[အိုမိုင်ဂေါ့၊ ဒါက ဝန်ခံလိုက်တာလား???]
[တတိယသခင်လေး တော်တယ်!!! သူ တည့်တည့်ပစ်ထည့်လိုက်တာပဲ!!]
[ငါပေးစားတဲ့အတွဲက တကယ်ဖြစ်လာတော့မှာလား??]
[တတိယသခင်လေးကငါမျှော်လင့်ထားတဲ့ပုံစံအတိုင်းပဲ။ လက်ဦးမှုစယူလိုက်ပြီဆိုတော့ မင်းမိန်းမက မင်းအပိုင်ဖြစ်လာလိမ့်မယ်!!!]
ချူးကျင်းချန်းသည် ဤမျှပွင့်လင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ကင်မရာနဲ့ အင်တာနက်တစ်ခုလုံးရှေ့မှာ သူ ဝန်ခံခဲ့တာလား ??
ယွီဇစ်ကျန်းသည် သူမ၏သွားများကိုကြိတ်လိုက်၍ သွားများကျိုးလုမတတ်ဖြစ်ကာ သူမ၏အကြည့်များသည် ဓားသွားများကဲ့သို့ ထက်မြက်နေလေသည်။
ယခုအချိန်တွင် ရှီဝန်ဖေးလည်းမျက်မှောင်ကြုတ်နေသော်လည်း သူမက ပြုံးကာမေးလိုက်သည်။ "တတိယသခင်လေးက မမလိုပုံစံကိုကြိုက်တယ်လို့ ဆိုလိုချင်တာလား။"
တတိယသခင်လေးက ရှီရန်ကိုတကယ်ကြိုက်သည်ဟု သူမ မယုံပေ။
ယူဖန်ပင်လျှင် ရှီရန်ကို အထင်သေးသဖြင့်ကောင်းကင်ဘုံလောက်မာနကြီးသောချူးကျင်းချန်းက သူမကို မကြိုက်နိုင်လောက်ပေ။
"မဟုတ်ဘူး" ချူးကျင်းချန်း၏အဖြေသည် ရိုးရှင်းပြီးတိုက်ရိုက်ဖြစ်သည်။
ရှီဝန်ဖေး အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်သည်။
'ရှီရန်လိုပုံစံမဟုတ်ဘူး'
တတိယသခင်လေးက ရှီရန်ကို တကယ်ကြိုက်တာလား။
[တတိယသခင်လေး- ငါ ဒီပုံစံကိုမကြိုက်ဘူး။ ဒီလူကို ကြိုက်တယ်!!!]
[ဘုရားရေ!!! ငါ အရမ်းစိတ်လှုပ်ရှားနေပြီ!!!]
[အတူတူပဲ!!!!]
[ငါတော့ လက်ထပ်မှတ်ပုံတင်တဲ့တရားရုံးဘက်ကို ပြောင်းနေတော့မယ်။ သူတို့နှစ်ယောက် ချက်ချင်းတောင်လက်ထပ်နိုင်လောက်တယ်။]
[ဒီက အခုမှရောက်လာသူလေးပါ။ ဒီနှစ်ယောက်ဘယ်တော့ကလေးယူကြမယ်ဆိုတာကို သိနိုင်မလား။]
[ဒါက ငါတွေ့ဖူးသမျှထဲကအလျင်မြန်ဆုံးစုံတွဲပဲ။]
[တတိယသခင်လေးက ဝန်ခံတော့မယ်။]
ကင်မရာသည် ချူးကျင်းချန်းဆီသို့ ရွေ့သွားပြီး သူ့မျက်နှာကိုချဲ့ပြသောအခါ မှတ်ချက်ပေးသူများ စိတ်လှုပ်ရှားသွားသည်။
လူတိုင်း၏အကြည့်အောက်တွင် သူ့နှုတ်ခမ်းပါးသည် ဖြည်းညှင်းစွာ ဖွင့်ဟလာသည်။ "ရှီရန်ရဲ့....လိင်အမျိုးအစားကို ကြိုက်တယ်။"
လူတိုင်း : ???
