Ch-22
Viewers 3k

Unicode


[ဟား ဟား ဟား သူတို့က မနက်စာကူပွန်နှစ်စောင်ပဲ ထန်ကောကို ပေးချင်တာတဲ့လား?] 


[ငါ့ကောကော အရမ်းမကျေမနပ်ဖြစ်နေတာ အသိသာကြီးနော်၊ ငါ့ရဲ့ အေးတိအေးစက်ကောကော ပြန်ရောက်လာပြီ] 


[ထန်ယဲ့ : မင်းတို့ ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုပေးရမယ်! ] 


ဝန်ထမ်းလေးက အေးစက်စက်မျက်နှာထားရှိသောထန်ယဲ့ကို ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် 


"မင်း... မင်း ဘာလိုချင်လဲ?" 


ထန်ယဲ့ ခဏလောက်စဉ်းစားလိုက်ပြီး 


"ကားတစ်စီးလိုချင်တယ်" 


ဝန်ထမ်းလေးက ဒါရိုက်တာအဖွဲ့အား စိတ်ဆင်းရဲစွာဖြင့် အချက်ပြချက်တစ်ခုပေးပို့လိုက်ပြီးနောက် နားကြပ်မှ ဒါရိုက်တာ၏အသံကို ကြားလိုက်ရသည်။ 


ထို့နောက် ဝန်ထမ်းလေးက ထန်ယဲ့ဘက် ချက်ချင်းခေါင်းလှည့်လာကာ 


"ဒီမနက်စာကူပွန်က အပိုဆုကြေးတစ်ခုပါပဲ။ တောင်တက်ခြင်းအတွက် မင်းရဲ့ပထမဆုက ၁၂ နာရီကြာသုံးပိုင်ခွင့်ရှိတဲ့ ကားတစ်စီးပါ။ နောက်မှ ကားသော့ကို စုချီယွဲ့ဆီ ပို့ပေးလာပါလိမ့်မယ်" 


ထိုအခါမှ ထန်ယဲ့လည်း မနက်စာကူပွန်ကို ကျေကျေနပ်နပ်ယူပြီး တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသွားတော့သည်။ 


[ပရိုဂရမ်အဖွဲ့က တအားဘက်လိုက်လွန်းတာပဲ။ ထန်ယဲ့က ကားတစ်စီးတောင်းတာနဲ့ တစ်စီးပေးလိုက်ကြတယ်။ တခြားအဖွဲ့က ဧည့်သည်တွေကိုကျတော့ ဘာလို့မပေးလဲ? ] 


[ငါ့အထင်တော့ ထန်ယဲ့က တခြားလူတွေအတွက် တိုက်ခိုက်ပေးတာပဲ။ မင်းတို့ကြည့်လိုက်လေ၊ နောက်ဆုံးဧည့်သည်အဖွဲ့ဆို မနက်စာကူပွန်မရရုံတင်မက ဒီနေ့အတွက် ဟင်းချက်စရာတွေရောပဲ] 


[ငါရောပဲ၊ အစကတော့ ပထမဆုက VIPမနက်စာကူပွန်သာဖြစ်ရင် နောက်ဆုံးအဖွဲ့က ဘာမှမရမှာကိုပဲ စိုးရိမ်မိတယ်] 


[ဒီတော့ ထန်ယဲ့က စုချီယွဲ့နှင့် ဒီနေ့ဘယ်သွားမှာပါလိမ့်?] 


စုချီယွဲ့ တစ်ယောက်တည်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလျက်၊ များမကြာမီတွင် ဝန်ထမ်းက ကားသော့ကို လာပို့ပေးခဲ့သည်။ 


"ဒါက ထန်လောင်ရှီးရခဲ့တဲ့ဆုလား?" စုချီယွဲ့ မေးလိုက်သည်။ 


ဝန်ထမ်းက ခေါင်းညိတ်ပြလိုက်၏။ 


ထန်ယဲ့ပြန်ရောက်ပြီးနောက် ရေချိုး၊ အဝတ်အစားလဲကာ စုချီယွဲ့ကို မနက်စာစားရန် အပန်းဖြေစခန်းသို့ ခေါ်သွားခဲ့သည်။ 


စုချီယွဲ့ ပန်ကိတ်ကြော်စားနေစဥ် ထန်ယဲ့က သူ့ထံ ဖုန်းကမ်းပေးလာခဲ့သည်။ 


စုချီယွဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး 


"ကျွန်တော့်ကိုပြတာလား?" 


