Ch 73
Viewers 11k

73 : ပေါ်ပေါက်လာသော အစစ်အမှန်

 

လင်းဖန်က သူ့ရဲ့ အရင်ဘဝ အကျဉ်းထောင်ထဲမှာ လေ့ဝူကို မကြာခဏ ပြောလေ့ရှိတဲ့အတိုင်းပါပဲ၊ တချို့အရာတွေက တွေးပြီးသွားရင် ရိုးရှင်းသွားတတ်ပါပေ၏။ အခုထိ စိတ်ရှုပ်ထွေးနေသူတွေကတော့ စိတ်ကူးယဉ်ဆန်သူတွေသာ ဖြစ်ပါသည်။

 

အဲ့ဒီနေ့က ရှာဖွေတွေ့ရှိမှုကြောင့် သူ မသေဆုံးခင် အထိတောင် တွေးမထားခဲ့ဖူးတဲ့ အရာတွေက ရုတ်တရက် ရိုးရှင်းလွန်းလှသည်ဟု ခံစားရပါတော့သည်။

 

အတိုချုပ်ပြောရရင် ချူရှောင်အပေါ် သူ့ရဲ့ မုန်းတီးမှုတွေထဲမှာ လင်းဖန် မနစ်မြောတော့သည့်နောက်ပိုင်းမှာ ကောင်းသော အချိန်ကာလကို ရရှိခဲ့ပါသည်။

 

အဲ့ဒီနေ့ကတည်းက သူတို့နှစ်ဦးလုံး ဘာကိုမှ ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင်ခဲ့ကြပင်မယ့်၊ သူတို့နှစ်ဦးဟာ ထူးထူးခြားခြား သဟဇာတဖြစ်လာခဲ့ကြပါသည်။

 

အွန်း… ညတိုင်း မရှင်းလင်းတဲ့ ထူးခြားမှုတွေကလွဲရင်ပေါ့။

 

ဒီလိုမျိုး အခြေအနေကို တကယ်ပဲ ဖော်ပြချင်တယ်ဆိုရင် လင်းဖန် တွေးနိုင်တဲ့ စကားလုံးတွေကတော့ "တံခါးပိတ်ပြီး နေထိုင်ခြင်း..." လို့ ဖြစ်ပါလိမ့်မည်။

 

ထင်ရှားသည်မှာ ချူရှောင်ကလည်း ဒီခံစားချက်မျိုး ရှိခဲ့ပါ၏။

 

သို့သော်…

 

ဒါတွေအားလုံးဟာ မြင်ယောင်မှုတစ်ခုသာ! မြင်ယောင်မှုတစ်ခုသာ!

 

ချူရှောင်က သူ့ရင်ထဲမှာ ဒီလိုမျိုး တင်းကျပ်စွာ ခံစားမိပါတော့သည်။

သို့သော် သူသည် မျက်မှောင်ကြုတ်ကာ အဝတ်လျှော်ရည်ဗူးပေါ်က လျှော်ဖွပ်နည်း လမ်းညွှန်ချက်တွေကို စိုက်ကြည့်နေမိတော့သည်။

 

အရင်က သူ အိမ်မှာရှိစဉ်တုန်းကတော့ သူဟာ ငယ်ရွယ်တဲ့ သခင်လေးတစ်ဦးပင် ဖြစ်ပါသည်။ ဟုတ်တာပေါ့၊ သူ အဝတ်လျှော်တာမျိုး လုပ်ဖို့ မလိုပါပေ။ ပြီးတော့….

