⛰️Chapter - 25
မဝေးလှသည့်နေရာမှ ငှက်ကလေးများ၏ ကျည်ကျည်ကျာကျာအသံများကို ကြားနေပြီး ဝမ်ကျင်းက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေလေသည်။ သူက အိမ်ရှိ အိပ်ရာထဲတွင် လှဲနေသကဲ့သို့ တစ်ကိုယ်လုံးက နွေးထွေးနေလေ၏။
သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ချိန်တွင် သူ့ခေါင်းပေါ်မှ အမျိုးသားတစ်ယောက်၏ နွေးထွေးသောအသံက ထွက်လာလေသည်။
“နိုးပြီလား...”
ဝမ်ကျင်းက ကြောင်တောင်တောင် ဖြစ်နေပြီးနောက် ရှက်ရွံ့စွာဖြင့် ချက်ချင်း ထထိုင်လိုက်၏။
“ရှစ်ရှုန်း... ကျွန်တော် မနေ့က ကျောက်တုံးလိုပဲ အိပ်မိသွားတာ... ရှစ်ရှုန်း အိပ်လိုက်ရရဲ့လား...”
ကျွင်းယန်ကျစ်က ခပ်ဖွဖွ ပြုံးလိုက်၏။ သူ၏ မျက်ဝန်းထောင့်များက ကွေးညွှတ်နေလေသည်။
“ကိုယ်ခဏပဲ အိပ်လိုက်တာ... အဆင်ပြေပါတယ်...”
ခဏအိပ်သော်လည်း ကောင်းကောင်း အိပ်ရပုံမပေါ်ပေ။ မျက်ကွင်းများက ညိုနေလေ၏။
မူလတွင် ရှစ်ရှုန်းကို အဖော်ပြုပြီး စကားပြောပေးကာ သူ့အပေါ် အမြင်ကောင်းကို ချန်ထားလိုခဲ့သည်။
ဒါပေမဲ့ ဘယ်လိုဖြစ်လို့ ငါ ဝက်သေတစ်ကောင်လို အိပ်ပျော်သွားရတာလဲ…
ကောင်းကင်က တောက်ပနေပြီး မိုးရွာပြီးနောက် တောင်ပေါ်လေက လတ်ဆတ်နေလေသည်။
ဝမ်ကျင်းက ဂူထဲမှ ထွက်လာပြီးနောက် မော့ကြည့်လိုက်၏။ စိမ်းလန်းနေသော သစ်ပင်များမှ မိုးရေစက်များက တစက်စက် ကျနေကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျလာလေသည်။
ကျွင်းယန်ကျစ်ကလည်း ဂူထဲမှ ထွက်လာပြီး တွန့်ကြေနေသော အဝတ်အစားများကို ပြန်လည်ပြုပြင်နေလေသည်။
ဝမ်ကျင်းက သူ့အား တိတ်တဆိတ် ကြည့်နေ၏။ တစ်ဖက်လူ၏ အသွင်အပြင်က တောက်ပကြည်လင်နေသည်ဟု ခံစားနေရပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ၏ စိတ်အခြေအနေမှာ ယမန်နေ့ညကထက် ပိုပြီး ကောင်းနေပုံပေါ်လေသည်။
သူက သက်တောင့်သက်သာ ဖြစ်နေသကဲ့သို့ ခံစားရနေ၏။
သူက ဂရုမစိုက်မိဘဲ အိပ်ပျော်သွားသော်လည်း ဝမ်ကျင်းဆိုသည့်သူက တစ်ဖက်သားကို ပျော်ရွှင်စေတတ်သောလူ ဖြစ်သည်။ သူ၏ ရှစ်ရှုန်းနှင့် တစ်ညအတူနေပြီးနောက် တစ်ဖက်လူ၏ စိတ်အခြေအနေက ပိုပြီးတိုးတက်လာပုံရသည်။ ၎င်းက အနည်းငယ်အောင်မြင်မှု ရသည်ဟု သတ်မှတ်နိုင်လေသည်။
