Chapter 10
Viewers 1k

Suprise ! 



ဘာလို့အဖေက သူ့ကိုသဘောမကျတာလဲ။



ဤအရာသည် ရှန်ရှီး ငယ်စ‌ဉ်ဘဝကတည်းက နားမလည်နိုင်သောမေးခွန်းဖြစ်၏။ 



အဖေသည် သူ့အစ်ကိုများကို ချစ်မြတ်နိုးစွာပြုံးပြသည်။ ရှန်ချိန်ကို သူ့လက်မောင်းများဖြင့် မ,ပြီးချီတတ်သလို သူ့အစ်ကိုများကို ကစားကွင်းသို့ခေါ်သွားတတ်သည်။ သူ့အစ်ကိုများကို သူချစ်ရသောသားများဟုလည်း ချီးကျုးတတ်၏။ သို့သော် အဖေသည် ထောင့်တွင်ရှိနေသော သူ့ကိုဘယ်သောအခါမှ သတိမထားမိဘဲ မျှော်လင့်တောင့်တနေသော သူ့မျက်လုံးများကိုလည်း ဘယ်တော့မှ မကြည့်တတ်ပါချေ။ 



ငယ်သေးသောရှန်ရှီးသည် ဘာကြောင့်ဒီလိုဖြစ်ရတာလဲ မသိချေ။ ဤမေးခွန်းကို သူ့အမေကို တစ်ခါမေးကြည့်သောအခါ ထိုညမှာ သူ့ဖခင်နှင့် မိခင်တို့အကြီးအကျယ်ရန်ဖြစ်ကြသည်။ သူ့မိခင်၏ကုတင်အောက်တွင် ပုန်းနေသော ရှန်ရှီးသည် သူ့ဖခင်၏ဒေါသတကြီးအော်သံကို ရှင်းလင်းပြတ်သားစွာကြားလိုက်ရ၏။ 



“ငါက ဒီကလေးကို အစကတည်းကမလိုချင်တာ.. အတင်းလိုချင်ခဲ့တာ မင်းလေ! ” 

 


သူ့အဖေပြောတဲ့ ကလေးဆိုတာ သူလား…။



ရှန်ရှီး တစ်စုံတစ်ခုကိုနားလည်သလိုနှင့် ဘာမှနားမလည်သေးသလိုခံစားရသည်။ 



ထိုညက သူလုပ်နေကျအတိုင်းအိပ်ရာမဝင်ဘဲ အမေမသိအောင် အခန်းထဲမှခိုးထွက်ခဲ့၏။ ရှန်မိသားစုအိမ်၏ လူမရှိသော စင်္ကြံလမ်းတွင် တစ်ယောက်တည်းလျှောက်သွားရင်း သူ့ဖခင်ကိုမြင်လိုက်ရသည်။  



တတိယထပ်၏ထောင့်တွင်ရှိသော ပိတ်ထားသောအခန်းတွင် သူ့ဖခင်က ရုပ်ထုလိုမရွေ့မလျားပဲရပ်နေပြီး နံရံတွင်ချိတ်ထားသော အကြီး၊အသေးစုံလင်သော ဓာတ်ပုံဘောင်များကိုကြည့်နေသည်။ ဓာတ်ပုံဘောင်များထဲတွင်မူ ရှန်ရှီးမသိသော အမျိုးသမီးတစ်ယောက်ရှိနေ၏။ 


 

သူ့အဖေ၏မျက်နှာတွင် ရှန်ရှီးအရင်ကမမြင်ဖူးသော တောင့်တမှုနှင့် နူးညံ့သောအမူအရာရှိပြီး ရှန်ရှီးအံ့သြရင်းဆက်ကြည့်နေစဉ် သူ့အနောက်တွင် သူ့အမေ ဘယ်အချိန်က ပေါ်လာသည်ကိုပင် မသိလိုက်ချေ။  



