Chapter : 19 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [16] )
Viewers 3k

Chapter : 19 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [16] )



ဟိုင်ရိသည် ခေတ္တမျှ စဉ်းစားပြီးနောက် မသေချာသော လေသံဖြင့် မေးလိုက်သည်။


"ကျွန်တော့်ကိုလား"


ရွှယ်ချွမ်းက ပြန်ဖြေ၏။


"ရှင်က ကိုယ်ပိုင်ခံစားချက်တွေကို အရမ်းနက်နက်ရှိုင်းရှိုင်း ထည့်ထားတာပဲ၊ ရှင့်လို ကစားသမားတစ်ယောက်မရှိရင် ကျွန်မတို့အတွက် မတရားဘူးပဲ"


ဟိုင်ရိ : "ကျဲ.. ကျွန်တော်တို့ သက်သေအပေါ်ပဲ အာရုံစိုက်ရအောင်၊ ဟုတ်ပြီလား"


နောက်ဆုံးတွင် ဖျင်ကျယ့် စကားစပြောလာ၏။


"ရှန့်ချန့်ယန်၊ မင်းရဲ့အရုပ်အကြောင်း မင်းပြောပြတဲ့ ပုံပြင်ကို ငါတကယ်မယုံဘူး"


သူ့ကိုယ်သူ ထိန်းထားပုံရသော်လည်း ခဏအကြာတွင် သူသည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။


"မင်းပြောတာက မင်းအရုပ်ရဲ့ ရင်ဘတ်က သွေးတွေက မင်းဖောက်လိုက်လို့ ဖြစ်တယ်ပေါ့၊ ကဲ အခု စမ်းကြည့်ရအောင်၊ အရုပ်က တကယ်သွေးထွက်မထွက်ကို"


ရှန့်ချန့်ယန်သည် အရုပ်ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး ဆက်လုပ်ရန် အချက်ပြလိုက်သည်။ ဖျင်ကျယ့်သည် အရုပ်ကို ကောက်ယူလိုက်ပြီး သူ့အိတ်ကပ်ထဲမှ သော့တစ်ချောင်းကို ထုတ်ကာ ၎င်းမှ လက်သည်းညှပ်ရှိ ဓားသွားဖြင့် အရုပ်ကို ဖောက်လိုက်၏။ ဟိုင်ရိ၏ နှလုံးသား တင်းမာလာပြီး ထိုတင်းမာမှုသည် လည်ချောင်းနှင့် မျက်လုံးများအထိ ပျံ့နှံ့သွားသည်။ တင်းမာမှုသည် အချိန်ကြာမြင့်စွာ တည်ရှိနေသော်လည်း သွေးတစ်စက်မှ မတွေ့ရပေ။


ဖျင်ကျယ့်သည် လက်တစ်ချက်ဝှေ့ယမ်းကာ ကြေညာလိုက်သည်။


"ငါပြောသားပဲ...ငါမင်းကို မယုံဘူးလို့"


ဆန့်ကျင်ဘက်အားဖြင့် ရှန့်ချန့်ယန်သည် အတော်လေး ငြိမ်သက်နေ၏။


"ကောင်းပြီလေ၊ ကျွန်တော်လိမ်တာပါ"


"စစချင်းတုန်းက လူတိုင်းက လိမ်ခဲ့ကြတာပဲ" 


ရှန့်ချန့်ယန်က ဆိုသည်။


"ဒါကြောင့်ကျွန်တော်လိမ်ခဲ့ရင်တောင် အရေးမကြီးပါဘူး၊ ကျွန်တော့်ဆေးထိုးအပ်က ကိုယ့်ကိုယ်ကို ထိုးဖို့ မသုံးခဲ့ပါဘူး၊ ရွှယ်ချွမ်းကို ယွိရှန့်က ထိန်းချုပ်ထားတယ်ဆိုတာ ကျွန်တော်သိတယ်၊ ယွိရှန့်ရဲ့ လက်စားချေချင်စိတ်က ကျွန်တော့်အရုပ်ထဲမှာ ရှိနေပြီး ကျွန်တော့်သွေးနဲ့ သူ့ကို သွေးဆောင်ပြီး လက်စားချေဖို့ သေဆုံးသူကို သတ်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်၊ ကျွန်တော်စမ်းသပ်ခဲ့တယ်၊ ဒါပေမယ့် ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး၊ ဘာတုံ့ပြန်မှုမှ မရှိရုံတင်မကဘဲ ဝိညာဉ်က အရုပ်ထဲကနေ အကြာကြီး ပျောက်သွားပုံရတယ်၊ သူ ရွှယ်ချွမ်းဆီကို ရောက်နှင့်နေပြီး သူ့ဝိညာဉ်ကို အတင်းအဓမ္ဓ ထုတ်ပစ်လိုက်ပြီ"


