Ch-39 Unicode
စွင်းတာ့ညန်က သူ့ဆီ လျှောက်လာကာ သူ့ခြေထောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"ကံကောင်းလို့ပေါ့.. ငါ ရွာသူကြီးဆီသွားပြီး မင်းအတွက် ကွာရှင်းစာတစ်စောင် ရေးထားခဲ့လို့.. အခု မင်းက ငါ့ချွေးမ/သားမက် မဟုတ်တော့ပေမယ့် ငါ့သားလေးဖြစ်သွားပြီလေ"
ချန်ချင့်သည် ပထမတော့ ရှက်သွေးဖြာနေရုံသာဖြစ်ပေမယ့် စွင်းတာ့ညန် ပြောတာကို ကြားပြီးနောက်တွင် သူ့မျက်လုံးတွေပါ နီရဲသွားရလေပြီ။
သူ့ဇာတိမြို့မှ လော့ဟယ်ရွာသို့ရောက်ချိန်တွင် သူ့ဘဝက ဘာလို့ ဒီလောက်ဆိုးနေရသလဲဟု တိတ်တိတ်ကလေး ညည်းတွားမိကာ သူ့ပါပါးလိုမျိုး သတ်သေပြီး ဘဝကို အဆုံးသတ်ရန် တွေးမိခဲ့သေးသည်။
သို့သော် သူ့တွင် လုံလုံလောက်လောက် သတ္တိမရှိခဲ့ချေ။ တစ်ဟုန်ထိုး စီးဆင်းနေသည့် ရေများကို သူ တွေ့လိုက်ရသည့်အခါ ကြောက်ရွံ့နေမိသေးဆဲ။ ဘဏ္ဍာစိုး၏ လှောင်ပြောင်သံတွေကြားထဲမှ သူ အဖွဲ့ဆီကို ပြန်လာခဲ့ရသည်။
ယင်းကား သူ လော့ဟယ်ရွာသို့ မရောက်ခင်၊ စွင်းတာ့ညန်ဆီမှ အဝယ်မခံရသေးခင်အထိပင်။ သူ့တွင် သူ့ပါပါးနှင့် လုံးဝကွာခြားသော အမေတစ်ယောက်အပြင် သူနှင့်တော်တော်ကွဲပြားသည့် လီရှင်းကဲ့သို့သော သူငယ်ချင်းလေးတစ်ယောက် ရှိလာခဲ့လေသည်။
ချန်ချင့် ခေါင်းယမ်းလိုက်ကာ သူ့စိတ်ထဲက မတွေးသင့်သည်များကို ဖယ်ထုတ်ပစ်လိုက်ပြီး စွင်းတာ့ညန်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း
"ကျေးဇူးတင်ပါတယ် အမေ"
စွင်းတာ့ညန် သူ့ဆံပင်တွေကို ထိကိုင်နေလျက်။
"မင်း ဘာလို့ ကိုယ့်အမေကို ဒီလောက် ယဉ်ကျေးနေရတာလဲကွယ်"
ချန်ချင့် ထိရှသွားသော်လည်း သူ့လည်ချောင်းမှာ တင်းကျပ်နေလေ၏။ သူသည် ကျိုးယွမ် ခုနက သူ့အား ပြောခဲ့သည့်စကားများကို စွင်းတာ့ညန်ဆီ ပြန်မပြောပြရဲပါချေ။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ အခြေအနေက..."
စွင်းတာ့ညန်သည် ချန်ချင့်၏ သူ့ကိုယ်သူ နှိမ့်ချနေမှုကို မကြိုက်ပေ။
"မင်းက ဘာဖြစ်နေလို့လဲ.. ကြည့်ကောင်းတယ်၊ အလုပ်ကြိုးစားတယ်၊ အကျင့်စာရိတ္တလည်းကောင်းတယ်လေ.."
ချန်ချင့် မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေမိလျက်။ စွင်းတာ့ညန် သူ့ကို ဒီလိုချီးကျူးတာကို ကြားရတော့ သူ အရမ်းပျော်နေမိတယ်..
ချီးမွမ်းစကားတွေ ကြားရတာကို မကြိုက်တဲ့သူ ဘယ်သူမှမရှိဘူးလေ.. ဖြစ်နိုင်တာက သူမှာလည်း တကယ်ပဲ ဒီလိုသဘောကျချင်စရာကောင်းတဲ့ အရည်အချင်းတစ်ခုခု ရှိနေတာများလား..