သူက အတွေးများနေစဉ်တွင် ကျွင်းယန်ကျစ်က မဝေးလှသည့်နေရာတွင်ရှိနေသော တစ်စုံတစ်ယောက်ကို စကားလှမ်းပြောလိုက်သည်ကို မြင်လိုက်ရလေသည်။
“ရှစ်ရှုန်း(၂)… ကျွန်တော်တို့ ဒီမှာ…”
ဝမ်ကျင်းက သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင် အုံ့ဆိုင်းနက်မှောင်သော တောအုပ်ကိုသာ မြင်တွေ့လိုက်ရပြီး မည်သည့်သက်ရှိကိုမှ မမြင်ရပေ။ တစ်ခဏကြာပြီးနောက် လေပွေတစ်ခုရောက်လာကာ လူတစ်ယောက်က ပျံသန်းလာလေသည်။
မီးခိုးဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဟယ့်လင်က သူတို့နားတွင် ရပ်လိုက်ပြီး သူတို့အား အေးစက်စွာ ကြည့်နေလေ၏။
“ပြန်ဖို့အချိန်ရောက်ပြီ… သွားကြစို့…”
ဝမ်ကျင်းက စိုးရိမ်နေလေသည်။
မူလဇာတ်ကြောင်းမှာ ဤကဲ့သို့ မဟုတ်ပေ။
[ကျွင်းယန်ကျစ်က လိုဏ်ဂူထဲမှ ထွက်လာပြီးနောက် အချိန်အတော်ကြာသည်အထိ မပြန်ခဲ့ပေ။ သူ၏ ဝိညာဉ်စွမ်းအားကလည်း အနီးတစ်ဝိုက်တွင် ရှိသဖြင့် လျိုချန်မော့က သူ့အား လိုက်မရှာခဲ့ပေ။ သို့ရာတွင် နောက်တစ်နေ့ မနက်ခင်း၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက ပျောက်ကွယ်သွားလေသည်။ လျိုချန်မော့နှင့် ဟယ့်လင်က သူ့အား နေရာတိုင်းတွင် လိုက်ရှာခဲ့သော်လည်း မက်မွန်ပင်များရှိသော ချောက်ကမ်းပါးတစ်ခုတွင် နေရာကူးပြောင်းသည့် အစီအရင်တစ်ခုကိုသာ ရှာတွေ့ခဲ့လေ၏။ မြေကြီးပေါ်တွင် မှိန်ပျသော အမှတ်အသားအချို့ကို တွေ့ခဲ့ပြီး မကြာမီသေးကမှ အသုံးပြုသွားပုံပေါ်သည်။
လျိုချန်မော့က ကျွင်းယန်ကျစ်၏ လုံခြုံရေးကို စိုးရိမ်သဖြင့် သူ့နောက်မှ လိုက်သွားချင်သော်လည်း အစီအရင်က ဆိတ်ငြိမ်နေလေသည်။ ဤနေရာကူးပြောင်းခြင်း အစီအရင်က အလွန်ရှေးကျပြီး စွမ်းအားအနည်းငယ်သာ ရှိ၏။ ၎င်းကို ထပ်ပြီးအသုံးပြုနိုင်ရန် နှစ်ပေါင်းများစွာ စောင့်ရမည်ဖြစ်သည်။ သူယူလာသည့် အသံပို့ စိတ်ဝိညာဉ်ကျောက်တုံးက မိုင်အနည်းငယ်အတွင်းသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် သူက ကျွင်းယန်ကျစ်နှင့် လုံးဝ အဆက်အသွယ် ပြတ်သွားလေသည်။ ]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၄၅)မှ ကောက်နုတ်ချက်ဖြစ်သည်။
တစ်နည်းပြောရလျှင် ဝမ်ကျင်းက နေရာကူးပြောင်းသည့် အစီအရင်နေရာကို ရှာတွေ့ရန် အမြန်လိုအပ်လေ၏။
