Ch 25
Viewers 5k

🌹Chapter 25

အသိမိတ်ဆွေများနှင့် တွေ့ဆုံခြင်း



ရှပ်အင်္ကျီဝတ်ထားသော လူက ပတ်ဝန်းကျင်အငွေ့အသက်ကြောင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။


ဆံနီက သူ့ရှေ့ရှိ အခြေအနေကို အကြာကြီး စိုက်ကြည့်နေပြီး ဘာလုပ်ရမည်မှန်း မသိတော့ပေ။


သူ သူ့နောက်များကို တစ်ချက်ကြည့်လိုက်ပြီး သူ့နောက်လိုက်ငယ်လေးများအချို့က ဒဏ်ရာရနေဆဲပင်။ သူတို့က စုန့်ယွီအား ကပ်ရောဂါနတ်ဘုရားကို မြင်သကဲ့သို့ ကြည့်နေကြပြီး မသိစိတ်မှ အနည်းငယ် နောက်ဆုတ်လိုက်ကြသည်။


ဆံနီ: "......"


စုန့်ယွီက ရှပ်အင်္ကျီ ဝတ်ထားသောလူကို လွှတ်ပေးနှင့်ပြီဖြစ်သည်။


ရှပ်အင်္ကျီ ဝတ်ထားသောလူက ရှေ့တက်ပြီး သူ့အာဏာကို ထူထောင်ရန် အင်အားမရှိတော့ချေ။ သူ အသက်ရှူရကြပ်ပြီး နောက်ဆုတ်သွားခဲ့သည်။


ချန်ကျစ်ကျယ်သည်လည်း နောက်ဆုတ်နေပြီး သူ့မျက်နှာက ဖြူဖျော့နေ၏။


အသက်ဝအောင် ရှူပြီးနောက် ရှပ်အင်္ကျီ ဝတ်ထားသော လူက စုန့်ယွီကို လက်ညှိုးထိုးပြီး ဆံနီကို အော်လိုက်သည်။

"သူ…သူပဲ…မင်းတို့က လျန်ယွင်လမ်းက လမ်းဘေးလူမိုက်အုပ်စု မဟုတ်ဘူးလား…အခုကျတော့ အထက်တန်းကျောင်းသားတစ်ယောက်ကိုပဲ ရင်ဆိုင်ဖို့ ကြောက်နေပြီလား…ဒီ ခွေးမသားက ငါ့ကို စိန်ခေါ်ဖို့ ရောက်လာတာ…"


ဆံနီ၏ နှုတ်ခမ်းက မဲ့သွားပြီး သူ့မျက်နှာပေါ်ရှိ အမာရွတ်က ပို၍ ကြမ်းတမ်းသည့်ပုံ ပေါ်လာသည်။

"စိန်ခေါ်ဖို့ လာတာလား…အာ..."


အခန်းထဲမှ လူတိုင်းက အသက်အောင့်ပြီး နားထောင်နေကြသည်။ သို့သော် သူတို့၏ ဆံနီက ခေါင်းစောင်းပြီး ရှပ်အင်္ကျီ ဝတ်ထားသော လူကို ဖြည်းဖြည်းချင်း ပြောလိုက်သည်ကို မြင်လိုက်ရသည်။

 "... ငါတို့ ရဲခေါ်လိုက်ရအောင်လား…"


သူ ဤစကားပြောလိုက်သည်နှင့် သူတို့ပတ်ဝန်းကျင်ရှိ လေထုက တိတ်ဆိတ်သွားလေသည်။


ရှပ်အင်္ကျီ ဝတ်ထားသော လူက puffer fish(ပူဖောင်းငါး)ကဲ့သို့ ဖောင်းပွပြီး ဒေါသထွက်နေ၏။ သူက တကယ်ပင် ဆံနီ၏ မျက်နှာကို တက်ပြီး ထိုးပစ်ချင်သော်လည်း အဆုံးတွင် ကျိုးကြောင်းဆီလျော်မှုကို ထိန်းထားပြီး အော်လိုက်သည်။

 "ရဲခေါ်မယ်…ရဲခေါ်ပြီး ငါတို့အားလုံးကို ဖမ်းခိုင်းမယ်ပေါ့ ဟုတ်လား…" 


