Ch 42
Viewers 11k

(42) ထွက်ခွာခြင်း။

 

ကျွန်မ ရှင်တို့မိသားစုထဲကို လက်ထပ်ပြီးဝင်လာတာလေ.. အကောင်းကိုရော အဆိုးကိုရော မျှဝေခံစားရမှာပေါ့

 

ဆုဆုက သူမရဲ့ လက်သီးကို တင်းတင်းဆုပ်ပြီး ကျိန်ဆိုလာတယ်။

 

ကောင်းပါပြီ

 

လင်းချွမ်က အရှေ့ဘက်ခြံအတွက် နောက်ထပ်အသားတစ်ပိုင်းကို ထပ်ထည့်ပေးလိုက်တယ်။

 

ဒီလိုဆိုရင်  ကိုယ်တို့ အကောင်းအဆိုးကို မျှဝေလိုက်နိုင်ပြီ

 

ဆုဆု သူမရဲ့မျက်လုံးတွေကို ကောင်းကင်ဆီသို့ လှန်ကြည့်လိုက်မိတယ်။ သူမက သူ့ရဲ့မျက်လုံးတွေထဲမှာ ဘယ်လောက်တောင် သိမ်မွေ့ နူးညံ့လွန်းနေတာလဲ။

 

လက်ထပ်ပွဲနေ့အပေါ် လင်းမိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာအရိပ်ဘယ်လောက်တောင် ကျန်နေခဲ့လဲဆိုတာကိုတော့ သူမ ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ။ လင်းချွမ်ကတော့ ဒီဇနီးလေးက ထိလိုက်မိရင်တောင် သွေးထွက်လိမ့်မယ်လို့ ခံစားမိနေတုန်းပဲ။ ဒါကြောင့် သူမကို ကာကွယ်ပေးရလိမ့်မယ်။

 

ဒါပေမယ့် သူက သေသွားမှာမဟုတ်ဘူးလေ။ အနည်းဆုံးတော့ သူတို့ မင်္ဂလာပွဲဆီမှ ပြန်လည်ရရှိလာတဲ့ ပိုက်ဆံနဲ့ ပစ္စည်းတွေကို သူက ပြန်မလိုချင်ခဲ့ဘဲ သူ့ရဲ့မိသားစုထံမှ ဒီဇနီးဖြစ်သူအတွက် ကြက်ဥ အလုံး 20 ကျော်လောက်ကိုသာ တောင်းယူခဲ့တယ်။

 

အမေလင်းကလည်း လက်ရှိပို့ပေးလာတဲ့ပစ္စည်းတွေအကုန်လုံးကို မယူခဲ့ဘူး။ သူမရဲ့သားဖြစ်သူက မနက်ဖြန်မှာထွက်သွားတော့မှာဖြစ်လို့ သူ့ရဲ့ချွေးမဖြစ်သူက ဝမ်းနည်းပူဆွေးနေခဲ့ပြီး အစားအသောက်လည်း ကောင်းကောင်းမစားနိုင်လောက်တာကို သူမ သိနေတယ်လေ။သို့ပေမယ့် သူမ(ဆုဆု)က ငိုယိုတာမျိုးမလုပ်သလို ပြသနာလည်း မရှာခဲ့ဘူး။

 

ညနေပိုင်းကိုရောက်တော့ အမေလင်းက အာလူးနှင့် ကြက်သားတွေကို စတူးချက်ပြီး ပါတီအတွင်းရေးမှူးကို ဖိတ်ခေါ်ခဲ့တယ်။

 

လင်းချွမ်က ပါတီအတွင်းရေးမှုးကို  သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ဇနီးလေးက အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အကြောင်းပြောခဲ့တယ်။ အထူးသဖြင့် နွေဦးရာသီရဲ့အစပိုင်းတွေမှာ လူကြီးတွေရော ၊ လူငယ်တွေရောက တောင်ပေါ်ကိုတက်ကြမှာဖြစ်လို့ သူမအနေနဲ့ စာသင်ဖို့အတွက် ဘယ်သူ့ကိုမှ စည်းရုံနိုင်မှာမဟုတ်ဘူး။ ဒီတော့ သူမ စာသင်ကြားရေးကို မလုပ်နိုင်တဲ့အချိန်တွေမှာလည်း သူ့ရဲ့ဇနီးကို အလုပ်လုပ်ဖို့အတွက် မခေါ်ဖို့အတွက် တောင်းဆိုလိုက်တယ်။