မူလဇာတ်ကြောင်းကဲ့သို့ ဖြစ်ရန်နှင့် မက်မွန်ပင်များနှင့် အစီအရင်နေရာကို ရှာဖွေရန် ဝမ်ကျင်းက မနက်ပိုင်းတွင် ကျွင်းယန်ကျစ်နှင့်အတူ လမ်းလျှောက်ထွက်ရန် ကြံရွယ်ထားခဲ့သည်။ နေရာကို ရှာတွေ့လျှင် သူက ကျွင်းရှစ်ရှုန်းကို လှည့်စားပြီး အစီအရင်ထဲသို့ တွန်းချလိုက်မည်ဖြစ်သည်။ သို့ရာတွင် ယမန်နေ့ည၌ အသေကောင်ကဲ့သို့ အိပ်ပျော်သွားကာ ယခုအချိန်မှ နိုးလာလေ၏။
တလွဲတွေချည်းပဲ…
ကျွင်းယန်ကျစ်က ပြောလိုက်သည်။
“လုရှစ်တိ… သွားကြစို့…”
ဟယ့်လင်နှင့် ကျွင်းယန်ကျစ်က ထွက်သွားတော့မည်ကို မြင်သောအခါ ဝမ်ကျင်းက စိုးရိမ်လာလေသည်။ ထို့ကြောင့် ဗိုက်ကိုအုပ်ကိုင်ကာ ပြောလိုက်သည်။
“ရှစ်ရှုန်း… ကျွန်တော်ဗိုက်နာလို့… အပြင်ခဏသွားလိုက်ဦးမယ်…”
ဟယ့်လင်က ခပ်ဖွဖွ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မြန်မြန်သွား…”
ဝမ်ကျင်းက မြန်မြန်ပြေးသွားကာ ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေလေသည်။
မက်မွန်ပန်း… မက်မွန်ပန်း… မက်မွန်ပင်တွေက ဘယ်နားမှာလဲ…
ခပ်လှမ်းလှမ်းနေရာတွင် ပန်းရောင်ရှိသော အရိပ်အယောင်ကို လှမ်းမြင်လိုက်ရ၏။ ချောက်ကမ်းပါးအောက်တွင် ရှေးဟောင်းသစ်ပင်များက ပြန့်ကျဲကာပေါက်ရောက်နေကြလေသည်။ ဝိုးတဝါးဖြစ်နေသော အဖြူရောင်မြူများက တောင်ကိုရစ်ပတ်ထားကာ နတ်သမီးတိုင်းပြည်ကဲ့သို့ ဖြစ်နေလေ၏။ ဝမ်ကျင်းက အလှအပကို ခံစားနေရန် အချိန်မရှိသဖြင့် မက်မွန်ပင်များထံသို့ အမြန်ပြေးသွားလိုက်လေသည်။
သစ်ပင်တစ်ပင်အောက်တွင် မြေကြီးများ ဖုံးအုပ်နေသော ကျောက်ပြားတစ်ပြားရှိပြီး မြက်ပင်များက ဘေးပတ်ပတ်လည်တွင် ပေါက်ရောက်နေလေ၏။ ထူးဆန်းသော သင်္ကေတ အရိပ်အမြွက်များက နေရာအနှံ့တွင် ရှိနေလေသည်။
ဝမ်ကျင်းက အံကြိတ်လိုက်၏။ ဝတ္ထုထဲတွင် အတိုချုပ်သာ ပြောပြထားသည်။ သူ အပြည့်အဝ မသေချာသော်လည်း ကြိုးစားကြည့်ရမည်ဖြစ်သည်။
သူ ကျောက်တုံးပေါ်သို့ ခုန်တက်လိုက်ပြီးနောက် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။
“ကျွင်းရှစ်ရှုန်း… ကျွင်းရှစ်ရှုန်း… ကျွန်တော့်ကို လာကယ်ပါဦး…”
သူစကားမဆုံးခင်တွင် လေပြင်းတစ်ခုက ရောက်လာပြီး စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးက လှိမ့်တက်လာကာ လူတစ်ယောက်၏ အသံက ကောင်းကင်မှ ထွက်လာလေသည်။
“ရပ်နေ… မလှုပ်နဲ့…”
ဘယ်လိုလုပ်မလှုပ်ဘဲ နေနိုင်မှာလဲ…