ဆံနီ၏ မျက်နှာအမူအရာက စက္ကန့်အနည်းငယ်မျှ တောင့်တင်းနေသော်လည်း သူ့စိတ်ခံစားချက်မူကား သူ့မျက်လုံးများမှ ရှင်းရှင်းလင်းလင်း သိသာနေသည်။ သူတို့က 'လောင်ဇီက ဒီအခြေအနေကို မကိုင်တွယ်ချင်ဘူး' ဟု ပြောနေသကဲ့သို့ပင်။


အခန်းထဲရှိ လူဆိုးဂိုဏ်းဝင်အုပ်စုများသာမက အနောက်ဘက်တွင်လှဲလျောင်းနေပြီး ညည်းညူနေရသော သူများ အားလုံးက ဤအချိန်တွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှု ရောထွေးနေသည်ကို ခံစားနေကြရ၏။


သူတို့က အစတွင် သိုးတစ်ကောင်က ကျားပါးစပ်ထဲသို့ သူ့ကိုယ်သူ ပို့လိုက်ပြီဟု ထင်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ သူတို့၏ အသိုက်ထဲသို့ တောခွေးရိုင်းတစ်ကောင်ကို ခေါ်လာခဲ့မိကြခြင်းပင်။


နတ်ဘုရားတစ်ပါးကို ဖိတ်ခေါ်တာက လွယ်တယ်… ဒါပေမဲ့ ပြန်ပို့တာက ခက်ခဲတယ်… အခု ဒီကပ်ရောဂါနတ်ဘုရားက ဒီမှာ ရှိနေတုန်းပဲ…


ပိုနီတေးကို ကပိုကရိုစည်းထားသည့် သူကလည်း ဤအခြေအနေက မည်သို့ ဖြစ်လာခဲ့သည်ကို ရှုပ်ထွေးနေ၏။ မာရှောင်တင်းကို ဖမ်းထားသည့်လက်က မသိစိတ်မှ  ပြေလျော့သွားခဲ့သည်။


မာရှောင်တင်း၏ မျက်နှာအမူအရာက သူ့ထက် ပို၍ ကောင်းမနေပေ။ သူက သူ့မျက်လုံးများကို လက်နှစ်ဖက်နှင့် ပွတ်နေပြီး သူ အိပ်မက်မက်နေလားဟူသည်ကို ကြောက်နေခဲ့သည်။


သောက်ကျိုးနဲ…ယွီကောက ဒီလောက် ပြင်းထန်တာလား…


ချန်ကျစ်ကျယ်က ကိုယ့်ကိုယ်ကို ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏လူမိုက်ဟု ကြွေးကြော်ထားသော်လည်း သူက အမြဲတမ်း နောက်လိုက်အုပ်စုနှင့် ပေါင်းပြီး သူ၏ အင်အားကို အားကိုးပြီး သူ့ကျောင်းနေဖက်များကို အနိုင်ကျင့်ခဲ့သည်။


စုန့်ယွီကို မဆိုနှင့် ချန်ကျစ်ကျယ်က ဆံနီ၏ နောက်လိုက်တစ်ယောက်ကိုပင်လျှင် မနိုင်ခဲ့ပေ။ ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူက ဖြူဖျော့ပြီး တုန်ယင်နေရင်း သူ့အစ်ကိုကြီး၏ နောက်တွင် ပုန်းနေ၏။ သူ စကားတစ်ခွန်းပင် မပြောရဲပေ။


သူ့နောက်လိုက်တစ်ယောက်အဖြစ် သရုပ်ဆောင်နေသည့် ကျူးကျစ်ရှင်း အတွက်မူကား…


သူက အလွန်ကြောက်သဖြင့် သတိလစ်သွားခဲ့ပြီဖြစ်သည်။


စုန့်ယွီက လက်တစ်ဖက်နှင့် သူ့ကိုယ်သူ ထောက်ပြီး စားပွဲပေါ်သို့ ခုန်တက်ထိုင်လိုက်သည်။ သူက တုတ်ကို ကိုင်ထားပြီး ဆံနီကို ကြည့်ရင်း ပြုံးလိုက်သည်။

"မင်းတို့ ဓားအစစ်တွေနဲ့ ရန်ဖြစ်တာလို့ ကြားတယ်…"


"သွေးထွက်နိုင်တဲ့ အမျိုးအစားလား…"


ဆံနီ: "............"


