Chapter 11
Viewers 1k

ဝမ်းနည်းမှု




မျက်စိတစ်မှိတ်အတွင်းမှာတင် ရှန်ရှီးတရုတ်ကို ပြန်ရောက်တာ ရက်အနည်းငယ်ရှိနေပြီဖြစ်သည်။ 



ဖခင်ဖြစ်သူ ဆေးရုံတက်နေရဆဲဖြစ်သောကြောင့် ကျေးဇူးသိတတ်သောသားဇာတ်ကောင်ကို သရုပ်ဆောင်ရန် သူနေ့တိုင်းဆေးရုံသို့သွားနေရ၏။ 



မျှော်လင့်ထားသည့်အတိုင်း ရှန်သယ်ဟန့်သည် သူရောက်လာခြင်းကို မပျော်ပေမဲ့ မိသားစုက ဝေဖန်ခံရသည့်အခြေအနေကိုရောက်ရှိနေသောကြောင့် ဆေးရုံတွင် ရှန်ရှီးရှိနေမှုကို လက်ခံလိုက်ရသည်ပင်။ 



ရှန်ရှီးသည် ဖခင်ဖြစ်သူ၏သ‌ဘောထားကို မရုမစိုက်ဘဲ နေ့စဉ်နေ့တိုင်း ရှန်သယ်ဟန့်၏အနားတွင် လှုပ်ရှားနေ၏။ ရှန်သယ်ဟန့်က သူရှိနေခြင်းကို ရွံရှာသော်လည်း ဆရာဝန်နှင့်သူနာပြုများရှေ့တွင် သည်းခံနေရခြင်းကိုမြင်ရသောအခါ ရှန်ရှီးအတွက် ဖော်ပြ၍မရသောကျေနပ်မှုကို ဖြစ်စေလေသည်။ 


 

ထိုနေ့တွင်လည်း ရှန်ရှီးက ပုံမှန်အတိုင်းဆေးရုံကိုရောက်လာ၏။ ဓာတ်လှေကားတံခါးပွင့်သောအခါ ရှန်ရှီးဝင်ရန်လုပ်စဉ် မျှော်လင့်မထားဘဲ လူငယ်တစ်ယောက်က အတွင်းမှအမြန်ပြေးထွက်လာသောကြောင့် ရှန်ရှီးနှင့်တိုက်မိသည်။ 



အရပ်ကွာဟမှုကြောင့် ရှန်ရှီးဟာ မေးစေ့မှာ နာကျင်မှုအနည်းငယ်လောက်သာ ခံစားလိုက်ရပေမဲ့ တစ်ဖက်လူကတော့ နှာခေါင်းကိုအတော်ထိသွား၏။ 



တစ်ဖက်လူက ခေါင်းငုံ့ပြီး မျက်နှာကိုအုပ်ကာ အကြာကြီးစကားမပြောနိုင်ဘဲ ဖြစ်နေတာကိုမြင်ရတော့ ရှန်ရှီးမေးလိုက်ရသည်။ 



“မင်း အဆင်ပြေရဲ့လား” 



“ဟုတ်.. တောင်းပန်ပါတယ်” 



တစ်ဖက်လူဟာ အတော်နာကျင်နေသည်မှာသိသာနေပြီး သူ၏အသံမှာလည်း ငိုသံအနည်းငယ် ပါနေသည်။ 



ရှန်ရှီးပြောလိုက်၏။ 



“မင်းကို ဆရာဝန်ဆီခေါ်သွားပေးရမလား” 



“မလိုဘူး မလိုဘူး.. ခဏနေရင်အဆင်ပြေသွားမှာ” 



တစ်ဖက်လူက ရှန်ရှီးကိုကြည့်ရန် ခေါင်းကိုမော့ဖို့ကြိုးစားရင်းပြော၏။ မျက်လုံးချင်းဆုံသောအခါ နှစ်ယောက်လုံး ကြက်သေသေသွားလေသည်။ 



ရှန်ရှီးမှာ အတော်အံ့အားသင့်သွားရလျှက်


 

“လီမင်ဖေး?” 



