⛰️ Chapter - 1
သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု
‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’က အပိုင်း(ကဏ္ဍ) သုံးပိုင်းပါသည့် ဇာတ်လမ်းတစ်ခုဖြစ်ပြီး အဓိကအကြောင်းအရာမှာ မသေမျိုးများ၏ ကျင့်ကြံခြင်းဖြစ်သည်။
အပြုသဘောဆောင်သည့် ကိုယ့်ကိုယ်ကိုယ်မြှင့်တင်ခြင်း ဆောင်ပုဒ်အပြင် မကောင်းမှုကို သည်းမခံသည့် ဥပဒေသကို ကိုင်ဆောင်ထားကာ အလျှော့မပေး ခေါင်းမာသည့် သဘောတရားကို အားပေးထားလေသည်။ ၎င်းက လွန်ခဲ့သည့် ဆယ်လမှ စတင်ခဲ့ပြီး စာရေးသူက လူသိများသော လှုပ်ရှားမှုများတွင် မပါဝင်ခဲ့ပေ။
ရလဒ်အနေဖြင့် သူ့ကို အခြားနာမည်ဖြင့် သိကြသည်။ ၎င်းကို ‘ဘုန်းကြီး၏အရေးအသားများ’ ဟုခေါ်သည်။
ယခုအချိန်တွင် ဖိုရမ်များက ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန၏ အပြုသဘောဆောင်သော သင်ထောက်ကူပစ္စည်းများဖြင့် ပြည့်နေလေ၏။
[ကောမန့် : အဲ့ဒါက နိုင်ငံရဲ့ပေါ်လစီတွေကို မချိုးဖောက်ဘူး… Web writing တွေရဲ့ စံပြလို့တောင် ပြောလို့ရတယ်…]
[ကောမန့် : အဓိကဇာတ်လိုက်က သူ့ခံစားချက်တွေထက် ဦးနှောက်ကို ပိုသုံးတယ်… သူက မြင်းသိုးမဟုတ်ဘူး… အလွန်အကျွံမခံစားတတ်ဘူး… ဝတ္ထုတွေထဲမှာ ဒါမျိုးက ရှားရှားပါးပါးပဲ…
[ကောမန့် : သူ့မှာ အရမ်းကောင်းတဲ့ ရွှေလက်ချောင်းမရှိဘူး… ဝတ္ထုရဲ့ ဇာတ်ဝင်ခန်းတွေကလည်း အလွန်အကျွံ အံ့ဩဖို့ကောင်းနေတာ မဟုတ်ဘူး… တစ်ခုတည်းသော အားနည်းချက်က ဆက်ဆံရေးတွေမှာ နည်းနည်းလောက် အားထုတ်မှု မရှိသလိုပဲ…]
၎င်းက ဇာတ်ကြောင်းကို နှောင့်ယှက်မှုမရှိသောကြောင့် ဇာတ်လမ်းဇာတ်ကွက်က ဆွဲဆောင်မှုရှိနေလေသည်။
ဂိုဏ်ကြီးငါးဂိုဏ်းက ကျူးဖုန်းထဲတွင် အတူတကွ တည်ရှိနေကြသည်။ ပူပေါင်းကြံစည်သူများက အရိပ်ထဲတွင် ပုန်းအောင်းနေကာ သက်ရှိများကို ဖျက်ဆီးရန် လက်တံများကို ဖြန့်ကျက်ထားလေ၏။ အန္တရာယ်များက နေရာတိုင်းတွင် ချောင်းမြောင်းနေသည်။ အဓိကဇာတ်လိုက်က နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သော ကုသရေးနည်းစနစ်များကို သုံးပြီး လူတိုင်းကို ကပ်ဘေးမှ ကယ်တင်ခဲ့ကာ ဂိုဏ်တစ်ဂိုဏ်းစီ၏ နားလည်မှုလွဲခြင်းကို ဖြေဖျောက်ပေးခဲ့လေသည်။ ထို့နောက် ပူးပေါင်းကြံစည်သူများကို အစဖျောက်ပစ်လိုက်ပြီး ကျင့်ကြံသူဂိုဏ်းများအားလုံးက ကျူးဖုန်းတွင် တညီတစ်ညွှတ်တည်းဖြစ်လာကြလေသည်။