 

တစ်စုံတစ်ယောက်က သူ့အတွက် အရာရာကို နေ့စဉ် ဂရုတစိုက် လုပ်ပေးခဲ့ပါပေ၏။

 

ပြီးတော့ အခုဆို သူဟာ သူ့အဝတ်အစားတွေကို သူကိုယ်တိုင် လျှော်ရပြီး၊ တစ်စုံတစ်ယောက် အိမ်ကို အစားအသောက်တွေ ယူလာပေးဖို့ကိုလည်း စောင့်ရပါတော့သည်။

 

ချူရှောင်ရဲ့ ၂၈ နှစ်တာ ဘဝမှာ သူ ဒီလိုမျိုး မဖြစ်ခဲ့ဖူးပါ။

 

သို့သော်လည်း သူ လင်းဖန်နဲ့ အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်တာကြောင့် သူ့ရဲ့ အမြင်သုံးခုလုံးက မြေပြင်ကို ပြုတ်ကျလာခဲ့သည်ဟု ဆိုရပေမည်။

 

မထင်မှတ်ထားစွာ ချူရှောင်က ဒီကိစ္စကို လက်ခံနိုင်စရာမရှိဘူးလို့ မခံစားခဲ့ရပါ။

သူက အဝတ်လျှော်စက်ထဲကို အဝတ်တွေ ပစ်ထည့်ကာ အဝတ်လျှော်ဆပ်ပြာရည်ကို လောင်းထည့်လိုက်ပါသည်။

 

ထို့နောက်…

 

သူသည် လင်းဖန် ပစ်ထားခဲ့တဲ့ အဝတ်တွေကို တစ်ချက်ကြည့်လိုက်ပြီး အဝတ်လျှော်ဖို့ အချိန်မရခဲ့ပါပေ။ ချူရှောင်က အဝတ်လျှော်စက်ထဲကို အဝတ်တွေ သဘာဝအတိုင်း ထည့်လိုက်ပါသည်။

 

သူတို့နှစ်ဦးရဲ့ အဝတ်အစားတွေ အဝတ်လျှော်စက်ထဲမှာ ရောနှောနေတာကို သူ မြင်လိုက်ရတဲ့အခါ ချူရှောင်ရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါသည်။

 

အဲ့ဒီအခါမှသာ သူ ဘာလုပ်ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့ပါတော့သည်။

 

သူ တကယ်ပဲ လင်းဖန်ရဲ့ အဝတ်တွေကို လျှော်ပေးနေတာပါလား!

 

ချူရှောင်ရဲ့ ပါးစပ်က မသိမသာ ပြုံးသွားမိပါတော့သည်။

 

လွန်ခဲ့တဲ့ နှစ်ပတ်က သူ့ကို တစ်စုံတစ်ယောက်က သူ တခြားသူတစ်ယောက်ရဲ့ အဝတ်တွေကို ကူညီလျှော်ပေးလိမ့်မယ်လို့ ပြောခဲ့မယ်ဆိုရင်၊ သူက အဲ့ဒီလူရူးသွားပြီလို့ ထင်ခဲ့ပါလိမ့်မည်။

 

သူဌေးရှောင်က တခြားတစ်ယောက်အတွက် အဝတ်လျှော်ပေးနေတာတဲ့လား? ဟမ်၊ ဒါ ဘယ်လိုဟာသမျိုးလဲ? ဒီလို ဖြစ်နိုင်ခြေက မနက်ဖြန်မှာ ငွေကြေးအကျပ်အတည်း ဖြစ်လာမှာထက်တောင် နည်းပါးပါပေသည်။

 

သို့သော် အခုတော့ သူ ရူးသွားပြီလို့ ထင်တော့မည် ဖြစ်ပါသည်။

 

သူ သူ့အဝတ်အစားတွေကို ကိုယ်တိုင်လျှော်တာက အဆင်ပြေပါ၏။ နောက်ဆုံးတော့ ဒါက ဘာမှမဟုတ်ပါ၊ ဒါပေမယ့် သူက ကလေးတစ်ယောက်ရဲ့ အဝတ်အစားတွေကို တကယ်ပဲ ကူညီလျှော်ပေးနေတာပင်။

 