ရှန့်ချန့်ယန်က မေးသည်။


"နားလည်ရဲ့လား"


ဟိုင်ရိက ခေါင်းညိတ်ပြပြီး လူတိုင်း၏ မျက်နှာအမူအရာများကို တစ်ချက်ကြည့်လိုက်၏။


ဖျင်ကျယ့်က မေးသည်။


"ဒါဆို ဘာလို့စစချင်းတည်းက မပြောခဲ့တာလဲ"


"အဲဒီအချိန်တုန်းက ခင်ဗျားတို့ ကျွန်တော့်ကို ယုံမှာမဟုတ်ဘူး"


ရှန့်ချန့်ယန်က ပြန်ဖြေ၏။


"ခင်ဗျားတို့က ကျွန်တော့်အမေကိုသတ်ဖို့ ယွိရှန့်ကို ကျွန်တော်က ခေါ်ခဲ့တယ်လို့ ထင်ကြမှာလေ"


ဟိုင်ရိ စဉ်းစားမိသည်။ 'မှန်တာပေါ့'


'ရှန့်ချန့်ယန်က အစကတည်းက ပြောခဲ့မယ်ဆိုရင် ဘယ်သူမှ သူ့ကို ယုံမှာမဟုတ်ဘူး၊ အဲ့ဒီလိုသာဆိုရင် အရုပ်က ရှန့်ချန့်ယန်နဲ့ သိပ်မဆိုင်တော့ဘဲ ရွှယ်ချွမ်းကို ဆန့်ကျင်တဲ့ အရေးကြီးတဲ့ သက်သေတစ်ခု ဖြစ်လာလိမ့်မယ်'


ရွှယ်ချွမ်း : "ဒါက ရှင့်ရဲ့ တစ်ဖက်သတ် ထွက်ဆိုချက်ပဲ"


ရှန့်ချန့်ယန် : "စကားလုံးတွေရဲ့ ကစားနည်းပဲလေ"


"ကျဲ၊ အဲလိုသာ နားထောင်ကြည့်ရင် ဒါတွေအားလုံးက 'တစ်ဖက်သတ် ထွက်ဆိုချက်တွေ' တွေပဲ မဟုတ်ဘူးလား"


ရွှယ်ချွမ်းက ချန်ဇယ်ကို မေးလိုက်၏။


"ချန်ဇယ်၊ နင်ရော... နင်ဘာမှ ပြောစရာ မရှိဘူးလား"


သူမသည် ထိုအချိန်က အသေအချာဆုံး သံသယရှိသူ ဖြစ်သောကြောင့် အခြားသူများကို ဖိအားပေးရန် သက်သေအသစ်များနှင့် ထွက်ဆိုချက်များ အရေးတကြီး လိုအပ်နေသည်။


သို့သော် ချန်ဇယ်က ခေါင်းခါရင်း အနည်းငယ် ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်၏။


"ဘာမှမရှိတော့ဘူး၊ ငါသိတာအားလုံး ပြောပြီးပြီ၊ ဒီပွဲကို အမြန်ဆုံး အဆုံးသတ်လို့ရမလား ငါပင်ပန်းနေပြီ"


အစကတည်းက ဟိုင်ရိသည် နည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ပေ။ ရှန့်ချန့်ယန်က လူသတ်သမားဖြစ်သည်ဟု ထင်ကာ စိုးရိမ်နေခဲ့ပြီး၊ သူသည် ကောင်းစွာ မကစားနိုင်ဘဲ ဤအချီကိုသာ ကျော်ဖြတ်ရန် ရည်ရွယ်ခဲ့သည်။


သူ့စိတ်ထဲတွင် ရှန့်ချန့်ယန်၏ ဆာလောင်မှုအကြောင်းကိုသာ စဉ်းစားနေ၏။ သူသည် ဆက်လက်နားထောင်ရန် စိတ်မပါတော့ဘဲ သေဆုံးသူကို မေးလိုက်သည်။


"အခု ထမင်းစားဖို့ အချိန်မကျသေးဘူးလား"