[ Editor's Note: ကျူးဖုန်းဆိုတာ ဂိုဏ်းတွေတည်ရှိတဲ့နေရာပါ ]
သူက ချီးမွမ်းရန် ထိုက်တန်သည်။ ကျွင်းယန်ကျစ်က သူတော်ကောင်း မဟုတ်သလို သူတော်ကောင်းယောင်ဆောင်နေသူလည်း မဟုတ်ပေ။ သူက လူများကို မသတ်သလို နူးညံ့သော နှလုံးသားရှိသူလည်း မဟုတ်ပေ။ သူက သူ၏ကိုယ်ပိုင်ဘဝတွင်သာ ရိုးရိုးရှင်းရှင်း နေထိုင်လိုသူဖြစ်သည်။ အမျိုးသမီးအချို့နှင့် ပတ်သက်ခဲ့သော်လည်း သူတို့ကြားတွင် မရှင်းလင်းသည့် ခံစားချက်များသာရှိ၏။
သူက မသေမျိုးများကို ရှောင်ရှားကာ စိတ်တည်ငြိမ်ခြင်းကို ထိန်းသိမ်းထားပြီး စည်းမျဉ်းနယ်နိမိတ်ကို လုံးဝမဖြတ်ခဲ့ချေ။
[Tweet : စာတော်တော်များများက သူတို့ရဲ့အရေးအသားကို တိုးတက်အောင်လုပ်ပြီး လှည့်ပတ်နေကြတာ… ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ က တကယ့်ကိုရှင်းလင်းပြီးတော့ လုံးဝကို အတွေ့အကြုံအသစ်ဖြစ်တယ်…]
Postတင်ရန် ဖိအားများမရှိဘဲ အမျိုးသမီး၊ အမျိုးသား အကုန်လုံး ဖတ်ရန် သင့်လျော်သည်။ ထို့ကြောင့် ဝတ္ထုက ပိုပြီး ကျော်ကြားလာလေ၏။ အဆုံးတွင် ပထမဆုံးစာမျက်နှာ၌ ဖတ်ရှုသူ ထောင်ချီကို ရရှိခဲ့လေသည်။
ဝမ်ကျင်းကလည်း ထိုစာဖတ်သူများအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။
ကျောင်းဆင်းသည့်အချိန် အိမ်အပြန်လမ်းတွင် သူက ဖုန်းကိုဖွင့်ကြည့်လိုက်သောအခါ သူ့ကိုစောင့်ကြိုနေသည့် updateတစ်ခုကို တွေ့လိုက်ရလေသည်။ ဘတ်စ်ကားစီးရမည့်အချိန်က ကြာသဖြင့် ဝတ္ထုအပိုင်းကို သေသေချာချာ တစ်ခေါက်ဖတ်ပြီး နောက်တစ်ကြိမ်ပြန်ဖတ်ရန်ပင် အချိန်လုံလောက်၏။
သို့ရာတွင် ၎င်းက မလုံလောက်ခဲ့ပေ။
ပုံမှန်ဝန်ထမ်းမိသားစုတွင် ကြီးပြင်းလာသော ၁၄ နှစ်အရွယ် အလယ်တန်း ကျောင်းသားတစ်ယောက် အနေဖြင့် ဝမ်ကျင်း၏ နေ့စဉ်မုန့်ဖိုးမှာ နည်းပါးလေသည်။ သူက ဟိုဟိုသည်သည် ပိုက်ဆံလျှောက်သုံးရန် မလုံလောက်ဘဲ ဤဝတ္ထုတစ်ပုဒ်အတွက်သာ ပိုက်ဆံသုံးနိုင်လေ၏။
သူ စာဖတ်သည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး လုံးဝ ကောမန့်မရေးဖူးပေ။ သို့ရာတွင် ဝတ္ထုနှင့်ပတ်သက်ပြီး သူနှင့်ယှဉ်နိုင်သည့်လူ မရှိချေ။
အရေးအသားက အလွန်ကောင်း၏။ ရှေ့ပြေးနိမိတ်အားလုံးကိုလည်း သူ ဖြေရှင်းနိုင်ခဲ့သည်။ သူနားမလည်နိုင်သည့် တစ်ခုတည်းသော အရာမှာ ‘သက်ရှိများအတွက်ကပ်ဘေးတစ်ခု’ ကို ‘dark’ဟု tagတွဲထားသည်ကိုဖြစ်သည်။
