Ch-23
Viewers 3k

Unicode 


စုချီယွဲ့ အရင်က ကြယ်ပွင့်နောက်ကိုမလိုက်ဖူးသော်လည်း ချင်ဟောက်ချူးနှင့် စွင်းဇီတို့ဟာ အနှီsasaeng fanများအကြောင်း နေ့တိုင်းပြောနေကြသဖြင့် သူတို့အကြောင်းကို ကောင်းကောင်းနားလည်ထားသည်။ 


ဒီလူတွေက ပရိတ်သတ်တွေ လုံးဝမဟုတ်ဘူး၊ သူတို့က idolတွေနောက်ကို အတင်းလိုက်မယ်၊ ချောင်းကြည့်ခိုးကြည့်မယ်၊ သူတို့idolကို မြင်နိုင်သရွေ့ အရာရာလုပ်ကြလိမ့်မယ်။ 


"ဝါး တကယ်ကြီး ကောကောပဲ၊ ကောကော နင့်ရဲ့ နေကာမျက်မှန်ကို ချွတ်ပြီး ငါတို့ကိုပေးကြည့်လေနော်?" 


"ကောကော နင် အရမ်းအေးတိအေးစက်မလုပ်ပါနဲ့၊ ငါတို့ ဒီကို တောက်လျှောက်လာခဲ့ရတာ အရမ်းခက်ခဲတယ်လို့" 


"..." 


ဒီလူတွေက မိုဘိုင်းလ်ဖုန်းတွေ၊ SLR ကင်မရာတွေယူလာကြကာ ဓာတ်ပုံတွေ အသားကုန်ရိုက်နေကြသည်။ တချို့က ထန်ယဲ့အနားကပ်ဖို့တောင် ရူးရူးမူးမူးကြိုးစားလာကြသေးသည်ကြောင့် မြင်ကွင်းက အလွန်ရှုပ်ထွေးနေခဲ့သည်။ 


စုချီယွဲ့ ထန်ယဲ့ကို သူ့နောက်မှာ ကာကွယ်လိုက်ပြီး သူ့နောက်ကဝန်ထမ်းကို ပြောလိုက်သည်။ 


"မင်းနဲ့ ထန်လောင်ရှီး အရင်သွားလိုက်၊ နောက်မှ ငါတို့ပြန်ဆုံကြမယ်" 


စုချီယွဲ့ ရဲကိုဖုန်းဆက်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။ 


ထိုsasaeng fanအုပ်စုက စုချီယွဲ့ ရဲခေါ်နေသည်ကို တွေ့သောအခါ 


"နင်က ငါ့ကောကောအတွက် ဘာလို့ဝင်ဆုံးဖြတ်နေတာတုန်း? ငါ့ကောကောက အမြဲတမ်း သူ့ပရိသတ်တွေကို အလိုလိုက်တယ်ဟဲ့၊ သူဒီလိုလုပ်မှာမဟုတ်ဘူး" 


"အမှန်ပဲ မင်းမှာ ဘာအခွင့်ရှိလို့လဲ? မင်းက အရူးအမူးနာမည်ကြီးချင်နေလို့ ငါ့ကောကောကို နေ့တိုင်းတွယ်ကပ်နေတာပဲ။ ရွံစရာကောင်းလိုက်တာ" 


"ငါလုပ်ရတာပျော်တယ်လေ။ မင်းတို့နဲ့ဘာဆိုင်လဲ? မင်းတို့ ငါ့ဆီလာတားရဲရင် ငါ ရဲကိုခေါ်လိုက်မှာပေါ့။ ငါ ရဲကိုခေါ်ရုံတင်မကဘူး၊ မင်းတို့ တစ်ယောက်ချင်းစီကို ဓာတ်ပုံရိုက်ထားပြီး အင်တာနက်ပေါ်တင်ဦးမှာ။ ပြီးရင် မင်းတို့ရဲ့ ဘိုးဘင်ဘီဘင်၁၈ဆက်ကိုပါ တူးဖော်ဦးမှာ၊ မင်းတို့လို ကျင့်ဝတ်မရှိတဲ့မျိုးဆက်တွေရှိမှန်း မင်းတို့ဘိုးဘေးတွေကို သိခွင့်ပေးရမှာပေါ့!" 