ဤအချိန်တွင်မူ သူ့မျက်နှာပေါ်ရှိ အမာရွတ်များက ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများကို ထုတ်ဖော်နေသကဲ့သို့ပင်။


"ဘော့စ်…ငါတို့ ဘာလုပ်ရမလဲ..."

ဆံပင်စိမ်းက တုန်ယင်စွာ ရှေ့တစ်လှမ်းတိုးပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။


ဆံနီက သူ့ကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက ပြာပုံကဲ့သို့ သေဆုံးနေပြီဖြစ်သည်။


ငါ ဘာမှ မပြောချင်တော့ဘူး..


ငါ ဆေးလိပ်တစ်လိပ်ကို မီးညှိချင်တယ်…


ရှပ်အင်္ကျီ ဝတ်ထားသည့် လူ၏ မျက်လုံးများက အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်အောင်ပင် ပြူးကျယ်နေခဲ့သည်။

 "မင်းတို့က တကယ်ပဲ သူ့ကို ကြောက်တာလား…ဒါက အထက်တန်းကျောင်းသားလေးပဲလေ…"


ဆံနီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ အဆုံးတွင် သူက လမ်းဘေးလူမိုက်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အရှိန်အဝါက ရှိနေဆဲပင်။


ရှပ်အင်္ကျီ ဝတ်ထားသည့် လူ၏ လည်ချောင်းက သူ့အကြည့်ကြောင့် တောင့်တင်းသွားသည်။ သူက သူ့စကားများကို ပြန်မျိုချလိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။ သို့သော် သူ့မျက်နှာက နီရဲနေပြီး စုန့်ယွီကို စိုက်ကြည့်နေခဲ့သည်။


ဆံနီက ယခင်က စုန့်ယွီနှင့် တွေ့ကြုံစဉ်တွင် သူတို့က နှစ်ကြိမ်တိုင်တိုင် ဒုက္ခရှာရန် ပြေးဝင်သွားခဲ့ကြပြီး အဆုံးတွင် သူတို့ကိုယ်တိုင်သာ ဒုက္ခရောက်ခဲ့ရသည်။


ယခု စုန့်ယွီက သူတို့ကို စိန်ခေါ်ရန် ရောက်လာသောအခါ သူ့အတွင်းစိတ်၏ စိတ်ပျက်အားငယ်မှုများက မြစ်တစ်စင်းကဲ့သို့ လျှံကျနေ၏။


သူ အံကြိတ်ပြီး သူ့အဖေကို သတ်သောသူအား ပြုံးပြနေသကဲ့သို့ မျက်နှာအမူအရာတစ်ခုကို ညှစ်ထုတ်ဖို့ရန် ကြိုးစားခဲ့သည်။

 "ဒီ... သူငယ်ချင်းလေး…"


စုန့်ယွီ ပြုံးလိုက်သည်။ သူက ဘိလိယက်တုတ်ကို ပွတ်သပ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။

"အဲ့လို မလုပ်ပါနဲ့ ညီငယ်လေး… ဒီနေ့ မင်းနဲ့ ရန်မဖြစ်ပါဘူး… ဒါကြောင့် ဒီလို ဟန်ဆောင်တာမျိုးကို မလုပ်ပါနဲ့…"


ဆံနီ: "......"


လူတိုင်း: သူ...တကယ်ပဲ… သောက်ကျိုးနဲ… ရူးနေတာပဲ..