အဆုံးမှာ ဘယ်လို ‘dark’ ဖြစ်မှာလဲ…
ယနေ့က ‘သက်ရှိများအတွက်ကပ်ဘေးတစ်ခု’ ၏အဆုံးသတ်ဖြစ်သည်။ ဝမ်ကျင်းက ဘတ်စ်ကားပေါ်သို့ တက်ပြီးနောက် စိတ်မရှည်စွာဖြင့် ဖုန်းကို ဖွင့်ကြည့်လိုက်၏။ ကိစ္စများ၏နောက်ကွယ်တွင် မည်သူက ကြိုးကိုင်နေသည်ကို သူ အလွန်သိချင်နေသည်။
ကျွင်းယန်ကျစ်ကရော ဘယ်မိန်းကလေးနဲ့ အတူတူရှိသွားမှာလဲ… ကံကောင်းရင် ဝတ္ထုရဲ့အဆုံးမှာ အသက်မပြည့်တဲ့စာဖတ်သူတွေ ဖတ်လို့မရတဲ့ စာကြောင်းမျိုးလေး ပါလောက်တယ်…
သူ တစ်နှစ်နီးပါး ဖတ်ပြီးနောက် အဆုံးသတ်ကိုဖတ်ရန် မစောင့်နိုင်တော့ချေ။
ဝမ်ကျင်းက အာရုံစိုက်ပြီး ဖုန်းကိုကြည့်နေသဖြင့် ရုတ်တရက် လေပြင်းပြင်းတိုက်လာသည်ကို သူသတိမထားမိခဲ့ပေ။ သူက အမှတ်တမဲ့ဖြင့် ကိုယ်ကိုကျုံ့နေလိုက်ပြီး သူ့အကြည့်က ဖုန်းတွင်သာ ရှိနေလေသည်။
ဘတ်စ်ကားက တဖြည်းဖြည်းသွားနေပြီး ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားလေ၏။ ဝမ်ကျင်း၏ ဖုန်းက အောက်သို့ပြုတ်ကျသွားပြီး ဘေးပတ်ဝန်းကျင်ကို သတိထားမိလိုက်လေသည်။
“ဘာတွေဖြစ်နေတာလဲ…”
“ဘာဖြစ်တာလဲ…”
ပြင်းထန်စွာတုန်ခါနေ၍ ဝမ်ကျင်းက အပြင်သို့ကြည့်လိုက်ချိန်တွင် မြို့တော်တစ်ခုလုံးက ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ လမ်းသွားလမ်းလာများက ပတ်ပြေးနေသဖြင့် တိုက်မိပြီး လဲကျကုန်ကာ အကူအညီကို အဆက်မပြတ် အော်ဟစ်တောင်းဆိုနေကြလေသည်။
ထိုအချိန်တွင် နားကွဲမတတ် အသံတစ်ခုက သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာလေသည်။ အနှေးပြကွက်ဖြင့်ပြနေသကဲ့သို့ သူရှိနေသည့် ဘတ်စ်ကားက ထိန်းချုပ်မှု ကင်းမဲ့စွာဖြင့် စောင်းကျသွားလေသည်။ တိုက်မိခြင်းကြောင့် ပြင်းထန်သည့် နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသေးသည်။ ရုတ်တရက် တစ်စုံတစ်ခုက သူ့ခေါင်းနောက်ကို ရိုက်လိုက်ပြီးနောက် ဝမ်ကျင်းက သတိလစ်သွားလေတော့သည်။
အချိန်မည်မျှ ကြာသွားသည်ကိုမသိတော့ပေ။ နွေးထွေးသည့် အဖြူရောင်အလင်းတန်းက သူ့အသိဉာဏ်ထဲတွင် ပြည့်နှက်နေလေ၏။
နွေးထွေးပြီး ရှက်ရွံ့သည့် အသံတစ်ခုက သူ့နားထဲသို့ ဝင်လာလေသည်။
“ရှစ်ဖူက ကန့်သတ်ချက်ကို ရောက်နေပြီ… မကြာခင် သူ့တပည့်တွေနောက်ကို လိုက်တော့မှာ...”