[ငါ နားကြားမှားတာလား။ လိင်အမျိုးအစား??]
[ဘာကိုဆိုလိုတာလဲ???]
[-ီး၊ ငါ ကစားခံလိုက်ရသလိုခံစားရတယ်။]
[သူတို့ကအတူတူ ကလေးယူဖို့စီစဉ်နေပြီလို့ ထင်နေတာကို အခုတော့ သူတို့က ဘာမှမပတ်သက်ဘူးလို့ပြောနေကြပြီလား။]
[တတိယသခင်လေးက ငါတို့ခံစားချက်ကို ဘယ်လိုကစားရမလဲဆိုတာကို သေချာသိနေတာပဲ။]
ချူးကျင်းချန်း၏အဖြေကိုကြားပြီးနောက် ယွီဇစ်ကျန်း၏မျက်လုံးများတွင် မလိုလားမှုများ မှိန်ဖျော့သွားပြီး သူမသည် ပို၍ပင်ပျော်ရွှင်စွာ ပြုံးနေသည်။ "ဒါဆို သခင်လေးဆိုလိုတာက မိန်းကလေးတွေကို ကြိုက်တယ်ပေါ့။ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တာလဲ"
ကံကောင်းထောက်မလို့
ငါ သိနေတယ်လေ။ တတိယသခင်လေးက ရှီရန်ကို ဘာလို့ကြိုက်မှာလဲ။ ဒင်းက မိန်းမတောင်ဆန်မနေဘူး။
ရှီရန်သည် မျက်လုံးများကို ကျဥ်းမြောင်းကာ ချူးကျင်းချန်း၏စနောက်နေသောမျက်လုံးများကို တွေ့လိုက်ရသည်။
သူမ၏နှုတ်ခမ်း ကွေးတက်သွားသည်။ "တတိယသခင်လေး ဘာကိုဆိုလိုလဲဆိုတာက ရှင်းပါတယ်။ မိန်းမဖြစ်သရွေ့ကြိုက်တယ်တဲ့"
ချူးကျင်းချန်းသည် သူတို့၏ပထမဆုံးတွေ့ဆုံမှုမှ သူမ သူ့အပေါ်အကြွေးတင်နေသည့်အကြွေးကို မှတ်မိနေသေးသည်။
သူမကို ချောက်ချရန်ပင် သူကိုယ်တိုင်တောင် ရှိုးပွဲကိုလာခဲ့သည်။
ချူးကျင်းချန်းခေါင်းညိတ်သဘောတူသည်။ "အင်း"
အင်း???
ဤတစ်ကြိမ်တွင် အားလုံးက အံသြသွားကြသည်။
'မိန်းမဖြစ်နေသရွေ့? အတည်ပြောနေတာလား?'
တတိယသခင်လေးရဲ့စံချိန်စံနှုန်းကလည်း ဘယ်လိုတောင်နိမ့်နေတာလဲ။
ရှီရန်လည်း ထူးဆန်းသလိုခံစားလိုက်ရသည်။
ချူးကျင်းချန်းက ဘာကြောင့်လိုက်ထောက်ခံတာလဲ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ချူးကျင်းချန်းက တောက်ပစွာပြုံးကာ "မင်းဖြစ်နေသရွေ့ပေါ့" ဟု ထပ်ပြောသည်။
ရှီရန်: ???
[ငါက သူတို့ထဲကတစ်ယောက်မဟုတ်ဘဲနဲ့ ဘာလို့စိတ်လှုပ်ရှားနေရတာလဲ။]
[ငါတို့ကို တိကျတဲ့အဖြေတစ်ခုဘာလို့ပေးလိုက်တာလဲ။ တစ်ကိုယ်ရေသမားတွေကိုလည်း ဖျော်ဖြေပေးပါဦးဟ?]
[တတိယသခင်လေးက ရဖို့မလွယ်တဲ့သူပုံစံလာဖမ်းနေသေးတယ်။ အံ့သြပါ့!]