ဝမ်ကျင်းက စိတ်ထဲတွင် ပြောနေလိုက်၏။
ရှစ်ရှုန်း… ဒါက ရှစ်ရှုန်းကောင်းဖို့ပါ… ကျွန်တော့်ကို မရိုက်ပါနဲ့…
ထို့နောက် သူက လျှို့ဝှက်စွာဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အစီအရင်ထံသို့ ပို့လွှတ်ကာ အသက်သွင်းလိုက်လေသည်။
သူ့ခြေထောက်အောက်မှ အပြာရောင်အလင်းက ထွက်လာပြီး အပေါ်သို့ မြောက်တက်လာကာ သူ့ကိုဝန်းရံထားလေ၏။
“လုကျင်း…”
အနက်ရောင်ပုံရိပ်တစ်ခုက ပေါ်လာပြီး သူ၏အသံက အဆောတလျင်ဖြစ်နေလေသည်။
အလင်းတန်း၏ အလယ်မှ ဝမ်ကျင်းက အော်လိုက်၏။
“ရှစ်ရှုန်း… ဒီအစီအရင်ရဲ့ မှော်စွမ်းအားက အရမ်းသန်မာတယ်… ကျွန်တော် ထိန်းမထားနိုင်တော့ဘူး… အာ့…”
ရုတ်တရက် သူ၏လက်မောင်းနှစ်ဖက်က တင်းတင်းကျပ်ကျပ် အဆုပ်ကိုင်ခံလိုက်ရပြီး သူ့အား အလင်းတန်း၏ အပြင်ဘက်သို့ ဆွဲထုတ်ရန် ကြိုးပမ်းနေလေသည်။
တစ်ချိန်တည်းတွင် သူ၏ အာရုံငါးပါးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဝမ်ကျင်းက ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်သွားလေတော့သည်။
ကျွင်းရှစ်ရှုန်းလည်း နေရာကူးပြောင်းသွားပြီလား…
တစ်ခဏကြာပြီးနောက် သူ၏အာရုံငါးပါးက တဖြည်းဖြည်း ပြန်လည်ရရှိလာပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက် လဲကျသွားလေသည်။ လူ၏လက်များက ပြေလျော့သွားပြီး သူ့ခန္ဓာကိုယ်က ကျောက်သားမြေနှင့် ရိုက်မိသွားလေသည်။ လဲကျသွားသဖြင့် သူ့တံတောင်ဆစ်က နာကျင်လာလေ၏။
အနီးရှိသစ်ပင်ပေါ်တွင် ကျည်ကျည်ကျာကျာဖြင့် တေးဆိုနေသော ငှက်လေးများက ဆူညံသံကြောင့်ကြောက်ရွံ့ကာ ပျံသန်းထွက်ပြေးသွားလေသည်။
ဝမ်ကျင်းက စိတ်ရှုပ်ထွေးနေပြီး ဘေးသို့လှည့်ကြည့်လိုက်သောအခါ လူတစ်ယောက်က ကောင်းကင်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရလေသည်။ ဝမ်ကျင်းက စိတ်သက်သာရာရသွားပြီး မျက်လုံးမှိတ်လိုက်လေသည်။
ဇာတ်လိုက်ရောက်လာပြီ… နောက်ဆုံးတော့ မူလဇာတ်ကြောင်းအတိုင်း ပြန်ရောက်သွားပြီ…
“ကျွင်းရှစ်ရှုန်း… အဆင်ပြေရဲ့လား…”
“အဆင်ပြေတယ်…”
ကျွင်းယန်ကျစ်က ဝမ်ကျင်းက မြေကြီးပေါ်မှ ဆွဲထူပေးလိုက်သည်။
ထို့နောက် ကောင်းကင်ရှိ အပြာရောင်အလင်းက ပျောက်ကွယ်သွားပြီး လေးလံသောခန္ဓာကိုယ်တစ်ခုက ရုတ်တရက်ပေါ်လာကာ မြေကြီးနှင့် ရိုက်မိသွားလေ၏။ ထိုလူက လူးလှိမ့်သွားပြီး မျက်မှောင်ကြုတ်ကာ ထရပ်လိုက်လေသည်။
