ယနေ့ညသည် အင်တာနက်အသုံးပြုသူများအတွက် ထူးဆန်းသောညဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့အကြိုက်ဆုံးအရာက ခေတ်စားနေသော ရှာဖွေမှုများတွင် အတင်းအဖျင်းများကို ရှာဖွေခြင်းဖြစ်သည်။ သို့သော် ယနေ့ညတွင် ခေတ်စားနေသောရှာဖွေမှုများကို ထပ်မံဖွင့်လိုက်သောအခါတွင် ခေတ်စားနေသော ရှာဖွေမှုများ၏ထိပ်တန်း အကွက် 50 ကို သိမ်းပိုက်လုနီးပါးဖြစ်နေသောခေါင်းစဥ်သုံးခုရှိကြောင်း သိရှိလိုက်ရသည်။
## ရှီဝန်ဖေးကျုံးယူဖန်
## ရှီဝန်ဖေးလက်ဖက်စိမ်းမ
# အငယ်အနှောင်းရှီဝန်ဖေး
အင်တာနက်သုံးစွဲသူများ မည်သို့ပင် ပြန်လည်ကြည့်စေကာမူ ထိုအသုံးအနှုန်းသုံးခုသည် မပြောင်းလဲသွားပေ။
[ဒီည ဗိုင်းရပ်ဝင်နေတာလား။ ငါကပဲ ဒီလို ကြုံနေရတဲ့သူတစ်ယောက်တည်းလား။]
[အပေါ်ကတစ်ယောက်၊ မင်း တစ်ယောက်တည်းမဟုတ်ဘူး။ ငါလည်း အဲ့လိုပဲ!!!]
[ဒါဆို ဘာတွေဖြစ်နေတာလဲ??]
[ဒါက ဗိုင်းရပ်မဟုတ်ရင် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်ရမယ်။ ဘယ်သူဖြစ်နိုင်မလဲ?]
[နေ့လည်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ တတိယသခင်လေးက ရှီရန်ကို လက်စားချေချင်လားလို့ မေးခဲ့တာ ဘယ်သူမှတ်မိလဲ။]
[ချူးကျင်းချန်းများ ဖြစ်နိုင်မလား???]
...
[တတိယသခင်လေးက အလှလေးကြောင့် စိတ်ဆိုးနေတယ် !!]
[အဲ့ဒီခေါင်းစဥ်သုံးခုကိုပဲ နင် မြင်နေတာလား။ နောက်ထပ်ခေါင်းစဥ်တစ်ခုပေါ်လာတာကိုသတိထားမိကြလား။]
အင်တာနက်သုံးစွဲသူများ ဆွေးနွေးနေကြစဉ်တွင် အခြားအကြောင်းအရာတစ်ခုသည် ခေတ်စားနေသော ရှာဖွေမှုများတွင် ထိပ်ဆုံးနေရာကို အခိုင်အမာ သိမ်းပိုက်သွားသည်ကို သိရှိလိုက်ကြသည်။
# ရှီရန်ချူးကျင်းချန်း
တစ်စုံတစ်ယောက်သည် တစ်နေ့တာလုံးက သူတို့၏အပြန်အလှန်တုံ့ပြန်ဆက်ဆံမှုကို တည်းဖြတ်ခဲ့သည်။ ချိုမြိန်ပြီး ကြည်နူးစရာသောနောက်ခံတေးဂီတသံနှင့်အတူ သူတို့သည် ဟန်းနီးမွန်းကာလကို ဖြတ်သန်းနေပုံပေါက်နေသည်။
[အရမ်းချိုမြိန်တယ် အရမ်းချိုမြိန်လွန်းတယ်!!!]
[သူတို့နှစ်ယောက်က တကယ့်ကိုအချောအလှအတွဲတွေပဲ။ ဒီလိုကြည့်ကောင်းအောင် ဘာတွေများ သူတို့လုပ်ခဲ့ကြတာလဲ။]
[ဒါဆို ဒီခေါင်းစဉ်က ကျန်တဲ့အရာတွေကို ဘယ်လိုကျော်ပြီး ခေတ်စားနေတဲ့ရှာဖွေမှုရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်သွားရတာလဲ။]
[ တစ်ယောက်ယောက်က နောက်ကွယ်ကကြိုးကိုင်နေတယ်လို့ မပြောနဲ့နော် ??? သူတို့က သူတို့ရဲ့ပေးစားနေတဲ့အတွဲကို ကြော်ငြာနေတာလား။]
[ဘာပဲဖြစ်ဖြစ် ငါက သူတို့နှစ်ယောက်ကို အရမ်းကြိုက်တယ်။ အတည်တွဲလိုက်ကြစမ်းပါ!!]