အဖေနှင့်အမေတို့ နောက်တစ်ကြိမ် အကြီးအကျယ်ရန်ဖြစ်ပြီးနောက် သူ့မိခင်က ဒေါသတကြီးဖြင့် ထိုင်ခုံတစ်လုံးကို ကောက်ယူကာ နံရံပေါ်ရှိ ဓာတ်ပုံတွေကို ပြင်းပြင်းထန်ထန် ရိုက်ခွဲပစ်လိုက်သည်။  ဖန်ကွဲစများကြားမှ ရှန်းရှီသည် သူ့ခြေရင်းသို့ လွင့်ကျလာသည့် ဓာတ်ပုံကို ငုံ့ကြည့်လိုက်၏။  ဓာတ်ပုံထဲမှ အမျိုးသမီးတစ်ယောက်က သူ့ကို ညင်သာစွာပြုံးပြနေလေသည်။ 



ရှန်ရှီးသည် ဓာတ်ပုံကိုတိတ်တဆိတ်ဝှက်ထားပြီး သူ့အဘိုးဆီယူသွားခဲ့၏။ အဘိုး၏ထင်မှတ်မထားသော အံ့ဩသံကြောင့် အမျိုးသမီး၏နာမည်သည် ဖန်းယွင်ဖြစ်ပြီး ရှန်ကျိနှင့် ရှန်ချိန်၏မိခင်ဖြစ်သူဟု သူသိလိုက်ရသည်။ 



သူ့မိခင်နှင့် အဘိုးသေဆုံးပြီးနောက် ရှန်ရှီး တစ်ရက်ပြီးတစ်ရက်အရွယ်ရောက်လာရင်း အပြင်လူတွေထံမှ သူ့ဖခင်၏ချစ်ရသောအမျိုးသမီးဖြစ်သူ ဖန်းယွင်အကြောင်း ပိုပြီးကြားရလာ၏။ 



ချစ်ရသောသူတဲ့လား။



 ရှန်ရှီး နှလုံးသားထဲတွင် အေးစက်စွာရယ်လိုက်သည်။ 



ဒါဆိုရင် ကျိုးမင်မေ့ကရော ဘာလဲ။ 



မရင်းနှီးသောအမျိုးသမီးအသံက အခန်းကိုဖြတ်ပြီး သူ့ဆီရောက်လာသောအခါ ရှန်ရှီး၏အတိတ်အကြောင်းအတွေးများက ခေတ္တခဏသာကြာလိုက်၏။ 



“ရှန်လူကြီးမင်းက ဘယ်လောက်ပေးဖို့ရည်ရွယ်ထားလဲ” 



ရှန်ရှီးသည် ပြောနေသောအမျိုးသမီးကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ လောင်K သူ့အတွက်ရှာပေးထားသောသူ - ချူချန်ချန်ပင်။  



ချူချန်ချန်သည် အသက်နှစ်ဆယ်ခန့်ရှိကာ ပါးလွှာသော မျက်ခုံးမွှေး၊ မျက်လုံးရွဲကြီးများနှင့် ဖြူစင်သော အသားအရည်ရှိကာ သူမ၏ မျက်နှာသည် ကျိုးမင်‌မေ့ထက် ထိုအမျိုးသမီးနှင့် ပိုတူ၏။ ကံမကောင်းစွာနှင့် မိတ်ကပ်အလွန်အကျွံလိမ်းခြင်းက သူမကို အနည်းငယ်ရုပ်ပျက်စေပြီး ထိုမျက်နှာအတွက် အရေးပါသော ကျက်သရေရှိသောအသွင်အပြင်ကို ပျက်စီးစေသည်။



ရှန်ရှီး မျက်လွှာချလိုက်၏။ 



“မင်း ဘယ်လောက်လိုချင်လဲ” 



ချူချန်ချန်သည် ရှန်ရှီးဆီသို့ ဆေးလိပ်ငွေ့များဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်လျှက်