ဝမ်ကျင်းက ခေါင်းလှည့်ကာ ဟယ့်လင်ကို ကြည့်လိုက်လေသည်။
“ရှစ်ရှုန်း(၂)… ရှစ်ရှုန်းလည်း ရောက်လာတာလား…”
မူရင်းဇာတ်ကြောင်းတွင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်သာ ရောက်လာပြီး သူတို့၏ခံစားချက်များကို ပျိုးထောင်နေချိန်၌ မည်သူကမှ ဝင်မနှောင့်ယှက်ခဲ့ချေ။ ဝမ်ကျင်းက သူ၏ဆန္ဒကို ဆန့်ကျင်ကာ အရှက်မရှိစွာဖြင့် ကျွင်းရှစ်ရှုန်းနောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
အခုတော့ ကောင်းရော… ရှစ်ရှုန်း(၂)ရော ပါလာပြီ…
သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။
မူရင်းဇာတ်ကြောင်း၌ ကျိခယ့်ချင်းက သူမ၏ရေခဲသိုင်းပညာနှင့် လိုအပ်သည့်ကိစ္စကို ပြီးမြောက်ရန် ရက်အနည်းငယ်ခန့် အချိန်ယူလိုက်သည်။ ယခုအချိန်တွင်မူ အမျိုးသမီးဇာတ်လိုက်၏ ခန့်မှန်းမရသော အပြုအမူများကြောင့် ရှစ်ရှုန်း(၂)၏ ရေခဲသိုင်းပညာက အလုပ်ဖြစ်သွားပုံပေါ်လေသည်။ ကြိုးစားရ ထိုက်တန်လေ၏။
ထူးဆန်းစွာဖြင့် ဇာတ်လိုက်၏ အရှိန်အဝါက မပျောက်ကွယ်နိုင်ပေ။
ဟယ့်လင်က သူ့အား အေးစက်စွာ ကြည့်နေကာ အနည်းငယ် စိုးရိမ်နေပုံ ပေါ်နေလေသည်။
“ငါတို့ ဘယ်ရောက်နေတာလဲ...”
ကျွင်းယန်ကျစ်က တတ်နိုင်သမျှ ဝေးဝေးလံလံသို့ ကြည့်လိုက်သော်လည်း တောကြီးမျက်မည်းကိုသာ မြင်ရလေသည်။ ပတ်ဝန်းကျင်က မှောင်မဲနေပြီး လေထုက စိုထိုင်းနေကာ အနည်းငယ် ဝေးသည့်နေရာတွင် ခုန်ပေါက်နေသော တိရစ္ဆာန်အချို့ကို မြင်ရလေ၏။
“မြေကြီးက ပျော့ပြီး စိုထိုင်းနေတယ်... ငါတို့ ထာဝရ နွေဦးတောင်ကြားမှာရှိတဲ့ ရွှံ့တောကို ရောက်နေမှာပဲစိုးတယ်... အဲ့နေရာမှာ မိစ္ဆာသားရဲတွေ အများကြီးရှိတယ်...”
သူက ခေါင်းငုံ့ပြီး နေရာကူးပြောင်းခြင်း အစီအရင်ထဲသို့ ဝိညာဉ်စွမ်းအားကို ထည့်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မမြင်ရပေ။
သူက ဝမ်ကျင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက အသက်မဝင်တော့ဘူး... လိုအပ်တဲ့ စွမ်းအားကို စုဆောင်းဖို့အတွက် ဒီအစီအရင်က အရမ်းရှေးကျနေမှာပဲစိုးတယ်...”
ဝမ်ကျင်းက မြန်မြန်ခေါင်းငုံ့လိုက်၏။
“ရှစ်ရှုန်းတို့ကို ကျွန်တော် ဒုက္ခပေးမိပြီ... တောင်းပန်ပါတယ်...”