[ကဲကဲ၊ နိုးထလိုက်တော့။ ဒီစုံတွဲက ငါတို့ ပေးစားလို့ ရနိုင်တဲ့အတွဲမဟုတ်ဘူး။ သူတို့က အဆင့်အတန်းတောင် တူတာမဟုတ်ဘူး။]
အင်တာနက်အသုံးပြုသူများ စိတ်ပါလက်ပါ စကားပြောနေကြသော်လည်း ဆယ်မိနစ်တောင်မပြည့်ခင်တွင် ထိုရေပန်းစားနေသော အကြောင်းအရာသည် ထူးထူးခြားခြား ပျောက်ကွယ်သွားသည်။
[ပျောက်သွားပြီ???]
[ကြည့်! ချူးကျင်းချန်းလုပ်ခဲ့တာမဟုတ်ဘူးလို့ ငါ ပြောခဲ့သားပဲ!]
[ချူးကျင်းချန်းက အဲ့ဒါကို ဖြုတ်ချဖို့ တစ်ယောက်ယောက်ကို ခိုင်းခဲ့တာဖြစ်မယ်။]
[ကံကောင်းတာက ငါ ဗီဒီယိုကို ဒေါင်းထားပြီးသွားပြီ။]
ရှီဝန်ဖေးသည် ထိုအချိန်တွင် သူမ၏အေးဂျင့်ထံမှ ဤအရာအားလုံးကို သိရှိပြီးသောအခါ သူမသည် ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။
ကျုံးယူဖန်က ဖုန်းခေါ်ဆိုသောအခါ သူမ၏သနားစရာကောင်းသောငိုသံကိုသာ ကြားရသည်။
အဆုံးတွင် ကျုံးယူဖန်က ထိုကိစ္စကို ဖြေရှင်းရန် ကတိပေးမှသာ ရှီဝန်ဖေး၏စိတ်ခံစားမှု အနည်းငယ် သက်သာရာရသွားသည်။
သူမ ရေချိုးခန်းနံရံကို စိုက်ကြည့်လိုက်သည်။
ရှီရန်သည် ဘေးအခန်းတွင် နေထိုင်သည်။
သူမ၏လက်သီးများကို ဆုပ်ထားရင်း မျက်လုံးများ ပြူးထွက်လာကာ သူမကို မုန်းတီးနေလေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ယုဖေးသည် ရေပန်းစားသော ရှာဖွေမှုများကိုလည်း မြင်တွေ့သည်။
"မမယုဖေး၊ အဲဒီလူတွေရဲ့ မဟုတ်တဲ့စကားကို နားမထောင်နဲ့။ အဲဒါကို လုပ်ခဲ့တာက တတိယမြောက်သခင်လေးမဟုတ်ဘူး။ ရှီရန်နောက်ကွယ်မှာ ရှူးဂါးဒယ်ဒီ ရှိကိုရှိလိမ့်မယ်။"
ဝမ်ယုဖေးအတွေးတွင်မျောနေသည်ကိုမြင်သောအခါ ရှောင်ရှီးက ဆက်ပြောသည်။ "ရှီရန်ရဲ့ ဂုဏ်သတင်းက အရင်တုန်းက အရမ်းဆိုးရွားပေမယ့် 'သတိ အချစ်ရှိသည်' မှာ ပါဝင်လာကတည်းက သူမက တစ်ခြားလူတစ်ယောက်လို့ပြောင်းလဲသွားပုံပဲ"
"အခု သူမက မမနဲ့တူတူ ဒရာမာတစ်ခုထဲမှာတောင် သရုပ်ဆောင်နိုင်နေပြီ။ သူမရဲ့ အဆက်အသွယ်တွေက ရုတ်တရက် ပိုကောင်းလာတာကြောင့် ရှူးဂါးဒယ်ဒီကို အားကိုးနေတာဖြစ်ရမယ်!"