ဖျင်ကျယ့်က တခွီးခွီးရယ်မောလိုက်၏။


"မင်းတို့နှစ်ယောက်က ဘာလို့ ထမင်းစားဖို့ပဲ စဉ်းစားနေကြတာလဲ"


ဟိုင်ရိကလည်း ဘာမှမပြောဘဲ ခေါင်းခါရင်း ရယ်လိုက်သည်။


ရွှယ်ချွမ်းက အဓိပ္ပာယ်မဲ့သည်ဟု ခံစားရင်း လူတိုင်းကို ဝေ့ကြည့်လိုက်၏။


"ရှင်တို့အားလုံးက ကျွန်မလို့ သေချာနေတာလား"


ရှန့်ချန့်ယန် : "ကျဲ၊ ပြန်ရောက်ရင် ကောင်းကောင်းနေပါနော်"


ရှန့်ချန့်ယန်၏ စကားများသည် ရွှယ်ချွမ်း၏ နားထဲသို့ မရောက်ပေ။


သူမက ပြန်ပြော၏။


"ကျွန်မသာ လူသတ်သမားဆိုရင် ကျွန်မရဲ့ အပေါင်းအဖော်က ဘယ်သူလဲလို့ မေးပါရစေ၊ ပထမညက နှစ်ယောက် သေဆုံးခဲ့တယ်၊ အပေါင်းအဖော်က ရှင်တို့ထဲက တစ်ယောက်ယောက် ကျွန်မကို ထောင်ချောက်ဆင်နေတာလား၊ ကျွန်မမှာ အပေါင်းအဖော်မရှိဘူးလေ"


ချန်ဇယ်က စိတ်မရှည်စွာ ပြောလိုက်သည်။


"ကျယ်ကျဲ၊ ငါတို့က အပေါင်းအဖော်အတွက် မဲပေးကြမှာ မဟုတ်ဘူး၊ အခြေအနေက မကောင်းတဲ့အခါ အပေါင်းအဖော်က မင်းကို တိုက်ရိုက် ပစ်ချခဲ့တာပဲ၊ ဒီလိုအဖြစ်မျိုးက မဆန်းပါဘူး"


ပါဝင်ပတ်သက်ခြင်းမရှိသော အပေါင်းအဖော်များကို မဲပေးထုတ်ပစ်ခြင်းက မှတ်တမ်းအမှတ်များ တွက်ချက်ခြင်းကိုသာ သက်ရောက်မှုရှိသည်။ ကစားခဲ့သော ပွဲစဉ်တိုင်းတွင် တစ်ဝက်ကျော်သော အပေါင်းအဖော်များသည် ၎င်းတို့၏တာဝန်ကို စွန့်လွှတ်ပြီး လူသတ်သမားကို တိုက်ရိုက် ပစ်ချလေ့ရှိသည်။ အကြောင်းမှာ ၎င်းတို့ကို အပေါင်းအဖော်အဖြစ် ဖော်ထုတ်မိပါက ပို၍ပင် အခက်တွေ့မည်ဖြစ်သောကြောင့် ဖြစ်၏။


ဟိုင်ရိလည်း ထိုသို့ပြောချင်ခဲ့သော်လည်း ချန်ဇယ်ထံမှ ထုတ်ပြောလာလျှင် ပို၍ယုံကြည်မှုရှိမည်မှာ ထင်ရှားသည်။ အစကတည်းက သူသည် ဘက်လိုက်မှု စောလွန်းခဲ့၏။ ရှန့်ချန့်ယန်ကို သူ မဲပေးမည်မဟုတ်ကြောင်း မည်သူမဆို သိနိုင်ပြီး ထို့ကြောင့် သူဘာပြောပြော ရှန့်ချန့်ယန်ဘက်က ရပ်တည်သည်ဟု ရှုမြင်ခံရမည်ဖြစ်သည်။


တစ်ဖက်တွင် ချန်‌ဇယ်ကမူ ထိုသို့မဟုတ်ပေ။


စားပွဲရှေ့တွင် ထိုင်နေသော ရွှယ်ချွမ်းသည် ရုတ်တရက် အားအင်ကုန်ခမ်းနေသည်ဟု ခံစားလိုက်ရ၏။ အရာအားလုံး ကျောက်သားဖြင့် ထုလုပ်ထားသကဲ့သို့ပင်။


