Ch 2
Viewers 748

💓 Chapter 2



ရန်ချီနဲ့ ကျွန်မ ဘယ်လိုတွေ့ဆုံခဲ့ကြတာလဲ ? အဲ့ဒါတွေအားလုံးက ကျွန်မရဲ့ချစ်သူဟောင်း၊ နာမည်ကျော်စတား ရွှီကျားယိ ကနေစတင်ခဲ့တာပဲ၊ ဒီနေ့အထိ ကျွန်မရဲ့အနုပညာခရီးလမ်းက သူ့ကြောင့်ဖြစ်လာခဲ့တယ်လို့ပဲ ပြောရမှာပေါ့။


---


ကျွန်မတို့နှစ်ယောက်စလုံး အနုပညာနယ်ပယ်မှာ နာမည်မကြီးသေးတဲ့သရုပ်ဆောင်အသစ်လေးတွေဘဝမှာ တွေ့ဆုံခဲ့ကြပြီး ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတစ်ခုပိုင်ဆိုင်ခဲ့ကြသည်။


နောက်ပိုင်းမှာ ရွှီကျားယိရဲ့အသက်မွေးဝမ်းကျောင်းက မမျှော် လင့်ဘဲနာမည်ကြီးသွားတဲ့ ဝက်ဘ်ဒရာမာတစ်ခုကြောင့် တဟုန်ထိုးတိုးတက်လာခဲ့တယ်။


သူ နာမည်ပိုကြီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အများပြည်သူသိအောင်ကြေညာမယ်လို့ပြောပြီး ကျွန်မနဲ့ အနာဂတ်အကြောင်း ဆွေးနွေးလေ့ရှိတယ်။


သူ အမြဲတမ်းလိုလို Single ပုံစံကိုထိန်းသိမ်းထားတယ်ဆိုတာ ကျွန်မ သိတယ်—ကျွန်မတို့အားလုံး လုပ်ငန်းတူနယ်ပယ်တစ်ခုတည်းမှာရှိနေတြ့အတွက် ဒါကို နားလည်ပေးခဲ့တယ်။


ဒါပေမဲ့ နောက်ဆက်တွဲဖြစ်လာမယ့်အရာကို ကျွန်မ ဘယ်တော့မှကြိုမတွေးထားခဲ့ဘူး၊ အဲဒီအရာက ကျွန်မရဲ့အသက်မွေး ဝမ်းကျောင်းကို ပျက်စီးစေရုံသာမကဘူး ကျွန်မရဲ့အသက်ကိုပါ ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့တယ်။


နာမည်ကျော်ခါစတွင် တတ်သစ်စကြယ်ပွင့်ဖြစ်နေသည့် ရွှီကျားယိ ကျွန်မနဲ့အတူ ချိန်းတွေ့နေစဉ် သတင်းထောက်တွေဆီက ဓာတ်ပုံရိုက်ခြင်းခံခဲ့ရတယ်။


သူ့အေဂျင်စီဘက်က ဘာအမှားမှမရှိဘူးဆိုပြီး ချက်ချင်းထုတ်ပြန်ကြေငြာခဲ့တယ်။ အကျဉ်းချုပ်ရရင် အရာအားလုံးကျွန်မအမှားဖြစ်ပြီး ကျွန်မဘက်က သူ့ကိုငွေပေးပြီး အဲ့လိုလုပ်ခဲ့တယ်လို့သွယ်ဝိုက်ဖော်ပြခဲ့ကြတယ်။


လူထုအမြင်ရဲ့အင်အားကို ကျွန်မ ပထမဆုံးအကြိမ်ခံစားလိုက်ရတာပဲ။


ကျွန်မ သူ့ပရိသတ်တွေဆီက ဆိုက်ဘာတိုက်ခိုက်မှု၊ အရှက်ရစေတဲ့ မှတ်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်။


လူထုအမြင်လှိုင်းလုံးကြီးတွေ ကျွန်မဆီရိုက်ခတ်လာတဲ့အခါ ကျွန်မ တုန်လှုပ်သွားတယ်။ ကျွန်မ ရွှီကျားယိကို ဆက်တိုက်ခေါ်နေပေမယ့်လည်း ဖုန်းမဝင်ခဲ့ဘူး။


"လူကြီးမင်းခေါ်ဆိုနေသော ph no မှာ မအားသေးပါသဖြင့်..."


