟိုင်ရိသည် သက်ပြင်းချလိုက်၏။

ကန့်လန့်ကာပိတ်ပြီးနောက်တွင် လူတိုင်း၏ စိတ်ခံစားမှုများမှာ ပြဇာတ်ထဲတွင် နှစ်မြှုပ်နေဆဲလိုပင် မြင့်တက်နေဆဲဖြစ်သည်။ စာသားများသည် တိုက်ရိုက်မြင်ကွင်းများထက် လှုံ့ဆော်မှု နည်းပါးသည်မှာ သေချာ၏။

ဟိုင်ရိသည် ဇာတ်ညွှန်းကို ဖတ်လိုက်သောအခါ စိတ်ပျက်အားငယ်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြဇာတ်ရုံထဲတွင် တိုးလာခဲ့သည်။ ပရိသတ်၏ စိတ်ခံစားမှုများလည်း လှုပ်ရှားသွားရာ မည်သူမျှ ပြန်မသွားချင်ကြပေ။

ဟိုင်ရိသည် အလုပ်သမားများနှင့်အတူ စင်ပေါ်မှ ထွက်ခွာလာခဲ့ပြီး နောက်ဘက်တွင် စောင့်နေသော ဆံပင်ဝါနှင့် တွေ့ဆုံခဲ့၏။ သူသည် လူတိုင်းကို တစ်ယောက်ချင်းစီ လက်ဝါးချင်းရိုက်နှုတ်ဆက်ပြီး ရှန့်ချန့်ယန်၏ အလှည့်ရောက်သောအခါ သူ့ကို ပွေ့ဖက်လိုက်သည်။

''တော်လိုက်တဲ့အစ်ကိုကြီး''

ရှန့်ချန့်ယန်သည် သူ့ဆံပင်တုကို ဆွဲချွတ်လိုက်ပြီး စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်၏။

''မင်းလည်း ပင်ပန်းခဲ့ပြီ''

နောက်ကွယ်တွင် မယုံနိုင်လောက်အောင် လူများစွာ ရှိနေပြီး လူတိုင်းက ရှန့်ချန့်ယန်နှင့် စကားပြောနေကြသည်။ ဟိုင်ရိသည် သူ့ကိုယ်သူ လုံးဝ မပါဝင်နိုင်ဘဲ ဘာပြောရမည်ကိုပင် မသိသောကြောင့် စားပွဲတွင် ထိုင်ကာ မိတ်ကပ်ဖျက်လိုက်၏။ ခဏအကြာတွင် သူသည် သူ့ကိုယ်ပိုင်ကိစ္စများကို စဉ်းစားနေစဉ် ထိုကလေးမလေး လာပြီး သူ့ကို ပြောလိုက်သည်။

''အားလုံး နောက်မှ ထမင်းသွားစားကြမယ်၊ ရှင်လိုက်မလား''

ဟိုင်ရိက သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမ erhu ကို လွှဲရင်း ရဲရင့်သော ပုံစံကို မှတ်မိနေသေးသဖြင့် သူက လေးစားမှုဖြင့် ပြောလိုက်၏။

''မင်း အသက်ဘယ်လောက်လဲ''

ကလေးမလေး : ''ဆယ့်သုံးနှစ်''

သူမ ဆယ့်သုံးနှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်လား။ ဟိုင်ရိ စိတ်ထဲတွင် ညည်းတွားလိုက်သည်။

''ငါ သွားမယ်၊ ချန့်ယန်ကောကော သွားမှာလား၊ သူ သွားရင် ငါ သွားမယ်''

ရှန့်ချန့်ယန်သည် သူ၏ဝတ်စုံကို ချွတ်ပြီးပြီဖြစ်သည်။ သူသည် ကြီးမားသော တီရှပ်တစ်ထည်နှင့် ခုနမှ ဝတ်ထားသည့် ဘောင်းဘီတိုတစ်ထည်ကို ဝတ်ဆင်ထား၏။

''ကျွန်တော် မသွားဘူး''

ဟိုင်ရိ : ...

''ဒါဆို...''