"အားချင့်?"
စွင်းတာ့ညန် သူ့အား ကြည့်၍
"မင်း ဘာတွေစဉ်းစားနေတာလဲ.. မင်းမျက်နှာလေး အရမ်းနီရဲနေတာပဲ"
ချန်ချင့် အလျင်စလို ခေါင်းခါလိုက်ကာ အကြောင်းအရာ ပြောင်းပြောလိုက်သည်။
"ကျွန်တော်တို့ ဘယ်တော့ အခွန်ပေးရမှာလဲဟင်"
"ငါတို့ ဒီနှစ် ပေးစရာမလိုတော့ဘူးလေ.. မင်း မေ့သွားပြီလား"
မနေ့က ရာမန်၌ သူတို့အားလုံးရှိနေကြစဥ် အရာရှိကြီးက ဤသတင်းအား ထုတ်ပြန်လိုက်ခြင်းပင်။ ရွာအကြီးအကဲများနှင့် ရာမန်အပြေးသမားများက အိမ်ထောင်စုတိုင်းဆီမှ ပိုက်ဆံလာကောက်မည်ဖြစ်၍ သူတို့ မနက်စောစောထပြီး တန်းစီနေစရာမလိုတော့ပေ။
ချန်ချင့်သည် မနေ့က ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိတော့ချေ။ သူ မှတ်မိနေသော တစ်ခုတည်းသောအရာမှာ သူ ကူကယ်ရာမဲ့ဆုံးဖြစ်နေချိန်တွင် သူ့ပါးပြင်ပေါ်မှာ ရှိနေသည့် ကျိုးယွမ်၏ ကြမ်းတမ်းသော လက်ချောင်းများပင်။
"အရမ်းကောင်းတာပဲ" ချန်ချင့် ပြောလိုက်သည်။
ချန်ချင့်သည် အသေးအဖွဲအရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး မနေ့က အဖြစ်အပျက်ကို ပြန်လည်တွေးကြည့်လိုက်၏။ စွင်းမိသားစုမှ တစ်ယောက်ယောက်က သူ့အိမ်တံခါးကို လာခေါက်မည်ကို သူ ပူပန်နေမိလျက်။
"အမေ စွင်းမိသားစုက ကျွန်တော်တို့အိမ်ကို လာမယ်လို့ ထင်လားဟင်"
ချန်ချင့် တံခါးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"သူတို့လာချင်သပဆို လာပေါ့.. ငါတို့က သူတို့ကို ကြောက်နေရမှာလား"
စွင်းတာ့ညန်က သူ့လက်အား နှစ်သိမ့်ပေးသလို ပုတ်ပေးလိုက်ပြီးနောက် ချက်ပြုတ်ရန် မီးဖိုချောင်ထဲဝင်သွားတော့သည်။
ချန်ချင့် တစ်နေကုန် စိတ်မအေးနိုင်ပါချေ။ မနက်က ကျိုးယွမ်ပြောသွားတာတွေကို စဥ်းစားလိုက်ပြီး သူ့ဦးရေပြားမှာ ထုံကျင်သွားရသလို တစ်ဖန် စွင်းမိသားစု ပြဿနာကို သူ တွေးမိသော် စိုးရိမ်ပူပန်မိပြန်သည်။
စွင်းတာ့ညန်က သူ ကြောက်လန့်နေသေးတယ်လို့ ထင်နေသဖြင့် သူ့အား စောစောအနားယူစေသည်။
ညဘက်၌ ချန်ချင့် အိပ်ရာပေါ်တွင် လူးလှိမ့်နေမိကာ နောက်ဆုံးတွင် ညသန်းခေါင်မှသာ အိပ်ပျော်သွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ကို အနှောင့်အယှက်ပေးနေသူက တကယ်ပဲ သူ့အိပ်မက်ထဲ ရောက်လာခဲ့လေသည်။
သူတို့ ခြံထဲမှာ အတူတူရှိနေကြပြီး တူညီသော စကားများကို ပြောနေကြဆဲပင်။ သို့သော် ကွာခြားချက်မှာ ကျိုးယွမ်က သူနှင့် အလွန်နီးကပ်နေခြင်းသာ။
"မင်း ကိုယ့်ကို ကြည့်နေတာ ကိုယ်သိတယ်"
ချန်ချင့်သည် အမြဲတမ်း စကားသိပ်မပြောသူဖြစ်ရာ သူ့အိမ်မက်ထဲတွင်လည်း ဘာမှပြန်မပြောနိုင်ဘဲ စကားထစ်နေမိပြန်သည်။
"ကိုယ်တို့ပထမဆုံးစတွေ့ကတည်းက မင်း ကိုယ့်ကိုကြည့်နေခဲ့တာ"
အိပ်မက်ထဲကလူက ကျိုးကြောင်းဆီလျော်မှုမရှိပါချေ။ အနှီလူက ချန်ချင့်၏ ငြင်းဆန်မှုကို လျစ်လျူရှုကာ ရှက်စဖွယ်စကားလုံးများကိုသာ ဆက်ပြောနေခဲ့သည်။
"မင်းက ကိုယ် သတိမထားမိဘူးလို့ ထင်နေတာပဲ"
"ကျွန်.. ကျွန်တော် မဟုတ်ဘူး....."