 

"ငါးသန်း.. ညှိနှိုင်းလို့မရဘူး”



ရှန်ရှီး ညင်သာစွာရယ်လိုက်သည်။ 



“မင်းက အဲ့တန်ဖိုးနဲ့တန်တယ်ထင်လား” 



ချူချန်ချန် ရှေ့သို့ကိုင်းလိုက်သောအခါ အင်္ကျီ၏ V-လည်ပင်းပေါက်မှာ ရွေ့သွားကာ အတွင်းမှ အဖြူရောင်အဝတ်စကို ပေါ်လွင်စေသည်။ သူမသည် ရှန်ရှီးကို ညုတုတုဖြင့်ကြည့်ကာ အဓိပ္ပာယ်ပါသောစကားများပြောလာ၏။


 

“ကျွန်မနဲ့တန်တယ်လို့ ရှင်ထင်လား” 



ရှန်ရှီးက ခံစားချက်မရှိ‌သောမျက်နှာဖြင့်ကြည့်ကာ ဘက်မလိုက်ဘဲ မှတ်ချက်ပေးသည်။



“ဒါပေမဲ့ အဲ့လောက်ပဲ” 



ချူချန်ချန်က မတ်မတ်ပြန်ရပ်လိုက်ပြီး ရှန်ရှီးကို စူးရှသောအကြည့်ဖြင့် မျက်စောင်းထိုးသောအခါ ရှန်ရှီးကရယ်ပြီးတုံ့ပြန်၏။



“ဆယ်သန်းပေးမယ်.. တစ်နှစ်ပဲ.. သူ့အနားမှာနေရင်းနည်းလမ်းရှာပြီး သူ မင်းကို ချစ်လာအောင်လုပ်ရမယ်” 



တန်ဖိုးကြောင့် ချူချန်ချန်လည်း အံ့အားသင့်သွားပြီးနောက် တုံ့ပြန်သည်။ ရှန်ရှီးပြန်ရုတ်သိမ်းမည်ကိုစိုးသောကြောင့် အမြန်ခေါင်းညိတ်ကာ 



“ပြဿနာမရှိဘူး” 



ရှန်ရှီးသည် သူမကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်၏။



“ဒီကိစ္စကိုလွယ်တယ်လို့မထင်နဲ့.. အဲ့ဒီလူက မင်းဘေးမှာရှိနေကျယောက်ျားတွေလိုမျိုး မဟုတ်ဘူး.. မင်းမျက်နှာကြောင့်သာမဟုတ်ရင်.. ငါပြောတာယုံ.. သူ့ရှေ့မှာ ကိုယ်တုံးလုံးနဲ့ရပ်နေရင်တောင် ကြည့်မှာမဟုတ်ဘူး”



ရှန်ရှီး၏လေးနက်သောစကားများကြောင့်ဖြစ်မည်။ ချူချန်ချန်သည် ပေါ့တီးပေါ့ပျက်အမူအရာကိုပြင်လာသည်။ 



“ကျွန်မကိုမြူဆွယ်စေချင်တာ ဘယ်သူလဲ” 



ရှန်ရှီး၏နှုတ်ခမ်းထောင့်များက အပေါ်ကိုကွေးတက်လာ၏။ 



“မင်း သူ့နာမည်ကိုကြားဖူးမှာပါ.. ရှန်အုပ်စုရဲ့ ရှန်သယ်ဟန့်.. ငါ့အဖေလေ” 



ချူချန်ချန်သည် အံ့အားသင့်သောမျက်နှာဖြင့် ရှန်ရှီးကိုကြည့်သည်။ 



“ရှန်သယ်ဟန့်? ရှင့်အဖေကို မြူဆွယ်ခိုင်းနေတာလား” 