စုချီယွဲ့ ပါးစပ်ဖွင့်ကာ အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။ 


"မင်းတို့က ငါ့ကို ရွံ့စရာကောင်းတယ်လို့ ပြောတယ်ပေါ့လေ? ငါ့အထင်တော့ မင်းတို့ကမှ ပိုပြီးရွံစရာကောင်းနေသေးတာ။ အရမ်းစက်ဆုပ်စရာကောင်းတာပဲ။ မင်းတို့က မဟားတရားကြီးကို စက်ဆုပ်စရာကောင်းနေတာ..." 


sasaeng fanအုပ်စုဟာ စုချီယွဲ့၏ သဘောထားကြောင့် ဒေါသထွက်သွားကြပြီး သူတို့အားလုံး စုချီယွဲ့ဘက်သို့ ရွှေ့လာကြသည်။ 


စုချီယွဲ့ သူ့ဖုန်းကို မြှောက်လိုက်ပြီး 


"လာကြ၊ လာကြ၊ အားလုံးလာကြလေ၊ ကင်မရာထဲမှာ မင်းတို့ ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ရအောင်၊ မင်းတို့မျက်နှာတွေကို လူတိုင်းမြင်ခွင့်ပေးလိုက်မယ်..." 


ထန်ယဲ့က သူ့ကို စိတ်ပူနေမှန်း စုချီယွဲ့ မြင်သော်လည်း ဤနေရာတွင် ထန်ယဲ့က အန္တရာယ်အများဆုံးသူဖြစ်သည်။ ဒီsasaeng fanတွေရဲ့ အကျင့်စရိုက်တွေက ဘယ်လိုလဲဆိုတာ ဘုရားပဲသိလိမ့်မယ်။ ဘယ်သူမှ ထွက်သွားလို့မရသလို မတော်တဆဖြစ်နိုင်ချေလည်းများတယ်။ 


သူကတော့ မတူဘူးလေ။ သူက ကြယ်ပွင့်တစ်ယောက်မဟုတ်သလို ပရိသတ်လည်းမရှိတဲ့အတွက် ဒါတွေကိုမကြောက်ဘူး။ 


ဝန်ထမ်းက ထန်ယဲ့ကို ခေါ်သွားတော့မည်ဖြစ်ကြောင်း သူမြင်လိုက်ရသည့်အခါ အနည်းငယ်စိတ်အေးသွားရ၏။ ဒါပေမယ့် ထန်ယဲ့ ရုတ်တရက်ကြီး ပြန်လှည့်လာပြီး သူ့လက်ကိုဆွဲကာ သူနဲ့အတူတူ ထွက်ပြေးလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲလို့။ သူ့အနောက်မှ ကင်မရာသမားနှင့် ဝန်ထမ်းတို့က ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့တော့သည်။ 


sasaeng fansများက ထန်ယဲ့ ထွက်ပြေးသွားသည်ကို မြင်လိုက်သည်နှင့် အော်ဟစ်ကာ နောက်မှ ပြေးလိုက်ကြလေ၏။ 


စုချီယွဲ့ သူ့အဆုတ်တွေ ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ အရည်အချင်းက အရေးကြီးတယ်ဆိုရင် ဖိအားကလည်း ထပ်တူထပ်မျှ အရေးကြီးသည်ပင်။ ဥပမာ နောက်ကလိုက်နေတဲ့ အရူးအမူးလူတစ်စုရှိနေရင်ပေါ့... 


စုချီယွဲ့နှင့် ထန်ယဲ့တို့လည်း လူအများအပြားရရှိနေသော လယ်သမားဈေးသို့ ပြေးသွားကြသည်။ နှစ်ယောက်သား တိတ်တဆိတ်နားလည်မှုဖြင့် အသားဆိုင်ထဲပြေးဝင်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ကြသည်။ 


သူဌေးက အံ့အားသင့်သွားကာ 


"ဟေး လူငယ်လေး..." 


