၈၀
Viewers 9k

ချူးကျင်းချန်းသည် အိမ်​တော်ထိန်းထံမှ လက်ဖက်ရည်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

သူမော့ကြည့်လိုက်သောအခါ ချူးရိထျန်နဲ့ဝမ်ယု​ဖေးနှစ်ယောက်လုံးက သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ့အဖြေကို သူတို့ မျှော်လင့်နေပုံ​ပေါ်သည်။

သူ့နှုတ်ခမ်းကွေးတက်သွားသည်။ "တကယ်လို့ အဖိုး ဘာမှလုပ်စရာမရှိရင် KT ကိုပြန်သွားလို့ရတယ်နော်။ အဲဒီလူအိုကြီးတွေက အဖိုးပြန်လာမယ့်အချိန်ကို စောင့်မျှော်နေကြတာ။"

"အိပ်မက်ဆက်မက်နေလိုက်" ချူးရိထျန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ "ဒါကိုပဲစဉ်းစားကြည့်။ မင်း ကုမ္ပဏီကိုမပြန်တာ ရက်အတော်ကြာနေပြီ။ မင်း CEO တစ်ယောက်လို ပြုမူနေတာကောဟုတ်လို့လား။"

"ကျွန်တော်ကိုယ်တိုင်အလုပ်လုပ်ကိုလုပ်ရမယ်ဆိုရင် KT ရဲ့ဝန်ထမ်းတွေအားလုံးကိုဆုံးရှုံးသွားနိုင်တယ်။" ချူးကျင်းချန်းမျက်ခုံးပင့်လိုက်သည်။

"မင်း မင်း ငါ့ကို တကယ် ဒေါသထွက်သေချင်နေတာလား။" ချူးရိထျန် ဒေါသအလွန်ထွက်လာသည်။

ဝမ်ယု​ဖေးက သူ့ကို စိတ်တည်ငြိမ်အောင် လုပ်ရန် ချက်ခြင်းရှေ့တိုးလိုက်သည်။ "ဖိုးဖိုး၊ စိတ်မဆိုးပါနဲ့။ ကျင်းချန်းဆိုလိုတာက KT ရဲ့ ဝန်ထမ်းတွေက ထူးချွန်ပြီး တာဝန်ယူနိုင်တာလို့​ပြောတာပါ။"

ချူးရိထျန်၏ဒေါသအများစု ပြေပျောက်သွားသည်။ "ဒီကောင်စုတ်က ယု​ဖေးကိုဒီလိုပုံစံမျိုးဆက်ဆံနေတာကိုတောင် သူ့ဘက်က ဝင်ပြောပေးနေတုန်းပဲလား?"

"သမီးက အမှန်အတိုင်းပြောပြနေတာပါ" ဝမ်ယုဖေးက အပြုံးလေးနဲ့ပြောလိုက်သည်။

ချူးရိထျန်ဒေါသထွက်နေသော်လည်း ချူးကျင်းချန်းကိုကာကွယ်ပေးနေသည့် ဝမ်ယု​ဖေး၏လုပ်ရပ်ကို အလွန်ကျေနပ်နေသည်။

ဤသည်မှာ ချူးမိသားစု၏မဒမ်တွင် ရှိရမည့် အမူအရာဖြစ်သည်။

၎င်းကိုစဉ်းစားရင်း ချူးကျင်းချန်းဘက်လှည့်ပြီး "အဲဒီရှိုးပွဲကို ဖျက်လိုက်တော့" ဟု အမိန့်​ပေးသည်။

"စာချုပ်တွေ ချုပ်ပြီးပြီမို့ ဖျက်သိမ်းလိုက်တာက လျော်ကြေးတွေ အများကြီးပေးရလိမ့်မယ်။ ချူးမိသားစု ဘယ်လောက်ချမ်းသာပါစေ အဖိုးဒီလိုတော့ ငွေမဖြုန်းတီးသင့်ပါဘူး။"

