🧶 Chapter 8
ဆင်းရဲလွန်းလို့ အလုပ်ရှာနေရတယ်
တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်ခြင်းဖြစ်ပြီး နှစ်ကြိမ်ဆိုပါက တိုက်ဆိုင်ခြင်းဟူ၍ ပြောမရတော့ပေ။
ရွှီကျိအနေဖြင့် လိထျင်း နှစ်ရက်ဆက်တိုက် အိမ်မပြန်လာခြင်းကိုသာမက သူမည်သည့်နေရာသို့သွားသည်၊ သူဘာလုပ်နေသည်တို့ကိုပါ စိတ်မဝင်စားပေ။ သူက လိထျင်း၏အားနည်းချက်ကို မြန်မြန်သိအောင်လုပ်ပြီး ကွာရှင်းချင်ရုံမျှသာ။
အထူးသဖြင့် သူက နှစ်ရက်ဆက်တိုက် မရပ်မနားအလုပ်လုပ်ခဲ့ရပြီး လိထျင်းကမူ သူ့အိမ်တွင် နေထိုင်ရင်းဖြင့် သူ့ပိုက်ဆံသုံးကာ အပြင်ထွက်ပျော်ပါးနေသည်ဟု တွေးလိုက်မိလျှင် ပို၍ စိတ်မချမ်းမသာဖြစ်ရသည်။
ရွှီကျိက ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့နှာခေါင်းကို ဖျစ်ညှစ်လိုက်ပြီး ပွတ်နေလေရာ သူ၏ မှဲ့လေးတည်ရှိရာ အရေပြားမှာ နီရဲလာသည်။ ရိုက်ကူးရေးပြီးသွားပြီဖြစ်ပြီး အရေးအကြီးဆုံးသော နောက်ဆက်တွဲထုတ်လုပ်ရေး[အဆုံးသတ်ပြင်ဆင်မှု၊အချောသတ်ခြင်း]တို့သာ ကျန်တော့သည်။ သူက နောက်ဆုံးပြင်ဆင်မှု လုပ်ငန်းစဉ်လုပ်နေချိန်တိုင်း နောက်တွင် ကုလားထိုင်တစ်လုံးဖြင့် ထိုင်ကြည့်ရင်း တည်းဖြတ်မှုများနှင့် ရသအနက်ဖွင့်ဆိုမှုကွဲပြားချက်တို့အပေါ် မှတ်ချက်ပေးလေ့ရှိသည်။
ချူချီက ပင်ပန်းနွမ်းနယ်စွာဖြင့် ပုံကျသွားပြီး ညည်းညူပြောဆိုလာသည်။
"ငါ တကယ်ကို ချမ်းသာတဲ့မိသားစုထဲကိုသာ လက်ထပ်ပြီးဝင်လိုက်ချင်တယ် ဒါဆို ငါအလုပ်လုပ်စရာ မလိုတော့ဘူး…"
အနှီ"လက်ထပ်ခြင်း" နှင့် "အလုပ်လုပ်စရာမလို" ဟူသည့် စကားလုံးများက ရွှီကျိကို တစ်စုံတစ်ဦးအား သတိရသွားစေစေကာ သူက ပို၍ပင် စိတ်မချမ်းမသာ ဖြစ်သွားရသည်။
“အား…”
ချူချီက မီးထဲလောင်စာထည့်လိုက်သည်။
“ငါ့ဘေးမှာ ချမ်းသာတဲ့လူတစ်ယောက်လုံးရှိနေရက်နဲ့ အခွင့်အရေးကို မဆုပ်ကိုင်ထားမိဘူးကွာ အခွင့်အရေးရှိတုန်း သတ္တိရှိရှိနဲ့ ရအောင်လုပ်ခဲ့သင့်တာ ကံဆိုးချက်ပဲ…”
ရွှီကျိမှာ စိတ်ဖိစီးလာသည်ကို ခံစားလိုက်ရပြီး သူ၏နာကျင်နေသောမျက်လုံးများကို မှိတ်လိုက်သည်။ သူက သည်းမခံနိုင်တော့ဘဲ ထုတ်ပြောလိုက်မိ၏။
"ပါးစပ်ပိတ်ထား ငါမုန်းမိလာအောင် မလုပ်စမ်းနဲ့…"
ထိုအခိုက်တွင် လိထျင်းက ဖုန်းခေါ်လာသည်။ သူက သက်ပြင်းချကာ လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
“ဟယ်လို...”