မာရှောင်တင်း၏ စိတ်ထဲရှိ စုန့်ယွီ၏ ပုံရိပ်က ပြိုကွဲသွားပြီး ပြန်လည်တည်ဆောက်ခံလိုက်ရသည်။ ရွှံ့ဗုဒ္ဓရုပ်ပွါးတော်မှ အသက်ရှင်နေသည့် ငရဲဘုရင်အဖြစ် ပြောင်းလဲသွားခဲ့သည်။


ယွီကောက အရမ်းမိုက်တာပဲ…


အဲ့ဒီထိုင်တဲ့ပုံစံ... စကားပြောတဲ့လေသံ...အေးစက်ပြီး ကြမ်းတမ်းတဲ့အပြုံးကို ကြည့်စမ်းပါဦး...


မာရှောင်တင်းက သူ အလယ်တန်းကျောင်းတွင် ကျောင်းလူမိုက်လုပ်ခဲ့သည့် သုံးနှစ်လုံးက အိမ်ရှင်မတစ်ယောက်ကဲ့သို့သာ ခံစားလိုက်ရ၏။


စုန့်ယွီ သူ့မေးစေ့ကို မော့လိုက်ပြီး သူ့မျက်လုံးများက ချန်ကျစ်ကျယ်ပေါ်သို့ ရောက်သွားခဲ့သည်။ သူ့နှုတ်ခမ်းက ကွေးညွှတ်သွားပြီး သူ့အသံက နှေးကွေးစွာနှင့် လှောင်ပြောင်လိုက်သည်။

"စနူကာ (Snooker)၊ ကစားချင်လား…အခု ငါ အနိုင်အရှုံးအတွက် ပြစ်ဒဏ်တွေကို ဆုံးဖြတ်ဖို့ အရည်အချင်းရှိပြီလား.."


ဆုံးဖြတ်ဖို့ အရည်အချင်းရှိလား…


ဒါက ပူစပ်စပ်နဲ့ ပါးဖြတ်ရိုက်ခံလိုက်ရသလိုပဲ…


ချန်ကျစ်ကျယ်က ခေါင်းငုံ့ပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူက စကားတစ်ခွန်းပင် မပြောရဲဘဲ သူ့ကိုယ်သူ အရိပ်ထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။


ဆံနီက ဘယ်ညာကြည့်ပြီးနောက် အခြေအနေကို အခြေခံအားဖြင့် ရှင်းရှင်းလင်းလင်း သိနေပြီဖြစ်သည်။ သူက ချောင်းဆိုးပြီး သူ့အသံကို ညင်သာအောင် ကြိုးစားပြီး သူ့ကိုယ်သူ ရင်းနှီးသော ညီအစ်ကိုတစ်ယောက်ကဲ့သို့ ယုံကြည်အောင် ပြောနေခဲ့သည်။

"အိုး… ဟေး... ဒါက ဘာများ အရေးကြီးလို့လဲ… ကျောင်းသားတွေကြားက ပြဿနာလေးပဲ မဟုတ်ဘူးလား…ဘာလို့ ဒီလောက် အကြီးအကျယ် ဖြစ်လာတာလဲ…"


သူက ကြမ်းတမ်းပြီး ခြိမ်းခြောက်သည့်ပုံ ပေါက်သော်လည်း ဤသို့ ကြင်နာသော ပုံစံမျိုးကို လုပ်လိုက်သောအခါ နှစ်မျိုးလုံး ရောထွေးပြီး ထူးဆန်းနေခဲ့သည်။ ကြည့်နေသည့် လူအုပ်ကြီးက ၎င်းကို အလွန်ကြောက်စရာကောင်းသည်ဟုထင်သဖြင့် သူတို့၏ လည်ပင်းနောက်က ဆံပင်များ ထထောင်လာလေသည်။ 


ဆံနီက ချန်ကျစ်ကျယ်၏ ပခုံးကို ရိုက်လိုက်သည်။ ၎င်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလောက်အောင်ပင် ပြင်းထန်သည်။ သူ့နှုတ်ခမ်းက ကွေးညွှတ်သွားပြီး မြေခွေးကဲ့သို့ ကြီးမားစွာ ပြုံးလိုက်သည်။