"မင်း" ချူးရိထျန်၏ဒေါသ ပိုတိုးလာပြန်သည်။

ဝမ်ယု​ဖေးက ချက်ချင်း အကြံတစ်ခုရလာသည်။

သူမသည် ချူးရိထျန်၏ဘေးတွင်ထိုင်လိုက်သည်။ "ဖိုးဖိုး၊ စိတ်မဆိုးပါနဲ့။ ကျင်းချန်းက ကိစ္စတွေကိုလုပ်တဲ့အခါ သူ့ကိုယ်ပိုင်စဉ်းစားဥာဏ်ရှိပါတယ်။ ပေးစား​တဲ့စုံတွဲရဲ့ပရိသတ်တွေ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကိုဖိုးဖိုးမသိပါဘူး။"

"စုံတွဲပရိသတ်လား? အဲဒါကဘာလဲ?"

ဝမ်ယု​ဖေးက ပေးစား​သောစုံတွဲပရိသတ်တွေအဓိပ္ပါယ်ကို အရင်ဆုံး ညင်သာစွာရှင်းပြသည်။

သခင်ကြီးချူး နားလည်သွားသည်ကိုမြင်သောအခါ သူမ ပြောလိုက်သည်။"ကျင်းချန်းက ဒီတစ်ခါရှိုးမှာ ပါဝင်ခဲ့တော့ အခု သူ့မှာ အဲ့အမျိုးသမီးနဲ့​ပေးစား​နေတဲ့ပရိသတ်တွေ အများကြီးရှိနေပြီ။"

"သမီးတို့ ကျင်းချန်းကို အခုမှထွက်ခိုင်းလိုက်ရင် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ နောက်ဆုံး​တော့ ဒီပွဲကKT ရင်းနှီးမြုပ်နှံထားတဲ့ရှိုးပွဲပဲ​လေ။"

ချူးရိထျန်မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို ယု​ဖေးက ကျင်းချန်းကို ရှိုးပွဲမှာ ဆက်ရှိနေစေချင်တာလား?"

သခင်ကြီးချူး၏အကြည့်အောက်တွင် ဝမ်ယုဖေးက ပြုံးလိုက်သည်။သူမ၏အပြုံးသည် ရွေးချယ်စရာမရှိကဲ့သို့ အတင်းအကျပ်ပြုံးပြလိုက်သည်။

"ကောင်းပြီ၊ မင်း ဆက်နေနိုင်တယ်" ချူးရိထျန်သည် ချူးကျင်းချန်းကိုကြည့်လိုက်သည်။ "အဓိကအချက်ကတော့ ယု​ဖေးလည်း ရှိုးကိုသွားရမယ်။ မင်းတို့နှစ်ယောက် အတူတူပါဝင်နိုင်တယ်!"

နောက်တစ်နေ့ ကမ်းခြေအိမ်၌

အမျိုးသားဧည့်သည်တစ်ဦးမရှိခြင်းကြောင့် ထုတ်လုပ်ရေးအဖွဲ့သည် အရန်အဆိုပြုချက်တစ်ခုကို အမြန်စဥ်းစားပြီး စည်းမျဉ်းသစ်တစ်ရပ်ကို အတည်ပြုသည်။

"မနေ့က ထုတ်လုပ်ရေးအဖွဲ့က အွန်လိုင်းမှာ လူသိရှင်ကြား မဲပေးခဲ့ပါတယ်။ ဒီမနက်ကိုးနာရီအထိ ရှီရန်နဲ့ကျူယီ​ဖေးရဲ့ အတွဲက လူကြိုက်အများဆုံးပါ။"

"တကယ်လား?" ရှီရန်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ကျူယီ​ဖေး၏မျက်လုံးများ တောက်ပလာသည်။ "ရန်ရန်၊ ကျွန်​တော်တို့က လူသိရှင်ကြားအသိအမှတ်ပြုတဲ့စုံတွဲဖြစ်သွားပြီ"

ဒါရိုက်တာက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်က ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အတူတူရှိနေရပါမယ်။ ကျန်တဲ့သူတွေကတော့ တစ်ယောက်တည်းပဲတိုက်ရိုက်ထုတ်လွှင့်ရမှာပါ။"

"အခုတစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုပိုင်းစည်းမျဉ်းတွေအပြောင်းအလဲရှိပါတယ်။ ကြည့်ရှုသူအရေအတွက်ကို တွက်ချက်တာအပြင် လက်ဆောင်စာရင်းလည်း ပါရှိပါမယ်။"

"ပရိသတ်ကပေးတဲ့လက်ဆောင်တွေကို အဆင့်သတ်မှတ်ချက်မှာ ထည့်သွင်းတွက်ချက်ပါမယ်။ အဆုံးမှာ လူနှစ်ဦးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုရဲ့စာရင်းက တစ်ဦးတည်းတိုက်ရိုက်ထုတ်လွှင့်မှုရဲ့စာရင်းထက် နှစ်ဆဖြစ်ရပါမယ်။"

"ဒီနေ့ကတော့ ရိုက်ကူး​ရေးနောက်ဆုံးနေ့ပါ။ အနိမ့်ဆုံးအမှတ်ရတဲ့သူကို ဖယ်ထုတ်သွားမှာပါ။ ထုတ်လုပ်ရေးအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ပြင်ဆင်ထားပြီးသားပါ။ ကျေးဇူးပြုပြီး စလို့ရပါပြီ။"

[နောက်​တစ်​ကြိမ်​အဖယ်​ထုတ်ခံရ​တော့မှာလား?? နိုး!!!!]

[နောက်ဆုံးတော့ ငါ့သားသမီးတွေကို လက်ဆောင်တွေ ပို့ပေးနိုင်ပြီ!!!]

[ကလေးက အခုမှသိပ်အသုံးမကျဘူး။]

[ယီရန်စုံတွဲက ငါ့ကြောင့် ဒီနေ့ကိုရောက်လာတာ။ ငါ့အခြားအကောင့်တွေက မဲတစ်ဒါဇင်လောက်ပို့​ပေးထားရတာ]

[ငါ့ကလေးလေး မရှုံးစေရဘူး!!]

[တတိယသခင်​လေး ဒီနေရာမှာမရှိလို့လေ။ မဟုတ်ရင် နတ်ဘုရားစုံတွဲက ပထမရမှာသေချာတယ်။]

[တတိယသခင်​လေးသာ ဒီမှာရှိနေရင် သူမဲအတုတွေဝယ်တယ်လို့ ငါသံသယဝင်မိမှာ။]

[တတိယသခင်​လေးကို ငါအရမ်းလွမ်းတယ်။]

ရှီရန်နှင့်ကျူယီ​ဖေးတို့သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိလာသည်။

ထုတ်လုပ်ရေးအဖွဲ့က အလွန်ရိုမန့်တစ်ဆန်လွန်းသည်။ ပန်းရောင်ပူ​ပေါင်း​နှင့် ရောင်စုံဖဲကြိုးများက အခန်းနေရာအနှံ့တွင်ရှိနေသည်။ နံရံပေါ်၌ ပန်းပွင့်များတောင် ရှိသည်။

ကျူယီ​ဖေးသည် ပျော့ပျောင်းသောအဖြူရောင်ဆိုဖာပေါ်တွင် ခုန်လိုက်သည်။ "ရန်ရန် ဒီဆိုဖာက အရမ်းနူးညံ့တယ်။ လာထိုင်ကြည့်။"

သူစကားပြောရင်း သူ့ဘေးနားကနေရာကို ပုတ်ပြရင်း သူ့မျက်လုံးက တောက်ပ​နေသည်။

ရှီရန်ရယ်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။

[ထုတ်လုပ်ရေးအဖွဲ့က အရမ်းကောင်းတယ်။]

[သူတို့က လက်ထပ်ခွင့်​တောင်းမယ့်နေရာလို ပြင်ဆင်ထားတယ်။ ငါ မနာလိုဘူး။]