လိထျင်းဘက်တွင် အလွန်တိတ်ဆိတ်နေပြီး အသက်ရှူသံသဲ့သဲ့လေးကိုသာ ကြားနေရသည်။
“ခင်ဗျား ဘယ်တော့ ပြန်လာမှာလဲ…”
ရွှီကျိ ချက်ချင်းပင် မျက်လွှာပင့်လိုက်မိပြီး သူ့နှုတ်ခမ်းထောင့်တို့က အသာမြင့်တက်သွားလေ၏။
“ဒီည...”
“ဟုတ်ကဲ့ပါ ကျွန်တော်ခင်ဗျားကို စောင့်နေပါ့မယ် သတိထားပြီး ပြန်လာပါ... ”
လိထျင်းကပြောပြီး ဖုန်းချရန် ပြု၏။ သူက ရွှီကျိကို ညစာချက်ရန်လိုမလိုအား ထပ်မံ၍မမေးတော့ပေ။ မေးလျှင်လည်း အကျိုးမရှိ၍ပင်။ ရွှီကျိတွင် သူနှင့်အတူ တစ်ဝိုင်းတည်းစားလိုစိတ် ရှိမည်မဟုတ်ချေ။
"ခဏလေး…"
ရွှီကျိ၏မျက်နှာထက်၌ စိတ်ဝင်စားစရာတစ်ခုကို ရှာတွေ့သွားသည့် အရိပ်အမြွက်ကလေး ပေါ်လာ၏။
"ငါ့အတွက် ညစာပြင်ထားပေးပါ…"
တစ်ဖက်က အံ့အားသင့်သလို "အာ"ဟူ၍ ဆိုလိုက်ပြီး အတော်ကြာအောင်တိတ်ဆိတ်နေပြီးနောက်မှ လိထျင်းက အတည်ပြုသလိုဆိုသည်။
"ခင်ဗျားအိမ်မှာ စားမှာလား…"
ရွှီကျိက "အင်း"ဟုသာ ပြန်ဖြေ၏။
အတော်ကြာအောင် အံ့အားသင့်နေပြီးနောက် လိထျင်းက အလျင်အမြန်တုံ့ပြန်ကာ မေးလာသည်။
"ကောင်းပါပြီ ခင်ဗျား ဘာစားချင်လဲ…"
"ဘာပဲဖြစ်ဖြစ်…"
ရွှီကျိက ပျင်းရိဟန်ဖြင့် ခြေချိတ်ကာထိုင်လိုက်၏။
"ငါက အစားမရွေးဘူး…"
အစားမရွေးရင် ဘာများဖြစ်မလဲ…
လိထျင်း မေးလိုသွား၏။ သူ တွေးလိုက်မိသည်။ အစားမရွေးဟုပြောကြသူများကသာ အစားအသောက်ကြေးအများတတ်ဆုံးပင်။
*****
ရွှီကျိက တူကိုကိုက်ထားရင်း အမူအရာမဲ့စွာထိုင်နေသည်။ သူက သုံးမိနစ်လုံး မည်သည့်အရံဟင်းကိုမျှ မထိခဲ့ပေ။
သူ့ရှေ့မှ ဟင်းလျာများမှာ အလွန်ပင် စားသောက်ချင်စိတ်ကို ဖြစ်စေပြီး ဟင်းပွဲအလှဆင်ပုံမှာလည်း ပြီးပြည့်စုံနေသည်။ နှမ်းရွက်ဘဲသားနှပ်၊ မြက်ကြက်သွန်မြိတ်ကြက်ဥမွကြော်၊ ရုံပတီသီးဆော့စ်ဆမ်း၊ ဟင်းလျာသုံးမျိုးနှင့် ဟင်းရည်တစ်မျိုး။ကံဆိုးစွာဖြင့် ယင်းတို့အားလုံးက ရွှီကျိမကြိုက်သည့်အရာများဖြစ်နေသည်။