 

ပါတီအတွင်းရေးမှူးက တစ်ဖက်လူရဲ့အစားအစာကို စားသောက်ပြီးနေပြီဖြစ်လို့ သဘာဝအတိုင်း သဘောတူခဲ့ပြီး ထိုအချိန်ကျမှ လင်းချွမ်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။ သူတို့ရဲ့မိသားစုထဲမှာ  အလုပ်လုပ်နိုင်တဲ့လူတွေ အများကြီးရှိတယ်။ ဒီတော့ တချို့သော အစားအစာဝေစုလောက်ကို ချွေတာနိုင်လောက်ပါတယ်။

 

ဒါ့အပြင် သူ့မှာ လစဉ်ထောက်ပံ့ကြေး ၃၈ ယွမ်ရရှိနိုင်တယ်။ သူကိုယ်တိုင် အသုံးပြုဖို့အတွက် ၈ ယွမ်ကို သိမ်းထားပြီး ကျန်တဲ့ပိုက်ဆံတွေအကုန် ပြန်ပို့ပေးမယ်ဆိုရင် သူတို့မိသားစုထဲမှ ကျောင်းသားတွေအတွက် ထောက်ပံ့ကြေးအပြင် သူတို့အတွက် စားစရာနဲ့ သောက်စရာတွေ လုံလောက်သင့်တယ်။

 

သေချာတာပေါ့။ ဒီလစာအတွက် ဝေစုတွေကို သူ မထွက်ခွာခင်မှာ ရှင်းလင်းအောင် ခွဲဝေထားရလိမ့်မယ်။

 

မူလတုန်းကတော့ လင်းချွမ်အနေနဲ့ သူ့ရဲ့ဘဝအပေါ် အတင်းအဖျင်းတွေနဲ့ ဝင်ရောက်စွက်ဖက်တာကို ဂရုစိုက်ခြင်းမရှိဘူး။ သို့ပေမယ့် သူတို့ လက်ထပ်ပြီးနောက်မှာတော့ သူ့ရဲ့ဇနီးသည်က ဒီလို နေရာမျိုးမှာ နေထိုင်ဖို့ မသင့်တော်ကြောင်း ရှာတွေ့ခဲ့တယ်။ သူ့အနေနဲ့ သူမကို   ဂရုတစိုက်နဲ့ နေထိုင်တတ်ဖို့အတွက် သင်ကြားပေးဖို့လိုတယ်။ ဒါမှ သူမက ကိုယ့်ကိုရောင်းစားသွားတဲ့လူအတွက် ငွေကိုကူညီပြီးရေတွက်ပေးတာမျိုး ရှိမလာနိုင်မှာ။ နည်းလမ်းမရှိဘူးလေ။ သူမက ငယ်ရွယ်လွန်းသေးတာကိုး။

 

ဒီတော့ သူ ဆုဆုကိုချန်ထားခဲ့ပြီး အိမ်မှာ အစည်းအဝေးလေးတစ်ခုလုပ်ခဲ့ကြတယ်။ အခြေခံခေါင်းစဥ်ကတော့ သူ ပြန်ပို့ပေးတဲ့ လစာကို နှစ်ပုံခွဲပြီး တစ်ဝက်ကို သူ့ရဲ့ဇနီးသည်ကိုပေးကာ ကျန်တစ်ဝက်ကိုတော့ သူ့ရဲ့မိသားစုဆီကိုပေးလိမ့်မယ်။

 

အဖေလင်းကပြောလာတယ်။

 