ရှန်ရှီးသည် သူမ၏တုံ့ပြန်မှုကို သဘောကျသလိုကြည့်ကာ ခေါင်းညိတ်လိုက်၏။



ချူချန်ချန်မယုံနိုင်သလိုဖြစ်သွားရသည်။ 



“ရှင့်အတွက် ညီလေးရအောင်လုပ်ပေးမှာ မကြောက်ဖူးလား”



ရှန်ရှီးသည် ထိုစကားကြောင့် သဘောကျသွားပုံရကာ မနေနိုင်ဘဲ အသံထွက်ရယ်၏။ စက္ကန့်ဝက်ကြာသောအခါမှ ရှန်ရှီး ရယ်တာရပ်ပြီး ပြောလိုက်သည်။



“မင်းတကယ် ကိုယ်ဝန်ရအောင်လုပ်နိုင်ရင် ကလေးမွေးမွေး မမွေးမွေး ငါကအပိုဆယ်သန်းထပ်ပေးမယ်.. ဒီကြားထဲမှာ ငါ့အဖေဘာပဲပေးပေး ပြီးသွားရင် အကုန်မင်းအပိုင်ပဲ”  



ချူချန်ချန်သည် ရှန်ရှီးနောက်ပြောင်နေခြင်း မဟုတ်မှန်းသေချာအောင် အတန်ကြာလေးလေးနက်နက်စိုက်ကြည့်ပြီးမှ အသည်းအသန်ခေါင်းညိတ်၏။ 



“သဘောတူတယ်.. ဒီပိုက်ဆံနဲ့တင် ကျွန်မဘဝတစ်သက်စာသုံးဖို့လုံလောက်ပြီ” 



ရှန်ရှီးသည် စိတ်ကျေနပ်မှုဖြင့်ပြုံးကာ သူ့ဘေးမှအိတ်ကိုညွှန်ပြသည်။ 



“ငါကြည့်လို့ရအောင် မျက်နှာသွားသစ်ပြီး အဝတ်အစားလဲလိုက်”  



ချူချန်ချန်ပျောက်ကွယ်‌သွားသောအခါ ရှန်ရှီး၏မျက်လုံးများသည် စားပွဲပေါ်ကပုံဆီရောက်သွား၏။ ဓာတ်ပုံထဲမှအမျိုးသမီးသည် အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ရှန်ရှီးကို ညင်သာစွာပြုံးပြနေသည်။ သူက လက်ကိုဆန့်ကာ အမျိုးသမီး၏ပြုံးနေသောမျက်နှာကို အုပ်လိုက်လေသည်။ 



ခဏအကြာတွင် ချူချန်ချန် ထွက်လာ၏။  မျက်နှာပေါ်ရှိ စွဲမက်ဖွယ်ကောင်းသော မိတ်ကပ်များကိုဆေးကြောလိုက်သလို အဖြူဂါဝန်ကလည်း သူမကို အင်မတန်ဖြူစင်သောအသွင်ဖြစ်စေသည်။ 



ရှန်ရှီးသည် မျက်နှာကိုတည့်ကြည့်ပြီး ပြုံးရုံလေးပြုံးလိုက်၏။ 



“မင်းက အရူးပဲ” 



ချူချန်ချန်ထွက်သွားသောအခါ လောင်K က ရှန်ရှီးကို မှတ်ချက်ပေးခြင်းဖြစ်သည်။ 



ရှန်ရှီးမျက်ခုံးပင့်လိုက်၏။ 



“ချီးကျူးတာ ကျေးဇူးအများကြီးတင်တယ်” 



“ရှန်သယ်ဟန့်ကို ဆွဲဆောင်လို့ရမယ်ထင်လား” 