[မာစတာရန် ဆွံအသွားပြီ။ ဟားဟားဟား]
[ဒါဆို လက်ထပ်မှတ်တင်ပုံတင်ရုံးဆီ မင်းတို့အားလုံးအတွက် ငါပြောင်းပေးဖို့လိုအပ်သေးလား???]
[တတိယသခင်လေးဘာတွေတွေးနေမှန်း ဘယ်တော့မှ မခန့်မှန်းကြနဲ့တော့။]
ချူးကျင်းချန်းကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ဟု ရှီရန်တွေးသောကြောင့် သူမ အတည်စိတ်ထဲမထားပေ။
စားပွဲပေါ်မှကတ်ပြားများကို သူမ ကောက်ကိုင်ကာ ပြုံးလိုက်သည်။ "နောက်တစ်ပွဲ"
"ကျွန်မ လုပ်ပေးမယ်။" ယွီဇစ်ကျန်းသည် ရှီရန်၏လက်ထဲကကတ်ပြားများကို ကြည့်ပြီး ထိတ်လန့်သွားသည်။ သူမ ချက်ချင်းပြုံးလိုက်သည်။
အားလုံးက သူမကိုကြည့်နေသည်ကိုမြင်သောအခါတွင် သူမက ဆက်ရှင်းပြသည်။ "ကျွန်မက အဲဒါနဲ့ပိုအရင်းနှီးဆုံးပဲ။ ဘယ်သူက ကတ်ချိုးတယ်ဆိုတာက အရေးမကြီးပါဘူး"
"ကျွန်မ စမ်းလုပ်ကြည့်ချင်တယ်" ရှီရန်က ကတ်များကို ချိုးပြီးပြောသည်။
ယွီဇစ်ကျန်းသည် ရှီရန်၏မကျွမ်းကျင်သောကတ်ချိုးနည်းစနစ်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ ရယ်မောစရာအနည်းငယ်တွေ့သွားသလို ခံစားလိုက်ရသည်။
ရှီရန်က ငါ တစ်ခုခုလုပ်ခဲ့တာကို ဘယ်လိုလုပ်သိနိုင်မှာလဲ။
ငါ ဒီဂိမ်းကို အကြိမ်များစွာကစားဖူးတယ်။ မည်သူမှ သတိမထားမိကြဘူး။
ရှီရန်က ဒီဂိမ်းကိုဘယ်လိုကစားရမှန်းတောင်သိပုံ မပေါ်ဘူး။ ဘာများ စိတ်ပူစရာရှိနေလို့လဲ။
ထိုအတွေးကြောင့် ယွီဇစ်ကျန်း စိတ်ပြေလျော့သွားသည်။ သူမသည် ဤအခွင့်အရေးကိုအသုံးချပြီး ဘေးနားရှိချူးကျင်းချန်းကိုလျှို့ဝှက်စွာအကဲခတ်ကာ သူ့အနားသို့ရွေ့သွားသည်။
ကတ်ချိုးပြီးနောက် ကတ်ကိုဝေလာသည်။
ယွီဇစ်ကျန်းသည် အစပိုင်းတွင် အထင်ကြီးခြင်းမရှိသော်လည်း သူမ၏ကတ်ကိုဖွင့်လိုက်သောအခါတွင် စိန်တစ်လုံးကတ်ကိုတွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။
ရှီရန်ကိုချက်ချင်းကြည့်လိုက်သောအခါ သူမ၏အမူအရာက ပုံမှန်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
တိုက်ဆိုင်တာမလား ??
သေချာတာကတော့ တိုက်ဆိုင်မှုပဲ။ ရှီရန်က ကတ်တွေကို ဘယ်လိုလဲလှယ်ရမလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
လူတိုင်းသည် ၎င်းတို့၏ကတ်များကို တစ်ခုပြီးတစ်ခုဖွင့်ကာ ရှီရန်သည် ဤပွဲ၏ဘုရင်ဖြစ်လာရန် သရဲကတ်ကိုရရှိခဲ့ကြောင်း သိရသည်။
တောင့်တင်းနေသောယွီဇစ်ကျန်းကို သူမ ပြုံးကာကြည့်လိုက်သည်။ "အမှန်တရားလား ခိုင်းတာလုပ်ရဲလား?"
