ရှီဝန်ဖေး၏မျက်နှာသည် ဖျော့တော့ကာ နီရဲလာသည်။
ကင်မရာများရှိနေခြင်းကြောင့် သူမ၏ဒေါသကို မျိုသိပ်ထားရန်သာတတ်နိုင်သည်။
အစီအစဉ်အဖွဲ့၏အချိန်ဇယားကိုလက်ခံရရှိပြီးနောက် ရှီရန်သည် "ကိုးနာရီကနေ ဆယ့်နှစ်နာရီအထိ၊ မိဘနှင့်ကလေးအတူတူလေ့ကျင့်ခန်းလုပ်ချိန်" ကို ကြည့်ရှုကာအသံကျယ်ကျယ်ဖတ်လိုက်သည်။
'လေ့ကျင့်ခန်းလား?'
'အဲဒါကလွယ်ပါတယ်။'
သူမသည် ချူးကျင်းချန်း၏လက်ထဲရှိရူရူကိုကြည့်ကာ "အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ကြရအောင်" ဟု ညင်ညင်သာသာပြောသည်။
ချူးကျင်းချန်းသည် ကလေးကိုချီပြီး ရှီရန်နောက်သို့လိုက်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်သူတို့ကမိသားစုသုံးယောက်နဲ့တူနေသည်။
[ငါတော့မကောင်းတဲ့ဖီလင်ရနေတယ်နော်။]
[ရှေ့ကလူတွေ မကောင်းတဲ့ဖီလင်ရနေတယ် +1]
[ဒါပေမယ့် မာစတာရန်ကယုံကြည်မှုရှိတဲ့ပုံပဲ။]
[မိဘနှင့်ကလေးအတူတူလေ့ကျင့်ခန်းက မာစတာရန်အတွက်မခက်တာလည်းဖြစ်နိုင်တယ်။]
ရှီရန်သည် အိမ်အပြင်ဘက်ကိုလမ်းလျှောက်ပြီးကမ်းခြေဆီသို့ဦးတည်သွားသည်။
အခြားဧည့်သည်သုံးဖွဲ့ကလည်း ကလေးများကို အတူတူကစားခွင့်ပေးသည်က ကောင်းသည်ဟုထင်ကြသည်။
ရှီရန်၌ယုံကြည်မှုအပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် သူတို့ကလေးများကိုလည်းခေါ်လာသည်။
တိမ်ထူထပ်သောနေ့ဖြစ်သဖြင့် နေရောင်ကစူးရှစွာမလင်းပေ။
ကမ်းခြေသို့ရောက်သောအခါ ချူးကျင်းချန်းသည် ကလေးကိုအောက်ချလိုက်သည်။
"ပင်လယ်ကြီးပဲ!" ရူရူက ပင်လယ်ကိုလက်ထိုးထိုးပြရင်း ကလေးအသံဖြင့်ပြောသည်။ ကလေးက ပြုံးရယ်နေသည်။
"မိဘနဲ့ကလေးလေ့ကျင့်ခန်းက ပင်လယ်နဲ့သက်ဆိုင်နေတာများလား" ကူကျားမှန်းဆလိုက်သည်။
ရှီရန်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးကျေနပ်နေပုံရသည်။
ထို့နောက် သူမသည် ရူရူကိုငုံ့ကြည့်ကာညင်သာစွာပြုံးလိုက်သည်။ "ရူရူ၊ လေ့ကျင့်ခန်းလုပ်ချိန်ရောက်ပြီ။ကမ်းခြေတစ်လျှောက်သုံးပတ်လောက်ပြေးလိုက်တော့။"
လူတိုင်း :????!!!