"ရှူး" စုချီယွဲ့ အမူအရာလုပ်ပြလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။ 


"ကျွန်တော်တို့ကို ဓားပြတွေလိုက်ဖမ်းနေလို့ဗျ ဘော့စ်ရေ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့ ခဏလောက် ပုန်းရပါစေနော်။ စိတ်မပူပါနဲ့ ကျွန်တော် ရဲခေါ်ထားပြီးပြီ၊ ရဲဦးလေးကြီးတွေ သူတို့ကို လာဖမ်းကြလိမ့်မယ်" 


ဘော့စ်က သူ့ခေါင်းကို မော့လိုက်သည့်အခါ ယောက်ျားမိန်းမပါသော လူငယ်တစ်အုပ်က မောဟိုက်စွာ ဝင်လာကြပြီး တစ်ယောက်ယောက်ကို ရှာဖွေနေသည့်အလား လှည့်ပတ်ကြည့်ရှုနေသဖြင့် စုချီယွဲ့၏ စကားကို မယုံမိဘဲမနေနိုင်တော့ချေ။ 


sasaeng fanအုပ်စုက ထန်ယဲ့နှင့် စုချီယွဲ့ကို ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးတွင် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။ 


ထန်ယဲ့နှင့် စုချီယွဲ့လည်း သူတို့ထွက်သွားသည်ကိုမြင်လိုက်၍ သက်ပြင်းချလိုက်ပါတော့သည်။ နှစ်ယောက်သား ထွက်လာကာ စုချီယွဲ့က ဘော့စ်အား ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲပြောနေခဲ့သည်။ 


"ကျေးဇူးပါဗျ ဘော့စ်၊ ကျေးဇူးတင်ပါတယ် ဘော့စ်ရေ" 


စုချီယွဲ့သည် သူ့၏ကျေးဇူးတင်မှုကိုဖော်ပြရန်အတွက် ဘော့စ်ဆိုင်မှ နံရိုးကြီးတစ်ပိုင်းလုံးအပြင် ဝက်ဗိုက်သား ၄မြောင်းကို ဝယ်ယူခဲ့သည်။ 


ထန်ယဲ့ ဖန်းပိုင်ကို ဆက်သွယ်လိုက်ပြီး ယနေ့ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ခိုင်းလိုက်သည်။ ထို့နောက် ဟိုင်နမီဒီယာမှ ကြေညာချက်တစ်ခု ချက်ချင်းထုတ်ပြန်ခဲ့လေ၏။ 


@ ဟိုင်နမီဒီယာ : ကျိုးကြောင်းဆီလျော်မှုမရှိ ကြယ်ပွင့်နောက်လိုက်ခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် - ဟိုင်နမီဒီယာက ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖြစ်ပျက်ခဲ့သမျှ သက်ဆိုင်ရာ အထောက်အထားအားလုံးကို စုဆောင်းထားပြီးပါပြီ။ ကျေးဇူးပြုပြီး ကြယ်ပွင့်တွေနောက်လိုက်ကြတဲ့အခါ ဆင်ခြင်တုံတရားရှိကြပါနော်။ မဟုတ်ရင်တော့ ကျွန်မတို့လည်း တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်မှာဖြစ်ပြီး သည်းခံမှာမဟုတ်တော့ပါဘူး။ [ထုတ်ပြန်ချက်.jpg] 


[ကောကောကို တကယ်ချစ်ရင် ကောကော ချိန်းတွေ့နေတာကို လိုက်မနှောင့်ယှက်နဲ့လေ အိုကေ?] 


[ကောကောက အရမ်းသနားဖို့ကောင်းတာပဲ၊ ရုပ်ရှင်လည်းပြီးအောင်မကြည့်ရတဲ့အပြင် နောက်ကလည်း လိုက်ခံနေရသေးတယ်] 


[ကောကော ဘယ်သွားသွား အနီးအနားမှာရှိနေတဲ့ ထန်ပရိသတ်တွေ သွားမနှောင့်ယှက်ပါနဲ့လို့ ငါ မေတ္တာရပ်ခံပါတယ်နော်! ] 


[ကျေးဇူးပြုပြီးတော့ နာမည်ကြီးတွေကလည်း လူသားတွေပါပဲနော်။ သူတို့လည်း သာမန်ဘဝတစ်ခု လိုအပ်တယ်လေ] 