ယွီဇစ်ကျန်းသည် ကတ်ပြားကို တင်းကျပ်စွာ ကိုင်ထားပြီး တိုက်ဆိုင်မှုတစ်ခုအဖြစ်သတ်မှတ်လိုက်သည်။
သူမက "ကျွန်မ အမှန်တရားကိုရွေးတယ်" လို့ အေးဆေးတည်ငြိမ်စွာပြောသည်။
ရှီရန်က သူမတွင် ရည်းစားဘယ်နှစ်ယောက် သို့မဟုတ် ကြိုက်နေသောသူရှိလားဟုမေးလိမ့်မည်။
အချိန်ကျသောအခါတွင် သူမသည် တတိယသခင်လေးအား လိမ္မာပါးနပ်စွာဖွင့်ပြောမည်။
သူမသည် ဘယ်တုန်းကမှမချစ်ခဲ့ဖူးပြီး တတိယသခင်လေးကို သဘောကျသည်။
အထူးသဖြင့် ရှီရန်နှင့်သူမကိုနှိုင်းယှဥ်ကြည့်သောအခါတွင် တတိယမြောက်သခင်လေးက သူမအား မိန်းကလေးကောင်းတစ်ဦးဟုတွေးထင်နေမည်ဖြစ်သည်။
ထိုအတွေးဖြင့် သူမ၏အပြုံးသည် ပိုကြီးလာပြီး ရှီရန်ကိုလှမ်းကြည့်ရင်း မေးခွန်းကိုစောင့်စားနေသည်။
"ကျုံးယူဖန်က ဝန်ဖေးရဲ့အခန်းထဲကိုဝင်သွားတာကို ဘယ်အချိန် နောက်ဆုံးတွေ့ခဲ့တာလဲ"
ယွီဇစ်ကျန်း: "?"
'ငါစိတ်ကူးထားတာနဲ့ ဘာလို့ကွာခြားနေတာလဲ။'
လူတိုင်း: !!!
ပေါက်ကွဲနိုင်တယ်?!
ယွီဇစ်ကျန်းသည် ရှီဝန်ဖေးကို အလိုလိုကြည့်လိုက်သည်။
ရှီရန်က "အမှန်အတိုင်းပြောနော်မဟုတ်ရင် လိပ်တစ်ကောင်လိုတွားသွားရမှာ" ဟု ညင်ညင်သာသာသတိပေးသည်။
"မမ..." ရှီဝန်ဖေးက တစ်ခုခုပြောရန်ပါးစပ်ကိုဖွင့်လိုက်သောအချိန် အမူအရာကပျက်နေသည်။
"ငါက မေးခွန်းမေးနေတဲ့သူလေ။ ယွီဇစ်ကျန်းကိုမေးနေတာ နင့်ကိုမေးနေတာမဟုတ်ဘူး" ရှီရန်က တင်းမာစွာပြောသည်။
ရှီဝန်ဖေး၏စကားလုံးများသည် သူမပါးစပ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။
ယွီဇစ်ကျန်းက ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်ရုံသာတတ်နိုင်သည်။
အဲဒါကို ငါ ဘယ်လိုဖြေနိုင်မှာလဲ။
ငါလိမ်ရင် ရှီရန်က ဒီကိစ္စကိုငြိမ်ခံမှာမဟုတ်ဘူးဆိုတာကို လူတိုင်းသိတယ်။ ငါအပြစ်ပေးခံရလိမ့်မယ်။
ဒါပေမယ့် ငါ အမှန်အတိုင်းပြောလိုက်ရင်...