ရှောင်ရှီးသည် ဝမ်ယုဖေး၏စိတ်ခံစားမှုများကို ဖြေလျှော့ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမက နားထောင်ရန် စိတ်မ၀င်စားပေ။
သူမသည် ခေတ်စားနေသော ရှာဖွေမှုများကို ဆက်ကြည့်လိုက်ပြီး အင်တာနက်သုံးစွဲသူများ၏ခန့်မှန်းချက်များကို ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမ ခါးသက်စွာ ပြုံးလိုက်သည်။ "ရှောင်ရှီး၊ အဲဒါ သူပဲ၊ ဒါကို လုပ်နိုင်တဲ့လူက အရမ်းနည်းတယ်။ သူပဲ"
"မမယုဖေး..." ရှောင်ရှီးလက်မခံနိုင်ပေ။ ထိုအချိန်တွင် သူမ ဘာပြောရမှန်း မသိပေ။
"ရှောင်ရှီး၊ သူက ရှီရန်ကို ကြိုက်တယ်လို့ထင်လား" ဝမ်ယုဖေးက မသေချာမရေရာ၍မေးသည်။
ယခုအချိန်မတိုင်အထိ သူမ ယုံကြည်မှုရှိနေခဲ့သည်။
ကျင်းချန်းက သူမကို မကြိုက်မှန်း သူမ သိသော်လည်း ကျင်းချန်းနှင့်ထိုက်တန်သော အမျိုးသမီးက ဤကမ္ဘာမှာ သူမမှ လွဲ၍ တခြား မရှိပေ။
သို့သော် ယခု ရှီရန်ပေါ်လာသည်...
"မမ ယုဖေး၊ အဲဒါက မဖြစ်နိုင်ပါဘူး!" ရှောင်ရှီးက အခိုင်အမာ ပြောသည်။ "ရှီရန်က မမနဲ့ လုံးဝမယှဉ်နိုင်ဘူး။ ပြီးတော့တတိယသခင်လေးက ရှီရန်ကို တကယ်ကြိုက်တယ်ဆိုရင်တောင် ဘာဖြစ်လဲ"
"ရှီရန်ရဲ့ အဆင့်အတန်းနဲ့ သူမ ဘယ်လိုချူးမိသားစုထဲကို ဝင်လာနိုင်မလဲ။ နောက်ဆုံးတော့ မမကသာ တတိယမြောက်သခင်လေးနဲ့ လက်ထပ်နိုင်မှာ။ အဲဒီအချိန်ကျရင် မမရဲ့ ကျက်သရေရှိနေမှုကို တတိယသခင်လေးက အနှေးနဲ့အမြန် ကြွေပြီး ချစ်မိသွားမှာပဲလေ။"
ဝမ်ယုဖေးသည် ချူးကျင်းချန်းနှင့်ရှီရန် တို့၏ဗီဒီယိုဖိုင်ကို ထပ်မံကြည့်ရှုသည်။
ချူးကျင်းချန်း၏မျက်နှာပေါ်ရှိအပြုံးသည် သူမ တစ်ခါမှမမြင်ဖူးသော အရာတစ်ခု ဖြစ်သည်။
သူမ ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး ဗီဒီယိုကို ဖျက်လိုက်သည်။
သူမ၏ဝမ်းနည်းနေသည့်အမူအရာ လုံးဝပျောက်ကွယ်သွားသည်။
'မှန်တယ်။ ရှီရန်က ငါနဲ့ ဘယ်လိုပြိုင်နိုင်မှာလဲ။'
ရှီရန့်မိသားစုနောက်ခံက ငါလောက် မကောင်းဘူး။ ဖျော်ဖြေရေးနယ်ပယ်မှာလည်း ရှီရန့်အဆင့်အတန်းက ငါထက် အများကြီး နိမ့်ကျတယ်။ ရှီရန်ကို ဖျက်ဆီးရမှာက ငါ့အတွက် လွယ်ကူနေလိမ့်မယ်။
၎င်းကို စိတ်ထဲမှတ်ထားပြီး သူမ၏ဖုန်းစာအုပ်ကို ဖွင့်ကြည့်၍ နံပါတ်တစ်ခုကို တွေ့ပြီး ဖုန်းခေါ်ဆိုသည်။
ခဏအကြာတွင် ဖုန်းဝင်သွားသည်။ “ဖိုးဖိုးချူး” ဟု သူမ ချစ်ခင်စွာ ခေါ်လိုက်သည်။
ပင်လယ်နားက အိမ်၌
"တတိယသခင်လေး၊ ခေတ်စားနေတဲ့အကြောင်းအရာကို ဖယ်ရှားလိုက်ပါပြီ။" လက်ထောက်သည် ချူးကျင်းချန်းကိုကြည့်ကာ တုံ့ဆိုင်းနေသည်။
"မင်း မေးချင်တာကို မေးလေ။" ချူးကျင်းချန်းသည် မျက်လုံးမှိတ်ပြီး ညဘက် ပင်လယ်လေကို နှစ်သက်စွာ ခံစားနေသည်။
"ခေတ်စားနေတဲ့အကြောင်းအရာကို ဘာလို့ ထပ်မံဖယ်ရှားခဲ့တာလဲ။" လက်ထောက်က စိတ်ရှုပ်ထွေးနေသည်။
ချူးကျင်းချန်း ပြုံးလိုက်သည်။ "အဲ့ဒါသာ ကြာကြာထားရင် အဖော်ထုတ်ခံရလိမ့်မယ်။"
ဖော်ထုတ်ခံရမယ်?