လောင်K က အနည်းငယ်သံသယဝင်နေသည်။ 



ရှန်ရှီး၏နှုတ်ခမ်းထောင့်များသည် အပေါ်သို့ကွေးတက်သွား၏။ 



“ဘာလို့မဖြစ်နိုင်ရမှာလဲ.. ငယ်ရွယ်ပြီးတက်ကြွတဲ့ ဖန်းယွင်က အခုအသက်ကြီးပြီး နွမ်းနယ်နေတဲ့ ကျွန်တော့်အဖေအတွက်  အချစ်စိတ်ကိုလှုံ့ဆော်ပေးတဲ့ အကောင်းဆုံးဆေးထက် မလျော့ဘူး” 



လောင်K ကရယ်သည်။ 



“ရှန်ကျိက မင်းကို သေလောက်အောင်မုန်းလိမ့်မယ်” 



ရှန်ရှီး၏မျက်နှာကမူ ပျော်ရွှင်နေလျှက်သား။



“ကျွန်တော်က ‌ကျေးဇူးသိတတ်တဲ့သားဖြစ်ဖို့ ကြိုးစားနေတာလေ.. နောက်ပြီး ကျိုးမင်မေ့ကရှိနေတာ ချူချန်ချန်တစ်ယောက်ပိုတာ ဘာမှမပြောပလောက်ဘူး.. ရှန်ကျိနဲ့ အဖေက သားအဖဆက်ဆံရေးခိုင်မာလို့ အဖေ့ကိုသူနားလည်မှာပါ” 



လောင်K သည် စိတ်ဝင်စားနေသည့်မျက်နှာနှင့်



“ကျိုးမင်မေ့က မလွယ်ဘူး.. သူကပြဿနာရှာလိမ့်မယ်” 



ရှန်ရှီးသည် မျက်လုံးတွေကိုနှိမ့်ချလိုက်၏။



“အဲ့ဒါကို ကျွန်တော်ကမျှော်လင့်နေတာ”



ဟုတ်သည်။ ထိုအရာသည် ရှန်ရှီးမျှော်လင့်နေသောအတိုင်းဖြစ်၏။ 



ရှန်သယ်ဟန့်၏ဘဝတွင် အမျိုးသမီးသုံးယောက်ရှိသည်။ ပထမအမျိုးသမီးက ရှန်သယ်ဟန့်၏အချစ်စစ် ဖန်းယွင်၊ ဒုတိယအမျိုးသမီးက ရှန်ရှီး၏မိခင် ဟန်ရို့၊ နောက်ပြီး တတိယအမျိုးသမီးက ကျိုးမင်မေ့ဖြစ်၏။ 



ဟန်ရို့အတွက် ရှန်သယ်ဟန့်နှင့်သူမ၏ အိမ်ထောင်ရေးသည် ကြေကွဲစရာဖြစ်ခဲ့လျှင် ဖန်းယွင်သည် အဖြစ်ဆိုး၏အရင်းအမြစ်ဖြစ်ပြီး ကျိုးမင်မေ့သည် အဖြစ်ဆိုး၏နောက်ကွယ်မှ တွန်းပို့သည့်အားဖြစ်သည်။



ကျိုးမင်‌မေ့နှင့် ရှန်သယ်ဟန့် တွေ့သည့်အချိန်က ဟန်ရို့နှင့်လက်ထပ်ကာစဖြစ်၏။   ထိုအချိန်တွင် ကျိုးမင်မေ့သည် အသက် ဆယ့်ရှစ်နှစ်သာရှိသေးပြီး အင်တာတိန်းမန့်ကုမ္ပဏီတစ်ခု၏ လူသစ်တစ်ဦးအဖြစ် အနုပညာလောကသို့ စပြီးဝင်ရောက်လာချိန်ဖြစ်သည်။ 



ဖန်းယွင်နှင့်ဆင်တူသည့် ကျိုးမင်‌မေ့၏အသွင်အပြင်ကြောင့် သူမသည် လျင်မြန်စွာဖြင့် ရှန်သယ်ဟန့်၏အငယ်အနှောင်းဖြစ်လာပြီး ထိုအချိန်ကတည်းက အနုပညာအသိုင်းအဝိုင်းမှ ပျောက်ကွယ်သွားခဲ့၏။ 