ဟိုင်ရိသည် ခက်ခဲသော အခြေအနေတွင် ရှိနေခဲ့သည်။

ရှန့်ချန့်ယန် : ''ကျွန်တော် ဒီည ကိစ္စရှိတယ်၊ ဒါကြောင့် မသွားဘူး၊ ခင်ဗျားတို့ သွားကြ၊ ကျွန်တော်ရှင်းပေးမယ်''

ဒါဆို ငါလည်း မသွားတော့ဘူး ဆိုတာသည် ဟိုင်ရိ ပြောချင်တဲ့ စကားပင်။ သူ စောစောက အေးဆေးတည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့တာကြောင့် ပြောရဲတဲ့ သတ္တိမရှိဘဲ ခဏတာ ရပ်တန့်သွားခဲ့၏။

ရှန့်ချန့်ယန်သည် သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီးပြီဖြစ်သည်။ သူ့ပါးစပ်ထဲမှာ တုတ်ထိုးသကြားလုံးတစ်ချောင်းနှင့်။

''ကျွန်တော် အရင်သွားတော့မယ်''

ဟိုင်ရိက မသိစိတ်ကပင် မေးလိုက်သည်။

''ဘယ်ကိုလဲ''

သူ ရုတ်တရက် ပြောလိုက်မှ တစ်ခုခု မှားနေကြောင်း သဘောပေါက်လိုက်၏။ ကံကောင်းစွာဖြင့် ရှန့်ချန့်ယန်က ဂရုမစိုက်ဘဲ သိပ်မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

''မနက်ဖြန် ခင်ဗျားနဲ့ တွေ့မယ်၊ ပြဇာတ်အကြောင်း ဆွေးနွေးဖို့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့မလို့''

''ကောင်းပြီလေ၊ ဘိုင့်''

ဟိုင်ရိ ဤကဲ့သို့သာ ပြောနိုင်တော့သည်။

ရိုးရိုးသားသားပြောရရင် သူ့နှလုံးသား နောင်တအချို့ ရှိနေခဲ့၏။

သူ ရှန့်ချန့်ယန်နှင့် အချိန်ပိုရမည်ဟု မျှော်လင့်ခဲ့မိသည်။ ဒါက မည်သို့ပင်ဖြစ်စေ သဘာဝကျပါသည်။ သူ ထွက်သွားခြင်းကိုသာ နှမြောမိသည်။

ထိုအချိန်က ဟိုင်ရိသည် ရှန့်ချန့်ယန်က နောက်တစ်နေ့ သူ့ကို တကယ်လာရှာလိမ့်မည်ဟု မထင်ခဲ့ပေ။

သူသည် ယခင်ညက အနည်းငယ် သောက်ထားပြီး အနည်းငယ် ခေါင်းမူးနေခဲ့သည်။ သူ့ဆံပင်များ အလွန်ရှုပ်ထွေးနေပြီး ဘယ်လုပ်ငန်းတာဝန်ကို စာရင်းပေးရမည်ကို စဉ်းစားရင်း ဖုန်းကို စိုက်ကြည့်နေခဲ့၏။

ဘဲလ်ရုတ်တရက် မြည်လာသည်။ ဟိုင်ရိ ထရပ်လိုက်သည်။ ကိုယ်ခန္ဓာ ယိမ်းထိုးနေရင်း တံခါးဖွင့်ရန် သွားလိုက်၏။ တံခါးဝတွင် ရှန့်ချန့်ယန် ရပ်နေသည်ကို မြင်လိုက်သောအခါ သူ အံ့အားသင့်သွားသည်။

ရှန့်ချန့်ယန်က သူ့ကို ဝင်ခွင့်ပြုရန် မျက်လုံးချင်းဆုံပြီး အချက်ပြလိုက်၏။ သူ ဝင်လာပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ မေးလိုက်သည်။

''လုပ်ငန်းတာဝန် သွားလုပ်မလို့လား။''

ဟိုင်ရိ : ''အာ...''

တကယ်တော့ သူ ထိုကိစ္စကို မလုပ်ဆောင်ရသေးပေ။

ရှန့်ချန့်ယန်က စက္ကူအပိုင်းအစတစ်ခု ချလိုက်သည်။

''ဒီနေ့ ညနေ ၄ နာရီမှာ လုပ်မယ့်ဟာကို စာရင်းပေးလိုက်''

ဟိုင်ရိ : ''ဘာဖြစ်လို့လဲ"

ရှန့်ချန့်ယန် : ''ကျွန်တော် ခင်ဗျားနဲ့အတူ သွားမယ်၊ ကျွန်တော် စာရင်းပေးပြီးပြီ''

ဟိုင်ရိ ချက်ချင်း မေးခွန်းထုတ်နေခြင်းကို ရပ်လိုက်သည်။ သူ့ဖုန်းကို ထုတ်ယူကာ ထိုလုပ်ငန်းတာဝန်ကို စတင်ရှာ‌ဖွေလိုက်၏။ တစ်စက္ကန့်အတွင်းမှာပင် သူ ရွေးချယ်ပြီး အတည်ပြုခလုတ်ကို နှိပ်လိုက်လေသည်။

🌟🌟🌟