"ဒီနေ့ နေထွက်တာ" 


တာ့ရန်တောင်ထိပ်မှ လှမ်းကြည့်ပါလျှင် နေရာတိုင်း စိမ်းလန်းစိုပြေနေပြီး အဝေးရှိ တောင်တန်းနှစ်ခုကြားကနေ နေလုံးကြီး တဖြည်းဖြည်းမြင့်တက်လာသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်... 


"တာ့ရန်တောင်ထိပ်က ရှုခင်းတွေက ပြိုင်ဘက်ကင်းလွန်းတယ်လို့ လူတွေပြောကြတာ အံ့သြစရာမဟုတ်ဘူးပဲ" 


စုချီယွဲ့လည်း ထန်ယဲ့ဆီ ဖုန်းပြန်ပေးလိုက်ပြီး 


"နောက်ကျ ကျွန်တော့်WeChatဆီ ပို့ပေးလေနော်။ ကျွန်တော် အမှတ်တရသိမ်းထားချင်လို့" 


"အခွင့်အရေးရရင် နေထွက်တာကြည့်ဖို့ ကိုယ် မင်းကို ခေါ်သွားပေးမယ်" 


ထန်ယဲ့က ဗွီဒီယိုကို စုချီယွဲ့၏ဖုန်းသို့ ပို့ပေးခဲ့သည်။ 


[စုချီယွဲ့ ဘယ်တုန်းက ကောကောရဲ့ WeChat ID ကိုရသွားသလဲဆိုတာ သတိထားမိတဲ့သူ တစ်ယောက်ယောက်ရှိလားဗျို့?] 


[အရင်ကတည်းက ရှိတာထင်တယ်နော်၊ ရှိုးမှာတော့ တစ်ယောက်နဲ့တစ်ယောက် WeChatအပ်တာ မတွေ့မိဘူး] 


[စုချီယွဲ့က တကယ့်ကို အကြံကြီးတဲ့ခွေးပဲ။ ဟိုတခါ ထန်ယဲ့ကားကို သူလိုက်စီးတုန်းက တစ်ခုခုဖြစ်သွားတာပဲဖြစ်ရမယ်။ ဒီရှိုးမှာပါဖို့ ထန်ယဲ့ကို သူဘယ်လိုခြိမ်းခြောက်ထားလဲမသိဘူးကွာ] 


[သူ နာမည်ကြီးချင်လွန်းလို့ ရူးနေပြီထင်ပါ့၊ အပြစ်ကင်းသလို ဟန်ဆောင်နေတာများ၊ သူ့နှလုံးသားထဲမှာ ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ! ] 


ကွန်မန့်များ စတင်လမ်းလွဲလာသည့်အခါ ထန်ယဲ့ပရိသတ်များက ခုခံကာကွယ်ရန် ချက်ခြင်းပြေးထွက်လာကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကောကောရွေးချယ်ထားတဲ့လူက အကောင်းဆုံးပဲဖြစ်ရမယ်၊ ဘာမှချေပခွင့်မရှိဘူး။ 


မနက်စာစားပြီးနောက် ထန်ယဲ့က စုချီယွဲ့နှင့်အတူ အပန်းဖြေစခန်းမှထွက်လာကာ အနီးဆုံးခရိုင်မြို့သို့ ကားမောင်းထွက်ခဲ့သည်။ သူတို့ကားထဲမှာ ကင်မရာသမားနှစ်ယောက်ပါလာပြီး ပရိုဂရမ်အဖွဲ့သားအားလုံးက နောက်တစ်စီးဖြင့် နောက်ကနေ လိုက်လာကြသည်။ 


ကားသည် တစ်လမ်းလုံး အရှိန်ပြင်းပြင်းမောင်းနှင်နေကာ ကားပြတင်းပေါက်အပြင်ဘက်၌ သစ်ပင်ပန်းမန်မျိုးစုံနှင့် တောရိုင်းပန်းများရှိနေသဖြင့် ရိုက်ချက်တိုင်းဟာ screensaverအဖြစ် အသုံးပြုနိုင်သည့် မြင်ကွင်းလှလှလေးဖြစ်နေလျက်။ 


"ကျွန်တော်တို့ ဘယ်သွားနေတာလဲဟင်?" 