ဒီအတိုင်းသာ ဆက်ရှိနေခဲ့လျှင် ဒါဟာ ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်က အမျိုးသမီးတစ်ဦးကို သူ့ဘေးတွင်ထားသော သာမန်အဖြစ်အပျက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထိုအချိန်ထိ ဟန်ရို့သည်ဘာမှမသိသေးဘဲ ရှန်သယ်ဟန့်၏နှလုံးသားဟာ ဖန်းယွင်နှင့် ပြည့်နေပြီး သေဆုံးသွားသူနှင့် တိတ်တဆိတ်ပြိုင်ဆိုင်နေရသည်ဟုသာ ယုံကြည်နေခဲ့၏။  

 


သို့သော် မကြာမီတွင် ထက်မြက်သောကျိုးမင်မေ့သည် ရှန်သယ်ဟန့်၏ ဟန်ရို့အပေါ်ထားသောအပြုအမူမှတစ်ဆင့် ဟန်ရို့သည် ရှန်သယ်ဟန့်၏အကြိုက်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ အစပိုင်းတွင် ကျိုးမင်မေ့သည် ရှန်သယ်ဟန့်၏နောက်ကို အေးအေးချမ်းချမ်းလိုက်ပြီး အဝတ်အစားနှင့်စားစရာကိုပူပင်စရာမလိုသော ကြွယ်ဝသောဘဝနှင့်သာ နေထိုင်ချင်တာထက်မပိုခဲ့ပေ။



 သို့သော် ရှန်သယ်ဟန့်နှင့် ဟန်ရို့၏ဆက်ဆံရေး ပို၍ဆိုးရွှားလာပြီး ကျိုးမင်မေ့ကိုယ်ဝန်ရှိလာသောအခါတွင် သူမ၏လိုအင်ဆန္ဒများသည် တစ်ဆင့်ပြီးတစ်ဆင့်တိုးလာ၏။ ဘာကြောင့် သူမ၏ကလေးက တရားမဝင်ကလေးဟု တံဆိပ်ကပ်ရမည်နည်း။ ဘာကြောင့် ရှန်မိသားစု၏ အမွေဆက်ခံသောသခင်လေး ဖြစ်မလာနိုင်ရမည်နည်း။ 



ဤအတွေးက ဟန်ရို့ ကိုယ်ဝန်ရှိပြီဟူသော သတင်းထွက်လာသောအခါ ပိုပြီး အရှိန်ရလာသည်။ အနာဂတ်မှာ ကလေးနှစ်ဦး၏ မတူညီသောဘဝများကို နှိုင်းယှဉ်ကာ ကျိုးမင်မေ့သည် တစ်ဆင့်ပြီးတစ်ဆင့် စပြီးတွက်ချက်လာ၏။


  

မကြာခင်မှာပင် ကျိုးမင်မေ့ဟာ သူမ၏ တည်ရှိမှုကို ဟန်ရို့သိအောင် ဖော်ထုတ်ပစ်လိုက်သည်။ ထင်သည့်အတိုင်း ဟန်ရို့က ကျိုးမင်မေ့ဆီ အမြန်ဆုံး​ပြေးလာကာ ပေါက်ကွဲနေချိန်၌

တိုက်ဆိုင်စွာပင် ရှန်သယ်ဟန့်ရောက်လာကာ ဟန်ရို့က သနားစရာကောင်းသော ကျိုးမင်မေ့ကိုအနိုင်ကျင့်သည်ကို မြင်လိုက်ရလေသည်။ 