လီမင်ဖေးဟု ရှန်ရှီးခေါ်လိုက်သောလူငယ်က ရှန်ရှီးအား တွေတွေကြီးကြည့်ပြီး ခဏအကြာမှ ယောင်အမ်းအမ်းဆိုလာသည်။ 



“မင်္ဂလာပါ.. ဝမ်းကွဲအစ်ကိုရှန်ရှီး” 



ရှန်ရှီး မနေနိုင်ဘဲ ရယ်လိုက်မိတော့သည်။ 



လီမင်ဖေးသည် လီမင်ရွှမ်း၏ညီဖြစ်ပေမဲ့ သူ၏စိတ်နေစိတ်ထားက လီမင်ရွှမ်းနှင့် လုံးဝကွာခြားသည်။ ကလေးကတည်းက မဝံ့မရဲနှင့်ရှက်တတ်ပြီး နည်းနည်းလေးဖြစ်တာနှင့် ကြောက်ပြီးလူကြီးတွေနောက်မှာပုန်းကွယ်တတ်၏။ သူ၏အရင်ဘဝတွင် လီမင်ဖေးသည် ရှန်ရှီးနောက်လိုက်ရခြင်းကို အင်မတန်နှစ်သက်သော်လည်း ရှန်ရှီးက သူ့အမူအကျင့်ကို မကြိုက်သောကြောင့် တွေ့သောအချိန်တိုင်းအနိုင်ကျင့်သည်။ အံ့ဩစရာက ရှန်ရှီးအနိုင်ကျင့်တာခံရသော်လည်း သူကရှန်ရှီးနောက်ကိုထပ်ခါထပ်ခါလိုက်နေခြင်းပင်။



တစ်နေ့သောအခါမှာတော့ ရှန်ရှီးက သူ့အား အနိုင်ကျင့်နေတာကို အဒေါ်ဖြစ်သူက မြင်သွားခဲ့၏။ ထိုနောက်ပိုင်းမှာတော့ လီမင်ဖေးဟာ ရှန်ရှီးကို ဘယ်တော့မှ လာမတွေ့တော့သလို လီမိသားစုကလည်း သူတို့နှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ပါဘဲဖြစ်စေ ခွဲထားခဲ့လေသည်။ 

  


နှစ်တွေအများကြီးကြာမှ လီမင်ဖေးကိုပြန်တွေ့ရသောအခါ ရှန်ရှီးသည် သူအနိုင်ကျင့်ခဲ့သောအတိတ်ကိုမေ့သွားပြီဖြစ်ကာ သူ့နောက်လိုက်လေ့ရှိသော အမြီးပေါက်စလေးကိုသာ သတိရမိနေတော့သည်။ 



“မင်းက အဖေ့ကိုတွေ့ဖို့လာတာပဲ” 



ရှန်ရှီးက သေချာသောအသံဖြင့်ပြောသည်။ 



လီမင်ဖေးသည် ရှန်ရှီးကို ဤနေရာတွင်တွေ့ရရန် မျှော်လင့်ထားပုံမရပေ။ အတန်ကြာငိုင်နေပြီးမှ ရှန်ရှီးပြောတာကို ကြားသော် ကြောင်တောင်တောင်နှင့် ခေါင်းညိတ်လာသည်။ 



“တစ်ယောက်တည်းလား” 



ရှန်ရှီးက သူ့ကိုဓာတ်လှေကား၏ ဘေးဆီကိုဆွဲရင်းမေးသည်။ 



ထိုအခါမှသာ လီမင်ဖေးကတုံ့ပြန်၏။ 

သူ့လက်ကိုဆွဲယူကာ ခေါင်းရမ်းလျှက်



“အမေနဲ့ အစ်ကိုကြီးက အပေါ်မှာရှိတယ်” 



လီမင်ဖေးက ပြောနေရင်း နည်းနည်းရှက်သွားပုံရသည်။ 



“ကျွန်တော်က ဦးလေးအတွက်ယူလာတဲ့လက်ဆောင်ကို ကားထဲမှာမေ့နေခဲ့လို့ အစ်ကိုကြီးကဆင်းလာပြီး ယူခိုင်းတာ” 



ပြောရင်းရှက်နေသော လီမင်ဖေး၏မျက်နှာကိုကြည့်ပြီး ရှန်ရှီးမျက်ခုံးပင့်လိုက်၏။ နှစ်တွေကြာသည့်တိုင် လီမင်ဖေး၏အမူအကျင့်ဟာ မပြောင်းလဲဘဲ အလွယ်တကူရှက်တတ်နေဦးမည်ဟု ရှန်ရှီးမျှော်လင့်မထားပေ။ 