ရင်းနှီးသော ဆွေမျိုးများ၏ ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်လာပြီးနောက် သူတို့က တဖြည်းဖြည်း အရောင်မှိန်ကာ ပျောက်ကွယ်သွားလေသည်။
မှုန်ရီမှုန်ဝါးနေရာတွင် ဝမ်ကျင်းက အဖြူရောင် အလင်းလုံးများနောက်သို့ တဖြည်းဖြည်း လိုက်သွားလေတော့သည်။
သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ ၏ နောက်ဆုံးပိုင်းကို မဖတ်လိုက်ရသည်ကို မမျှော်လင့်ထားစွာ မှတ်မိနေလေသည်။
*****************
“ချင်ရှုဓားဂိုဏ်းက ကျူးဖုန်းအနောက်တောင်ဘက်မှာရှိတဲ့ ဝိညာဉ်နယ်မြေမှာ တည်ရှိတယ်… အဲ့ဒီဂိုဏ်းတည်ရှိတဲ့အချိန်က အရမ်းကြာနေပြီ…”
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အရည်အချင်းရှိသည့် အမည်မသိလူတစ်စုက တောင်တစ်တောင်ကို တက်ခဲ့ကြပြီး ထိုတောင်ကြောင့် ရင်သပ်ရှုမောအံ့ဩခဲ့ရသည်။ သူတို့က သဘောတူညီစွာဖြင့် ထိုနေရာတွင် အခြေချပြီး ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ကာ ကျောင်းဖွင့်ရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ သို့ရာတွင် စိတ်ဝိညာဉ်အဆင့် မြင့်မားသည့် ကျင့်ကြံသူများက စိတ်ပျက်စွာဖြင့် လှည့်ပြန်ခဲ့ကြရ၏။ တောင်တန်း၏ အဓိကလှပသော တောင်ထိပ်တွင် အဆိပ်ပြင်းသည့် စပါးအုံးမြွေတစ်ကောင် နေထိုင်လေသည်။ တစ်နေ့လုံး တောင်ထိပ်တွင် နေထိုင်ပြီး နေနှင့်လ၏ အဆီအနှစ်များကို စုပ်ယူလေ၏။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ၎င်းက ထိုကျင့်ကြံခြင်းကြောင့် အသွင်ပြောင်းနိုင်စွမ်း ရှိလာလေသည်။ ထိုမြွေက လူသားအဖြစ် နေထိုင်ခြင်း မပြုသော်လည်း ၎င်း၏ ပင်ကိုယ်စရိုက်က ဆိုးသွမ်းပြီး စနောက်တတ်လေသည်။ တောင်ပေါ်သို့လာသည့် ကျင့်ကြံသူများကို ဆော့ကစားကာ သူတို့အား ရယ်စရာကောင်းသည့် အခြေအနေတွင် ထားခဲ့ပြီးနောက် ထွက်ပြေးလေ၏။ လူတိုင်းက မကျေမနပ် ဖြစ်နေကြပြီး ထိုမြွေကို သုတ်သင်ရန် စုဝေးတိုင်ပင်ကြလေသည်။ အဆုံးတွင် မြွေတစ်ကောင်၏ ရက်စက်သော သဘာဝက နိုးထလာပြီး လူများစွာက အကိုက်ခံလိုက်ရလေ၏။ ထိုအချိန်မှစပြီး ကျင့်ကြံသူများက ရွှင်းယန်တောင်ပေါ်သို့ ခြေတစ်လမ်းပင် မချရဲတော့ချေ။