ဟယ့်လင်နှင့် ကျွင်းယန်ကျစ်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်၏။ သူတို့၏ အမူအရာများက အနည်းငယ် ထူးဆန်းနေလေသည်။
ထိုမက်မွန်ပင်များရှိနေရာက ခြေကျင်သွားလျှင် အနည်းဆုံး မီတာ ၁၅၀ ခန့် ကွာဝေးသည်။ အပေါ့အလေးသွားရန်အတွက် နေရာရှာသည်က အလွန်ဝေးနေ၏။
သူက အသံကြားမှာ ကြောက်နေတာလား...
အခြားလူ၏ ရေအိမ်သွားသည့် အမူအကျင့်ကို ဝေဖန်သည်က အနည်းငယ် ရိုင်းပြသဖြင့် ကျွင်းယန်ကျစ်က ထိုကိစ္စကို မမေးခဲ့ပေ။ ဟယ့်လင်ကလည်း စကားနည်းသည့်လူ ဖြစ်သဖြင့် ဘာမှမပြောပေ။
ထိုအချိန်တွင် သူတို့က ဘာဆက်လုပ်ရမည်ကိုသာ တွေးနိုင်လေ၏။
ဟယ့်လင်က မေးလိုက်သည်။
“မင်း လမ်းသိလား...”
“ဒီရွှံ့မြေက ထာဝရနွေဦးတောင်ကြားရဲ့ အရှေ့ဘက်မှာရှိတယ်... ထွက်ပေါက်အစီအရင်ကို ရောက်ဖို့အတွက် တောင်ကြားကို ဖြတ်သွားရမယ်... အဲ့ဒါက သုံးလေးရက်လောက် ကြာလောက်တယ်...”
သူတို့ဆယ်ယောက်က သူတို့အချင်းချင်း လမ်းတွင် လူစုကွဲသွားခဲ့လျှင် ထွက်ပေါက်အစီအရင်ရှေ့တွင် ပြန်ဆုံရန် သဘောတူထားခဲ့သည်။
ဝမ်ကျင်းက တီးတိုးပြောလိုက်၏။
“ထာဝရနွေဦးတောင်ကြားကို ဖြတ်သွားဖို့ လိုမှတော့ ဘာလို့ ယောင်ယွမ်သစ်သား စိတ်ဝိညာဉ်ကျောက်တုံးကို မရှာကြည့်ရမှာလဲ.... ရှာလို့မတွေ့ရင်တောင် အနည်းဆုံးတော့ အနာဂတ်မှာ နောင်တရနေမှာ မဟုတ်ဘူး...”
ဟယ့်လင်က မျက်မှောင်ကြုတ်ထားပြီး ဒွိဟဖြစ်နေပုံ ပေါ်နေ၏။
တည်တည်ငြိမ်ငြိမ်ဖြစ်နေသည့် ကျွင်းယန်ကျစ်က လေသံအေးအေးဖြင့် ပြောလိုက်၏။
“ရှစ်ရှုန်းက အကြီးဆုံးရှစ်ရှုန်းနှင့် ပက်သက်ပြီး စိတ်ပူနေတယ်ဆိုရင် ရှစ်ရှုန်းအရင်ပြန်လိုက်လေ... ကျွန်တော် လုကျင်းနဲ့အတူတူ ဟိုနားဒီနား လျှောက်ကြည့်ပြီး ပြန်လာခဲ့မယ်...”
၎င်းက အလွန်အဆင်ပြေသော်လည်း ဝမ်ကျင်းက စိတ်ထဲတွင် ကြိတ်ပြီး စိတ်ပူနေလေ၏။
ယခုအချိန်တွင် ကျိခယ့်ချင်းက အရေးမပါသည့်လူဖြစ်လာပြီး ဟယ့်လင်၏ တည်ရှိမှုက အလွန်အရေးကြီးနေသည်။ သူက သူတို့နှင့် ကွဲသွား၍မရပေ။
ဝမ်ကျင်းက အသံတိုးတိုးဖြင့် အမြန်ပြောလိုက်၏။
“ထာဝရ နွေဦးတောင်ကြားမှာ မိစ္ဆာသားရဲတွေ အများကြီးရှိတယ်... လူပိုများလေ ပိုကောင်းလေပဲ...”