ကျိုးယွမ် ရုတ်တရက် သူ့အနားတိုးလာလေရာ ချန်ချင့် အချိန်မီ မရှောင်နိုင်လိုက်ဘဲ သူ့ရင်ခွင်ထဲမှာ မိသွားခဲ့ရသည်။ သူ့အိပ်မက်ထဲတွင်လည်း ရုန်းကန်ရခက်ခဲနေဆဲပင်။
"မလှုပ်နဲ့"
ချန်ချင့် ထပ်မလှုပ်ရဲတော့ပေ။ သူ့နှလုံးသားလေးလည်း ဗုံတစ်လုံးနှယ် ခုန်နေလျက်။ နေ့သည် ညအဖြစ်သို့ ပြောင်းလဲသွားသည်ကိုပင် သူမသိလိုက်တော့။ ကြာရှည်လှသော ညအချိန်ဝယ် ကျိုးယွမ်၏ အသံမှာ ပိုလို့တောင် နက်ရှိုင်းလာသေးသည်။
ချန်ချင့်ကိုယ်၌လည်း သူ ဘာကြောင့် ငိုနေမိမှန်း မသိတော့ချေ။ ကျိုးယွမ်က အရင်ကလိုမျိုး သူ့လက်ကြမ်းကြမ်းကြီးများနှင့် သူ့မျက်ရည်တွေကို သုတ်ပေးနေသော်လည်း ဒီတစ်ခေါက်တော့ သူ့အား စကားပြောလာသည်။
"မင်း ဘာလို့ ငိုနေတာလဲ"
ချန်ချင့် ခေါင်းယမ်းလိုက်သည်။
မည်သူမှ ထပ်မံစကားမပြောကြတော့။ ကျိုးယွမ်က သူ့ဆီ ချဥ်းကပ်လာနေသည်ကို ချန်ချင့် ခံစားနေမိသည်။
ချန်ချင့် သူ့အိမ်မက်မှ ရုတ်တရက် နိုးလာခဲ့ရသည်။ ချန်ချင့်၏ ကျယ်လောင်သထက် ကျယ်လာသော နှလုံးခုန်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလျက်သား။
ချန်ချင့် အိပ်မပျော်နိုင်တော့ပေ။ သူ့နှလုံးခုန်သံ ငြိမ်သက်သွားသည့်နောက် ကုတင်အလယ်သို့ ရွှေ့ကာ ပြတင်းပေါက်ကို အနည်းငယ်ဖွင့်ဟလိုက်သည်။
သူ့လက်နှစ်ဖက်ကို ခေါင်းအုံးသဖွယ်လုပ်ကာ ပြတင်းပေါက်ကို မှီထားလိုက်၏။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ခြံထဲက ပက်လက်ကုလားထိုင်ကို မြင်နေရလျက်။
လေညင်းလေး တိုက်ခတ်နေလျက်။ အချိန်အတော်ကြာပြီးနောက် ချန်ချင့် မျက်လုံးများ တဖြေးဖြေး မှိတ်ကျသွားတော့သည်။
ထိုနေ့နံနက်စောစောတွင် စွင်းတာ့ညန်နှင့် ကျိုးယွမ်တို့၏ စကားပြောသံကြောင့် ချန်ချင့် နိုးလာလေပြီ။
သန်ဘက်ခါမှာ ဆောင်းဦးလလယ်ပွဲတော်ဖြစ်သည်။ မူလက ဆောင်းဦးလလယ်ပွဲတော်အတွက် ထိုနေ့တုန်းက ဈေးပွဲတော်ကြီးမှာ ဝယ်သင့်သော်လည်း ချန်ချင့်၏ မတော်တဆမှုကြောင့် ဘာမှမဝယ်ခဲ့ရသေးချေ။