စဉ်းစားရင်း သူမက ပြောလိုက်သည်။


"ကျွန်မသိတယ်၊ လူသတ်သမားက ရှင့်ဇီပဲ၊ ရှင့်ဇီ.. ရှင်လည်း သိပါတယ်၊ ကျွန်မတို့နှစ်ယောက်ပဲ သံသယဖြစ်ဖွယ် ကောင်းတာ၊ ရှင် ယွိရှန့်ကို ကြိုးကိုင်ခဲ့တယ်လို့ ကျွန်မသံသယရှိတယ်၊ အဲဒီညက သူထွက်လာတာ ကျွန်မတွေ့တယ်၊ သူ ရှင့်ဆီ လာတွေ့တာမလား"


ရှန့်ချန့်ယန်က ရိုးသားစွာ ပြန်ဖြေ၏။


"မဟုတ်ဘူး"


"ခင်ဗျားလို့လည်း အတိအကျကြီး ကျွန်တော်မထင်ပါဘူး"


ရှန့်ချန့်ယန်က ဆိုသည်။


"ကျဲ၊ ဒီမှာ ဘယ်သူမဆို လိမ်နေနိုင်တယ်၊ ဖျင့်ကျယ် ဒါမှမဟုတ် ချန်ဇယ်လည်း လိမ်နေနိုင်တယ်၊ သူတို့က သေဆုံးသူကို သတ်ခဲ့ပြီး အခြားနည်းနဲ့ ပြောဆိုခဲ့တာ ဖြစ်နိုင်တယ်၊ ခင်ဗျားလည်း အဲဒီညက ယွိရှန့်ကို တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်၊ အဲဒါ မဖြစ်နိုင်ဘူး၊ ခင်ဗျားကိုယ်တိုင်က ယွိရှန့်ပဲ၊ ခင်ဗျား ဝင်ပူးထားတဲ့ ရွှယ်ချွမ်းကို ခင်ဗျားလည်း မြင်ခဲ့ရမှာပဲ၊ ရွှယ်ချွမ်းက တစ်ယောက်ယောက်ကို သတ်ခဲ့တယ်ဆိုရင်၊ ခင်ဗျားလည်း အပြစ်တင်ခံရသင့်တယ်"


ဟိုင်ရိသည် ထိုနေရာတွင် ဆက်ရှိနေရန် မလိုအပ်တော့ဟု ခံစားရသည်။ သူထပြီး ထွက်သွားရန် ပြင်ဆင်လိုက်သော်လည်း ရှန့်ချန့်ယန်က မော့ကြည့်ပြီး သူ့ကို ပြန်ဆွဲလိုက်၏။


"ဘယ်သွားမလို့လဲ"


ဟိုင်ရိက ပြန်ဖြေသည်။


"မီးဖိုချောင်ထဲမှာ တစ်ချက်သွားကြည့်မလို့"


ရှန့်ချန့်ယန်က သူ့ကို တစ်ချက်တည်း ဆွဲလိုက်ရာ ဟိုင်ရိ နောက်သို့ လဲကျသွား၏။ ရှန့်ချန့်ယန်က သူ့ကို ခဏတာ မလွှတ်ဘဲ ဟိုင်ရိ၏ လက်ကောက်ဝတ်ကို ဆက်လက်ဆုပ်ကိုင်ထားသည်။ သူ့လက်ဖဝါးက နွေးပြီး ခြောက်သွေ့နေ၏။ ဟိုင်ရိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှန့်ချန့်ယန်၏ လက်ဖဝါးကို ပထမဆုံးအကြိမ် ထိတွေ့ခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။ သူ့စိတ်ထဲတွင် ဤကောင်လေး၏ လက်ဖဝါးသည် ယခုအတိုင်းပင်၊ အလွန်သန့်ရှင်းပြီး အေးစက်ခြင်း မရှိပေ။


သတင်းများတွင် သူသေဆုံးခဲ့သည့် ပုံရိပ်သည် ဟိုင်ရိ၏ စိတ်ထဲတွင် ရှောင်လွှဲမရဘဲ ပေါ်လာသည်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံး တုန်ယင်သွား၏။


ရှန့်ချန့်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ စိုးရိမ်နေသည်ဟု ထင်ပြီး ဟိုင်ရိ၏ လက်ဖဝါးကို ပုတ်ပေးလိုက်ပြီးနောက် သူ့လက်ကို သဘာဝအတိုင်း ပြန်ရုတ်လိုက်၏။


"သွားစရာမလိုပါဘူး၊ ထမင်းစားချိန်မတိုင်ခင် အဆုံးသတ်လိမ့်မယ်"