[အဲဒီsasaeng fanတွေက အရမ်းကြောက်စရာကောင်းတာပဲ၊ ငါ့ကောကောနဲ့ စုချီယွဲ့ အန္တရာယ်မရှိလောက်ပါဘူးနော်] 


[ဝန်ထမ်းတွေက သူတို့ကို လိုက်မမီဘူးဆိုတော့ အခု ဘယ်လိုဖြစ်နေလဲ ငါမသိတော့ဘူး] 


[sasaeng fanတွေက ပရိသတ်တွေမဟုတ်ဘူး ! ! ! ] 


[ကျေးဇူးပြုပြီး ငါ့ကောကောကို ကာကွယ်ပေးကြပါလားဟင်? ကောကောရဲ့ သတင်းတွေရှိရင် ငါ့ကို အမြန်ဆုံးပြောပြပေးကြပါနော်] 


ထန်ယဲ့ လှည့်ကြည့်လိုက်သည့်အခါ စုချီယွဲ့က အသားတွေအများကြီးဝယ်ထားပြီး ဆိုင်ရှင်ဘော့စ်နှင့် *ရှုန်းတိတွေသဖွယ် စကားပြောနေသည်ကို တွေ့လိုက်ရလေ၏။ မူလက မှုန်မှိုင်းနေသော စိတ်အခြေအနေမှာ ရုတ်ချည်း အများကြီးကောင်းမွန်လာသော်လည်း သူ့စိတ်ထဲတွင် အလွန်ဝမ်းနည်းနေမိသည်။ 

(*ရှုန်းတိ = ညီအစ်ကို) 


မူလက သူသည် စုချီယွဲ့နှင့် သာမာန်လူတွေလိုမျိုး ချိန်းတွေ့ချင်ခဲ့ပေမယ့် ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့။ 


သူတို့က ခရိုင်မြို့သို့ စိတ်ကူးပေါက်ရာ လာခဲ့ကြပေမယ့် ဒီsasaeng fanတွေ ဒီလောက်မြန်မြန်ရောက်လာကြမယ်လို့ မထင်ထားခဲ့။ တချို့လူတွေကို သူ ကောင်းကောင်းသိနေတယ်၊ သူတို့ ဒီလိုမျိုး သူ့နောက်ကိုလိုက်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ။ ဒီတစ်ခါ သူတို့ ဒီကို တစ်ရက်ကြိုပြီး ရောက်လာပုံရသည်။ သူတို့(TY & SCY) ခရိုင်မြို့ကို ရောက်မနေခဲ့ဘူးဆိုရင် ဒီsasaeng fanတွေက အပန်းဖြေစခန်းကို သွားနေမှာကို ကြောက်မိတယ်။ 


ထန်ယဲ့ လယ်သမားဈေးကို လျှောက်ပတ်ကြည့်ကာ အမဲသား၊ သိုးသားအပြင် ဟင်းခတ်အမွှေးအကြိုင်အချို့၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစွာ ဝယ်ယူခဲ့သည်။ 


ပစ္စည်းများရွေးပြီးသည့်နောက် ဖန်းပိုင်နှင့် ဝန်ထမ်းတို့က သူတို့ကို လာကြိုခဲ့ကြသည်။ 


လူတစ်စုက အိတ်ကြီးအိတ်ငယ် နှစ်အိတ်ဖြင့် ပြန်လာကြသည်။ 


စုချီယွဲ့က ရိက္ခာအပြည့်အစုံကို ကြည့်ပြီး ပြောလာခဲ့သည်။ 


"ကျွန်တော်တို့ ဒီနေ့ အများကြီးရခဲ့တာပဲ" 


"ပြန်ရောက်ရင် အရသာရှိတာလုပ်ကျွေးမယ်နော်" 


အပြန်လမ်းတွင် ထန်ယဲ့၏ ဖုန်းမြည်လာလေ၏။ 


"ထန်ကျုံ့ဟိုင်" ဟူသော စာလုံးသုံးလုံးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းချပစ်လိုက်သည်။ 


ထန်ကျုံ့ဟိုင် သုံးကြိမ်ဆက်တိုက် ဖုန်းခေါ်သော်လည်း ထန်ယဲ့က လုံးဝမဖြေသဖြင့် ထန်ယန့်ချန် ဖုန်းခေါ်လာပြန်သည်။ 


"ကော မင်း..." 