[ဒီအခန်းက အရမ်းရင်းနှီးနေတယ်။ တတိယသခင်​လေးရဲ့အခန်းလို့ ငါဘာကြောင့်ခံစားနေရတာလဲ။]

[တတိယသခင်​လေးအခန်းလို့ ပြောတဲ့သူရေ။ ငါ  အဲ့လိုပဲထင်တယ်]

[ထုတ်လုပ်ရေးအဖွဲ့က တတိယသခင်​လေးအခန်းကို မာစတာရန်နဲ့တခြားအမျိုးသားတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြောင်းလဲပစ်ရ​လောက်​အောင် မရက်စက်လောက်ဘူးမလား။]

[ဒါရိုက်တာက ဒီလိုလုပ်ဝံ့ရင် တတိယသခင်​လေးက အိမ်ဖြိုစက်မောင်းပြီး နောက်နေ့ အဲ့အိမ်ကို ဖြိုချလိမ့်မယ်။]

[ဒါရိုက်တာကလည်း တတိယသခင်​လေးကို နည်းနည်းလေးပါဝင်စေချင်လို့ဖြစ်မှာ​ပေါ့။]

[တတိယသခင်​လေး- ဒီလိုမျိုးပါဝင်ခွင့်ပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။]

"အခု တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ စည်းမျဉ်းတွေကို ကြေညာပါမယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ဝင်ပြီးကတည်းက လက်ဆောင်စာရင်းကို အသက်ဝင်လာပါပြီ။"

"ငါးမိနစ်အတွင်း လက်ဆောင်စာရင်းထဲက နံပါတ်တစ်ရတဲ့အင်တာနက်သုံးစွဲသူက နောက်တစ်နာရီအတွက် ဧည့်သည်ရဲ့အချိန်ဇယားနဲ့ အပြုအမူအချို့ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။"

"ဥပမာ အချင်းချင်းလက်ဆွဲပြီး ဂိမ်းဆော့လို့ရတယ်။ လက်ဆောင်စာရင်းကို နာရီတိုင်း ဇယားကွက်နဲ့ပြပါမယ်။ ပထမနေရာကိုရောက်သွားတဲ့အင်တာနက်သုံးစွဲသူအားလုံးမှာ ဒီအခွင့်အာဏာရှိပါတယ်။"

[ဒီစည်းမျဥ်းက ကောင်းတယ်!!!]

[ ငါ လက်​​ဆောင်​​ပေးချင်​တယ်​!!! ငါ့က​လေး​လေးတွေကို သူတို့ဘဝရဲ့အမြင့်ဆုံးကိုရောက်စေချင်တယ်!!]

လက်ဆောင်စာရင်းကို ဖွင့်လှစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်ဆောင်များနှင့် အထူးeffectများ ထွက်ပေါ်လာခြင်းကြောင့် အင်တာနက်သုံးစွဲသူများသည် စိတ်အားထက်သန်လာကြသည်။

အများစုက လက်ဆောင်များပေးပို့ကြသောကြောင့် မှတ်ချက်များပေးပို့သူနည်းပါးသည်။

လေးမိနစ်ကြာပြီးနောက်မှာတော့ ခွေးကို သေချာလမ်းလျှောက်နေသောအထူးeffect ကို အသုံးပြုသူက ပထမနေရာကို ရရှိသွားသည်။

[ငါ့ကလေးနဲ့မာစတာရန်ကို စူပါမားကတ်မှာလက်ဆွဲပြီး အတွင်းခံတွေ ဝယ်စေချင်တယ်!!!]