တွေ့နေပြီဆိုမှတော့ ရှန်ရှီးကသာမန်အတိုင်းပဲပြောလိုက်သည်။


 

“မင်းသွားယူတာ ငါအဖော်လိုက်ပေးမယ်” 



လီမင်ဖေးက ရှန်ရှီးကို အံ့ဩသောအကြည့်ဖြင့်ကြည့်ကာ ရှက်ပြုံးလေးက သူ့မျက်နှာတွင်ဖြစ်ပေါ်လာ၏။ 



ဆေးရုံလူနာခန်းကနေ ကားရပ်နားရန်နေရာသို့ သွားပြီး ပြန်လာဖို့က မိနစ်အနည်းငယ်သာကြာသည်။ 



ရှန်ရှီးသည် လီ‌မင်ဖေး၏လက်ထဲမှ ခွေးပေါက်စရုပ်ထုအသေးလေးကို အနည်းငယ်သိလိုစိတ်ရှိလာသောကြောင့် စူးစမ်းလေ့လာလိုက်သည်။ 



လီမင်ဖေးသည်လည်း ရှန်ရှီး၏မျက်နှာအမူအရာကို တိတ်တိတ်လေး စောင့်ကြည့်နေရင်းမှ ခွေးပေါက်ရုပ်လေးကို သူ့လက်ထဲမှာ စိတ်လှုပ်ရှားစွာ ကိုင်ထားရင်း မေးလာသည်။



“ဝမ်းကွဲအစ်ကို‌ရော သူတို့ကိုကြိုက်လား”



“ဘာကိုလဲ” 



ရှန်ရှီးကြောင်သွားကာ ပြန်မေးလိုက်ရသည်။ 



လီမင်ဖေးက ခေါင်းငုံ့လိုက်၏။ 



“ခွေးပေါက်စလေးတွေကို” 



ရှန်ရှီးက သာမန်အတိုင်းပဲဖြေလိုက်သည်။ 



“ကြိုက်တယ်” 



“တကယ်လား” 



လီ‌မင်ဖေးက ရှန်ရှီးကို အံ့အားသင့်သလိုကြည့်ပြီး စိတ်လှုပ်ရှားသွား၏။ 



“ဝမ်းကွဲအစ်ကိုပြန်လာတယ်လို့ကြားလို့ ဝမ်းကွဲအစ်ကိုအတွက်လည်း တစ်ခုလောက် သေချာလုပ်ပေးထားတယ်”



လီမင်ဖေး သူ့ကိုမှတ်မိလိမ့်မည်ဟု ရှန်ရှီးမျှော်လင့်မထားခဲ့ပေ။ လီမင်ဖေး၏လေးနက်သောအမူအရာကိုကြည့်ရင်း ရှန်ရှီးအနည်းငယ်ပြုံးလိုက်သည်။



“ကျေးဇူးပဲ” 



ထိုစကားနှစ်လုံးကြောင့် လီမင်ဖေးချက်ချင်းရှက်သွား၏။ ရှန်ရှီး၏စိတ်တွေလည်း ပြေလျော့သွားပြီး စတွေ့စဉ်က သူတို့နှစ်ယောက်ကြားတွင်ရှိသော ထူးဆန်းမှုနှင့် ကွဲလွဲမှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။



လမ်းတလျှောက်တွင် သူတို့နှစ်ယောက်၏ ဘဝအကြောင်းတွေ ပြောဖြစ်ကြ၏။ တိုအချိန်မှသာ လီမင်ဖေးသည် လွန်ခဲ့သောနှစ်နှစ်က ကျုံးကျင်းအနုပညာကျောင်း၏ ပန်းပုဌာနသို့ တက်ရောက်ခဲ့ကြောင်း လောင်K စုဆောင်းရရှိထားသော အချက်အလက်များတွင် ဖော်ပြထားတာကို မှတ်မိသွားရသည်။ သို့ပေသိ ရှန်ရှီးက လီမင်ဖေးအပေါ် အာရုံစိုက်မှုနည်းပါးသောကြောင့် အပေါ်ယံပဲကြည့်လိုက်မိသည်ပင်။