[တောင်းပန်ပါတယ် ငါ မထိန်းနိုင်တော့ဘူး ဟားဟားဟားဟားဟားဟားး]
[တစ်ခုခုမှားနေပြီဆိုတာ ငါသိလိုက်တယ်။ မာစတာရန်က "လေ့ကျင့်ခန်း" ဆိုတဲ့စကားလုံးကိုပဲ မြင်တာအသိသာကြီး။]
[အခြားသူတွေက မာစတာရန်မှာအစီအစဉ်ကောင်းတစ်ခုရှိတယ်လို့ထင်နေကြတာ။]
[မာစတာရန်က ဘယ်လောက်တောင်ယုံကြည်မှုရှိနေလဲဆိုတာကိုကြည့်လိုက်ကြဦး]
"မမ ရူရူက ငယ်သေးတယ်လေ။ သူ့အသက်က လေးနှစ်ခွဲပဲရှိသေးတယ်။ သူ့ကို သုံးပတ်လောက်အပြန်ပြန်အလှန်လှန်ပြေးခိုင်းတာတော့လွန်လွန်းတယ်မဟုတ်ဘူးလား။ သူဘယ်လိုခံနိုင်ရည်ရှိမှာလဲ" ရှီဝန်ဖေးက ထိုအခွင့်အရေးအသုံးချကာ ထောက်ပြသည်။
ဒီခွေးမရှီရန်က သေတွင်းတူးနေမှတော့ ငါလည်း ငြိမ်မနေတော့ဘူး။
"သုံးပတ်။ ကျွန်တော်တို့လူကြီးတွေတောင် သုံးပတ်ပြည့်ဖို့ တစ်နာရီကျော်ကြာမှာကို။ ရူရူက အသက်ငယ်လွန်းတယ်။ ကလေးတစ်ယောက်ကို တစ်ခါမှမပြုစုဖူးလို့ မသိတာဖြစ်နိုင်ပါတယ်" ဟု ပိုင်ကျင်းထျန်က ညင်သာစွာပြောသည်။
"ဟုတ်တယ်။ မမက ကလေးကို အရင်ပြုစုဖူးတယ်လို့မထင်ဘူး။ ကလေးတွေက အပူရှပ်ပြီးအလွယ်တကူ မူးလဲလွယ်တယ်" ရှီဝန်ဖေးက ရွဲ့စောင်းပြောသည်။
ရှီရန်က ရွဲ့ကာပြန်လည်ချေပသည်။ "မမက ညီမလေးလောက်တော့ အတွေ့အကြုံဘယ်ရှိပါ့မလဲ။"
"နင်" ရှီဝန်ဖေးအံကြိတ်လိုက်သည်။ သူမ၏မျက်လုံးထောင့်မှ ချူးကျင်းချန်းကအနည်းငယ်မျက်မှောင်ကြုတ်သည်ကို သူမ မြင်လိုက်ရသည်။ ရှီရန်လုပ်နေသည့်အရာကို သူ နားမလည်ပုံပေါက်နေသည်။
"တတိယသခင်လေးက မမထက်တော့ ပိုသိသင့်တယ်မဟုတ်လား။ ညီမလေးစကားကို နားမထောင်ရင် အနည်းဆုံးတော့တတိယသခင်လေးစကားကို နားထောင်သင့်ပါတယ်" လို့ သူမ ဝမ်းသာအားရဖြင့် တမင်တကာပြောလိုက်သည်။
[တတိယသခင်လေးရဲ့ချူးမိသားစုကြီးမှာကလေးတွေအများကြီးရှိလောက်မယ်မဟုတ်လား။ သူ ဘယ်လိုစောင့်ရှောက်ရမှန်းမသိရင်တောင် အရင်က ကလေးတွေကိုပြုစုစောင့်ရှောက်တာကို သူ တွေ့ဖူးမှာပဲ။]
[ဒါကရယ်စရာကောင်းလွန်းတယ် ဟားဟား။ တတိယမြောက်သခင်လေးက လုံးဝကိုနားလည်နိုင်မှာမဟုတ်ဘူး။]
[နောက်ပြီးတော့ သူက ချမ်းသာတဲ့မိသားစုထဲကလေ။ ဖန်လုံအိမ်ထဲမှာနေခဲ့ရတော့ သူ ရှီရန်ကို လုံးဝနားမလည်လောက်ဘူး။]
ပင်လယ်လေက တိုက်ခတ်လာသည်နှင့်အမျှ ချူးကျင်းချန်းသည် မျက်လုံးများကိုကျဥ်းမြောင်းကာ အရှေ့အနောက်ကိုတစ်ချက်ကြည့်လိုက်သည်။