[ဘရို ဘယ်လိုကစားရမလဲကိုကော သိရဲ့လား။]

[အတွင်းခံတွေဝယ်ရတာ အရမ်းပျင်းစရာ​ကောင်းတယ်။ မိသားစုသုံးပစ္စည်းအချို့ကို ဝယ်ရတာ ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။]

[ရှေ့ကလူ၊ ဘရို မလိုချင်ဘူးလို့ထင်နေတာလား။ ရှိုးက အဲ့လိုထုတ်လွှင့်ခွင့်မပြုဘူး။]

[စူပါမားကတ်ကို သွားရတာကောင်းပါတယ်။ တတိယသခင်​လေးအခန်းထဲမှာ ချိန်းတွေ့ရင် တတိယသခင်​လေး ပြန်ရောက်လာနိုင်တယ်။]

ဒါရိုက်တာသည် ဖန်သားပြင်ရှေ့တွင် စောင့်နေသည်။ မှတ်ချက်များနှင့် လက်ဆောင်များ၏အထူးeffectများကို မြင်သောအခါတွင် သူသည် ပြုံးဖြီးနေသည်။

စခရင်မှာဖော်ပြထားသောတတိယသခင်​လေး၏အခန်းနှင့်ပတ်သက်ပြီး...

သူ စိတ်မပူပေ။ တတိယသခင်​လေးသည် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရန်ပင် အလွန်အလုပ်များနေလောက်သည်။

၅မိနစ်ပြည့်ရန်အချိန်ဆယ်စက္ကန့်ကျန်သေးသည်။

[စူပါမားကတ်မှာစျေးဝယ်ထွက်တာ!!! လက်ကို တွဲကိုင်ထားတာ!!!]

[စောင့်မျှော်ပေးကြပါ!!!]

အင်တာနက်သုံးစွဲသူများက စိတ်အားထက်သန်နေကြသည်။

ငါးစက္ကန့်ပဲလိုတော့သည်။

ဒါရိုက်တာက ဝန်ထမ်းများကို စတင်ပြင်ဆင်ခိုင်းရန်ပြုလုပ်တော့မည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အပျော်စီးသင်္ဘောတစ်စင်းအထူးeffectသည် မျက်နှာပြင်ကိုဖြတ်သန်းသွားသည်။

အပျော်စီးသင်္ဘောမှာလည်း ရောင်စုံနောက်ခံပုံပါသည်။

နောက်ငါးစက္ကန့်အကြာတွင် အပျော်စီးသင်္ဘောက မြင်ကွင်းတစ်ခုလုံးကို သိမ်းယူသွားသည်။ အပျော်စီးသင်္ဘောကြီးက ပျံဝဲနေသည်ကို လူတိုင်းမြင်နေရသည်။

၎င်းသည် တစ်မိနစ်ပြည့်အောင် ရှိ​နေပြီး
နောက် ဘယ်ဘက်အောက်ခြေထောင့်ရှိ လက်ဆောင်အရေအတွက်ဖော်ပြလာသည်။

အပျော်စီးသင်္ဘောx999

[ဘုရား​ရေ!! 999 အပျော်စီးသင်္ဘော ???]

[တစ်စီးကိုတစ်ထောင်စီ။ အဲဒါက တစ်သန်းကြီး​တောင်?]

[အစ်ကိုကြီးက အရမ်းရက်ရောတာပဲ!!]

[သူတို့က ကလေးလေးရဲ့ ပရိတ်သတ်တွေလား။ သူတို့ အရမ်းချမ်းသာတာလား? အရမ်းအားကျတာပဲ]

[ဘယ်သူက ဒီ​လောက်လန်းတာလဲ။ တစ်ပြိုင်နက်တည်း အပျော်စီးသင်္ဘော ၉၉၉ စီး။]

အင်တာနက်သုံးစွဲသူပင် သိချင်နေသည် မဟုတ်ဘဲ ဒါရိုက်တာပင်လျှင် သံသယများဖြင့် ပြည့်နှက်သွားသည်။

သူသည် အချိန်နှင့်တပြေးညီဇယားထုတ်ထားသည့်လက်ဆောင်အဆင့်များကို ချက်ချင်းနှိပ်လိုက်သည်။

ပထမနေရာ၏နာမည်ပြောင်ကို ကြည့်လိုက်သည်။

ရွှေရောင်အက္ခရာစာလုံးကြီးက ထင်းနေပြီးစာလုံးလေးလုံးကိုရောင်ပြန်ဟပ်သောသက်တံရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည်။

- ကလေးအဖေ