စုချီယွဲ့ မေးလိုက်သည်။ 


ထန်ယဲ့: "ချိန်းတွေ့မလို့လေ" 


စုချီယွဲ့ : ... ငါ ဘာလို့ နည်းနည်းလေး ချိုမြိန်နေသလို ခံစားရတာလဲနော်? 


စုချီယွဲ့ သူ့ဖုန်းကိုထုတ်ကာ ပိုင်တုကို မေးမြန်းလိုက်၏။ 


'စုံတွဲတွေ ချိန်းတွေ့တဲ့အခါ ဘာလုပ်ကြလဲ?' 


ကင်မရာက စုချီယွဲ့၏ ဖုန်းစခရင်ကို စကင်န်ဖတ်လိုက်ရာ အနှီစာလုံးကြီးကြီးများဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ တိုက်ရိုက်ပေါ်လာပါတော့သည်။ 


[ကိုယ်ရေးကိုယ်တာရိုက်ကူးရေးရဲ့ အရေးပါမှု! ] 


[ဟား ဟား ဟား ဒါဆို စုချီယွဲ့ အရင်က တစ်ခါမှ မချိန်းတွေ့ဖူးလို့ ပိုင်တုမှာ အပြေးအလွှားသွားမေးနေတာပေါ့လေ?] 


[ငါသာ ကောကောနဲ့ ချိန်းတွေ့မယ်ဆိုရင် သရဲကားကြည့်မယ်၊ သရဲခြောက်တဲ့အိမ်သွားမယ်၊ ပြီးရင် ဟိုတယ်သွားကြမယ်၊ ရေချိုးပြီးရင် နမ်းမယ်၊ ဖက်မယ်၊ အမြင့်ကိုပျံသန်းမယ်ဟေ့ !!! ] 


[စုချီယွဲ့က တစ်ခါမှ ရည်းစားမထားဖူးဘူးလား? ဒါ့ကြောင့် သူ့မှာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာမှသတိမထားမိတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ] 


[စုရှောင်ကောကောက အရမ်းချစ်စရာကောင်းတာပဲ။ အွန်လိုင်းဆီသွားပြီး ပိုင်တုမှာမေးရမယ်မှန်း သိနေတယ်တော့်] 


စုချီယွဲ့ မည်သို့ချိန်းတွေ့ရမည်နည်းဟု ရှာဖွေနေစဥ် သူ့ WeChatမှာလည်း ပေါက်ကွဲလာလေပြီ။ ချင်ဟောက်ချူးနှင့် အခြားသူများက သူ့ဆီ မက်ဆေ့ချ်တွေ ရူးသွပ်စွာ ပို့နေကြသည်။ 


ချင်ဟောက်ချူး : [မင်းဖုန်းရဲ့ ဖန်သားပြင်ကို တိုက်ရိုက်ထုတ်လွှင့်နေတယ်ကွ] 


စုချီယွဲ့ ရုတ်ချည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ကင်မရာက သူ့မျက်နှာကို ရိုက်မိသွားရာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံး အော်ဟစ်နေကြပါတော့သည်။ 


"အား အား အား ဒါ ဘယ်လိုတောင်နတ်သားဆန်တဲ့မျက်နှာမျိုးလေးလဲ! ] 


စွင်းဇီ : [ဖာ့ခ် ဒါ အချစ်ရဲ့ အာဟာရတွေလား? မင်းရဲ့ မျက်နှာက အရမ်းချောနေတယ်ကွ] 


စုချီယွဲ့ သူ့ကိုယ်ကိုစောင်းကာ WeChatကို အမြန်ပြန်ဖြေပြီးနောက် သူ့ဖုန်းကို ဘေးဖယ်လိုက်တော့သည်။ 


တစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ခရိုင်မြို့သို့ ရောက်လာလေပြီ။ 


ထန်ယဲ့: "မင်းသွားချင်တဲ့နေရာတွေရှိလား? ဒါမှမဟုတ် မင်းလုပ်ချင်တာတစ်ခုခုရှိလား?" 