သူမ မျက်လုံးထောင့်မှရှီဝန်ဖေး
ကိုတစ်ချက်ကြည့်လိုက်ပြီး သူမ၏အငြိုးထားနေသောအကြည့်များကိုသတိပြုမိပြီးကြောက်ရွံ့တုန်လှုပ်သွားသည်။
အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးနောက် ယွီဇစ်ကျန်းအကြံတစ်ခုရသွားသည်။
'ဟုတ်သားပဲ!'
ဒီနေ့ CEO ကျုံးက ဝန်ဖေးရဲ့အခန်းထဲကို ဝင်သွားတယ်။ ကလေးလေးကလည်း အခန်းထဲရှိနေသေးတယ်။
သူမ ယုံကြည်မှုအပြည့်ဖြင့် မော့ကြည့်လိုက်ပြီး အသံထွက်လာသည်။ "ဒီနေ့ မစ်ရှင်ကြောင့်..."
"အိုကေ နောက်တပွဲ" ရှီရန်က သူမ၏ရှင်းပြချက်ကို ဝင်ဖြတ်ပြောလိုက်သည်။
ယွီဇစ်ကျန်း: "?"
ရှင်းပြခွင့်တောင်မပေးဘူးလား??
[ဖူး ဟားဟားဟား]
[ဒါက သေချာပေါက်လက်စားချေတာပဲ၊ ဟားဟား]
[ယွီဇစ်ကျန်းရဲ့မျက်နှာထား ဟားဟားဟားဟား။ တကယ်ရယ်စရာကောင်းတယ်။]
[မာစတာရန်ဘယ်လိုလက်စားချေမလဲဆိုတာကို ဘယ်သူမှခန့်မှန်းလို့မရဘူး။]
[ဒါပေမယ့် ဒီလိုမျိုးလူတွေကို ဝင်ဖြတ်ပြောတာကအရမ်းရိုင်းလွန်းတယ်။]
[ဒါက ရိုင်းတယ်လား။ ယွီဇစ်ကျန်းမေးခဲ့တဲ့မေးခွန်းတွေက ယဉ်ကျေးနေလို့လား။]
မှတ်ချက်များငြင်းခုံနေကြစဉ်တွင် ကတ်များကို ချိုးပြီး၍ နောက်တစ်ပွဲကိုစကစားကြသည်။
လူတိုင်းသည် ၎င်းတို့၏ကတ်များကိုလှန်သောအခါ ရလဒ်သည် ယခင်အကြိမ်နှင့် အတူတူပင်ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ယွီဇစ်ကျန်းက ရှီရန်တစ်ခုခုလုပ်မှန်း သေချာသိသွားသည်။
ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ?
ရှီရန်က ကတ်ချိုးနေချိန် အတွေ့အကြုံမရှိတဲ့ပုံပေါက်နေတာကို။ ကတ်တွေကို သူမ ဘယ်လိုပြောင်းခဲ့တာလဲ?
သူမ၏စိတ်၌မေးခွန်းများပြည့်နက်နေသည်။
"အမှန်တရားလား ခိုင်းတာလုပ်ရဲလား?"
ယခုအချိန်တွင် ရှီရန်၏အသံသည် ယွီဇစ်ကျန်းအတွက် အလွန်ကြောက်စရာကောင်းနေသည်။
သူမ ဝတ်ထားသောဂါဝန်အစနားကို စိုးရိမ်တကြီးကိုင်လိုက်ပြီး ယခင်မေးခွန်းကို တွေးနေမိဆဲပင်ဖြစ်သည်..။
နောက်ဆုံးတော့ သူမ အံကြိတ်ကာ "လုပ်ခိုင်းတာကိုရွေးမယ်" လို့ပြောလိုက်သည်။
"အိုး?" ရှီရန်က မျက်ခုံးပင့်ကာ စိတ်ဝင်တစားပြုံးပြသည်။ "ဒါဆို..."
ယွီဇစ်ကျန်းသည် သူမအား ထိတ်လန့်စွာစိုက်ကြည့်နေသည်။
"ဒါဆို တတိယသခင်လေးချူးအတွက် ဆက်ဆီအကလေးကပြပေး။"