[T/N - နှမ်းရွက်က(perilla leave) ပါ သူကကင်ချီမြေက စားစားနေတဲ့ နှမ်းရွက်ဆိုတာမျိုး၊ ကိုယ်တွေဆီက ဆီထွက်တဲ့နှမ်းမဟုတ်ဘူး။ မြက်ကြက်သွန်မြိတ်ဆိုတာက chiveပါ ဘယ်လိုခေါ်ကြလဲမသိပေမယ့် မြက်လို့ပဲ ခေါ်ဖြစ်လို့]
လိထျင်းက လှည့်ကွက်အသစ်သုံးပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးရန် ရည်ရွယ်ချက်ရှိရှိကြိုးစားနေခြင်းပေလားဟု ရွှီကျိတွေးမိသွား၏။
လိထျင်းက မဟုတ်ကြောင်း ကောင်းကင်ကိုတိုင်တည်၍ပင် သစ္စာဆိုရဲသည်။ သူက မေးလိုက်သည်။
" ခင်ဗျား တစ်ခုမှမကြိုက်ဘူးလား…"
ရွှီကျိက ရုံးပတီသီးပေါ်မှ နံနံပင်တို့ကိုကြည့်ကာ တွန့်ဆုတ်စွာဖြင့် "အင်း"ဟု အသံပြုသည်။
လိထျင်းက ပြောသည်။
"ဒါဆို ခေါက်ဆွဲချက်ပေးရမလား ကြက်ဥခေါက်ဆွဲဆိုရင်ရော…"
“ရတယ် မလိုဘူး…”
ရွှီကျိက ပြန်ပြောလိုက်၏။ သူက လိထျင်း၏ တုံ့ပြန်မှုကိုကြည့်ရန် ပြန်လာခြင်းသာဖြစ်ပြီး အိမ်တွင် ညစာစားရန်စိတ်ကူးက ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်းသာ။
သူ ကြည့်ချင်သည်ကို ကြည့်ပြီးဖြစ်ကာ လိထျင်း၏ သာမန်ဖြစ်လွန်းသော အပြစ်ကင်းသည့်အမူအရာက ယင်းမှာပထမဆုံးအကြိမ်မဟုတ်ကြောင်း အလုံအလောက် ပြောပြပြီးနေပြီပင်။
ဆိုရလျှင် စားပွဲထက်မှ ဟင်းလျာအားလုံးကို ရွှီကျိက မကြိုက်ခြင်းမဟုတ်ပေ။ သူက အနည်းငယ်မျှ အစားရွေးရုံသာ။
ရွှီကျိက တူကိုကောက်ကိုင်ပြီး ဘဲသားတစ်ဖတ်ကိုယူလျက် ပါးစပ်ထဲထည့်လိုက်၏။ အရသာရှိသည်ဟု ပြောရပေမည်။ ဘဲသားက နူးညံ့ပြီး ခရမ်းရောင်နှမ်းရွက်၏ အရသာပြင်းပြင်းက ဘဲညှီနံ့ကို ဖယ်ရှားပစ်၏။
လိထျင်းက မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ညင်ညင်သာသာပြုံးသည်။
"ဒါဆို ခင်ဗျားမကြိုက်တာတွေ ပြောပြပါလား ကျွန်တော် စျေးဝယ်ထွက်ရင် မှတ်ထားလို့ရတာပေါ့…"
"မလိုဘူး ရတယ်…"
ရွှီကျိတွင် သူ မကြိုက်၍ ပယ်ထားသည့် ဟင်းအမည်တို့အား ပြောပြလိုစိတ်မရှိပေ။
လိထျင်းက စားပွဲပေါ် တံတောင်ခံလျက် မှီလိုက်လိုက်ပြီး လက်နှစ်ဖက်ထက်မေးတင်ကာ ဘာလုပ်ရမှန်းမသိသလို ရယ်လိုက်သည်။
"ကောင်းပါပြီ…"