စုချီယွဲ့မှာ အတွေ့အကြုံမရှိသဖြင့် "ကော စီစဉ်လို့ရပါတယ်ဗျ" 


ထန်ယဲ့ ခရိုင်မြို့ရှိ အကြီးဆုံးရုပ်ရှင်ရုံ၌ ကားပါကင်ထိုးလိုက်ကာ 


"ရုပ်ရှင်ကြည့်ရင်ရော ဘယ်လိုလဲ?" 


"ကောင်းပါတယ်" 


စုချီယွဲ့ ရုတ်တရက်ကြီး အနည်းငယ်စိတ်လှုပ်ရှားလာလေပြီ။ သူ အရင်က သူ့ရဲ့ 'ချစ်သူ'နှင့် ရုပ်ရှင်တစ်ခါမှမကြည့်ဖူးဘူးလေ။ အတန်းဖော်သူငယ်ချင်းတွေနဲ့အတူတူသွားတာနှင့် ဘာကွာမလဲ သူမသိဘူးလို့။ 


ထန်ယဲ့က သူ့ကိုယ်သူ သေချာဖုံးကွယ်လိုက်ပြီးနောက် လက်မှတ်သွားဝယ်လိုက်၏။ ထို့နောက် ပေါက်ပေါက်တစ်ဘူးဝယ်ကာ စုချီယွဲ့လက်ထဲ ထိုးထည့်ပေးလာပြီး 


"ကိုယ့်ကိုခဏစောင့်ဦးနော်" 


ထန်ယဲ့၏ကျောပြင် ပျောက်ကွယ်သွားသည်ကို စုချီယွဲ့ကြည့်နေရင်း ထိုင်စရာတစ်နေရာရှာပြီး ပေါက်ပေါက်ဆုပ်စားကာ သူ့ပြန်အလာကိုစောင့်နေလိုက်သည်။ 


ခဏအကြာ ထန်ယဲ့ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်နှင့် ပြန်ရောက်လာပြီး သူ့ဆီ ကမ်းပေးလာလေသည်။ 


စုချီယွဲ့က ထန်ယဲ့လက်ထဲမှာ ဘာမှရှိမနေတာကို တွေ့လိုက်ရသည့်အခါ မေးလိုက်၏။


"ကောအတွက်ရော?" 


"ကိုယ်က ဝိတ်လျှော့ဖို့လိုတယ်" 


စုချီယွဲ့ : ... 


"မင်းကတော့ အရမ်းပိန်နေလို့ ဝိတ်လျှော့စရာမလိုဘူး" ထန်ယဲ့ ဆက်ပြောလာခဲ့သည်။ 


စုချီယွဲ့က အဆီပိုမရှိသော ထန်ယဲ့ကို အထက်အောက်ကြည့်လိုက်၏။ သည့်နောက် သူက ပေါက်ပေါက်ဆုပ်ကိုယူကာ ထန်ယဲ့ပါးစပ်ထဲထည့်ပေးလိုက်၏။ 


"ဟုတ်ပါပြီ၊ အစာစားပြီးမှပဲ ဝိတ်လျှော့ဖို့ ခွန်အားရှိမှာလေ" 


ပေါက်ပေါက်၏ ချိုမွှေးမွှေးရနံ့လေးဟာ သူ့ပါးစပ်တစ်ခုလုံးမှာ ပျံ့နှံ့သွားလျက်။ ထန်ယဲ့ သူ့မားမားကွယ်လွန်ပြီးနောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ပေါက်ပေါက်စားခြင်းပင်။ 


အတူတူပဲလို့ ထင်ရပေမယ့် သူ့အမေကျွေးခဲ့တာနဲ့ မတူပုံရတယ်။ တူညီတဲ့အရာကတော့ အချိုဓာတ်လေးပဲ၊ ကွဲပြားသွားတာကတော့ သူ့ကိုကျွေးတဲ့သူ မတူတာပါပဲ။ 


ပြုံးနေသော စုချီယွဲ့မျက်နှာလေးကို ကြည့်ရင်း ထန်ယဲ့ သူ့လက်ကိုဆန့်ကာ သူ့ခေါင်းလေးကို ပွတ်လိုက်၏။ 


"သွားရအောင်၊ စတော့မယ်" 