လူနာခန်းဆီရောက်သောအခါ လီမင်ဖေးသည် တံခါးကိုတွန်းဖွင့်ရန်လုပ်ပေမဲ့ အခန်းထဲမှ‌ပြောနေသော စကားများကိုကြားသည့်အခါ ရပ်လိုက်လေ၏။ 



ရှန်သယ်ဟန့်၏အသံက ထွက်ပေါ်လာသည်။



“ရှန်ရှီး ဟိုတယ်မှာနေချင်ရင် နေခိုင်းလိုက်.. မျက်စိထဲမြင်လို့မကောင်းအောင် ရှန်မိသားစုအိမ်ပြန်မလာခိုင်းနဲ့”  



လီမင်ဖေး ရှန်ရှီးအား နေရခက်သလိုကြည့်လာသည်။ ရှန်ရှီးကမူ ဘာမှမဖြစ်သကဲ့သို့ ရှေ့သို့ တိုးလာကာ တံခါးကို တွန်းဖွင့်လိုက်၏။ လူနာခန်းမှအသံများက ရုတ်ခြည်းရပ်တန့်သွားကာ လူတိုင်း၏အကြည့်က တံခါးဆီရောက်လာလေသည်။



ရှန်ရှီးမျက်နှာပေါ်မှာ လှောင်ပြောင်မှု အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားပြီး အခန်းထဲကလူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။



ရှန်ရှီး၏အဒေါ်ဖြစ်သူ ကောင်းစွာထိန်းသိမ်းထားပြီး သက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက ပထမဆုံးစကားပြောသူဖြစ်သည်။



“ရှောင်ရှီး ရောက်လာပြီလား.. သားဝမ်းကွဲတွေ မင်ရွှမ်းတို့ မင်ဖေးတို့နဲ့တွေ့ပြီးပြီလား” 



ရှန်ရှီးခေါင်းညိတ်ပြီး တစ်ခုခုပြောရန်လုပ်စဉ် ရှန်သယ်ဟန့်ကပြောလာ၏။ 



“အခန်းထဲမှာမွန်းကြပ်တယ်.. ပိရွှယ် ငါအပြင်လမ်းလျှောက်ထွက်တာ အဖော်ပြုပေးဦး” 



ပိရွှယ်သည် ရှန်ရှီးအဒေါ်၏နာမည်ဖြစ်သည်။ 



ရှန်ပိရွှယ်က ရှန်ရှီးကို သင့်တော်ရုံလေးပြုံးပြ၏။ 



“သားတို့ညီအစ်ကိုတွေ  စကားလေးဘာလေး ပြောကြဦး.... ဒေါ်လေးက သားအဖေကို လမ်းလျှောက်တာ အဖော်ပြုပေးလိုက်ဦးမယ်.. လူနာခန်းထဲမှာအကြာကြီးနေတာ သူ့ကျန်းမာရေးအတွက်မကောင်းဘူး” 



ရှန်သယ်ဟန့်နှင့် ရှန်ပိရွှယ်ထွက်သွားသောအခါ အခန်းထဲတွင် ရှန်ရှီး၊ လီမင်ရွှမ်းနှင့် လီမင်ဖေးသာကျန်ရစ်သည်။ 



လီမင်ဖေးသည် ရှန်ရှီးကို ဂရုတစိုက်ကြည့်ကာ  တစ်ခုခုပြောရန် စိတ်အားထက်သန်နေသော်လည်း မည်သို့‌ပြောရမည်ကို မသိသောကြောင့် လီမင်ရွှမ်းအား အားကိုးသလိုကြည့်လိုက်သည်။



လီမင်ရွှမ်းက ရှေ့သို့တိုးလာ၏။ ရှန်ရှီးသည် နောက်သို့တစ်လှမ်းဆုတ်ပြီး မျက်လုံးတွေကိုနှိမ့်ချလိုက်သည်။ 



“မင်းတို့ဘာသာ သက်တောင့်သက်သာဖြစ်အောင်နေကြ.. ငါအပြင်ခဏထွက်လိုက်ဦးမယ်”