နှစ်လေးထောင် ကြာပြီးနောက် ပျင်းရိနေသော တာအိုကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ချင်ရှုဇီက ထိုနေရာသို့ ခရီးထွက်ခဲ့သည်။ တောင်ပေါ်သို့ ရှုခင်းကြည့်ရန် တက်သွားပြီးနောက် သူက ဒဏ်ရာရနေသည့် စပါးအုံးမြွေနှင့် ဆုံခဲ့လေ၏။ သူက ထိုမြွေ၏ စိတ်ဝိဉာဉ်သဘာဝကို သဘောကျသွားပြီး သူ့ဘက်တော်သားဖြစ်စေရန် ကြံရွယ်လိုက်သည်။ ထိခိုက်နာကျင်စေရန် မရည်ရွယ်ဘဲ သူက မြွေကို ခုနှစ်ကြိမ် ဖမ်းပြီး ခုနစ်ကြိမ် လွှတ်ပေးလိုက်လေသည်။ မူလက သူ့ကို ရန်လိုနေသော သားရဲက သူ့ကို အကြိမ်ပေါင်းများစွာ ကိုက်ခဲ့လေ၏။ ထိုလူသားက တစ်ခါပြီးတစ်ခါ လက်တုံ့ပြန်ရန် ငြင်းဆန်နေသည်ကို မြင်ပြီးနောက် မြွေက ရှက်ရွံ့လာခဲ့လေသည်။ နောက်ပိုင်းတွင် သံယောဇဉ်တွယ်လာခဲ့ပြီး နောက်ဆုံးအကြိမ် လွှတ်ပေးသည့်အချိန်တွင် ၎င်းက ထွက်သွားရန် ငြင်းဆန်ခဲ့လေ၏။ ရလဒ်အနေဖြင့် ချင်ရှုဇီက ရွှင်းယန်တောင်ပေါ်တွင် အခြေချနေထိုင်ပြီး ချင်ရှုဓားဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ နှစ်ပေါင်းနှစ်ရာခန့်ကြာပြီးနောက် ချင်ရှုဇီနှင့် စပါးအုံးမြွေက အတူပျောက်ကွယ်သွားလေသည်။
အလွန်ကြာပြီဖြစ်သည့် ဇာတ်လမ်းဖြစ်သဖြင့် ချင်ရှုဇီက မည်ကဲ့သို့ပုံစံရှိသည်ကို မည်သူမှ သေချာမသိတော့ပေ။ ယနေ့အချိန်တွင် ဂိုဏ်းက သူတို့၏ ဘိုးဘေးဆရာသခင်၏ ပုံတူပန်းချီကို အထွတ်အမြတ်ထားလေသည်။ ပန်းချီထဲရှိလူက အသက်သုံးဆယ်ခန့်ရှိပြီး စင်ကြယ်သန့်ရှင်းသည့် အသွင်အပြင်ရှိကာ စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ ဘေးဘက်တွင် ကြီးမားအံ့ဖွယ်ကောင်းသည့် မြွေတစ်ကောင်ရှိပြီး ၎င်းက အထင်ကြီးစရာကောင်းသည့် ပန်းချီကားတစ်ချပ်ဖြစ်လေသည်။