ထန်ယဲ့အသံမှာ အေးစက်နေပြီး ခံစားချက်မရှိစွာဖြင့် 


"မင်းကို ဖုန်းခေါ်ခိုင်းတဲ့သူက ထန်ကျုံ့ဟိုင်ဆိုရင် ငါတို့ စကားဆက်ပြောစရာမလိုဘူး" 


"မလုပ်ပါနဲ့ ကော၊ ဖုန်းမချလိုက်နဲ့နော်" 


ထန်ယန့်ချန်က ထန်ယဲ့ဖုန်းချပစ်လိုက်မည်ကို ကြောက်နေမိသည်။ 


"ငါ အခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး မင်းကို စိတ်ပူနေတာ။ မင်း အဆင်ပြေရဲ့လား?" 


"အရမ်းပြေတယ်" 


"စုချီယွဲ့ရော?" 


ထန်ယန့်ချန်က မေးလိုက်၏။ 


"ထန်ကျုံ့ဟိုင်က မင်းကို မေးခိုင်းတာလား?" 


ထန်ယန့်ချန် ခေတ္တရပ်သွားပြီး 


"ကော မနက်ဖြန် ဒီအပိုင်းရိုက်ကူးပြီးသွားရင် အိမ်ပြန်လာလို့ရမလား? ပါးက မင်းကို အရမ်းသတိရနေတယ်" 


ထန်ယဲ့ ထေ့ငေါ့စွာဖြင့် 


"မလာဘူး" 


"ကော စုချီယွဲ့ မှာ အမေရှိသေးတယ်နော်" 


ထန်ယန့်ချန် ပြောလိုက်သည်။ 


"မင်း ဘာကိုဆိုလိုတာလဲ?" 


ထန်ယန့်ချန် ခေတ္တရပ်လိုက်ပြီး 


"ကော မင်းက ပါးပါးကို ဆန့်ကျင်နိုင်ပေမယ့် စုချီယွဲ့က မလုပ်နိုင်ဘူးလေ။ မင်း သူ့ကို မထိခိုက်စေချင်ဘူး မဟုတ်လား? သူနဲ့ သူ့မိသားစုဘေးမှာ ၂၄ နာရီပတ်လုံး မင်းရှိနေမယ်လို့ အာမခံနိုင်လို့လား?" 


ထန်ယဲ့ သူ့နှုတ်ခမ်းအစုံကိုဖိကာ သူ့ဘေးမှာ အိပ်ပျော်နေပြီဖြစ်သော စုချီယွဲ့ကို ကြည့်လိုက်ပြီး 


"ငါ မနက်ဖြန် ပြန်လာမယ်" 


"ကောင်းတယ် ကော၊ တကယ်တော့ ကောနဲ့ ပါးပါးကြားမှာ နားလည်မှုလွဲနေကြတာပဲလေ၊ မင်းတို့ စကားကောင်းကောင်းပြောနိုင်မယ်လို့ ငါမျှော်လင့်တယ်" 


ထန်ယန့်ချန် ခဏလောက်စဉ်းစားလိုက်ပြီးမှ 


"ဒါနဲ့ ကောရေ စုချီယွဲ့ကိုပါ ခေါ်လာခဲ့လေ၊ ငါတို့အားလုံး သူ့ကိုတွေ့ချင်နေကြတာ" 


"သူ့မှာအချိန်မရှိဘူး!"



စာရေးသူမှာ ပြောစရာရှိပါတယ်။ 


ထန်ယဲ့: မင်းငါ့ကို မနက်စာကူပွန်လေးပဲ ပေးချင်တယ်ပေါ့? 


ဝန်ထမ်း (တုန်တုန်ယင်ယင်ဖြင့်): မင်းသားက ဒီဆုကို ကျေနပ်ပုံမရဘူး၊ ဘာလုပ်ရမလဲဟင်? အွန်လိုင်းမှာ စောင့်နေပါတယ်ဗျာ၊ အရမ်းအရေးကြီးနေပြီလို့ ~ 


xxx