အခန်းထဲကထွက်ပြီးနောက် ရှန်သယ်ဟန့်က ကော်ရစ်တာမှ သက်တော်စောင့်များအားလုံးကို သူနှင့်အတူခေါ်သွားတာ ရှန်ရှီးတွေ့လိုက်ရသည်။ သတင်းထောက်တွေရန်က ကာကွယ်ဖို့ရန် ဖြစ်လောက်သည်ပင်။ ရှန်ရှီးအေးစက်စွာပြုံးလိုက်သည်။ သူ့ဖခင်ဆက်ဆံတာကို သူကျင့်သားရနေပြီဖြစ်၏။ 



ရှန်သယ်ဟန့်ဘာပဲပြောပြော သူ့ကိုနောက်ထပ်နာကျင်စေနိုင်မည်မဟုတ်‌ချေ။ သို့သော် လီမင်ဖေး၏မျက်လုံးမှ သနားသည့်ဟန်ကို သူမခံနိုင်သလို လီမင်ရွှမ်းနှင့်လည်း ဘာမှမပတ်သက်ချင်ပေ။ 



ရှန်ရှီး လူနာခန်းထဲမှထွက်ခဲ့ပြီး ကော်ရစ်တာအဆုံးထိ လျှောက်လာချိန်၌ ဥယျာဉ်နှင့်မျက်နှာချင်းဆိုင်ရှိနေတာကို သိလိုက်ရသည်။ အမှတ်မထင် ငုံ့ကြည့်ရင်း မထင်မှတ်ထားသော မျက်နှာတစ်ခု ပေါ်လာ၏။ ချူချန်ချန်ပင်..။



အရင်တခါကလို မိတ်ကပ်ထူထူနှင့် ခပ်ဟော့ဟော့ ဝတ်ဆင်ထားတာမျိုးမဟုတ်ဘဲ လက်ရှိချူချန်ချန်သည် သူမ၏ ဆေးရုံသူနာပြုဝတ်စုံတွင် ရိုးရိုးရှင်းရှင်း သန့်သန့်ပြန့်ပြန့်ရှိ‌နေပြီး ဖော်မပြနိုင်လောက်အောင် ဆန်းသစ်လှပနေသည်။ သူမသည် ပန်းခြံလမ်းကြားတွင် ရပ်ကာ ဘယ်ဘက်တစ်နေရာကို ကြည့်နေ၏။ 



ရှန်ရှီး သူမ၏အကြည့်သွားရာ တစ်လျှောက် လိုက်ကြည့်သောအခါ ရှန်သယ်ဟန့်၏ပုံရိပ်က သူ့မျက်စိရှေ့တွင်ပေါ်လာသည်။

 


ရှန်ရှီးမျက်ခုံးပင့်လိုက်၏။ ရှန်သယ်ဟန့် လောလောဆယ် ဆေးရုံတက်နေရကြောင်းကို သူမကြာသေးခင်ကပြောခဲ့ရုံရှိသေး ချူချန်ချန်က သူနှင့်နီးစပ်ရန်နည်းလမ်းကို အမြန်စဉ်းစားနိုင်ခဲ့၏။  သူမဟာ တကယ့်ကို ထင်မှတ်မထားလောက်အောင် အလုပ်ကြိုးစား‌နေပေသည်။ 



သိပ်မကြာခင်မှာ ချူချန်ချန်သည် ဖြတ်သွားသောကလေးတစ်ယောက်ကိုခေါ်ကာ ခေါင်းငုံ့ပြီး တစ်ခုခုပြောလိုက်၏။ မကြာမီမှာပင် ကလေးက ရှန်သယ်ဟန့်ရှိရာဘက်ကို ပြေးသွားပြီး ချူချန်ချန်က သူ့နောက်မှ စိုးရိမ်နေသောမျက်နှာဖြင့် ပြေးလိုက်သွားပေမဲ့ ထင်သည့်အတိုင်း သက်တော်စောင့်တားလာသည်။ 



ချူချန်ချန်သည် သက်တော်စောင့်ကို အားနာဟန်ဖြင့် ပြုံးပြကာ ရှန်သယ်ဟန့်ရှိရာဘက်ကို မျက်လုံးဝိုင်းများဖြင့် အပြစ်ကင်းစင်စွာ ကြည့်လာ၏။ ဝေးကွာလွန်းသဖြင့် ရှန်ရှီးသည် သူ့အဖေ၏မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း လှုပ်ရှားမှုများမှတဆင့် ထိုအချိန်တွင် ရှန်သယ်ဟန့် မည်မျှထိတ်လန့်သွားသည်ကို မြင်ယောင်နိုင်၏။ 