ခဏတွေးတောပြီးနောက် "သုံးပတ်က နည်းနေသလားလို့။ ဒီအကွာအဝေးဆို ကျွန်တော် ငယ်ငယ်တုန်းက အနည်းဆုံးဆယ်ပတ်လောက် ပြေးခဲ့ရတယ်" လို့ သူပြောလိုက်သည်။
[ငါမှားသွားပြီ။]
["ဖန်လုံအိမ်မှာကြီးပြင်းလာတယ်"]
[ဝံပုလွေမွေးမြူတာနဲ့ ကလေးကို ပြုစုပျိုးထောင်တာကအတူတူပဲလားလို့မေးတဲ့သူတွေဆီက ငါ ဘာတွေမျှော်လင့်နိုင်မှာမို့လို့လဲ။]
[သူတို့နှစ်ယောက် တကယ်သာလက်ထပ်သွားရင် သူတို့သားသမီးဖြစ်မယ့်သူက နာကျင်စရာကောင်းနေလိမ့်မယ်။]
[မျက်နှာတည့်တည့်နဲ့ပြေးနေတဲ့ရန်လေးကိုတောင် ငါစိတ်ကူးယဉ်ကြည့်နိုင်တယ်။]
"ရူရူ မင်းက တော်တော်သနားဖို့ကောင်းတာပဲကွ" ရှီဝန်ဖေးနဲ့ကျုံးယူဖန်တို့၏ကလေးက ပြောသည်။
"ရူရူ မင်းမိဘတွေကမင်းကိုမချစ်တာဖြစ်မယ်"
ကျန်ကလေးများအားလုံးက ကလေးဆန်စွာ ပြောနေကြသည်။
ရူရူ၏ကြည်လင်သောမျက်လုံးများသည် ချက်ချင်းပင် မျက်ရည်များဖြင့်ပြည့်နှက်သွားသည်။ သူ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ်စေ့ထားပြီး စိတ်ထိခိုက်နေပုံပေါ်သည်။ "မာမီ၊ ရူရူကို မချစ်ဘူးလားဟင်"
ညှိုးငယ်သောအမူအရာဖြင့် စိုက်ကြည့်နေသောရူရူ၏မျက်နှာကိုတွေ့၍ ရှီရန်ချက်ခြင်းပင် တွေဝေသွားသည်။
ဘာဆက်လုပ်ရမှန်းမသိဘဲ ငုတ်တုတ်ထိုင်၍ ရူရူ၏ကျောကို ပုတ်လိုက်ကာ သူမ၏လက်က တောင့်တင်းနေသည်။ "မာ..မာမီက ရူရူကိုအရမ်းချစ်တာပေါ့"
"တကယ်လား?" တစ်စက္ကန့်အတွင်း ရူရူသည် မျက်ရည်များဖြင့် ရယ်မောလိုက်သည်။
ရှီရန်၏အေးစက်နေသောနှလုံးသားသည် မသိစိတ်ကြောင့်အရည်ပျော်သွားသည်။ သူမက ပြုံးပြီးပြောသည်။"တကယ်ပေါ့"
ဝမ်းသာအားရဖြင့် ရူရူသည် သူမ၏လည်ပင်းအား ကျစ်တုတ်နေသောသူ့လက်နှစ်ဖက်ဖြင့် ရစ်ပတ်ကာ သူမ၏မျက်နှာကိုအာဘွားပေးသဖြင့် ကြည်လင်သောသရေအမှတ်အသားက သူမပါးတွင်ကျန်နေပေသည်။
ရှီရန်၏ဖြူဖွေးသောပါးပြင်နှစ်ဖက် အနီရောင်သန်းလာကာ ရုတ်တရက် တောင့်တင်းသွားသည်။
သူမ ရှက်သွေးဖြာနေသည်။
ချူးကျင်းချန်းသည် သူ့အိတ်ကပ်ထဲ၌လက်တစ်ဖက်ကိုထည့်ထားပြီး သူ့နှုတ်ခမ်းပေါ်မှအပြုံးကနက်ရှိုင်းလာသည်။ သူ၏အေးစက်သောအနက်ရောင်မျက်လုံးများက ရူရူကိုကြည့်နေသည်။
[ချီး!! ရှက်နေတာလား???]
[မာစတာရန်က တကယ်ရှက်သွားတာလား?? ကလေးဆီကနေအနမ်းခံရတာကြောင့်လား??]
[အရင်ကတတိယသခင်လေး သူမနဲ့ အရမ်းနီးနီးကပ်ကပ်ရပ်နေတုံးကတောင် သူမ မျက်နှာကနီရဲမနေဘူး။ အခု ကလေးကြောင့် ရှက်နေတာလား??]