ထို့အပြင် သူက ဒီကိစ္စအပေါ် စိတ်ပျက်စရာ ဒါမှမဟုတ် လက်မခံနိုင်စရာလို့ မခံစားခဲ့ရပါ။

 

သူ တကယ်ပဲ ရူးနေပြီပင်။

 

ချူရှောင်က သူ့ရင်ထဲမှာ ကျိန်ဆဲနေသော်လည်း သူ့မျက်နှာပေါ်က ပုံမှန်မဟုတ်တဲ့ အခြေအနေကလွဲရင် ဒေါသ ဒါမှမဟုတ် စိတ်မပျက်တဲ့ အမူအရာတွေ မရှိပါပေ။

 

မေ့လိုက်ပါတော့… သူက ကလေးတစ်ယောက်ကို ကူညီပေးရုံသက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူက သူ့အတွက် အထူးတလည် လုပ်ပေးခဲ့တာ မဟုတ်ပါ။

 

ထို့အပြင် ကလေးက မကြာသေးခင်က သူ့ကို အစားအစာတွေ ပေးဖို့ သူ့လှည့်ကွက်တွေကို ပြောင်းလဲခဲ့တယ်ဆိုတဲ့ အချက်အတွက်ကြောင့်ပင် ဖြစ်သည်။

 

ချူရှောင်က သူ့ရင်ထဲမှာ ထိုသို့ တွေးမိပါ၏။

 

လင်းဖန်ကို တွေးရင်း ချူရှောင်ရဲ့ ပါးစပ်ထောင့်စွန်းက မသိစိတ်ကနေ ကွေးညွတ်သွားပါတော့သည်။

 

သူဟာ လင်းဖန်နဲ့ ပိုမိုကျေနပ်လာခဲ့ပါပြီ။

 

အမ်၊ ဟုတ်တာပေါ့၊ ဒါဟာ သူ့ရဲ့ အနာဂတ်ဆက်ခံသူ ချူရှောင်အပေါ် သူ့ရင်ထဲမှာ ကျေနပ်မှုတစ်ခုပင် ဖြစ်သည်။

 

ဒီအချိန်မှာ မိုဘိုင်းလ်ဖုန်းက တုန်ခါလာပြီး ချူရှောင်ရဲ့ အာရုံကို ဖမ်းစားလိုက်ပါတော့သည်။

 

သူ ဖုန်းမယူသွားတာလား?

 

စားပွဲပေါ်က လင်းဖန်ရဲ့ ဖုန်းကို ကြည့်လိုက်ရင်း ချူရှောင်က သူ့မျက်ခုံးကို မြှင့်လိုက်သည်။

 

လင်းဖန်ရဲ့ ဖုန်းထဲမှာ အဆက်အသွယ်တွေ အများကြီး မရှိပါ။ ပုံမှန်အားဖြင့် ဘယ်သူမှ သူ့ကို ခေါ်မှာ မဟုတ်ပါ။ အများဆုံးတော့ အပြင်စာ မှာစားတာလောက်ပဲ ဖြစ်ပါလိမ့်မည်။

 

ဒါကြောင့် ဖုန်းကိုကြည့်လိုက်တော့ ချူရှောင်က အများကြီး မတွေးတော့ပါ။ သူ ဖုန်းကိုကောက်ယူပြီး ဖြေလိုက်သည်။

 

"ဟယ်လို?"

 

"ဟယ်လို၊ မစ္စတာ လင်းလား?" အမျိုးသမီးတစ်ဦးရဲ့ အသံကို ကြားလိုက်ရပါသည်။

 

ချူရှောင် စကားပြောဖို့ မစောင့်ဘဲ၊ ထိုအမျိုးသမီးက သူ့ကိုယ်သူ "ကျွန်မက ရင်းနှီးမြှုပ်နှံမှု အေးဂျင့် လီဆာပါ၊ ကျွန်မ ဝန်ထမ်းနံပါတ်က ၂၅၆၃၉၇၄၀X ပါ" ဟု မိတ်ဆက်လိုက်သည်။