ထိုအမူအရာကိုကြည့်ကာ ရွှီကျိမှာ အစားအသောက်များကိုပင် ပြန်ထွေးထုတ်လိုစိတ်ဖြစ်သွားပြီး ယင်ကောင်နားလျှင်ပင် ကြေသွားအောင် ခြေ၍ရသည်အထိ မျက်မှောင်တင်းတင်းကြုတ်လိုက်၏။
“ငါ့ကို မနှောင့်ယှက်နဲ့တော့…”
လိထျင်းက ဟာသတစ်ပုဒ်ကြားလိုက်ရသလို ပို၍ပင် ရယ်မောလိုက်သေးသည်။
မူလက ရွှီကျိအနေဖြင့် သံသယဖြစ်ရုံသာ ဖြစ်ခဲ့ခြင်းဖြစ်သော်ငြား ယခုမူ လိထျင်းတမင်လုပ်နေခြင်းဖြစ်ကြောင်း သေချာသွား၏။
ညစာစားပြီးနောက် ရွှီကျိက ပုံမှန်လုပ်နေကျအတိုင်း ချက်ချင်း အခန်းထဲသို့ ပြန်မဝင်သွားဘဲ
ဧည့်ခန်းထဲတွင် ထိုင်ကာ တီဗီကြည့်နေလိုက်သည်။
လိထျင်းက ပန်းကန်များကို ပန်းကန်ဆေးစက်ထဲသို့ ထည့်ပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်ချိန်၌ ရွှီကျိတစ်ယောက် ဆိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ အံ့သြသွားပြီး အခန်းဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဒါဆို ကျွန်တော် အခန်းထဲ အရင်ပြန်တော့မယ်နော်…"
ရွှီကျိက သူ့ကို လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။
"အင်း…"
နောက်ထပ်ဗုဒ္ဓဟူးနေ့တစ်ရက်တွင် လိထျင်းက သူပြန်လာမလာနှင့် သူ့အတွက် ညစာချက်ရန်လိုမလိုကို မေးလာသည်။ ဤတစ်ကြိမ်တွင်မူ ရွှီကျိက ဟင်းလျာများကို တိုက်ရိုက်ပင် မှာလိုက်သည်။
"ငါ နံရိုးချိုချဉ်၊ ကြက်ပဲငံပြာရည်နှပ်၊ ရှီတာကီမှိုဝက်သားကြော်နဲ့ အစိမ်းရောင်ဟင်းရည် စားချင်တယ်…"
ဖုန်းတစ်ဖက်မှ ခေတ္တတိတ်ဆိတ်သွားပြီးနောက် လိထျင်းက ပြန်၍ရယ်မောလိုက်ကာ ချိုမြနေသော အသံဖြင့် ပြောလိုက်သည်။
"ရတာပေါ့ ကျွန်တော့်ယောက်ျားက စားချင်မှတော့ ကျွန်တော် ချက်ပေးမှာပေါ့ အိမ်က စောင့်နေမယ်နော်…"
ရွှီကျိက မျက်နှာတည်ဖြင့်ပင် ဖုန်းချလိုက်သည်။
သို့သော်လည်း လိထျင်းချက်ပြုတ်သမျှက တကယ်အရသာရှိသည်ကိုမူ ငြင်းမရပေ။ နှစ်ပတ်အတွင်း တစ်ပတ်လျှင်နှစ်ကြိမ်မျှ စားပြီးနောက် ရွှီကျိမှာ ကိုယ်အလေးချိန်တက်လာသလို ခံစားရသည်။