တကယ်တော့ မင်းအနေနဲ့ မိသားစုဆီကို ပိုက်ဆံပေးဖို့ မလုပ်သင့်တော့ဘူး.. မင်းက အိမ်ထောင်ကျပြီးသွားပြီလေ..  ဒါပေမယ့် မင်းရဲ့ညီလေးနှစ်ယောက်က ကျောင်းတက်နေတော့ မင်းကို အခွင့်ကောင်းယူရဦးမယ်.. ကောင်းပြီ.. တစ်ဝက်တော့ မပေးနဲ့.. တစ်လကို ဆယ်ဒေါ်လာ ပေးလေ..  ပြီးတော့ မင်းရဲ့မိန်းမက အိမ်မှာ အများကြီး စားနိုင်မှာမှမဟုတ်တာ.. သူ့အတွက် ရိက္ခာ(စားစရိတ်)ကို ငါတို့အိမ်ဘက်ကဝေစုထဲကနေ ထားလိုက်..  သူက ငါတို့ဆီမှာ လာစားလို့ရတယ်.. ဗိုက်မပြည့်သေးဘူးဆိုရင်တော့ မီးဖိုအသေးကိုထပ်ဖွင့်တာဖြစ်ဖြစ် လုပ်လိုက်လေ အဆင်ပြေလား

 

လင်းချွမ်က ခေါင်းညိတ်လိုက်တယ်။

 

ကောင်းပြီ

 

အမျိုးသားနှစ်ယောက်က ပျော်ရွှင်စွာ  စကားပြောနေကြပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ဆုံးဖြတ်လိုက်ကြတယ်။

 

ထို့နောက် လင်းချွမ်က အနည်းငယ် စိတ်ပူစွာနဲ့ပြောလိုက်တယ်။

 

အမေ.. ကျွန်တော်တို့ရွာက တချို့လူက နှလုံးသားထဲမှာ အတွေးတွေ တော်တော်များတယ်.. ကျွန်တော့်ကို ကူပြီး ဆုဆုကို ကြည့်ထားပေးပါလား.. သူမကို တခြားသူတွေ လှည့်စားတာမျိုး မဖြစ်ပါစေနဲ့

 

အမေလင်းက နှုတ်ခမ်းစူပြီး ပြောလိုက်တယ်။

 

ဘယ်ကောလိပ်ကျောင်းသူက တုံးအ,မိုက်မဲတာကိုမြင်ဖူးလို့လဲ.. သူမသာ မျက်စိမှုန်နေမယ်ဆိုရင် ချင်ယွဲ့ယွဲ့နဲ့ တခြားလူတွေကို ဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်နိုင်မှာတဲ့လဲ? မင်းက သူမကို ကလေးတစ်ယောက်လို သဘောထားနေတာပဲ.. သူမက မကြာခင် ကလေးရဲ့ အမေဖြစ်လာတော့မှာနော်

 

လင်းချွမ် ရှက်ရွံ့သွားရတယ်။

 

ဒါက မဖြစ်နိုင်တဲ့အရာပဲလေ။ လုံးဝကို မဖြစ်နိုင်သေးဘူး။

 

ဒါပေမယ့် သူဘာမှပြန်မပြောနိုင်ဘဲ နာခံစွာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ကို ပြန်ရောက်တော့ သူက ဆုဆုကို ထိုအကြောင်းတွေကို ပြန်ပြောပြလိုက်တော့ သူမက သိချင်စွာ မေးလာခဲ့တယ်။

 

ရှင်က မိသားစုကို ဒီလိုမျိုးပိုင်းခြားလိုက်တာလား

 

အနာဂတ်မှာ ပြသနာတွေဖြစ်လာမှာကို ရှောင်ဖို့အတွက် အခုကတည်းက စကားပြောရမယ်.. ဆုဆု နောက်နှစ်ကျရင် မင်း စစ်တပ်ထဲကို ဆွေမျိုးအဖြစ်လာလည်ချင်လား

 

သူက သူမရဲ့မျက်နှာကို အသာထိပြီး ပြောလာတယ်။

 

  နွေဦးထွန်ယက်စိုက်ပျိုးချိန်မှာ မင်းရဲ့ စာတတ်မြောက်ရေး အတန်းထဲမှာ ဘယ်သူမှ ရှိနေမှာမဟုတ်ဘူး.. ဒါကြောင့် မင်း ကိုယ့်ဆီကိုလာပြီး ဆွေမျိုးအဖြစ် ရက်နည်းနည်းလောက်ကြာအောင် နေလို့ရတယ်