လက်ထောက်က စိတ်ရှုပ်ထွေးနေပုံရသည်။
တတိယသခင်လေးက သူကိုယ်တိုင် အတွဲပေးစားနေတာကို မစ္စရှီ ရှာတွေ့မှာကို စိုးရိမ်နေတာလား ဒါမှမဟုတ် သခင်ကြီးရှာတွေ့သွားမှာကို ကြောက်နေတာလား။
ပဟေဠိဖြစ်နေတုန်း သူ့လက်ထဲ ဖုန်းမြည်လာသည်။
ဖုန်းကောက်ကိုင်လိုက်ပြီး သူ့မျက်နှာ တင်းမာသွားသည်။
"တတိယသခင်လေး၊ သခင်ကြီး ဖုန်းခေါ်နေပါတယ်"
ထိုအချိန်တွင် သခင်ကြီးချူးက ဖုန်းခေါ်လာသည့်အတွက် တတိယသခင်လေးက ရှိုးပွဲမှာပါဝင်နေသည်ကို သူကြားပြီးသားဖြစ်လိမ့်မည်။
ချူးကျင်းချန်းသည် ပျင်းရိစွာ ခုံနောက်သို့ မှီကာ ဖုန်းကို နားစွင့်လိုက်သည်။ "အဘိုး"
"ငါ့ကို အဘိုးလို့ ခေါ်ဖို့ သတ္တိတော့ ရှိနေသေးတာလားကွ" ချူးရိထျန်က ဒေါသတကြီး ဟောက်လိုက်သည်။ “ဒီနေ့ကိစ္စသာ ရေပန်းမစားလာခဲ့ရင် မင်းရဲ့အချစ်ရေးအကြောင်း ငါ့ကို မပြောတော့ဘူးလား"
သူသည် ပင်လယ်လေတိုက်ခတ်လာ၍ မျက်လုံးမှေးလိုက်သည်။ "ကျွန်တော် အဘိုးကို ဘာမှ ဖုံးကွယ်မထားပါဘူး "
"မင်း ငါ့ကိုမဖုံးကွယ်ထားဘူး။ ဒါပေမယ့် မင်း ငါ့ကိုဘာမှမပြောပြခဲ့ဘူး။ မင်းက ရိုမန့်အစီအစဉ်မှာပါဝင်ခဲ့တယ်။ ယုဖေးဘယ်လိုခံစားရမယ်လို့ မင်းထင်လဲ? မင်းသူမကို မင်းဇနီးလောင်းအဖြစ် သတ်မှတ်နေသေးရဲ့လား?"
"စေ့စပ်ပွဲကို ဆုံးဖြတ်တဲ့သူကိုယ်တိုင်ကပဲ သူမကို လက်ထပ်ယူရမယ်လို့ ကျွန်တော် ပြောထားပြီးသားပဲလေ" လို့ ချူးကျင်းချန်း က ပေါ့ပေါ့ပါးပါး ပြောသည်။
"ခွေးကောင်!" ချူးရိထျန် ဒေါသထွက်သွားသည်။ "ဒါကို ဘယ်သူ့အတွက် ငါလုပ်နေတယ်လို့ ထင်လဲ။ ဗေဒင်ဆရာပြောတာကို မေ့သွားပြီလား။ ယုဖေးကို လက်မထပ်ဘူးဆိုရင် မကြာခင်မှာဘဲ မင်း သေရလိမ့်မယ်!"