ရွှီကျားယိမှာ တတ်သစ်စကြယ်ပွင့်ဖြစ်ပြီး သတင်းထောက်များမှ ခေါင်းစဉ်ရရန် အလုအယက်ယှဉ်ပြိုင်နေကြသော ကြောင့် ကျွန်မ ဖုန်းမှာဆက်တိုက်မြည်ဟီးနေခဲ့တယ်။


ကျွန်မသည် ဆင်းမ်ကတ်ကိုထုတ်၊ ဖုန်းကို ပိတ်လိုက်တော့မှသာ ကျွန်မရဲ့ကမ္ဘာလေးတိတ်ဆိတ်သွားတော့တယ်။


ဒါပေမယ့် ကျွန်မရဲ့နှလုံးခုန်သံကတော့ ဘယ်တော့မှမရပ်တန့်ခဲ့ဘူး။ အွန်လိုင်းပေါ်ကတိုက်ခိုက်မှုတွေကို တွေးလိုက်တိုင်း ကျွန်မ ခန္ဓာကိုယ်ကတုန်ယင်နေခဲ့တယ်။


ကြီးမားသောကုမ္ပဏီ သို့မဟုတ် ပရိသတ်အင်အားမရှိသော သရုပ်ဆောင်သစ်တစ်ဦးအနေဖြင့် ကျွန်မသည် တံတွေးများနှင့်ပင် နစ်မြုပ်သွားနိုင်သည်မဟုတ်ပါလား ?


ကျွန်မရဲ့ကမ္ဘာသည် ရက်အနည်းငယ်ကြာတိတ်ဆိတ်နေခဲ့ပြီး ကျွန်မ အိမ်တွင်သာနေကာ လူမှုဆက်ဆံရေးများအားရှောင် ရှားကာ၊ ရွှီကျားယိ မရှိတော့သည်ကလွဲပြီး အရာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဟု မှန်းဆမိခဲ့သည်။


ရက်အနည်းငယ်ကြာပြီးနောက် ရွှီကျားယိသည် ကျွန်မနှင့် အရင်းနှီးဆုံးသူများသာသိသော နံပါတ်အားစတင်ခေါ်ဆိုလာတော့သည်။ မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများအပြီးတွင် ကျွန်မ ဖုန်းဖြေလိုက်ရသည်။


"ချန်ချန်၊ ဒါတွေအားလုံး ကုမ္ပဏီ PR ဌာနရဲ့ လုပ်ဆောင်ချက်သက်သက်ပါ၊ ငါနဲ့ လုံးဝတိုင်ပင်ညှိနှိုင်းခဲ့တာမရှိဘူး၊ ပရိသတ်ကိစ္စတွေကို ငါ ဖြေရှင်းပေးမယ်" ဟု သူ စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။


သူသာ ဝန်ခံခဲ့ပါက၊ ဒါတွေအားလုံး ဖြစ်လာခဲ့မည်မဟုတ်ပေ။


"ရွှီကျားယိ၊ နင် ဟန်ဆောင်တာ ရပ်လိုက်တော့၊ အခြေအနေ တွေ ခုလိုဖြစ်လာပြီဆိုမှတော့ လမ်းခွဲကြရအောင်" 


ကျွန်မ ဖုန်းကိုပြတ်ပြတ်သားသားချပစ်ပြီး၊ သူ့ နံပါတ်ကိုဖျက်လိုက်ကာ Block လိုက်သည်။


ကျွန်မ ဘယ်လိုကနေ ထိပ်တန်းစတားဖြစ်လာလဲဆိုတာက တော့ အဲ့ဒီဖြစ်ရပ်ကနေ စတင်ခဲ့တာပဲ။


ရွှီကျားယိအား စွန့်ပစ်လိုက်ပြီးနောက် အရာအားလုံးပြီးဆုံးပြီဟု ထင်ခဲ့သော်ငြား သူ နည်းလမ်းအမျိုးမျိုးနှင့် ဆက်သွယ်ဖို့ကြိုးစားနေခဲ့သည်။