 

တစ်ဖက်လူရဲ့ ကိုယ်ပိုင်မိတ်ဆက်မှုကို ကြားလိုက်ရတဲ့အခါ ချူရှောင်က သူ့မျက်ခုံးကို ကော့လိုက်သည်။

 

ရင်းနှီးမြှုပ်နှံမှု? အေးဂျင့်? သူက လင်းဖန်လို အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ရင်းနှီးမြှုပ်နှံမှု အေးဂျင့် လိုအပ်လိမ့်မယ်လို့ တကယ် မထင်ခဲ့ပါ။

 

ဒါကြောင့်…

 

လိမ်တာ! ဒါက ချူရှောင်ရဲ့ ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတဲ့ အရာပင်။

 

သို့သော် သူ့ရင်ထဲက အသံတစ်ခုက ချူရှောင်ကို ချက်ချင်း မဖြတ်ဖို့ တကယ်ပဲ ထိန်းချုပ်ထားပြီး၊ အဲဒီအစား သူက တစ်ဖက်လူရဲ့ စကားကို ဆက်စောင့်နေခဲ့ပါသည်။

 

"ရှင့်ရဲ့ အရင်လိုအပ်ချက်တွေအရ၊ ပြီးခဲ့တဲ့အပတ်က ရှင့်ရဲ့ ရရှိထားတဲ့ အကျိုးအမြတ်တွေကို သိုလှောင်ခန်း ကတ်ထဲကို လွှဲပြီးသားပါ၊ အဲ့ဒီကတ်က ရှင့်ရန်ပုံငွေ အကောင့်နဲ့ ချိတ်ဆက်ထားတာပါ။ စုစုပေါင်း ဝင်ငွေက ရှင့်ရဲ့ အရင် အကဲဖြတ်မှုထက် ၀.၀၂% ပိုများပါတယ်"။

 

သူမက တော်တော်လေး ကျွမ်းကျင်သည်ဟု ချူရှောင်က အေးစက်စွာ ပြောလိုက်သည်။

 

သို့သော် တကယ်တော့ ဒီရင်းနှီးမြှုပ်နှံမှု အေးဂျင့်က လိမ်လည်သူ မဟုတ်ခဲ့ပါ။

အရင်က လင်းဖန်၊ အမ်မ်… မန်ဖန်ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုလို့ ပြောရမယ့်အရာဟာ နေ့စဉ် ၃ နာရီမှ ၄ နာရီကြားမှာ ပုံမှန်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အဲဒါက ချူရှောင် မရောက်ခင်ကပင် ဖြစ်သည်။

 

ဒါဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း သူတို့နှစ်ဦးကြားက ဂိမ်းနဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ နားလည်မှုအပေါ် အခြေခံထားခြင်းပင် ဖြစ်ပါသည်။

 

ချူရှောင်က သူ့လုပ်ဆောင်ချက်ကို မြင်ရင် သူ ဖန်မင် ဖြစ်တယ်ဆိုတာကို မှတ်မိမှာပဲလို့ လင်းဖန် မသံသယဖြစ်မိပါ။

 

ဒါကြောင့် အဆင်ပြေစေဖို့အတွက် လင်းဖန်က အေဂျင်စီ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု အေးဂျင့်တစ်ယောက်ကို ရှာခဲ့ပါသည်။

 

အဆင့်မြင့်တယ်လို့ ထင်ရပေမယ့် တကယ်တော့ ရိုးရိုးလေးပြောရရင် လင်းဖန်ကို စတော့ရှယ်ယာတွေနဲ့ အနာဂတ်ကုန်သွယ်မှု ကူညီပေးခဲ့ခြင်းပင်။

 

ဒီလူ လီဆာက လင်းဖန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်တာ ထင်ရှားပါ၏။ ဒါကြောင့် သူက မစ္စတာလင်းရဲ့ ပုံမှန်ထူးဆန်းမှုတွေကို အသားကျနေပြီ ဖြစ်ပါသည်။