ချူးကျင်းချန်းက သူ့လက်ထဲက မီးခြစ်နဲ့ ကစားနေသည်။ “အဘိုး၊ အယူသီးလွန်းတာကလည်း ရာဇ၀တ်မှုတစ်ခုပဲနော်။"
"ဘာလဲ?! မင်း ငါ့ကို ထောင်ချချင်သေးတာလား? ယုဖေးက ဘာဖြစ်နေလို့လဲ? ဒါမှမဟုတ် အဲဒီ့နာမည်ကျော်အမျိုးသမီးက မင်းကို လှည့်စားနေတာလား?"
ချူးရိထျန်သည် ရှီရန်အကြောင်းကိုပြောလာသည်ကိုကြားသောအခါ ချူးကျင်းချန်းခေတ္တရပ်တန့်သွားသည်။
မဝေးလှသောလှိုင်းလုံးများကို လှမ်းကြည့်ရင်း သူ့မျက်လုံးများက နက်နဲလာသည်။ "ကျွန်တော် ယုဖေးကိုလက်ထပ်မှာမဟုတ်ဘူး။ အဘိုး၊ သူမက တကယ်အရေးကြီးတယ်လို့ထင်ရင် ကျွန်တော့်ဝမ်းကွဲတွေထဲကတစ်ယောက်နဲ့ သူမကို လက်ထပ်ခွင့်ပေးလိုက်။ အဲ့ဒါကလည်း ချူးမိသားစုထဲကို သူမ ဝင်ရောက်လာတယ်လို့ ယူဆနိုင်တယ်လေ။"
"မင်း ဘာတွေပြောနေတာလဲကွ!" ချူးရိထျန်သည် ဒေါသအလွန်ထွက်ကာ မောဟိုက်လာသည်။ "ငါ့ကို ဒေါသထွက်ပြီးသေအောင်လုပ်ရမှ မင်းကျေနပ်မှာလား"
"အဘိုးမှာ ခွန်အားတွေ အများကြီးရှိသေးမယ်လို့ ထင်တယ်ရော" သူ့အပြုံးက နောက်ပြောင်နေသည်။
"မင်း နောက်မဆုတ်ဘူး ဟုတ်တယ်မလား။ ကောင်းပြီ။ အဲဒီမင်းသမီးပေါက်စနဲ့ပဲ ငါ စကားပြောကြည့်ရတော့မယ်။ မင်းကို ဆွဲဆောင်နိုင်တဲ့သူမရဲ့အရည်အချင်းကို ငါ တွေ့ချင်မိသား"
ချူးကျင်းချန်း၏မျက်လုံးများ မှေးမှိန်သွားကာ သူ့အသံမှာ အန္တရာယ်များစွာ နိမ့်ပြီးသြရှနေသည်။ "အဘိုး၊ ချူးမိသားစုရဲ့အမွေဆက်ခံသူတစ်ယောက်ကို ဆုံးရှုံးချင်ရင် အဘိုး ကြိုးစားကြည့်လို့ရပါတယ်။"
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။" ချူးရိထျန်က မယုံကြည်နိုင်ဖြစ်သွားသည်။
"နောက်တောင်ကျနေပြီ။အဘိုး စောစောအနားယူသင့်တယ်" ချူးကျင်းချန်း ဦးစွာ
ဖုန်းချလိုက်သည်။
ညပင်လယ်လေညင်းက သူ့ဆံပင်ကို တဖျပ်ဖျပ်ခတ်နေသည်။
သူ့လက်ကို မြှောက်လိုက်သည်။
လက်ထောက်က အရိပ်အမြွက်ကိုသိကာ စီးကရက်တစ်လိပ်ကို သူ့လက်ထဲထည့်လိုက်သည်။
ချူးကျင်းချန်းက သူ့ပါးစပ်ထဲ စီးကရက်ကို ကိုက်လိုက်ပြီး " ဗေဒင်ဆရာရဲ့ စကားက ယုံရတယ်လို့ မင်း ထင်လား " ဟု ဖြည်းညှင်းစွာ မေးလိုက်သည်။
သူ့လက်ထဲက မီးခြစ်ကို ခြစ်ပြီး သူ့ပါးစပ်ထဲက စီးကရက်ကို မီးညှိလိုက်သည်။
"သခင်ကြီးက အမြဲတမ်း အယူသီးတတ်တဲ့သူပါ။ အဓိကကတော့ တတိယသခင်လေးအတွက် စိုးရိမ်လို့ပါ" ဟု လက်ထောက်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“အရေးမပါတာတွေ” ချူးကျင်းချန်းက လှောင်လိုက်သည်။