ကျွင်းယန်ကျစ်က မျက်ခုံးပင့်ကာ ဝမ်ကျင်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
ဟယ့်လင်က တစ်ခဏ တွေးတောနေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
“ဒါဆို ငါတို့ အတူသွားကြတာပေါ့...”
လူသုံးယောက်က သေချာစဉ်းစားပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးကို ရှာရန် အနောက်ဘက်ရှိလမ်းကို သွားလိုက်သည်။
ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအားများက သိပ်သည်းပြီး စိတ်ဝိညာဉ်မြက်များက ထူထပ်ပေါများလေသည်။ ပထမဆုံးအကြိမ် ပွင့်သည့်အချိန်တွင် လူများက ပစ္စည်းများကို ယူသွားကြပြီ မရင့်မှည့်သေးသော စိတ်ဝိညာဉ်မြက်များနှင့် အဆင့်နိမ့်ကာ တန်ဖိုးနည်းသော စိတ်ဝိညာဉ်မြက်များကိုသာ ချန်ခဲ့လေ၏။
သို့ရာတွင် ဝမ်ကျင်းကာ မရင့်မှည့်သေးသော အဆင့်မြင့် စိတ်ဝိညာဉ်မြက်များကို ယူကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူတို့၏ ခြံထဲတွင် ပြန်စိုက်ရန် ကြံရွယ်ထားသည်။
တတိယနေ့ မနက်အစောပိုင်းတွင် လူသုံးယောက်က ချောက်ကမ်းပါးတစ်ခုရှေ့သို့ ရောက်လာကြသည်။
ကျွင်းယန်ကျစ်က သူ့ရှေ့ရှိ လူငယ်လေးကို တိတ်တဆိတ်ဖြင့် ကြည့်နေ၏။
ယခင်ကထက် အရပ်ပိုရှည်လာပြီး ထိုကလေး၏ခေါင်းက သူ့နှုတ်ခမ်းနားထိ ရောက်လာလေသည်။ နောက်ထပ် ၂နှစ်ကြာလျှင် သူက ချောမောသည့် ကောင်ငယ်လေးတစ်ယောက် ဖြစ်လာမည်မှာ သေချာလေသည်။ ယခု ၁၅နှစ်အရွယ်မှာပင်လျှင် သူ၏မျက်နှာက သနားချစ်ခင်စဖွယ် ဖြစ်နေပြီး သိမ်မွေ့လှပနေလေသည်။
ဝမ်ကျင်းကမူ လုံးဝမတူညီသော အခြားအကြောင်းအရာတစ်ခုကို စဉ်းစားနေလေ၏။
အမျိုးသမီးဇာတ်လိုက်က ဘယ်တော့မှ ရောက်လာမှာလဲ... သူက လင်းယုန်ငှက်ကြီး နှစ်ကောင်ကြားမှာ ရုန်းကန်နေရပြီးတော့ အခေါ်သွားခံရမှာ မဟုတ်ဘူးလား...