 

ဒါကြောင့် တစ်ဖက်လူဆီက ဘာအကြောင်းပြန်မှ မကြားရဘဲ လီဆာက အံ့ဩခြင်း မရှိဘဲ သူမ ပြောချင်တာကို ဆက်ပြောခဲ့ပါသည်။

 

"ဒီတစ်ပတ် နိုင်ငံတကာ ရေနံစိမ်းစျေးနှုန်း မတည်ငြိမ်မှု မြင့်မားတာကြောင့် အဆင့်မြင့်နဲ့ အနိမ့်အဆင့် စက်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ နောက်အပတ်အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေကို ချိန်ညှိချင်သလားလို့ ဒီနေ့ မေးဖို့ ဆက်သွယ်ခဲ့တာပါ။ ဒါက ရင်းနှီးမြှုပ်နှံမှု အေးဂျင့်တစ်ယောက်အတွက် ပုံမှန်အလုပ်လို့ ယူဆနိုင်ပါတယ်။"

 

"အခု ဘယ်ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံရမလဲ?" ချူရှောင်က လေးနက်တဲ့ အသံနဲ့ မေးလိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာက သံသယကနေ လေးနက်မှုဆီကို ပြောင်းလဲသွားတာ ကြာလှပြီ ဖြစ်ပါသည်။

 

ထင်ရှားသည်မှာ ဒီရင်းနှီးမြှုပ်နှံမှု အေးဂျင့်က တကယ်ပဲ ဖြစ်သည်။ လင်းဖန် ဘာကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်တာလဲဆိုတာကို သူ နောက်မှ ဖြည်းဖြည်းချင်း မေးမြန်းပါတော့မည်။

 

ချူရှောင်က သူ့ရင်ထဲမှာ မပျော်မရွှင်ဖြစ်မိပါ၏။

 

ထင်ရှားသည်မှာ လင်းဖန်ကို "သူ့လူ" အဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။

 

သို့သော် ချူရှောင်က ပြဿနာတစ်ခုကို လျစ်လျူရှုလိုက်သည်… သူတို့ရဲ့ အရင်ခင်မင်မှုက ပိုပြီး သဟဇာတဖြစ်တဲ့ အပြောအဆိုနဲ့ ပြောရရင် ကံကြမ္မာအရ တွေ့ဆုံခဲ့ကြတဲ့ သူစိမ်းတွေသာ ဖြစ်သည်။ လင်းဖန် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘယ်လောက် ငွေကြေးအကောင့်တွေ ရှိသည်ဖြစ်စေ သူ့ကို ပြောပြဖို့ တာဝန်မရှိပါပေ။

 

သို့သော် လီဆာရဲ့ အသံက အချိန်မှန် ပေါ်လာပြီး ချူရှောင်ရဲ့ စိတ်မချမ်းမြေ့မှုကို ဖြတ်တောက်လိုက်သည်။

 

"လက်ရှိမှာ Huatong Wind Power ရဲ့ ၆%၊ Qingtai Zhonggong ရဲ့ ၂%၊ Nuohua Tech ရဲ့ ၃% - ၂၅% short selling ရှိပါတယ်။ ရှင့်ရဲ့ အရင်အစီအစဉ်အတိုင်း ဆက်လုပ်မလား ဒါမှမဟုတ် တချို့ချိန်ညှိမှုတွေ လုပ်မလားလို့ ထင်ပါသလဲ?”