သူ့အဒေါ်တားသည့်ကြားမှ ဖခင်ဖြစ်သူက ချူချန်ချန်ဆီပြေးသွားတာကိုကြည့်ရင်း ရှန်ရှီး၏မျက်လုံးများက နက်မှောင်လာကာ ဆက်မကြည့်တော့ဘဲ လှည့်ထွက်လာခဲ့လိုက်တော့သည်။ 



ဤနေ့တွင် ရှန်ရှီး မည်သူ့ကိုမျှမနှုတ်ဆက်ဘဲ ဆေးရုံမှစောစောထွက်လာခဲ့၏။ သူ ဟိုတယ်ကိုပြန်မသွားဘဲ သုသာန်ဆီသို့သွားလိုက်သည်။ 



ငါးနှစ်အကြာမှ မိခင်၏အုတ်ဂူရှေ့တွင်ရပ်ရင်း ရှန်ရှီးဘာမှမပြောဘဲ သူမ၏ပုံကိုသာ တိတ်ဆိတ်စွာကြည့်နေမိ၏။ 



အုတ်ဂူပေါ်မှ သူ့မိခင်၏အပြုံးသည် တောက်ပပြီးပျော်ရွှင်နေသည်။ ရှန်ရှီး လက်ကိုဆန့်တန်းကာ သူမ၏အပြုံးကိုကွယ်လိုက်ပြီးနောက် သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုလှိုင်းများ မြင့်တက်လာ၏။ 



ချူချန်ချန်ရောက်ရှိလာခြင်းကို သူကစီစဉ်ခဲ့သော်လည်း ဖခင်၏ပြင်းထန်သောတုံ့ပြန်မှုကို တွေ့ရသောအခါ မနေနိုင်စွာ ခါးသီးလာရပြန်သည်။ ရှန်သယ်ဟန့်ဟာ သူ့မိခင်နှင့်မတန်ပေ။ 



ဘယ်အရာကများ သူ့မိခင်အား သူ့ဖခင်ထံ ချစ်စိတ်ပေါ်စေခဲ့မှန်း ရှန်ရှီးနားမလည်နိုင်ခဲ့။ 



သူမ၏ အကောင်းဆုံးနှစ်များတွင် သူမ၏အပျိုဘဝနှင့် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ထူးချွန်သည့် သက်တူရွယ်တူများကို စွန့်လွှတ်ပြီး သူမထက် အသက်ဆယ့်ငါးနှစ်ကြီးသော အမျိုးသားနှင့် လက်ထပ်ရန် အခိုင်အမာတောင်းဆိုခဲ့၏။ 



သူတို့၏အိမ်ထောင်ရေးကမူ ပျော်ရွှင်မှုကင်းမဲ့ခဲ့ပြီး ခင်ပွန်းသည်ဟာ ကိုယ်ဝန်ရှိချိန်မှာတောင် သူမအား နွေးထွေးမှုနည်းနည်းလေးတောင် မပေးခဲ့။ ထိုအစား ရှန်ရှီးမွေးလာပါက ရှန်ကျိနှင့် ရှန်ချိန်၏ အမွေဆက်ခံမှုအပေါ်  ထိခိုက်မှာကို စိုးရိမ်ကာ ကျန်းမာရေးမကောင်းခြင်းကို အကြောင်းပြပြီး ကလေးကိုလက်လျော့ရန်အတွက်ပင် စည်းရုံးသိမ်းသွင်းရန်ကြိုးစားခဲ့သေးသည်။ တချိန်တည်း၌ သူ့ဖခင်ဟာ အခြားမိန်းမတစ်ယောက်နှင့် အတူရှိကာ ကလေးပါရှိနေလိုက်သေးပေသည်။ 



ထိုသို့အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်သောဖခင်ဟာ ဘယ်လိုလုပ်ပြီး သူ့မိခင်၏နက်နှိုင်းသောအချစ်ကို ရရှိခဲ့ပါသလဲလေ။ 



ရှန်ရှီးအသံနိမ့်ပြီးရယ်လိုက်၏။ တိတ်ဆိတ်ပြီး ဝမ်းနည်းနေသောအသံသည် သုသာန်တွင်အတန်ကြာ ပဲ့တင်‌နေခဲ့လေသည်။