ကျိုးမင်မေ့မျှော်လင့်ထားသည့်အတိုင်း ဟန်ရို့နှင့် ရှန်သယ်ဟန့်၏ဆက်ဆံရေးမှာ ပို၍ယိုယွင်းလာကာ နေ့တိုင်းအငြင်းပွားကြသည်။ ရှန်ရှီးသည်လည်း သူတို့၏ရန်ဖြစ်ချိိန်တစ်ချိန်အတွင်း စောစောကမ္ဘာထဲသို့ အတင်းဝင်ရောက်လာခဲ့ရ၏။ 



တစ်ဖက်တွင်တော့ ဟန်ရို့၏အရင်ကိုယ်ဝန်ရှိသော ကျိူးမင်မေ့သည် ဟန်ရို့ထက် နှစ်လလောက်ကြာသောအခါမှသာ မွေးဖွားခဲ့လေသည်။  



ထိုအချိန်တွင် ဟန်ရို့နှင့် ရှန်သယ်ဟန့်၏ဆက်ဆံရေးသည် လုံးဝပြိုလဲသွားပြီဖြစ်၏။ ရှန်သယ်ဟန့်သည် ရှန်ရှီးမွေးဖွားလာခြင်းကို မပျော်ခဲ့သော်လည်း ရှန်ရုံမွေးဖွားခြင်းကိုတော့ အင်မတန်ပျော်ရွှင်ခဲ့သည်။ 



ဤအဖြစ်အပျက်များအားလုံးကို ကျိုးမင်မေ့ကမြင်ပြီး သူမ၏ဆန္ဒများမကြာမီပြည့်ဝမည်ဟု တွေးခဲ့၏။ သို့သော်လည်း ထင်မှတ်မထားဘဲ ရှန်အဘိုးဖြစ်သူသည် ရှန်သယ်ဟန့်ကို ကျိုးမင်မေ့နှင့်ဖောက်ပြန်သည့်အတွက် ဆူပူခဲ့ကာ ဟန်ရို့သည်သာ သူအသိအမှတ်ပြုသောချွေးမဖြစ်သည်ဟု ကြေငြာပြီး ကျိုးမင်မေ့၏မျှော်လင့်ချက်များကို လုံးဝဖြတ်ချလိုက်လေသည်။ 



ထို့နောက်မှာတော့ ဟန်ရို့က ပြတင်းပေါက်မှခုန်ချခဲ့ကာ ရှန်ရှီးကိုလည်း ရှန်သယ်ဟန့်က မနှစ်မြို့ချေ။ ယနေ့အထိ ကျိုးမင်မေ့သာလျှင် ရှန်သယ်ဟန့်အနားတွင်ရှိသော တစ်ဦးတည်းသော အမျိုးသမီးဖြစ်၏။ 



ရှန်ရှီးတွေးလိုက်သည်။ သူ့ဖခင်ကိုမုန်းပေမဲ့ ထိုအမျိုးသမီးကိုလည်း သူမေ့နိုင်မည်မဟုတ်ချေ။



ငယ်ရွယ်ပြီး တက်ကြွသော "ဖန်းယွင်" ပေါ်လာသောအချိန်တွင် သူ့ဖခင်သည် အသက်ကြီးပြီး ရုပ်ကျနေပြီဖြစ်သော ကျိုးမင်မေ့ကို ဆက်ပြီးတွယ်တာဦးမည်လော။  



ကျိုးမင်မေ့သည် သူတို့၏မိခင်အတွက် အစားထိုးရုံသာဖြစ်ကြောင်း သူ့ဖခင်က ရှန်ကျိကို အမြဲပြောခဲ့သည်ကို သူ မမေ့ခဲ့ပေ။  သူမဟာ အစားထိုးသူဖြစ်လျှင် အဟောင်းကို အသစ်ဖြင့် အစားထိုးသည်မှာ သဘာဝကျသည်မဟုတ်လော။



ရှန်ရှီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ့အမေ အရင်တုန်းက ခံစားခဲ့ရသမျှအား ကျိုးမင်မေ့ကိုလည်း နည်းနည်းချင်းစီခံစားခိုင်းရပေမည်။