 

"Qingtai ကို ရောင်းလိုက် He Group ရဲ့ ၃၀% ကို အရင်ရောင်း စျေးက ၁၅% ကျော် ပြန်တက်လာရင် ၅% ထပ်ဝယ်လိုက် ဒါမှမဟုတ် အဲ့ဒီအောက်ရောက်ရင် အားလုံးရောင်းလိုက် အဲ့ဒါ့အပြင် Nuohua ကို ၃% ထပ်ဝယ်… short selling ကို ၃၀% အောက် ထိန်းချုပ်" ချူရှောင်က အမြန်ဆန်ဆုံး အစီအစဉ်အသစ်ကို ပေးလိုက်သည်။

 

ချူရှောင် ဒီလောက် မြန်ဆန်တာက သူ ဖော်ပြထားတဲ့ ကုမ္ပဏီတွေနဲ့ ရှယ်ယာအားလုံးကို ကျွမ်းကျင်တာကြောင့် ဖြစ်သည်။

 

သံသယမရှိပါ၊ ချူရှောင်ရဲ့ ဆုံးဖြတ်ချက်က ပြတ်သားပြီး ထက်မြက်လှပါသည်။

 

ဒီလိုမျိုး လုပ်ဆောင်မှုပုံစံက လင်းဖန်နဲ့ တကယ်ကို ဆင်တူပါသည်။ လင်းဖန်သာဆိုရင်လည်း ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ချခဲ့ပါလိမ့်မည်။

 

ဒါဟာ ချူရှောင်က ဆုံးဖြတ်ချက်တွေကို အရမ်းမြန်မြန် ချတတ်ပြီး သူ့နည်းလမ်းတွေက "မစ္စတာလင်း" ရဲ့ ပုံစံနဲ့ တူနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လီဆာက ဘာမှ သံသယမရှိပါ၊ သူမရဲ့ အသံက ကွဲပြားနေတယ်လို့ ခံစားရပေမယ့်လည်း။

 

"ကောင်းပါပြီ၊ ကျွန်မ မှတ်ထားပါ့မယ်။ ရှင့်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ့မယ်။"

 

"အမ်း" ချူရှောင်က တည်ငြိမ်စွာ ပြန်ဖြေပြီး ဖုန်းချလိုက်သည်။

 

သို့သော်…

 

ဖုန်းချပြီးနောက် ချူရှောင်က ထိုမျှ တည်ငြိမ်မှု မရှိတော့ပါ။

 

သူ လင်းဖန် ရင်းနှီးမြှုပ်နှံခဲ့တဲ့ စတော့ရှယ်ယာတွေကို ဘာကြောင့် ဒီလောက် ရင်းနှီးကျွမ်းဝင်နေရတာလဲဆိုတာက တိုက်ဆိုင်မှု မဟုတ်ပါ၊ ဘာကြောင့်လဲဆိုတော့ ဖန်မင်က အဲ့ဒီစတော့ရှယ်ယာတွေနဲ့ ကုမ္ပဏီတွေကို အမြဲတမ်း အာရုံစိုက်နေတာကြောင့်ပင်။

 

ဒါကြောင့် သဘာဝအတိုင်းပဲ သူလည်း အာရုံစိုက်မိပါတော့သည်။

 

ဖန်မင်ရဲ့ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းကို ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု အချိုးအစားကိုပါ သူ သိနေခဲ့ပါ၏။ ဒါပေမယ့် လင်ဖန်ရော?

ဖန်မင်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေနဲ့ အတူတူနီးပါးပင်…

 

ချူရှောင်က ဒါ တိုက်ဆိုင်မှုလို့ ပြောခဲ့ရင် သူ လုံးဝ မယုံကြည်ပါပေ။

 

ဒါကြောင့်…

 

"ဖန်မင်… လင်းဖန်…" ချူရှောင်က မူးဝေဝေနဲ့ ဒီနာမည်နှစ်ခုကို ရေရွတ်လိုက်ပြီး သူ့စိတ်ထဲမှာ တစ်ခုခု ထွက်လာတော့မလို ဖြစ်လာပါတော့သည်။

 