[အလွန်ကြီးမားသော လင်းယုန်ငှက်ကြီးနှစ်ကောင်က ကျိခယ့်ချင်းနှင့် ကျွင်းယန်ကျစ်တို့ကို ဖမ်းခေါ်သွားပြီး ချောက်ကမ်းပါးအောက်သို့ ပစ်ချလိုက်လေသည်။ သူတို့က သတိလက်လွတ်ဖြစ်နေသဖြင့် အလွန်နက်ပြီး အေးစက်သော ရေကန်ထဲသို့ ပြုတ်ကျသွားလေသည်။
ဤအေးစက်သော ရေကန်က ထာဝရနွေဦး တောင်ကြားတွင် ချောင်အကျဆုံး နေရာတစ်ခုဖြစ်သည်။ ၎င်းကား မကြာခဏ အရောင်ပြောင်းနေပြီး အများအားဖြင့် သစ်ပင်ကြီးများနှင့် ဝန်းရံထားကာ ပုံမှန်အားဖြင့် မမြင်နိုင်ပေ။ ရေကန်က စိမ်းပြာရောင် ဖြစ်နေသည့်အချိန်တွင် ရေကန်ထဲရှိ ရေက ပုံမှန်ရေနှင့် မခြားနားပေ။ ၎င်းက စိမ်းဝါရောင်ဖြစ်နေပါလျှင် အထဲရှိရေက လူကိုရူးသွပ်စေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်စေလေသည်။
ယခုအချိန်တွင် ရေက စိမ်းဝါရောင်ဖြစ်နေ၏။ ကျွင်းယန်ကျစ်၏ စိတ်က တည်ငြိမ်ပြီး သူ၏ ကျင့်ကြံဆင့်ကလည်း မြင့်လေသည်။ သူက ကုန်းပေါ်သို့တက်ရန် အခွင့်အရေးကိုစောင့်နေပြီး အချိန်အနည်းငယ်ခန့် တောင့်ခံထားနိုင်လေသည်။ သို့ရာတွင် ကျိခယ့်ချင်း၏ ကျင့်ကြံဆင့်က နိမ့်သဖြင့် ရေထဲတွင် ရူးသွပ်နေသည့် အရိပ်အယောင်များ ပြနေကာ ရုန်းကန်နေရလေသည်။ ကျွင်းယန်ကျစ်က ကျိခယ့်ချင်း၏လက်ကို ကိုင်ပြီး သူမအား စိတ်တည်ငြိမ်စေရန် စိတ်ဝိညာဉ်စွမ်းအားကို လွှဲပြောင်းပေးလိုက်လေသည်။]
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၄၇)မှ ကောက်နှုတ်ချက်ဖြစ်သည်။
ဤအပိုင်းတွင် ကောမန့်များထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့လေသည်။
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ဝတ္ထုတွင် နှုတ်ခမ်းဖြင့် စွမ်းအားလွှဲပြောင်းခြင်းက သက်ရောက်မှုအရှိဆုံး နည်းလမ်းဖြစ်၏။ ကျိခယ့်ချင်း၏ ဝိညာဉ်စွမ်းအားက မမြင့်ပေ။ သေမင်းတံခါးဝတွင် သူမက စိတ်ဝိညာဉ်စွမ်းအားများကို လိုအပ်နေလေသည်။ သို့ရာတွင် ကျွင်းယန်ကျစ်က လက်ဖြင့်သာ စွမ်းအားလွှဲပြောင်းပေးခဲ့သဖြင့် လူများက အကြီးအကျယ် စိတ်ပျက်ခဲ့ကြလေသည်။
ဝမ်ကျင်းကမူ ထိုသို့ မခံစားရပေ။
ကျွင်းယန်ကျစ်က တသီးတသန့် နေတတ်သောလူဖြစ်သည်။ သူက ကျိခယ့်ချင်းကို စိတ်ဝင်စားနေလျှင်ပင် ထိုကဲ့သို့ လုံးဝ လုပ်မည်မဟုတ်ပေ။ အနမ်းပေးခြင်းက သူ၏ပုံရိပ်နှင့် ကိုက်ညီမှုမရှိချေ။ ထိုကဲ့သို့ ပြုလုပ်လျှင် တစ်ခုခုမှားနေသည်ဟု အဓိပ္ပာယ်ရလေ၏။
ကျွင်းယန်ကျစ်က မိန်းကလေးတစ်ယောက်ကို သဘောကျလျှင် သူ၏အချစ်အား အလေးအနက် ထုတ်ဖော်လိမ့်မည်။ သူတို့က စုံတွဲများ ဖြစ်သွားသည့်အချိန်မှသာ အနမ်းများ ရှိလာလိမ့်မည်ဖြစ်၏။
သို့ဖြစ်၍ ထိုကဲ့သို့ကိစ္စက လုံးဝ ဖြစ်လာမည်မဟုတ်ပေ။
⛰️⛰️⛰️