ရွှယ်ချွမ်း၏ ပုံစံကို မြင်ပြီးနောက် သူ့နှလုံးသား အနည်းငယ်ပျော့ပြောင်းသွားသည်။ သူ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လည်း ဘာမှမပြောပေ။


ရွှယ်ချွမ်းသည် ပင်ပန်းနွမ်းနယ်နေ၏။


"ရှင်တို့အားလုံးက ကျွန်မလို့ ထင်နေတာလား အဲလိုလား"


ဖျင်ကျယ့် : "ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို ထုတ်ပစ်ရမှာပဲ၊ ဒါပေမယ့် တကယ်တမ်းကျတော့ ငါမဟုတ်ဘူး၊ ငါ့မှာ လူသတ်လက်နက် မရှိဘူး၊ မဟုတ်လား"


သို့သော် ရှန့်ချန့်ယန်က ရွှယ်ချွမ်းကို ပြောလိုက်သည်။


"ခင်ဗျားမှာ လူသတ်လက်နက်ရှိမရှိက အရေးမကြီးပါဘူး၊ အရေးကြီးတာက ခင်ဗျားနဲ့ကျွန်တော်ပဲ သတ်နိုင်တယ်ဆိုတာ ထင်ရှားနေတာပဲ၊ ခင်ဗျားကို တာဝန်ယူခိုင်းတာကလည်း ခင်ဗျားကို ကူညီတာပဲ၊ ဒီဇာတ်ရုပ်ကို မျက်စိမှိတ်ရွေးချယ်ခဲ့တုန်းက ကျွန်တော်က လူသတ်သမားပဲလို့ ထင်ခဲ့တယ်၊ ကျွန်တော်က လူသတ်သမားဖြစ်ရတာကို ကြိုက်ပေမယ့် ဒီလိုပုံစံနဲ့ လူသတ်သမားလုပ်ရတာကို မကြိုက်ဘူး၊ ကျွန်တော်က လူသတ်သမားမဟုတ်တော့ ကျွန်တော်က အရုပ်တွေနဲ့ ခင်ဗျားရဲ့ ဘယ်သူဘယ်ဝါဆိုတဲ့ အချက်အလက်တွေကို မျှဝေခဲ့ရမှာ မဟုတ်ဘူး၊ သေဆုံးသူက သေချာပေါက် သရဲလက်ချက်နဲ့ သေဆုံးခဲ့တာ၊ မဟုတ်ရင် ဒီပုံပြင်ရဲ့ နောက်ခံအခြေအနေ ဖြစ်နေမှာမဟုတ်ဘူး၊ ဒဏ်ရာကို တစ်ချက်ကြည့်လိုက်တာနဲ့ သူက ခြစ်ရှရာနဲ့ သေဆုံးခဲ့တာကို သိနိုင်တယ်၊ ယွိရှန့် ဖြစ်ဖြစ်၊ ရွှယ်ချွမ်း ဖြစ်ဖြစ်၊ နှစ်ယောက်လုံးက ဗိုလ်ချုပ်ရဲ့ အမိန့်တွေကို နာခံတာ မဟုတ်ဘူး၊ နှစ်ယောက်လုံး ခင်ဗျားနဲ့ပတ်သက်မှုရှိတယ်၊ ဒါကြောင့် လူသတ်သမားက ခင်ဗျား ဒါမှမဟုတ် ကျွန်တော်ပဲလို့ပဲ ကျွန်တော်ပြောနိုင်တာ၊ ချန်ဇယ် နဲ့ ဖျင်ကျယ့်တို့က လုပ်ခဲ့တာ မဟုတ်နိုင်ဘူးလေ"


ရွှယ်ချွမ်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ ရှန့်ချန့်ယန်ကို ကြည့်လိုက်သော သူမ၏ အကြည့်တွင် သူမရင်ထဲ၌ စကားလုံးပေါင်း ထောင်ချီ၍ ဖုံးကွယ်ထားပုံရပြီး ထုတ်ဖော်ပြောဆို၍ မရနိုင်တော့ပေ။ ဒေါသကြောင့် ဖြစ်နိုင်ဖွယ်ရာ ရှိ၏။


ဟိုင်ရိက ပြောလိုက်သည်။


"ကျဲ၊ ခင်ဗျားပြန်မသွားချင်ဘူးလား"


"ပြန်သွားရမယ်လား"