အရင်ဆုံး သူ သံယောဇဉ်ရှိဟန်ဆောင်ခြင်းဖြစ်နိုင်သလို အပြစ်ရှိသလို ခံစားနေရခြင်းဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။ သို့သော် နောက်ပိုင်း ပိုထူးဆန်းလာခဲ့သည်။


သူက ရုတ်တရက် လူမှုမီဒီယာပလက်ဖောင်းတစ်ခုပေါ်မှာ ကျွန်မတို့လုပ်ခဲ့သမျှ အရာအားလုံးအားဝန်ခံပြီး ထုတ်ပြန်ချက်ထုတ်လာခဲ့သည်။ ထို့ကြောင့် Girlfriend Fan & Wife Fan အများအပြားဆုံးရှုံးခဲ့ရသည်။


အဆုံးတွင် သူ့ကုမ္ပဏီ၏ PR မှ ၎င်း၏"ပုံမှန်မဟုတ်သော၊ ရဲရင့်သော အချစ်ဝန်ခံချက်" ပုံစံအား အသုံးပြုပြီး လျင်မြန်စွာ ပြိုလဲနေ‌သည့် ၎င်း၏လူကြိုက်များမှုကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး ပရိသတ်အသစ်လှိုင်းတစ်ခုကိုပင်ဆွဲဆောင်နိုင်ခဲ့ သေးသည်။


ရွှီကျားယိ ကျွန်မအား အေဂျင်စီများနှင့် မန်နေဂျာများနဲ့ တက်ကြွစွာမိတ်ဆက်ပေးခဲ့ပြီး၊ သူ့ ကိုယ်ပိုင် အသက်မွေးဝမ်း ကျောင်းကိုပါ ခြိမ်းခြောက်ပြောဆိုခဲ့သည်။


ထိုအချိန်မှာ တစ်ခုခုမှားနေပြီဆိုသည်ကို ကျွန်မ သဘော ပေါက်လာသည်။ ၎င်း၏ပြင်းပြသောအချစ်မှာ ကျွန်မတို့ရဲ့ ဆက်ဆံရေး၏ ကနဦး၊ စိတ်အားထက်သန်သော အခိုက် အတန့်များတုန်းကပင် မခံစားခဲ့ရဖူးသည့် အရာတစ်ခုဖြစ်တော့သည်။


ထို့နောက် ကျွန်မ အေဂျင်စီကြီးတစ်ခုနှင့်လက်မှတ်ထိုးနိုင်ခဲ့ပြီး မန်နေဂျာအားပြောင်းလဲခဲ့သည်။ ပြီးနောက် ကျွန်မ အရင်းပ မြစ်တွေ မြင့်တက်လာပြီး အဆင့်အတန်းလည်းတဟုန်ထိုးတိုး တက်လာခဲ့သည်။ အဆုံးတွင် ဆုရရုပ်ရှင်တစ်ခုနှင့်အတူ ကျွန်မ အောင်မြင်စွာနာမည်ကျော်ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့သည်။


---


ထိုအချိန်လောက်မှာ ရန်ချီနှင့်တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။


စီးပွားရေး ဧည့်ခံပွဲတစ်ခုမှာဖြစ်သည်။ ကျွန်မ ကြော်ငြာပေးသည့် Brand ၏ငွေကြေးထောက်ပံ့သူ ရန်ချီနှင့် ကျွန်မ တွေ့ဆုံခဲ့သည်။


"မစ်လီ၊ ဒါ ကျွန်တော်တို့ကုမ္ပဏီက မစ္စတာရန်ပါ" ဟု Brand ၏ဆက်သွယ်ရေးတာဝန်ခံမှ ပြောလာသည်။