သူ တစ်ဖက်လူကို တိုက်ရိုက်ရင်ဆိုင်ပြီး မပြောလိုက်ခြင်းက "မြက်ကိုရိုက်ပြီး မြွေကို မခြောက်လှန့်"မိချင်ခြင်းကြောင့်ပင်။ သူက ဤအချိန်ကာလများအတွင်းတွင် တစ်စုံတစ်ရာထူးထူးခြားခြားရှိမရှိကို ရှာဖွေကာစောင့်ကြည့်ချင်မိသည်။ လိထျင်း သူ့ကို ချဉ်းကပ်လာရသည့် ရည်ရွယ်ချက်ကို တိုက်ရိုက်သိလိုခဲ့ခြင်းပင် ဖြစ်၏။
သို့သော်လည်း လိထျင်းက တကယ့်ဇနီးသည်လေးတစ်ယောက်လိုပင် သူပြန်လာတိုင်း အရသာရှိသည့် အစားအစာများကိုပြင်ဆင်ထားတတ်ကာ အိမ်ရှိအရာအားလုံးမှာလည်း စနစ်တကျ ရှိနေတတ်သည်။ သူတို့၏ အဝတ်အစားများကို သီးခြားစီလျှော်ဖွပ်ထားတတ်၏။ တစ်ခါက သူ အဝတ်လှန်းရန် မေ့သွားပြီး အိမ်ပြန်ရောက်သောအခါ သူ့အဝတ်တို့အား ဆိုဖာပေါ်တွင် သပ်သပ်ရပ်ရပ် ခေါက်လျက်သား တွေ့ခဲ့ရပြီး ရနံ့မှာလည်း သင်းပျံ့နေသည်။
ထို့ကြောင့် ရွှီကျိက ထပ်မစောင့်တော့ဘဲ အင်္ဂါနေ့တွင် တိုက်ရိုက်ပင် အိမ်ပြန်လာခဲ့သည်။ သူ ရောက်သွားချိန်တွင် ခန့်မှန်းထားသည့်အတိုင်း လိထျင်း ရှိမနေပေ။ လိထျင်းက ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များ၌သာ ပြန်လာလောက်သည်ဟု သူ့ကိုယ်သူတွေးလိုက်မိသည်။ ကျန်သည့်အချိန်တို့တွင် သူမည်သည့်နေရာသို့ သွားပျော်ပါးနေသလဲကိုမူ မည်သူမှ မသိနိုင်ပေ။
ယခင်က သူတကယ်ပင် လိထျင်းကို သန့်ရှင်းဖြူစင်သည့် လူကောင်းတစ်ယောက်ဟု ထင်ခဲ့ခြင်းပင်။ အများဆုံးဆိုရလျှင် အနည်းငယ်မျှဟန်ဆောင်လုပ်ယူထားခြင်းဟု တွေးမိခဲ့ပြီး အရာအားလုံးက ဟန်ဆောင်ထားခြင်းသက်သက်သာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ရွှီကျိက ကိုယ်အပူချိန် မြင့်မားပြီး အပူလွန်တတ်သူဖြစ်ရာ သူ့အခန်းထဲတွင် ရေဆိုဖာတစ်လုံး ရှိ၏။ သူ ရေချိုးပြီးနောက် ထိုဆိုဖာပေါ် လှဲလိုက်လျှင် ခံစားရသည့် အေးမြမှုက တကယ်ပင် ကောင်းသည်။
လတ်တလောတွင် သူ အလွန်ပင်ပန်းနေ၍ဖြစ်နိုင်၏။ ဘယ်အချိန်က သူအိပ်ပျော်သွားခဲ့သလဲ မသိတော့ဘဲ နိုးလာချိန်တွင် မနက်လင်းနေပေပြီ။