"ရှောင်ချန်… မင်းကို အစ်ကိုကြီးက ဆူနေတာ မဟုတ်ပါဘူး.. ဒါပေမဲ့ မင်းတို့က ကျောင်းတူတူပဲလေ… အနာဂတ်မှာ လူမှုဘဝထဲ ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးရလိမ့်မယ်… သွား၊ နားလည်မှုလွဲမှားတာ ရှိရင် တောင်းပန်လိုက်… နားလည်မှုလွဲမှားတာ မရှိဘူးဆိုရင် ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်… မင်းကျောင်းနေဖက်တွေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရင် ဒီကိစ္စ ပြီးပြီလို့ မှတ်ယူလိုက်မယ်…လူတိုင်း အတူတူ ထိုင်ပြီး ဂိမ်းဆော့..အရက်သောက်လို့တောင် ရတယ်…"


ချန်ကျစ်ကျယ်: "......"


ရှပ်အင်္ကျီ ဝတ်ထားတဲ့ လူ: "......"


လူတိုင်း: "......"


မင်းက ချီးကို အရမ်းကြီးကျယ်တဲ့ လမ်းဘေးလူဆိုးတစ်ယောက်ပဲ… ဒါပေမဲ့ မင်းက ကောင်မလေးတွေကို စနောက်တာတွေ အလယ်တန်းကျောင်းသားတွေကို လုယက်တာတွေ မလုပ်ဘဲ အဖွားအိုတစ်ယောက်လို လုပ်နေတာလား…


ဆံနီက ဤသို့သော အရာမျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းပင်။ သူ့ဘေးက လူများက သူ့ကို ကြည့်လေလေ သူ့မှာ အပြစ်ရှိသည်ဟု ခံစားရလေလေဖြစ်သည်။ အဆုံးတွင် သူ ဒေါသထွက်သွားပြီး လက်လျှော့လိုက်သည်။


သူက စားပွဲပေါ်သို့ ခြေထောက်ဖြင့် နင်းလိုက်ပြီး သူ၏ စစ်မှန်သော သဘောသဘာဝကို ဖော်ပြလိုက်သည်။

"မင်း ငါ့ကို ဘာသောက်ကိစ္စတွေ လုပ်စေချင်တာလဲ…အရင်တစ်ခေါက် ဒီလူက လောင်ဇီကို ရဲစခန်းပို့လိုက်တာ…မနိုင်ရင် ပြေးရမယ်ဆိုတာ မင်းတို့ မသိဘူးလား…သောက်ကျိုးနဲ…လောင်ဇီက ဒါကို ဂရုမစိုက်တော့ဘူး…အစိမ်း ငါတို့ သွားမယ်…"


ရှပ်အင်္ကျီဝတ်ထားသည့်လူက ဒေါသကြောင့် သေတော့မတတ်ပင်။

 "မင်း…"


ချန်ကျစ်ကျယ်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့ပခုံးများက ပိုပြီး ကျုံ့သွားလေသည်။


ဆံနီက ရှေ့ကိုသာကြည့်နေသည်။ သူက စုန့်ယွီကိုပင် မကြည့်ဘဲ မည်သူနှင့်မျှ ဆက်ဆံရေး မရှိသကဲ့သို့ တံခါးထံ သွားခဲ့သည်။ တံခါးကို ပိတ်ဆို့နေသည့် လူဆိုးဂိုဏ်းသားကို ဆွဲဖယ်ပြီး ကျိန်ဆဲရင်း ထွက်သွားခဲ့သည်။


သူ့နောက်လိုက်ငယ်လေးများက အာခေါင်ခြောက်သည်အထိ တံတွေးမျိုချလိုက်သည်။ သူတို့က ရှပ်အင်္ကျီ ဝတ်ထားသည့် လူ၏ ဒေါသကိုလည်း လျစ်လျူရှုပြီး သူ့နောက်ကို လျင်မြန်စွာ လိုက်သွားသည်။ သူတို့က ကပ်ရောဂါနတ်ဘုရားနှင့် တူညီသောအခန်းထဲ၌ မနေချင်ကြပေ။


သို့သော် သူတို့က ထွက်သွားသည်ထိတိုင်အောင် အလွန် မောက်မာနေကြဆဲပင်။ သူတို့က မျက်စိရှေ့မှလူများကို အထင်သေးသကဲ့သို့ ကြည့်ပြီး  လမ်းလျှောက်နေကြသည်။


သူတို့က နောက်ရှိ တံခါးကို ပိတ်လိုက်သည်။


"အိုးဟိုး…”


တဘုန်းဘုန်းအသံများ ထွက်ပေါ်လာပြီးနောက် လူများက လှေကားပေါ်မှ စုပြုံတိုးဆင်းနေသည့်အသံ ထွက်ပေါ်လာလေသည်။


ခြေလှမ်းတစ်လှမ်းစီက လွတ်မြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းလာသကဲ့သို့ပင်။


အတွင်းဘက်တွင်…


"......"