ဒါ ရန်ချီနဲ့ ကျွန်မရဲ့ပထမဆုံးတွေ့ဆုံမှုပဲ။ 


ကျွန်မ သူ့အား ဗိုက်ပူပူနှင့်သက်လတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လိမ့်မည်ဟု စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းမှာ လွှမ်းမိုးချုပ်ကိုင်တတ်သည့် လူငယ် CEO တစ်ဦးဖြစ်နေခဲ့သည်။


"မင်္ဂလာပါ၊ မစ္စတာရန်"


ကျွန်မ ပြုံးပြလိုက်ပြီး လက်ဆန့်ထုတ်ကာခေါင်းညိတ်လိုက်သည်။


ဒါ ကျွန်မ ထင်ယောင်ထင်မှားဖြစ်တာလားတော့မသိဘူး။ ရန်ချီ ကျွန်မကို ပထမဆုံးမြင်ချိန် သူ့အမူအရာတွေ အနည်းငယ် ရပ်တန့်သွားတာကို ကျွန်မ မှတ်မိတယ်။ သူ့ခန္ဓာကိုယ်က ခဏတာတောင့်တင်းသွားပေမဲ့ ချက်ချင်းဆိုသလိုပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။


ကျွန်မတို့လက်ထပ်ပြီးနောက် ထိုအကြောင်းမေးကြည့်ချိန်တိုင်း သူ အမြဲငြင်းဆိုခဲ့သည်။


"မင်္ဂလာပါ၊ မစ်လီ" 


ရန်ချီသည် ကျွန်မ လက်ကို ညင်သာစွာပြန်ကိုင်လာပြီး နှုတ် ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်လို့သွားသည်။


ဒါ ကျွန်မကို ပထမဆုံးအကြိမ် သူပြောခဲ့တဲ့စကားလုံးတွေဖြစ်ပြီး၊ ကျွန်မဘဝရဲ့နာကျင်မှုသံသရာအသစ်တစ်ခုစတင်ခဲ့ကြောင်းပင်။


ညစာစားပွဲတွင် တွေ့ဆုံပြီးနောက် ရန်ချီဘက်မှ ကျွန်မအား လက်တွေ့မဆန်လောက်အောင် ပြင်းပြစွာလိုက်လံပိုးပန်းလာခဲ့သည်။


လွှမ်းမိုးချုပ်ကိုင်တတ်သည့် လူငယ် CEO နှင့် လက်ရှိနာမည် ကြီးကြယ်ပွင့်၏ဇာတ်လမ်းမှာ သတင်းမီဒီယာ၏ခေါင်းကြီးပိုင်းများဖြစ်လာပြီး၊ ကျွန်မ မိဘများအပါအဝင် လူတိုင်းသည် ရန်ချီနှင့်ကျွန်မအား အနီးကပ်စောင့်ကြည့်နေခဲ့ကြသည်။


"ချန်ချန်၊ မင်းနဲ့ မစ္စတာရန်ကြားက တိုးတက်မှုက ဘယ်လို အခြေအနေရှိလဲ ?" ဖုန်းတစ်ဖက်က အသံမှာမြှောက်ပင့်လို့နေသည်။


၎င်းသည် ဖခင်ဖြစ်သူဖြစ်ပြီး ကျွန်မ အမေနှင့်နဲ့ကွာရှင်းပြီးနောက် ကျွန်မအား သိပ်ဂရုမစိုက်ခဲ့သည့်သူပင်။ သို့သော် ကျွန်မ နာမည်ကြီးလာချိန်မှာ ကျွန်မအား ပြန်လာတွေ့ချင်နေခဲ့သည်။


"ရှင်ရဲ့ သမီးအငယ်ကိုပိုဂရုစိုက်လိုက်ပါဦး။ ပြီးခဲ့တဲ့လက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားလို့ ဆေးရုံရောက်ခဲ့တယ်လို့ ကျွန်မ ကြားတယ်" 


နောက်ဆိုရင်တော့ သူ့ဖုန်းကိုမဖြေတော့တာ ပိုကောင်းမယ်။ ကံမကောင်းလိုက်တာ။


"မင်း..."