အပြင်ဘက်တွင် တိတ်ဆိတ်နေဆဲဖြစ်၏။ မည်သည့်အသံမျိုးမှမကြားရဘဲ လိထျင်းသည်လည်း ပြန်မရောက်သေးပုံပင်။
ကောင်းလိုက်တာ…
လိထျင်းက နှာခေါင်းရှုံ့လိုက်သည်။ မျက်နှာသစ်သွားတိုက်ကာ ခြေလက်ဆေးပြီးနောက် ပုံမှန်အဝတ်အစားကို ပြောင်းဝတ်လိုက်ပြီး အစားအသောက်စားရန် ထွက်လာခဲ့သည်။
ရပ်ကွက်၏အပြင်ဘက်တွင် တကယ်ကိုအရသာရှိသည့် ဆန်ခေါက်ဆွဲလိပ်ဆိုင်လေး ရှိသည်။ ယင်းက သူ အလုပ်မသွားမီ မဖြစ်မနေစားရသည့် အစားအစာပင်ဖြစ်၏။ သို့ပေသိ ယခုမူ သူက ပြောင်းရွှေ့သွားခဲ့ရရာ ယင်းကို မစားရသည်မှာ ကြာပြီဖြစ်၏။ သို့ဖြစ်၍ သေလောက်အောင်ပင် တောင့်တနေမိသည်။
သူက ဆန်ခေါက်ဆွဲလိပ်နှစ်ပွဲ စားလိုက်ပြီး အိမ်သို့ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ပြန်လာခဲ့သည်။ သူ တံခါးဖွင့်လိုက်သည်နှင့် ဖိနပ်လဲနေသည့် လိထျင်းနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
နှစ်ယောက်လုံးက သတိအပြည့်ဖြစ်သွား၏။ လိထျင်းလှည့်လာချိန်တွင် သူ၏အနက်ရောင်ဆံပင်တို့က သူ၏လှုပ်ရှားမှုနှင့်အတူ တစ်ဝက်ခန့် လွင့်ပျံသွားသည်။ သူ၏ ကော့တက်နေသည့် မျက်လုံးစွန်းတို့က ဘေးဘက်မှကြည့်လျှင် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။ တစ်ချက်ကလေး ဝေ့ကြည့်ရုံမျှဖြင့် လူတစ်ဦး၏ အသက်ပေါင်းများစွာကို ယူသွားနိုင်သည်အထိပင်။
ရွှီကျိက ပထမဆုံး တုံ့ပြန်လာသူပင်။ သူက ကိုယ်ကိုမတ်မတ်ရပ်လိုက်ပြီး မေးကိုပင့်လိုက်ကာ ဘာကိုမှမပြောလာပေ။
လိထျင်းက ရွှီကျိ၏ မျက်နှာအမူအရာကို တကယ်ပင်မကြိုက်ချေ။ ၎င်းက စော်ကားနေခြင်းမဟုတ်သော်ငြား ချမ်းသာသော မိသားစုများမှကလေးများတွင် သဘာဝအတိုင်း ရှိတတ်သည့် မောက်မာမှုနှင့် ကိုယ့်ကိုယ်ကိုယ် သွေးနားထင်ရောက်ခြင်းပင်။
တအားကို စိတ်ရှုပ်ဖို့ကောင်းတယ်…
သူ့မျက်လုံးတို့က ကွေးညွတ်သွားကာဖြင့် မေးလိုက်သည်။
“ဒီနေ့စောပြန်လာတာလား…”
ရွှီကျိက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်သည်။
“စောပြန်လာတာမဟုတ်ဘူး မနေ့ညကပြန်လာတာ...”