မာရှောင်တင်း၏ စုန့်ယွီအပေါ် လေးစားမှုက ထပ်ပြီး မြင့်တက်လာပြန်သည်။ သူ့မျက်လုံးထဲတွင် ကြယ်များပင် ရှိနေပြီဖြစ်သည်။


ရှဲ့ဆွေ့က အရိပ်ထဲတွင် ရပ်နေပြီး စုန့်ယွီကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူ၏ မှောင်မိုက်ကာ တည်ငြိမ်သော မျက်လုံးများက အတွေးများစွာနှင့် ပြည့်နေသည်။


ဒီအချိန်မှတော့ အခြေအနေက သေလမ်းကိုရောက်နေပြီ…


ယခုဆိုလျှင် အရာအားလုံးက စုန့်ယွီ၏ လက်ထဲတွင် ရှိနေသည်။ သူ နောက်ဆုတ်ရန် ဖြစ်စေ၊ ဆက်ပြီး ဖိအားပေးရန် ဖြစ်စေ သူ့ဆုံးဖြတ်ချက်ကို မည်သူမှ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။


မာရှောင်တင်းက အဆုံးတွင် ရဲရင့်လာပြီး ပျော်ရွှင်လာသည်။ အစောက သူက လူအုပ်ကြီး၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ သို့သော် ယခုတွင် သူက ပိုပြီး ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။

"ယွီကော…"


ငါတို့ အခု အကြီးအကျယ် ပြဿနာရှာကြတော့မှာလား… ငါတို့ ဒီလမ်းမှာ အခုကစပြီး ဒဏ္ဍာရီတွေ ဖြစ်လာကြမလား...


ယခုထိ မရင့်ကျက်သေးသော ကာလကို ဖြတ်သန်းနေရသည့် မာရှောင်တင်းက လက်များကိုပွတ်ပြီး ပျော်ရွှင်နေသည်။


သို့သော် ရလဒ်အနေနှင့် သူ့ကောက စားပွဲပေါ်မှ ခုန်ချပြီး ဘိလိယက်တုတ်ကို ဘေးဖယ်ထားလိုက်သည်။


သူ့လုပ်ဆောင်ချက်များက တက်ကြွပြီး တိုက်ရိုက်ဆန်သည်။ သူက ရှပ်အင်္ကျီ ဝတ်ထားသည့် လူနှင့် ချန်ကျစ်ကျယ်တို့ကို ဂရုမစိုက်ဘဲ ထောင့်ဆီသို့ တစ်လှမ်းချင်းစီ လှမ်းသွားခဲ့သည်။ သူ့မျက်လုံးများက နံရံက အက်ကွဲကြောင်းတစ်ခုထံ သူ့ကိုယ်သူ လျင်မြန်စွာ ကပ်နေသည့် ကျူးကျစ်ရှင်းကို စိုက်ကြည့်နေသည်။


ယနေ့မူကား ကျူးကျစ်ရှင်းအတွက် တကယ်ကိုပင် အိပ်မက်ဆိုးကြီး တစ်နေ့သာဖြစ်သည်။ 


ကလေးဘဝကနေ အခုအထိ ဒါက ငါ့ရဲ့ အကြောက်ဆုံးနဲ့ အဆုံးစွန်ဆုံး စိတ်ပျက်စရာနေ့ပဲ…


နတ်ဆိုးဝိညာဉ်ရဲ့ ပစ်မှတ်ထားခံရတာထက်တောင် အခု ငါ ခံစားရတာက ပိုပြီး ကြောက်စရာကောင်းတယ်…


စုန့်ယွီ: "မင်းက ကျူးကျစ်ရှင်းလား..."