သူ့အသံထဲမှ စိတ်အနှောင့်အယှက်ဖြစ်မှုအနည်းငယ်ကို ကျွန်မ ကြားလိုက်ရသည်။ 


" 'ရှင်ရဲ့ သမီးအငယ်' ဆိုတာ ဘာကိုဆိုလိုတာလဲ ? သူက မင်းရဲ့ ညီမလေးပဲ၊ သူက TV မှာပါပြီး မင်းလို စတားဖြစ်ချင်နေတာလေ၊ မင်းကို ကြည့်..."


သူ စကားမဆုံးခင် ကျွန်မ ဖုန်းချပစ်လိုက်သည်။


ခဏအကြာ ဖုန်းပြန်မြည်လာသည်။ ကျွန်မ စိတ်တိုနေသဖြင့် အလိုအလျောက် ဖုန်းချပစ်တော့မလိုဖြစ်ခဲ့သည်။


သို့သော် ယခုတစ်ခါမှာတော့ ရန်ချီဖြစ်နေသည်။


"ချန်ချန်၊ ပြတင်းပေါက်နားလာခဲ့" 


ရန်ချီ၏လေသံမှာ မယုံနိုင်လောက်အောင်နူးညံ့လို့နေသည်။


ကျွန်မ ချက်ချင်းပြတင်းပေါက်ဆီသွားပြီး လိုက်ကာဆွဲဖွင့်လိုက်သည်။


မီးရှူးမီးပန်းများမှာ ခမ်းနားတောက်ပနေပြီး မြစ်ကမ်းနားမှ ဝေးကွာသောအဆောက်အအုံများသည် ကျွန်မမျက်နှာကို ရောင်ပြန်ဟပ်နေသော မီးရောင်များဖြင့်ဖုံးလွှမ်းလို့နေသည်။


ထို့နောက် ဒရုန်းအစီအစဉ်များသည် ကောင်းကင်ယံတွင် ရဲရင့်ပြတ်သားသော အချစ်ဝန်ခံချက်ကိုရေးထိုးပြသလာခဲ့သည်။


— လီချန်ချန်


— မင်းကို ချစ်တယ်


— ကိုယ်နဲ့ လက်ထပ်ပါ


အဆိုပါဝန်ခံချက်အား မြို့တစ်ခုလုံး မြင်ခဲ့ကြရပြီး ကြည့်ရှုသူများစွာမှ အဖြစ်အပျက်တစ်ခုလုံးအားတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများထံ သို့ သတင်းမှာချက်ချင်းနီးပါးရောက်ရှိခဲ့သည်။


"လူငယ် CEO က ထိပ်တန်းကြယ်ပွင့်အား ရဲရဲဝံ့ဝံ့လိုက်ပိုးပန်းကာ လူသိရှင်ကြားလက်ထပ်ခွင့်တောင်း" ဟူသော ခေါင်းစဉ်သည် နာမည်ကြီးသတင်းအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။


၎င်း၏ အဆင့်မြင့် ဖွင့်ဟဝန်ခံချက်သည် ကျွန်မတို့ စုံတွဲပတ် ပတ်လည်တွင် ရှိနေပြီးသားနာမည်ကြီးမှုကို သံသယရှိစရာမလိုဘဲ ပိုမိုအားဖြည့်ပေးခဲ့သည်။


"ငါ ကြွေသွားပြီ!"


"ဒါ အရမ်းချိုမြိန်တာပဲ! ဘယ်လို Idol ဒရာမာဇာတ်လမ်းလဲ ?"


"ငါ့ဘဝမှာလည်း ဒီလိုမျိုး CEO တစ်ယောက်လောက် ရှိစေချင်လိုက်တာ!"


"ရန်ချီနဲ့ လီချန်ချန် တို့ရဲ့ပထမဆုံးကလေးကို ငါ့ ပထမဆုံးရွေးချယ်မှုအဖြစ် ကြေညာတယ်"


"ငါ့ကျဲက အရမ်းဆွဲဆောင်မှုရှိတာပဲ! ထိပ်တန်းကြယ်ပွင့်တွေနဲ့ CEO တွေ ဝိုင်းဝိုင်းလည်နေတာပဲ~"


...