လိထျင်း “…”
လိထျင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်လွှာချလိုက်သည်။ သူ့မျက်တောင်ရှည်များက သူ့၏ စိတ်ပျက်နေသည့်အကြည့်ကို ဖုံးကွယ်ထားပေးပြီး သူက ညင်သာစွာ မေးလိုက်သည်။
"ခင်ဗျားသိပြီးပြီပေါ့…"
အံ့သြစရာမလိုအောင်ပင် ရွှီကျိက ဖြေလိုက်သည်။
"အင်း…"
"ဒါဆို ခင်ဗျား စိတ်ဆိုးလား…"
လိထျင်းက သူ့နှုတ်ခမ်းများကိုကိုက်လိုက်ပြီး ဆက်ပြောလာသည်။
ရွှီကျိက နားမလည်သလို မေးလိုက်၏။
“ဘာလို့စိတ်ဆိုးရမှာလဲ…”
လိထျင်းပုံစံက အလွန်ဝမ်းနည်းနေပုံဖြင့် ပြောသည်။
“ခင်ဗျားပြောတာလည်း ဟုတ်တာပဲ စိတ်ဆိုးသင့်ပါတယ် ခင်ဗျားကို အရှက်ရစေမိပြီ...”
လက်ပိုက်လျက် တံခါးကို မှီထားသောရွှီကျိ “…?”
“ဝမ်ယွဲ့အုပ်စုရဲ့ ချွေးမ လိမိသားစုရဲ့ တစ်ဦးတည်းသောသားအနေနဲ့ ..."
လိထျင်း၏အသံက တုန်ရီနေလေသည်။
“ကျွန်တော့်ယောက်ျားရဲ့ အဆင့်အတန်းက အရမ်းမြင့်တယ်လေ ကျွန်တော်ကတော့ ဒီလောက်ကြာအောင် အလုပ်ရှာနေတာတောင် အင်တာဗျူးလေးတစ်ခုတောင် မအောင်သေးဘူး…”
ရွှီကျိက ယင်းမှာ အလွန် ရယ်စရာကောင်းသည်ဟု ထင်မိသွားသည်။ လိထျင်းက ဥာဏ်ပြေးခြင်းဖြစ်နိုင်သလို ထိုသို့မဟုတ်လျှင်လည်း ဤအချိန်အတွက် အချိန်အကြာကြီးတည်းက ပြင်ဆင်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်ပင်။
ရွှီကျိက အေးစက်စက်ပင် မေးလိုက်သည်။
“ဘာအလုပ်မလို့ တစ်ညလုံး အပြင်မှာနေနေရတာလဲ…”
သူ စကားပြောလိုက်သည်နှင့် လိထျင်းမှာ ယင်းက သူလူမိသွားသည့် ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူက စိတ်အနှောင့်အယှက်မဖြစ်သွားဘဲ ခါးသက်သက်သာပြုံးလိုက်ရင်းဆိုသည်။
"ကျွန်တော်အလုပ်ရှာတဲ့နေရာက ဒီနေရာနဲ့အတော်လေးဝေးတယ်… ခရီးသွားလာစရိတ်က စျေးပေါတဲ့ဟိုတယ်မှာ နေလိုက်တာထက် ပိုများနေတော့ ကျွန်တော်ပြန်မလာဖြစ်တော့တာ စိတ်မဆိုးပါနဲ့..."
ရွှီကျိက ထိုသူပြောသမျှ နားထောင်ပေးနိုင်သည်အထိ စိတ်ရှည်နေလေသည်။
လိထျင်းက မျက်မှောင်အသာကြုတ်လိုက်ပြီး သူ့မျက်ဝန်းတို့မှာလည်း ပုတ်ခတ်ပုတ်ခတ်ဖြစ်နေကာမျက်ရည်များ ကျလာတော့မလိုပင်။
“ကျွန်တော် သူတို့ကို လက်ထပ်ပြီးသားလို့ပြောတော့ မိသားစုနဲ့အလုပ်ကို ဘယ်လိုမျှခြေညီအောင် ထိန်းမလဲလိုမေးတယ်... ဒီတော့ကျွန်တော်က သေချာပေါက်ကို မိသားစုက ပထမဦးစားပေးပေါ့လို့ပြောလိုက်တယ်လေ… ကျွန်တော်မှမလိမ်တတ်တာ ကျွန်တော်ဒီလောက်ရိုးရိုးသားသားဖြေပေးတာကို သူတို့က အလုပ်မခန့်ဘူး...”