 

ဆုဆု လင်းချွမ်ကို ရှက်ရွံ့စွာ စိုက်ကြည့်လိုက်မိတယ်။ ဒီလူက သူမကို ဆွေမျိုးတွေအဖြစ် လာလည်ဖို့ ဘာလို့ တောင်းဆိုနေရသေးတာလဲ ။ သူတို့တွေ ချိန်းဆိုကတိပြုထားပြီးသားဆိုတာ ရှင်းနေတာပဲလေ။  ဒါ့အပြင် သူက အခုချိန်မှာ အလွန်လိုလားတပ်မက်နေပေမဲ့ ထိန်းသိမ်းချုပ်တည်းထားခဲ့ရတုန်းပဲ။ သူမ မတတ်နိုင်စွာနဲ့  ခေါင်းညိတ်ပြီးပြောလိုက်တယ်။

 

ဒါဆို ရှင်ကျွန်မအတွက် စီစဉ်ထားပေးလေ

 

ကောင်းပြီ

 

လင်းချွမ် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်မိပြီး ထွက်ခွာသွားရမှာကို အနည်းငယ် ဝန်လေးနေခဲ့တယ်။ သူ အခု သူမရဲ့ခန္ဓာကိုယ်ကို မပိုင်ဆိုင်ရသေးခင်ကတည်းက အခုလိုမျိုးတွန့်ဆုတ်နေပြီ။ သူတို့သာ အမှန်တကယ် အကြင်လင်မယား ဖြစ်သွားပြီးရင် သူတကယ် ထွက်သွားနိုင်တော့မှာ မဟုတ်လောက်တော့ဘူး။

 

သို့ပေမယ့် အဆုံးမှာတော့ သူသွားကို သွားရဦးမှာပဲလေ။ လင်းချွမ်မနက်အစောကြီးထပြီး အထုတ်အပိုးတွေပြင်ဆင်ကာ ခရိုင်မြို့ကို ဘတ်စ်ကားစီးသွားဖို့အတွက် နယ်မြို့ဆီသို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ ပြါးနောက် ထိုနေရာမှ စစ်တပ်သို့ ရထားစီးပြီးသွားရလိမ့်မယ်။ သူ မထွက်ခင်မှာ ဆုဆုကို အီးမေးလ်လိပ်စာနဲ့ ရုံးဖုန်းနံပါတ်ကို ပေးထားခဲ့တယ်။ ဖုန်းခေါ်ဖို့အတွက်ဆိုရင် ကွန်မြူနတီအထိသွားရမှာဖြစ်ပြီး အလွန် အချိန်ကုန် လူပင်ပန်းလိမ့်မယ်ဆိုပေမဲ့ပေါ့။

 

ဆုဆုက သူမ နေထိုင်ခဲ့တဲ့လက်ရှိခေတ်ကာလမှာ ကိုယ့်ကိုယ်ရပ်တည်နိုင်စွမ်းရှိတဲ့ သန်မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒီကမ္ဘာပေါ်မှာတော့ သူမက လင်းချွမ်ကိုပဲ အမြဲတမ်းယုံကြည်ပြီး မှီခိုနေခဲ့တာ။ ဒါကြောင့် သူ ထွက်သွားတာကိုတွေ့ရဖို့အတွက် အလွန်တွန့်ဆုတ်နေခဲ့ပြီး ရွာဝင်ပေါက်နားထိ သူ့ရဲ့နောက်ကနေလိုက်ပါ ပို့ဆောင်ဆောင်ပေးခဲ့တယ်။ ထိုအချိန်ထိ နှစ်ယောက်သားရဲ့လက်ကိုချိတ်ဆက်ထားဆဲဖြစ်ကာ လွှတ်မပေးချင်ခဲ့ဘူး။

 

လင်းချွမ်သည်လည်း သူမဆီကနေ အလွယ်တကူရုန်းထွက်လိုက်နိုင်တယ်ဆိုပေမဲ့ မျက်ရည်တွေကျဆင်းလုနီးပါးဖြစ်နေတဲ့ သူ့ရဲ့ဇနီးသည်ကိုမြင်တော့ ရုန်းမထွက်လိုက်နိုင်ခဲ့ဘူး။