ကျူးကျစ်ရှင်း၏ ခြေထောက်များက ပျော့သွားပြီး သူ အလွန်ကြောက်သဖြင့် တိုက်ရိုက် မြေပေါ်သို့ လဲကျသွားလေသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး မျက်တောင်ပင် မခတ်နေပေ။ သူ့ဦးနှောက်ထဲတွင် 'ငါတော့ ပြီးပြီ' ဆိုသည့် စကားများနှင့် ပြည့်နေခဲ့သည်။


ရှပ်အင်္ကျီ ဝတ်ထားသည့် လူကလည်း မှင်သက်သွားခဲ့သည်။


ငါ ခုနကပဲ ဒီကပ်ရောဂါနတ်ဘုရားကို ဘယ်လို ပို့ရမလဲဆိုတာ စဉ်းစားပြီး ခေါင်းခြောက်နေခဲ့တာ…


ဒါပေမဲ့  ငါ ဒီလူက ငါတို့ကို တစ်ခါမှ အလေးအနက် မထားခဲ့ဘူးဆိုတာကို တစ်ခါမှ မတွေးခဲ့ဖူးဘူး…


မာရှောင်တင်းက နောက်ကလိုက်ပြီး ရပ်လိုက်သည်။


စုန့်ယွီက မြေပေါ်က ကျူးကျစ်ရှင်းကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"သူ့ကို ငါ့အတွက် ခေါ်ထုတ်သွား…" 


မာရှောင်တင်းက သူ့ကိုယ်သူ သူရဲကောင်းအဖြစ် မသတ်မှတ်တော့ဘဲ နောက်လိုက်လေးအဖြစ်သာ ရှိနေခဲ့သည်။ စုန့်ယွီ၏စကားကို နားထောင်ပြီးနောက် မာရှောင်တင်းက လုပ်စရာတစ်ခုခု ရသွားသဖြင့် ပျော်ရွှင်သွားခဲ့သည်။

 “ကောင်းပြီ…”


စုန့်ယွီက ချန်ကျစ်ကျယ်၏ ဘေးမှ ဖြတ်သွားစဉ်တွင် သူ ရပ်တန့်လိုက်ပြီး သူ၏ လက်ချောင်းသွယ်သွယ်လေးများကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူ့မျက်နှာက မည်သည့်အမူအရာမျှမရှိဘဲ ခေါင်းလှည့်လိုက်သည်။ ဆယ်ကျော်သက်လေး၏ ဖြူဖျော့နေသော မျက်လုံးများက အေးစက်သည့် မီးရောင်များဖြင့် ရောင်ပြန်ဟပ်နေခဲ့သည်။


သူ့နှုတ်ခမ်းက ကွေးညွှတ်သွားပြီး ရယ်လိုက်သည်။

 "ချန်ကျစ်ကျယ်…ကျောင်းလူမိုက်... မင်းက သူများကို နင်းခြေပြီးမှ မင်းရဲ့ မာန်မာနကို မြှင့်တင်နိုင်တာလား…"


ချန်ကျစ်ကျယ်က အလွန်ကြောက်နေသဖြင့် အသက်ပင် အသံကျယ်ကျယ် မရှူရဲပေ။


စုန့်ယွီက ဘိလိယက်စားပွဲကို လက်နှင့်ပုတ်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"ငါ့နဲ့ လာမရှုပ်နဲ့…အရူးကောင်…"


"မင်းကို ထပ်တွေ့ရင် မင်းခေါင်းကို ဘိလိယက်ဘောလုံးလို ကစားပစ်မယ်…"


"......"


×××××


စာရေးသူ၏အတွေး:


စုန့်ယွီက ဖိုရမ်ပေါ်က လူမိုက်တစ်ယောက်သက်သက် မဟုတ်ဘူး… သူက တကယ့်ကျောင်းလူမိုက်ပဲ…သူ့ကို ရန်စရင် မင်းခေါင်းကို ဘိလိယက်ဘောလုံးလို ကစားပစ်လိမ့်မယ်..



🌹🌹🌹