အဲ့ဒီအချိန်တုန်းက အဝတ်အစားဝယ်ဖို့ ဈေးဝယ်စင်တာကို သွားခဲ့ကြတုန်းက ပုံမှန်စျေးနှုန်းတွေ ရှိတာတောင် သူ့အတွက် ဈေးမကြီးတာတွေ အများကြီး ရှိခဲ့ပါ၏။ ဒါက သာမန်ကျောင်းသားတစ်ယောက်တတ်နိုင်တဲ့ အရာမဟုတ်ပါပေ။

 

သူတို့နှစ်ဦး ပထမဆုံး တွေ့ဆုံခဲ့တုန်းက လင်းဖန်က သူ့ကို ရည်ရွယ်ချက်ရှိရှိ စိမ်းကားမှုတစ်ခု ဖန်တီးခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းမှာ သူ လင်းဖန်လိုလူမျိုးကို အနည်းငယ်မျှတောင် မကြောက်ခဲ့ပါ။

 

ပြီးတော့ အဲ့ဒီအချိန်တုန်းက လင်ဖန် မှတ်ထားတဲ့ စကားလုံးက "counterclock" ဖြစ်ပြီး ဖန်မင်ရဲ့ အကောင့်… မှာ "l" တစ်လုံး ပျောက်နေခဲ့ပါသည်။

 

ပြီးတော့ သတ္တမတန်းကျောင်းနဲ့ ဘားမှာ ဖန်မင်က သူ့အသံကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ပြီး၊ သူ သူ့အဝတ်အစားတွေကို ချွတ်လိုက်တဲ့အခါ သူ တော်တော်လေး ကျွမ်းကျင်လှပါသည်။

 

အရေးအကြီးဆုံးအရာက ခံစားချက်ပင်။

 

သူက လူတွေကို သူ့ကို ထိတွေ့တာကို မုန်းသည်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ရယ် မသိပါ၊ သူ လင်းဖန်နဲ့ နီးကပ်တဲ့အခါ၊ ပြီးတော့ လင်းဖန်က သူ့ကို ရေချိုးပေးတာ၊ ပြီးတော့ အဲ့ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာတွေ လုပ်ပေးခဲ့တာတောင် သူက ဆင်ခြင်တုံတရားအရ လက်မခံခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူက ရုပ်ပိုင်းရော စိတ်ပိုင်းပါ မငြင်းဆန်ခဲ့ပါ။

 

ဒီမတိုင်ခင်က ဒီခံစားချက်က လူတစ်ဦးတည်းအတွက်သာ ဖြစ်ပြီး၊ အဲ့ဒီခွေးကောင် ဖန်မင်ပဲ ဖြစ်ပါသည်။

 

ပထမတော့ ဒါဟာ မူးယစ်ဆေးဝါးကြောင့်လို့ပဲ သူ ထင်ခဲ့ပေမယ့်၊ အခုတော့ အဲ့ဒီအချိန်တုန်းက ဖန်မင်ကို ရုတ်တရက် တွေးမိတာက ဒီအကြောင်းကြောင့် သက်သက်မဟုတ်ဘူးလို့ ထင်ရပါတော့သည်။

 

ဒီလိုလူတစ်ယောက်… သူ တွေးထားတာလိုပဲ ဖြစ်နိုင်မလား?

 

ချူရှောင်က သူ့တုန်ယင်နေတဲ့ လက်တွေကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ရင်ထဲမှာ ထပ်ခါတလဲလဲ တွေးနေမိပါတော့သည်။ အဝတ်လျှော်စက် ရပ်သွားတဲ့ အသံကိုတောင် သူ မကြားလိုက်ပါ။

 

လင်းဖန် တံခါးဖွင့်တဲ့ အသံကိုတောင် သူ မကြားလိုက်ပါ။

 

"အဝတ်လျှော်နေတာလား? ပြီးပြီထင်တယ်နော်" လင်းဖန်က အိမ်ထဲကို ဝင်လာပြီး အဝတ်လျှော်စက်ပေါ်က မီးလုံးကို ကြည့်ရင်း ပြောလိုက်သည်။