ရွှယ်ချွမ်းသည် မျက်ခုံးပင့်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ပုံစံသည် ရုတ်တရက် ထိုးဖောက်ပြီး အာဏာပိုင်ဆန်သော အသွင်သို့ ပြောင်းလဲသွား၏။


"ဒီဇာတ်ညွှန်းထဲက မိန်းမရဲ့ စိတ်ကို မြင်တာနဲ့ နားလည်ခဲ့တယ်၊ ဒီမိန်းမကို မြင်တာနဲ့ နားလည်ခဲ့တယ်၊ ကျွန်မလည်း ကလေးတစ်ယောက်ရဲ့ မိခင်ပဲ၊ ရှန့်ချန့်ယန်... ရှင်တစ်ခုမှားသွားတယ်၊ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်အစစ်က ဘယ်တော့မှ ပြန်မလာချင်ခဲ့ဘူး၊ မိဘတွေက သူတို့ရဲ့ ကလေးတွေအပေါ်ထားတဲ့ မေတ္တာထက် ကြီးမြတ်တာ ဘာမှမရှိဘူး၊ ရွှယ်ချွမ်းက သူ့ခန္ဓာကိုယ်ကို ယွိရှန့်ကို ဆန္ဒအလျောက် ပေးခဲ့တာ၊ အဲတာက ရွှယ်ချွမ်း ပြန်လာမှာကို ကြောက်တဲ့ ယွိရှန့် ကိုယ်တိုင်ပဲ"


ရွှယ်ချွမ်း၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး သူမက ပြောလိုက်သည်။


"ကျွန်မကလေးက မတော်တဆမှုတစ်ခုနဲ့ သေဆုံးခဲ့တယ်၊ ဈေးကနေ အိမ်ပြန်မောင်းလာတုန်း ဖုန်းဝင်လာတာကို ကောက်ကိုင်လိုက်မိတယ်... ပြီးတော့ ရှေ့က ကားကို တိုက်မိတယ်၊ ကျွန်မသမီးကပဲ သေသွားပြီး ကျွန်မကတော့ အသက်ရှင်နေတယ်၊ ပြောပါရစေ... ဘယ်မိခင်မှ ဆက်ပြီး အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး၊ ကျွန်မပြန်သွားရင်တောင် ပြန်လာမှာပဲ"


ခဏတာတော့ လုံးဝတိတ်ဆိတ်သွားသည်။


ထိုကဲ့သို့ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းများကို မည်မျှပင် ကြားရကြားရ၊ ၎င်းတို့သည် သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်လာသောအခါ လူသားတစ်ဦး၏ နှလုံးသားသည် ဝမ်းနည်းမှုဖြင့် ကွဲကြေခြင်းမှ တားဆီး၍ မရနိုင်ပေ။


သို့သော် ဤနေရာမှာရှိသည့် လူများထဲတွင် မည်သူက အပြစ်ကင်းစင်နေမည်နည်း။


ရွှယ်ချွမ်းက ပြောလိုက်သည်။


"ဒီဇာတ်လမ်းထဲက မိခင်ကို ကျွန်မ ကောင်းကောင်းနားလည်တယ်၊ ကျွန်မသမီးက ပြန်လာချင်ပြီး ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်ဆိုရင် သူ့ကို ပေးဖို့ ကျွန်မတွန့်ဆုတ်နေမှာ မဟုတ်ဘူး၊ သူ ကျွန်မကို စိတ်ဆိုးနေရင်တောင်မှပေါ့... ဒါက ကျွန်မရဲ့ ပုံပြင်ရဲ့ အမှန်တရားပဲ... ကျွန်မက သေဆုံးသူကို မသတ်ခဲ့ပါဘူး၊ ပြောဖို့ အရမ်းခက်ခဲတယ်လို့ ခံစားရလို့ ကျယ်ကျယ် မပြောခဲ့တာပါ... ရှင်တို့ ဘယ်သူမှ ကလေးမရှိဘူး၊ ကျွန်မ ဘာပြောပြော ရှင်တို့ နားလည်မှာ မဟုတ်ဘူး"


ဟိုင်ရိသည် စိတ်ထဲကနေ ပြောလိုက်၏။ 'ကျွန်တော် နားလည်တယ်၊ ကျွန်တော် တကယ်ကို ကောင်းကောင်းနားလည်ပါတယ်'


သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ထိုသို့ပြောဆိုခြင်းသည် အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် ပါးစပ်ကို တိတ်ဆိတ်စွာ ပိတ်ထားရုံသာ တတ်နိုင်၏။


🌟🌟🌟