နှစ်ရာပေါင်းများစွာကြာပြီးနောက် တပည့်မြေးမြစ်အများစုတွင် သာမန်ပါရမီများသာ ရှိကြလေသည်။ ဂိုဏ်းကို တာဝန်ယူနိုင်လောက်သည့်လူတစ်ယောက်မှ မရှိခဲ့ပေ။ ချင်ရှုဇီ၏ အမွေအနှစ်စည်းကမ်းများကို ဖီဆန်ကာ ကျန်ရှိနေသည့် များစွာသော ရှေးဟောင်းစာလိပ်များကို ရရှိရန် အချင်းချင်းတိုက်ခိုက်ကြပြီး ဂိုဏ်းကို ပျက်စီးစေခဲ့လေ၏။ ထိုကိစ္စရပ်များကြားတွင် ဟုန်ရှို့ဖုန်းက ကြံစည်ခံလိုက်ရပြီး ထွက်ပြေးရန် ဖိအားပေးခံလိုက်ရလေသည်။ သူက နောက်ဆုံးကျန်သည့် ချင်ရှုဇီ၏ ပုံတူပန်းချီနှစ်ချပ်ကိုလည်း သူနှင့်အတူ ယူသွားခဲ့လေသည်။
ထိုအချိန်တွင် ပြင်ပမှ စောင့်ကြည့်နေသည့် ရန်သူများက သူတို့အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ဂိုဏ်းကို ကျူးကျော်တိုက်ခိုက်ခဲ့လေ၏။ ချင်ရှုရှိလူတိုင်းက မျှော်လင့်ချက်များ လုံးဝပျောက်ဆုံးသွားတော့သည်။ ဂိုဏ်းရှိအကြီးဆုံး တာအိုဆရာဖြစ်သည့် ကုမုက တိုက်ခိုက်ရန် တောင်မှ မဆိုင်းမတွ ထွက်လာခဲ့၏။ ထိုအချိန်မှစပြီး ချင်ရှုဓားဂိုဏ်းတွင် ပထမဆုံး အခြေတည်ဝိညာဉ်စွမ်းအားရှိသူတစ်ယောက် ပေါ်ပေါက်လာခဲ့လေသည်။ အခြေတည်ဝိညာဉ်စွမ်းအား ရှိသူတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်မှ ထွက်ခွာပြီး မိုင်ထောင်ပေါင်းများစွာကို စိတ်ဖြင့် သွားလာနိုင်စွမ်းရှိလေ၏။ ချင်ရှုဓားဂိုဏ်း၏ ဂုဏ်သတင်းက သိသာထင်ရှားစွာ တိုးတက်လာပြီး မည်သူမှ ရန်မစရဲတော့ပေ။
၎င်းက ‘သက်ရှိတိုင်းအတွက်ကပ်ဘေးတစ်ခု’ ဝတ္ထု၏ အပိုင်း(၁) မှဖြစ်သည်။
ဝမ်ကျင်းက ခေါင်းမော့လိုက်ပြီး ဘေးပတ်ပတ်လည်တွင် မြူများဖြင့် အုံ့ဆိုင်းနေသည့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ များစွာသော တောင်ထိပ်များက တစ်ဖက်တည်းသို့ ဦးတည်နေပြီး ထိုတောင်ထိပ်များက အလွန်မြင့်ကာ တိမ်များဆီပင် ရောက်နေလေ၏။ အချိန်မည်မျှ ကုန်လွန်သွားပြီကို သူတွေးနေလိုက်သည်။
သူ၏ မှတ်ဉာဏ်က အလွန်ကောင်းသော်လည်း ဝတ္ထု၏အပိုင်းသစ်ကို စောင့်နေစဉ်တွင် အပိုင်း(၁)မှစပြီး အကြိမ်ကြိမ်ပြန်ဖတ်ခဲ့သည်။
ဝမ်ကျင်းက မော့ကြည့်လိုက်၏။ စိုစွတ်သည့်လေထုက သူ့မျက်နှာကို တိုက်ခတ်သွားပြီး အေးမြသည့် ခံစားချက်များကို ချန်ခဲ့လေသည်။ မိုးကုပ်စက်ဝိုင်းတွင် တိမ်ညိုညိုများ ရစ်ဝိုင်းနေ၏။