 

လင်းဖန်ရဲ့ အသံက ချူရှောင်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်သည်။

 

လင်းဖန်ရဲ့ စကားကို ကြားလိုက်တဲ့အခါ သူ့ရဲ့ ကျောကို လှည့်ထားတဲ့ ချူရှောင်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပါတော့သည်။

 

ကံကောင်းထောက်မစွာ သူက သူ့ကျောနဲ့ လင်းဖန်ဘက်ကို မျက်နှာမူထားတာကြောင့် လင်းဖန်က သူ့မျက်နှာပေါ်က ရှုပ်ထွေးမှုတွေကို မတွေ့ခဲ့ပါ။

 

သူ မျက်လုံးတွေ မှိတ်ပြီးနောက်၊ ချူရှောင်ရဲ့ တည်ငြိမ်ပြီး ပုံမှန်အမူအရာကို ပြန်လည်ရရှိဖို့ မိနစ်ဝက်လောက် အချိန်ယူခဲ့ပါသည်။

 

"အမ်၊ သိပြီ" ချူရှောင်က ပြောပြီး အဲ့ဒီအဝတ်တွေကို ထုတ်ဖို့ လှည့်လိုက်သည်။

 

သို့သော် သူ့မျက်လုံးတွေက လင်းဖန်ကို မြင်လိုက်တဲ့အခါ ချူရှောင်က မသိစိတ်ကနေ ရပ်တန့်သွားပါတော့သည်။

 

ဖြစ်နိုင်မလား…?

 

ချူရှောင်းက လင်းဖန်ကို မူးဝေဝေနဲ့ ကြည့်နေမိပါတော့သည်။

 

စိတ်ခံစားမှုမျိုးစုံ ရောထွေးနေသည်။ ဘယ်လောက် ရှုပ်ထွေးတယ်ဆိုတာကို သူသာ သိပါ၏။

 

မဟုတ်ဘူး၊ ခွဲခြားဖို့ ခက်ခဲလှသည်။

 

ချူရှောင်က သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေတာကို မြင်တော့ လင်းဖန်က သူ့မျက်ခုံးကို အနည်းငယ် မြှင့်လိုက်သည်။

 

"ကျွန်တော့်ကို ဘာလို့ ဒီလို စိုက်ကြည့်နေတာလဲ? ခင်ဗျား ရုတ်တရက် ကျွန်တော် တော်တော်လေး ချောတယ်ဆိုတာကို တွေ့သွားတာလား?" လင်းဖန်က သူ့အတွေးတွေကို ဖုံးကွယ်ရင်း နောက်ပြောင်သလို မေးလိုက်သည်။

 

ချူရှောင်က သူ့ကို အကြိမ်များစွာ သင်ခန်းစာ ပေးခဲ့ပြီး လင်းဖန်ရဲ့ အရေးမကြီးတဲ့ စကားလုံးတွေကို အာရုံမစိုက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပါသည်။

 

ဒါပေမယ့် ဒီတစ်ခါတော့…

 

လင်းဖန် ဒီလိုမျိုး ထပ်ပြောတာကို ကြားလိုက်တဲ့အခါ ချူရှောင်က သူ့မျက်နှာ ပူလာတာကို တွေ့လိုက်သည်။

 

ချူရှောင် ပါးစပ်ဖွင့်လိုက်သည်။ "ဖန်မင်" ဆိုတဲ့ စကားလုံးက နောက်တစ်စက္ကန့်မှာ သူ့နှုတ်ခမ်းကနေ ထွက်တော့မလို ဖြစ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ချူရှောင်က ဖိနှိပ်လိုက်သည်။

 

ဟင်… မဟုတ်ဘူး၊ သူ အဆုံးထိ မတွေးရသေးပါ။

 

သူသာဆိုရင် သူ ဘာလုပ်မလဲ? မဟုတ်ရင် ဘာလုပ်မလဲ…