ထန်ယဲ့က အလယ်တွင် လက်ရန်းမပါသော စုံတွဲများအတွက် အထူးခုံဖြစ်သည့် နောက်ဆုံးအတန်းကို ရွေးထားခဲ့သည်။ 


စုချီယွဲ့က ဇာတ်ကားကို အလေးအနက်ထားကြည့်နေ၏။ ရံဖန်ရံခါ ထန်ယဲ့က သူ့ကို ပေါက်ပေါက်ခွံ့ကျွေးလာသဖြင့် စုချီယွဲ့လည်း သူ့ကို ပြန်ခွံ့ကျွေးလိုက်သည်။ ဒါက ခံစားချက်တစ်မျိုးလေးပဲနော်... 


စုချီယွဲ့ ရုပ်ရှင်ကြည့်နေသော်လည်း ဖုန်းက အဆက်မပြတ်တုန်ခါနေလေ၏။ 


သူ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်သည်။ 


ချင်ဟောက်ချုး: [မင်းတို့ ရုပ်ရှင်ရုံက မြန်မြန်ထွက်ကြတော့၊ ပရိသတ်တစ်အုပ်ကြီးလာနေပြီ ပြေးတော့] 


စုချီယွဲ့ အံ့သြသွားရ၏။ 


ဟုတ်သားပဲ သူတို့က အခု တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတာလေ။ တချို့ပရိသတ်တွေက သူတို့ ရုပ်ရှင်ရုံထဲမှာရှိနေကြမှန်း သိထားတော့ ထန်ယဲ့ကို ပိတ်ဆို့ဖို့ လာကြမှာ အသေအချာပဲပေါ့။ 


စုချီယွဲ့လည်း ထန်ယဲ့ကို ဆွဲခေါ်လာကာ ရုပ်ရှင်ရုံထဲက ထွက်လာခဲ့သည်။ ထန်ယဲ့ အနည်းငယ်အံ့အားသင့်နေလျက်။ 


"ရုပ်ရှင်မပြီးသေးဘူးလေ" 


"မြန်မြန်၊ ခင်ဗျားရဲ့ပရိသတ်တွေ ဒီကိုရောက်နေပြီ၊ ခင်ဗျား အခုမပြေးရင် ထွက်လို့ရမှာမဟုတ်တော့ဘူး" 


ကံမကောင်းစွာဖြင့် ခြေတစ်လှမ်းနောက်ကျနေဆဲ၊ ပရိသတ်တွေက သူတို့ကို ဖမ်းမိသွားချေပြီ။ 


ထန်ယဲ့ ဤအခြေအနေကို ကောင်းစွာကိုင်တွယ်ခဲ့ပြီး စုချီယွဲ့နှင့်အတူ ဘယ်ကွေ့ညာကွေ့လျက် ဘေးတံခါးမှ ထွက်ပြေးလာခဲ့သည်။ ကားတစ်စီးပေါ် တက်ပြေးတော့မည်ဖြစ်သော်ငြား *sasaeng fanတချို့ဆီမှ ပိတ်ဆို့ခြင်းခံလိုက်ရသည်။ 


(*sasaeng fanကို အားလုံးသိကြမှာပါနော်၊ အနုပညာရှင်နောက်ကို အသေအကြေ အရူးအမူးလိုက်နှောင့်ယှက်တာ၊ stalkerလိုသဘောပါပဲ) 


စုချီယွဲ့ အရင်က ကြယ်ပွင့်နောက်ကိုမလိုက်ဖူးသော်လည်း ချင်ဟောက်ချူးနှင့် စွင်းဇီတို့ဟာ အနှီsasaeng fanများအကြောင်း နေ့တိုင်းပြောနေကြသဖြင့် သူတို့အကြောင်းကို ကောင်းကောင်းနားလည်ထားသည်။ 


ဒီလူတွေက ပရိတ်သတ်တွေ လုံးဝမဟုတ်ဘူး၊ သူတို့က idolတွေနောက်ကို အတင်းလိုက်မယ်၊ ချောင်းကြည့်ခိုးကြည့်မယ်၊ သူတို့idolကို မြင်နိုင်သရွေ့ အရာရာလုပ်ကြလိမ့်မယ်။ 


xxx