မိုးရွာတော့မယ်ထင်တယ်…
တဲထဲမှ လူအိုကြီးတစ်ယောက်၏ နူးညံ့ညင်သာသော အသံတစ်သံ ထွက်လာလေသည်။
“ကျင်းအာ… မြန်မြန်အထဲဝင်တော့…”
“ဟုတ်ကဲ့…”
ဝမ်ကျင်းက ခြံဝန်းကို သပ်သပ်ရပ်ရပ် သန့်ရှင်းခဲ့လေ၏။ မိုးစက်များက ဟိုဟိုသည်သည် ကျနေပြီဖြစ်သည်။ သူက ခေါင်းကို လက်ဖြင့်ကာလိုက်ပြီး တဲအိမ်ထဲသို့ မနှေးမမြန်သည့် အရှိန်ဖြင့် ဝင်သွားလိုက်လေ၏။
သူ၏ အပြုအမူများက သဘာဝကျရန် အရေးကြီးသည်။ စိုးရိမ်သောကများပြီး အထိတ်တလန့်ဖြစ်၍ မရချေ။နောင်တွင်လည်း သူ့စိတ်ကို ပရမ်းပတာဖြစ်ခွင့် မပြုနိုင်ပေ။ သူ၏ဇာတ်ကောင်ကဲ့သို့ ပြုမူနေထိုင်ရန် လိုအပ်သည်။ သူတည်ငြိမ်သင့်သည်။ ဖြစ်နိုင်လျှင် အမြဲတမ်း တည်ငြိမ်သင့်သည်။
ဆံပင်မီးခိုးရောင်သန်းနေသည့် လူအိုကြီးက စားပွဲ၏တစ်ဖက်တွင် ထိုင်နေပြီး ထမင်းပန်ကန်လုံးနှင့်တူများကို ပြင်ဆင်နေလေ၏။
“တံခါးကို သေချာပိတ်ပြီး ထမင်းလာစားတော့...”
“ဟုတ်ကဲ့...”
ဝမ်ကျင်းက စားပွဲရှေ့သို့ ဖြည်းဖြည်းချင်း သွားလိုက်၏။
သူ၏ လက်ရှိနာမည်က လုကျင်းဖြစ်ပြီး ယခုနှစ်တွင် သူက ၁၃နှစ်ပြည့်ပြီဖြစ်သည်။
ပန်းကန်လုံးနှင့်တူကို ပြင်ဆင်နေသော သဘောကောင်းသည့် လူအိုကြီးက သူ့အဖိုးလုဖြစ်သည်။
ဝမ်ကျင်းက တံခါးကိုပိတ်လိုက်ပြီးနောက် ယောက်ချိုကိုသုံးပြီး စဉ့်အိုးထဲမှ ရေကိုခပ်ကာ လက်ဆေးလိုက်သည်။ သူက ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး ပြုံးကာမေးလိုက်၏။
“အဖိုး... ဒီနေ့ ဘာအရသာရှိတဲ့ ဟင်းတွေချက်ထားလဲ...”
လူအိုကြီးက နှာခေါင်းကို ပွတ်လိုက်၏။ အရေးကြောင်းများပေါ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ပန်ဆင်ထားလေသည်။
“မင်းကတော့ အစားကြီးတဲ့ ကောင်လေးပဲ...”
“ဟားဟား….”
သူရှေ့ရှိ မိသားစုပျော်ရွှင်မှုက အလွန်ပင် စစ်မှန်ပုံပေါ်နေလေ၏။ အပြန်အလှန် မှီခိုနေထိုင်သည့် မြေးအဖိုးဟု သူ ယုံကြည်လုနီးပါးဖြစ်သည်။ ချမ်းသာသော်လည်း နွေးထွေးသည့်မိသားစု ဖြစ်သည်။
သူသာ ‘သက်ရှိတိုင်းအတွက်ကပ်ဘေးတစ်ခု’ ကို မဖတ်ထားလျှင် ဤကဲ့သို့ ယုံကြည်ထားမည်ဖြစ်လေသည်။
⛰️⛰️⛰️