ရွှီကျိ၏စိတ်မှာ လှိုင်းတစ်စပင်မရှိသည့် ရေပြင်အလား တည်ငြိမ်အေးဆေးနေ၏။
လိထျင်း၏ပုံစံက တကယ့်ကိုဝမ်းနည်းနေပုံပေါက်၏။ သူက သူ၏ဘာမှမရှိသည့်အိတ်ကပ်လေးကို ပုတ်ကာဖြင့် ပြောလာသည်။
"ကျွန်တော့်မှာတကယ်ကို ပိုက်ဆံမရှိတာ ကျွန်တော်က အရမ်းကိုဆင်းရဲတာပါနော်…"
ပထမဆုံးအနေဖြင့် လိထျင်းတွင် ငွေမရှိသည်က မဖြစ်နိုင်ပေ။ ဒုတိယအနေဖြင့် သွားလာရေးစရိတ်က များနေသည်ဟုဆိုခြင်းက သူသွားလာတိုင်း အငှားကားခေါ်သည့် အဓိပ္ပါယ်ပင်။ သူသာ အချိန်တိုင်း ကားငှားဖို့ရာ တတ်နိုင်ပါက ဆင်းရဲသည်ဟုဆိုခြင်းမှာ မဖြစ်နိုင်သည့်အရာပင်။ နောက်ဆုံးအနေဖြင့် သူအငှားကားမခေါ်နိုင်လျှင်ပင် မြို့ပတ်ရထားစီး၍ရပေသည်။ အလျင်လိုနေချိန်များတွင် မြို့ပတ်ရထားက အငှားကားထက်ပင် မြန်သေး၏။
နှစ်ယောက်သားက အချင်းချင်းကြည့်နေကြပြီး စိတ်ထဲတွင် အမှန်တရားကို သိနေကြ၏။ လိထျင်းက လိမ်နေခြင်း၊ သို့မဟုတ်လျှင်လည်း သူက အရှုံးပေးပြီး ဟန်ဆောင်နေသည်ကို ရပ်လိုက်ခြင်းပင်။ သူက ယခုကိစ္စကို ကျော်သွားနိုင်ရန်အတွက် ရွှီကျိ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘာမှဂရုမစိုက်ဘဲ အဓိပ္ပာယ်မရှိသည့်စကားများကို လျှောက်ပြောလိုက်ခြင်းဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ရွှီကျိတွင် သူ့အပေါ် ထိန်းချုပ်ခွင့်ရှိမနေ၍ပင်။
ရွှီကျိက ရှေ့သိူ့ ခြေလှမ်းအနည်းငယ်လှမ်းကာ မေးလိုက်သည်။
“အလုပ်ရှာနေတာလား…”
လိထျင်းက ခေါင်းညိတ်၏။
“ဟုတ်တယ်...”
ရွှီကျိက မျက်ခုံးပင့်လိုက်ပြီး သာမန်ကာလျှံကာဖြင့် နှုတ်ခမ်းတို့ကိုတွန့်ကွေးလိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဒါဆိုလည်း ငါ့ကုမ္ပဏီကို လာလုပ်လေ ကွင်းဆင်းလုပ်ဖို့ လူတစ်ယောက်လိုနေတာနဲ့အတော်ပဲ…”
လိထျင်းက သူ့အား စိုက်ကြည့်လာသည်။
ရွှီကျိက အသံထွက်အောင် ညင်ညင်သာသာလေး ရယ်လိုက်သည်။
“မင်းဘယ်လိုထင်လဲ…”
နှစ်ပေါင်း ၈၀၀ လုံးလုံး ပြောင်းလဲခြင်းမရှိခဲ့သော လိထျင်း၏ အမူအရာမှာ မမျှော်လင့်ဘဲ အက်ကွဲသွားသည်ကို ကြည့်ရင်း ရွှီကျိတစ်ယောက် နောက်ဆုံးတွင် အောင်မြင်မှုကို ကျေနပ်စွာပင် ခံစားလိုက်ရသည်။
🧶🧶🧶