 

မငိုပါနဲ့

 

သူ့အနေနဲ့ တစ်ဖက်လူရဲ့စိတ်ကို အလျှင်အမြန်မဖတ်နိုင်ဘူးဆိုရင်တောင် အခုချိန်မှာတော့ အသက်ရှူသံတွေလေးလံနေခဲ့တယ်။  ရလဒ်ကတော့ သူ့ရဲ့စကားကိုကြားလိုက်တဲ့အချိန်မှာပဲ တစ်ဖက်လူရဲ့မျက်ရည်တွေက ကျဆင်းလာခဲ့တယ်လေ။

 

လင်းချွမ် အလျင်အမြန်လှမ်းခေါ်လိုက်တယ်။

 

အမေ

 

အမေလင်းက ကောင်းကင်ကိုသာ မော့ကြည့်လိုက်မိတယ်။ သူက အမေလို့ ခေါ်နေတုန်းပဲ။ သူ့ရဲ့ဇနီးကို မပြောနိုင်တော့ သူမကိုပဲ လူဆိုးဖြစ်အောင်လုပ်နေတာမလား။

 

ဒါပေမယ့် တခြားနည်းလမ်းလည်း မရှိဘူးလေ။ ဒီလူငယ်စုံတွဲကို လက်မလွှတ်ခိုင်းပဲ ဒီမှာပဲ ဆက်နေခိုင်းလို့မှမရဘဲ။

 

သူမ  အရှေ့ကိုတက်သွားလိုက်ပြီး ဆုဆုကို လှမ်းကိုင်လိုက်တယ်။

 

အဆင်ပြေပါတယ်.. ချွမ်ဇီကို လွှတ်ပေးလိုက်တော့လေ.. သူအခုမသွားရင် ရထားကို မှီတော့မှာမဟုတ်ဘူး

 

ဆုဆုက သူ့ရဲ့ယောက္ခမ သူမကို အဝေးသို့ဆွဲယူသွားမှာကြောက်တာကြောင့်  ခေါင်းညိတ်လိုက်တယ်။

 

သို့ပေမယ့် လင်းချွမ်က အရှေ့ကိုအလျှင်အမြန်တစ်လှမ်းတိုးလာပြီး ပြောလာပြန်တယ်။

 

ကိုယ့်ဆီကို စာရေးဖို့ သတိရနော်

 

နားလည်ပါပြီ

 

ထင်းတွေပိုပြီးတော့သုံးနော် အအေးမခံနဲ့

 

အမ်

 

မင်း……

 

မြန်မြန်သွားလိုက်တော့ မင်းဘယ်အချိန်ထိ ပြောနေဦးမှာလဲ

 

အမေလင်းက သူ့သားကို မောင်းထုတ်ဖို့ အတွက် လက်ကို ဝှေ့ယမ်းလိုက်တယ်။ သူမက အခြေအနေကို ထိန်းသိမ်းလိုက်ပြီးချိန်မှာတောင် သူ့သားနဲ့ ချွေးမတို့က မခွဲခွာနိုင်သေးဘူး။ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပဲ။

 

လင်းချွမ်က ဆုဆုကို နက်ရှိုင်းစွာကြည့်လိုက်ပြီး နောက်ဆုံးတော့ လှည့်ထွက်သွားခဲ့တယ်။ သူ့အနေနဲ့  ဒီတစ်ခေါက်ပြန်လာခဲ့ချိန်မှာ ပြန်သွားဖို့အတွက်တောင် ခက်ခဲစေမယ့်သေးငယ်တဲ့အရာလေးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူမက သူ့ရဲ့ အနှစ် 20 ကျော်ကြာအောင်အေးခဲနေခဲ့တဲ့ သူ့ရဲ့နှလုံးသားကို အမှန်တကယ် ပျော့ပျောင်းစေခဲ့တယ်။

 