ခဏတာအတွင်းမှာပင် အင်တာနက်သည် ဆွေးနွေးမှုများနှင့် ဆူညံသွားရသည်။


ထင်မြင်ချက်အမျိုးမျိုးရှိကြပြီး ရွှီကျားယိနှင့်ကျွန်မတို့၏ Shipper Fan တွေကလွဲလို့ လူအများစုသည် ၎င်းတို့၏ဆုမွန်ကောင်းများပေးပို့ခဲ့ကြသည်။ 


ရွှီကျားယိ ကျွန်မအား ဖုန်းဆက်တိုက်ခေါ်နေသော်လည်း ကျွန်မ မဖြေခဲ့ပေ။


လူတိုင်း ကျွန်မ၏ တုံ့ပြန်မှုကိုမျှော်လင့်နေကြသည်။


ရှစ်မိနစ်ကြာပြီးနောက် မီးရှူးမီးပန်းများပြီးဆုံးသွားသည်။


ကျွန်မ ဂါဝန်အသေးစားလေးပြောင်းဝတ်ပြီး အောက်ထပ်ဆင်းကာ ရန်ချီရှေ့မှာရပ်လိုက်သည်။


"ရန်ချီ၊ ရှင်..." 


ကျွန်မ ပါးပြင်များ အနည်းငယ်နီမြန်းနေပြီး ကျွန်မသည် သူ့အချစ်နှင့် ရိုးသားမှုကို သူ့မျက်လုံးများကနေ ဖမ်းယူဖို့ကြိုး စားရင်း သူ့ကို မော့ကြည့်လိုက်သည်။


"ချန်ချန်၊ မင်း ကြိုက်လား ?"


သူ ကျွန်မကို နူးညံ့စွာကြည့်လာသည်။


"အင်း" ကျွန်မ ခေါင်းညိတ်လိုက်သည်။


သို့သော်လည်း သူ့မျက်လုံးများမှာ ကျွန်မကိုထွင်းဖောက်ကြည့်နေပြီး ပိုဝေးသည့်နေရာကိုကြည့်နေသည်ဟုသာ အမြဲလိုလိုခံစားခဲ့ရသည်။


နှစ်လကြာပြီးနောက် ကျွန်မတို့လက်ထပ်ခဲ့ကြသည်။


ရန်ချီ ကျွန်မအတွက် ရာစုနှစ်၏အခန်းနားဆုံးမင်္ဂလာပွဲကို ကျင်းပပေးခဲ့သည်။ အဆိုပါမင်္ဂလာပွဲသည် လက်ထပ်ချင်သူတိုင်း မနာလိုဖြစ်ရလောက်အောင် ခမ်းနားထည်ဝါခဲ့သည်။


သို့သော် ထိုနေ့တွင် ရန်ချီမျက်လုံးများထဲ ကျွန်မ ခံစားခဲ့ရသည်မှာ ပျော်ရွှင်မှုတင်မက၊ ဝမ်းနည်းမှုလည်း တစ်စိတ်တစ် ပိုင်းပါဝင်နေခဲ့သည်။


"ယောက်ျား၊ ရှင် ဘာဖြစ်နေတာလဲ ?" 


ကျွန်မ လျှောက်သွားပြီး စိုးရိမ်တကြီးမေးလိုက်သည်။


"ဘာမှမဖြစ်ပါဘူး" ရန်ချီသည် သူ၏ ပုံမှန်နူးညံ့မှုဆီသို့ပြန် လည်ရောက်ရှိသွားခဲ့သည်။


သူက ကျွန်မ မှားမြင်တာဟုပြောလာခဲ့ပြီး ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် မှားမြင်သည်ဟုသာတွေးခဲ့သည်။


နောက်ပိုင်းမှာ ကျွန်မပြန်တွေးကြည့်ချိန် ကျွန်မ သတိထားမိလိုက်ပြီးနောက် ရန်ချီသည် သူ့အဆိုးမြင်စိတ်ခံစားမှုများကို လျင်မြန်စွာဖုံးကွယ်လိုက်ခြင်းဖြစ်သည်ကို သိလိုက်ရသည်။