[ ကျေးဇူးပြုပြီး မကျေမနပ်ဖြစ်နေတဲ့ဇနီး၊ အဲ မှားလို့ မကျေမနပ်ဖြစ်နေတဲ့ခင်ပွန်းဖြစ်သူ တတိယသခင်လေးကို ကြည့်လိုက်ကြဦး။
သူ့အမူအရာကို ကြည့်ကြဦးဟေး။]
[နောက်တစ်စက္ကန့်အတွင်း တတိယသခင်လေးက ရူရူကို ဓားနဲ့ထိုးမှာကိုတောင် ငါကြောက်မိတယ်။]
[တတိယမြောက်သခင်လေး : ကလေးတစ်ယောက်ကတောင် ငါ့ထက် ပိုဆွဲဆောင်မှုကောင်းတယ်၊ ဟင့် ဟင့်]
[ကဲကဲအတွဲပေးစားနေတဲ့ပရိသတ်တွေ တော်လောက်ပြီထင်တယ်။ အမူအရာတစ်ခုတည်းနဲ့ ဘယ်လိုတောင်စိတ်ကူးယဉ်နေကြတာလဲ??]
[ငါတော့ ဆွံအသွားပြီ။ နင့် IQ ကိုကယ်တင်ချင်ရင် စခရင်ကိုပိတ်ထားလိုက်။]
"ကလေးလေးကို ဒီမှာပြေးခွင့်ပေးတာက တကယ်မသင့်တော်ဘူး။ မပြေးခိုင်းကြရအောင်" လို့ ချူးကျင်းချန်းက မရေမရာပြောသည်။
ရူရူ၏မျက်လုံးများ တောက်ပလာသည်။
[အဲဒါကို ငါ့ရဲ့အတွဲပေးစားနေတဲ့ပရိသတ်တွေ မြင်ကြလား။ တတိယသခင်လေးက ဘယ်တုန်းကအူလိုနေလို့လဲ??]
[အတွဲပေးစားနေတဲ့ပရိတ်သတ်တွေ မင်းတို့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုမခံစားရဘူးလား။]
[စိတ်ကူးယဉ်လွန်းနေတယ်!]
"နှစ်နာရီကြာလောက် လေထဲဆောင့်ကြောင့်ထိုင်ခိုင်းရမယ်" ဟု ချူးကျင်းချန်းက ပြောသည်။
လူတိုင်း ဆွံအသွားသည်။
ရူရူ: ?
ရှီရန်: ???
[အွန်လိုင်းကဆရာကြီးတွေရေ မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရတယ်ဟုတ်?]
[ရူရူအတွက် ငါ့နှလုံးသားလေးနာကျင်နေတယ်။ သူ့တစ်နေ့တာတော့ သွားပါပြီ။]
[သူက ဟာသအနေနဲ့ပြောတာဖြစ်မှာပါ။ ရူရူကိုလေထဲဆောင့်ကြောင့်ထိုင်ရအောင် သူ ဘာလို့လုပ်မှာလဲ။]
မြင်ကွင်းက ပြောင်းသွားသည်။ အိမ်ရှေ့ခြံဝင်းရှိနားနေရာနေရာ၌
ရှီရန်နှင့်ချူးကျင်းချန်းတို့သည် ကျောက်ကုလားထိုင်များပေါ်တွင် ထိုင်ကာ သစ်သီးများစားကြပြီး ရံဖန်ရံခါ စကားစမြည်ပြောနေကြသည်။
သူတို့နားနေရာနေရာအပြင်ဘက်ရှိကျယ်ပြောလှသောနေရာတွင်ပင် ရူရူ၏မျက်နှာသည် တင်းမာနေပြီး သူ့ခြေထောက်ကို တစ်ဝက်ကွေးထားကာ လေထဲ၌ဆောင့်ကြောင့်ထိုင်နေသည်။
နဖူးမှ ချွေးများရွှဲနေပြီဖြစ်သော်လည်း ရူရူ မလှုပ်ဝံ့သေးပေ။
အခြားအဖွဲ့များမှကလေးများသည် ဧည့်ခန်းထဲတွင် ပျော်ရွှင်စွာကစားကြပြီး ရူရူကိုကြည့်ရန် အခါအားလျော်စွာထွက်လာကြသည်။ "ရူရူက အရမ်းသနားစရာကောင်းတာပဲ" လို့ ပြောရင်းတခစ်ခစ်ရယ်ကြသည်။
ချူးကျင်းချန်းသည် စပျစ်သီးကို အခွံခွာပြီး ရှီရန်၏ပါးစပ်နားသို့ ၎င်းကို ယူလာသည်။