နောက်ဆုံး သူ စစ်တပ်ထဲကို ပြန်ရောက်တယ်ဆိုရင်ပဲ လင်းချွမ်က လျှောက်လွှာကိုရေးသားကာ ဆုဆု စစ်တပ်ဆီကို အလည်ရောက်လာတဲ့အချိန်မှာပဲ သူတို့ရဲ့လက်ထပ်ပွဲအတွက်အတည်ပြုလွှာရရှိဖို့ သွားတင်လိုက်တော့တယ်။

 

သူ လျှောက်လွှာတင်ပြီးလို့ ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သူ့ကိုဝန်းရံလာကြတယ်။ လင်းချွမ်က အိမ်ကို လက်ထပ်ဖို့အတွက် ပြန်သွားတယ်ဆိုတာကို သူတို့သိထားတာကြောင့် လက်ထပ်ပြီးနောက် ဘယ်လိုခံစားရလဲဆိုပြီး သဘာဝကျစွာနဲ့ မေးလာကြတယ်လေ။

 

ဒါပေမယ့် အရင်တုန်း အေးစက်လွန်းတဲ့ သူတို့ရဲ့တပ်ရင်းမှူးက ပြန်လာတဲ့အချိန်မှာ ပိုလို့တောင် အေးစက်နေတာကို တွေ့လိုက်ရလေတယ်။ သူက သူတို့နှင့် စကားတောင် မပြောသလောက်နီးပါးပဲ။ တစ်နေ့လုံး နီးပါးဓာတ်ပုံအသေးလေးကို ကြည့်နေခဲ့ပြီး ထိုဓာတ်ပုံကိုပိုက်ဆံအိတ်ထဲမှာ ထည့်ထားခဲ့တယ်။

 

သူတို့တွေ ထိုဓာတ်ပုံကို လုယူကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် လုံးဝမဖမ်းနိုင်ခဲ့ဘူး။

 

တစ်ခါမှာတော့ သူ ရေချိုးဖို့ သွားနေတဲ့အချိန်မှာ လူတိုင်းက ဓာတ်ပုံကို ခိုးထုတ်ပြီး ကြည့်လိုက်ကြတယ်။ ထို့နောက်မှာတော့ အားလုံးက အံ့သြတကြီးဖြစ်သွားခဲ့ကြလေတယ်။ ထိုပုံက အဖြူအမည်း ID ဓာတ်ပုံသာဖြစ်ပြီး မှုန်ဝါးလို့နေပေမဲ့လည်း ဒီမိန်းကလေးရဲ့ပုံစံက အလွန်ဆုံးအသက် ဆယ်နှစ်လောက်ပဲ ရှိဦးမယ်လို့ထင်ရတယ်။

 

သူတို့ရဲ့ တပ်ရင်းမှူးက သားရဲကောင်ကြီးပဲ!

 

လင်းချွမ်က ရေဇလုံနဲ့အတူ အထဲကိုဝင်လာချိန်မှာတော့ တစ်စုံတစ်ခုကိုဝိုင်းကြည့်နေကြတဲ့ လူအုပ်စုကို မြင်တွေ့လိုက်ရတယ်။ သူ ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရရှိသွားရတာကြောင့် လှမ်းမေးလိုက်တယ်။

 

မင်းတို့  ဘာကိုကြည့်နေကြတာလဲ

 

ထို့နောက်မှာ သူတို့ဆီမှာရှိနေတဲ့ သူ့ရဲ့ပိုက်ဆံအိတ်ကိုမြင်တွေ့လိုက်ရတယ်။

 

ဒီနံစော်နေတဲ့ ကောင်လေးတွေကတော့!

 

သူ ရေဇလုံကို ပစ်ချလိုက်ပြီး သူ့ရဲ့ပိုက်ဆံအိတ်ကို လှမ်းဆွဲဖို့ အရှေ့ကိုတိုးလာခဲ့တယ်။ သူ့ရဲ့ဇနီးလေးက သူနဲ့အတူယူလာဖို့အတွက် ဒီဓာတ်ပုံတစ်ပုံကို ရှာတွေ့ဖို့ အကြာကြီးလိုက်ရှာနေခဲ့ရတာ။ ဒါပေမယ့် သူတို့က တကယ်ကြီး ယူသွားကြတယ်လေ။ သူက စိတ်မဆိုးပဲ နေမှာတဲ့လား!