ရှီရန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ဒီနေ့ကျွန်တော်တို့ရဲ့အခန်းကဏ္ဍက ရူရူမိဘတွေလေ။ သုတေသနပြုချက်တွေအရ အချစ်နဲ့ပြည့်နှက်နေတဲ့မိသားစုမှာ ကြီးပြင်းလာတဲ့ကလေးတွေက အခြားကလေးတွေထက် အကောင်းမြင်စိတ်ပိုရှိပြီး ပိုပျော်ရွှင်တယ်လို့ပြောကြတယ်"ဟု သူက အပြစ်ကင်းစွာပြောသည်။
ရှီရန်သည် ပါးစပ်ကိုဖွင့်ကာ သူမ၏ပါးစပ်ဆီသို့ ပို့ပေးလာသောစပျစ်သီးကိုကိုက်လိုက်သည်။
သူမ သတိထားလိုက်သော်လည်း သူမ၏နှုတ်ခမ်းသည် ချူးကျင်းချန်း၏လက်ကိုထိမိသွားသည်။
ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများ နက်မှောင်သွားပြီး ကျေနပ်စွာရယ်မောလိုက်သည်။
[ရူရူက လေထဲဆောင့်ကြောင့်ထိုင်နေရတဲ့အချိန် သူတို့နှစ်ယောက်က ခွေးစာကျွေးနေတယ်။ ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့မိသားစုလဲ။]
[တတိယသခင်လေးက မဟုတ်မမှန်တာတွေပြောတာမှာတကယ်တော်လွန်းတယ်။ သူတို့နှစ်ယောက်က ရူရူရဲ့မိဘတွေအဖြစ် တစ်ရက်ပဲနေရမှာမဟုတ်လား]
[ရူရူ: ခင်ဗျားကြီးတို့နှစ်ယောက်ပျော်နေဖို့ပဲ အရေးကြီးတာ။ သားသားကို ဆွဲထည့်စရာမလိုပါဘူးဂျာ။]
[ရူရူ: လေထဲဆောင့်ကြောင့်ထိုင်နေရတယ် လာအာရုံမစားနဲ့]
[သူတို့နှစ်ယောက် ကလေးရရင် သူတို့မိသားစု ပျော်ရွှင်နိုင်ပါ့မလားတောင် ငါမသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းအများကြီးလုပ်ရမှာတော့သေချာတယ်။]
[သူတို့က လွန်လွန်းနေပြီ။ ဒါက ကလေးကိုနှိပ်စက်နေကြတာမဟုတ်လား။]
[ရူရူမိဘအရင်းတွေက သူတို့အဖိုးတန်သားလေး ဒီလိုဆက်ဆံခံနေရတာကိုတွေ့ပြီး ရင်ကွဲနေလောက်ပြီ။]
[မှတ်ချက်တွေက ချဲ့ကားလွန်းနေပါပြီ။ လေထဲဆောင့်ကြောင့်ထိုင်တာကို ကလေးလုပ်တာက ခန္ဓာကိုယ်အတွက်ကောင်းတယ်လေ။]
[အဲဒါက ခန္ဓာကိုယ်ကိုသန်မာစေတယ်။ ကိုယ်ခံပညာလေ့ကျင့်သူတွေ ငယ်စဉ်ကတည်းကလေထဲဆောင့်ကြောင့်ထိုင်တာကိုလေ့ကျင့်နေကြတာ။]
[ကလေးတွေကို လွယ်လွယ်ကူကူလေ့ကျင့်ခန်းမလုပ်ခိုင်းသင့်ဘူး။ ပြည်သူတွေကတော့ စောဒ ကတက်ကြလိမ့်မယ်။]
ရှီရန်သည် ရူရူသည်းခံနေရသည်ကိုမကြည့်နိုင်တော့သဖြင့် ညှိနှိုင်းလိုက်သည်။ "နာရီဝက်ဆိုရင်ကော ဘယ်လိုသဘောရလဲ"
"မင်းနှလုံးသားက နာကျင်နေပြီလား" ချူးကျင်းချန်းက သူမကို ကြည့်လိုက်သည်။
"အင်း" ရှီရန်ပွင့်ပွင့်လင်းလင်းခေါင်းညိတ်လိုက်သည်။
ချူးကျင်းချန်းသည် စားပွဲပေါ်၌လက်ညိုးကို ခေါက်နေလိုက်ကာ သူ့မျက်လုံးများကခန့်မှန်းရခက်နေသည်။
ခဏအကြာတွင် သူ့ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ပြီး "ချစ်တတ်တဲ့အမေကတော့ ကလေးကို အလိုလိုက်ပြီးဖျက်ဆီးမိလိမ့်မယ်" လို့ပြောလိုက်သည်။