သို့နှင့် ယနေ့ မြို့မှာ ပစ္စည်းများသွားဝယ်ရန် စွင်းတာ့ညန် ဆုံးဖြတ်လိုက်သည်။
သို့ပေမယ့် ချန်ချင့် ခြေထောက်မှာ ဒဏ်ရာရထားသဖြင့် သူ့ကို တစ်ယောက်တည်း အိမ်မှာ ချန်မထားခဲ့ရဲပေ။ ထို့ကြောင့် သူမက ကျိုးယွမ်ကို သူမြို့ကိုသွားပါက သူမတို့ကိုပါ ခေါ်သွားပေးနိုင်မလားလို့ မေးမြန်းခဲ့ခြင်းပင်။
ကျိုးယွမ်ရဲ့ နွားလှည်းနဲ့ဆိုရင် ချန်ချင့်ကို ခေါ်သွားလို့ရပြီလေ...
"ကောင်းပါပြီ ကျွန်တော်လည်း မြို့ကိုသွားချင်နေတာ"
ကျိုးယွမ် ချက်ချင်းပင် သဘောတူလိုက်သည်။ သူ ခြံထဲကို လှမ်းကြည့်လိုက်သည့်အခါ ပြတင်းပေါက်မှ အမွေးဖွာဖွာခေါင်းတစ်လုံးကို တွေ့လိုက်ရသည်။
ဒီလိုဆိုတော့ မနေ့ညက အိပ်မပျော်နိုင်ဘဲ လူးလိမ့်နေမိတာက သူတစ်ယောက်ပဲပေါ့လေ ဟုတ်တယ်မလား...
ချန်ချင့်သည် သူ့မျက်လုံးများကို ဖြေးဖြေးလေး ဖွင့်လိုက်ပြီး ကျိုးယွမ်နှင့် အကြည့်ချင်းဆုံလိုက်သည်။ သူ့ပုံစံလေးမှာ အမွေးတွေထောင်ထနေသော ကြောင်လေးသဖွယ်။
သူသည် ထုံကျင်နေသောလက်ကို ပြန်ရုတ်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်၍ နောက်သို့ ပြန်ဆုတ်လိုက်သည်။ သို့သော်လည်း လှုပ်ရှားရာတွင် ခွန်အားအလွန်အကျွံသုံးလိုက်မိ၍ ဟန်ချက်ပျက်ကာ ကုတင်ပေါ်မှ ပြုတ်ကျသွားပြီး ကုတင်ဘောင်နှင့် ခေါင်းတိုက်မိကာ "ဒုန်း"ခနဲ အသံထွက်လာတော့သည်။
သူ အိပ်ရာပေါ်မှာ ပြန်လှဲလိုက်ကာ သူ့မျက်နှာကို စောင်ဖြင့် အုပ်ထားလိုက်သည်။
အရမ်းရှက်ဖို့ကောင်းတာပဲ...
စွင်းတာ့ညန်နှင့် ကျိုးယွမ်နှစ်ယောက်လုံး အခန်းထဲမှ ဆူညံသံကို ကြားလိုက်ရသဖြင့် ကျိုးယွမ်တစ်ယောက် မရယ်မိဘဲမနေနိုင်တော့ချေ။
ကျိုးယွမ်နှင့် အချိန်ပြောပြီးသည့်နောက် စွင်းတာ့ညန်လည်း အခန်းထဲ အမြန်ဝင်သွားလိုက်သည်။
"အားချင့် မင်း ကုတင်အောက် ပြုတ်ကျသွားတာလား"
ကျိုးယွမ်၏ ရယ်သံမှာ ပို၍ကျယ်လာသဖြင့် အခန်းထဲမှာ သူ့ကိုယ်သူ စောင်နှင့်ဖုံးထားသည့် ချန်ချင့်ပင်လျှင် သူ့ရယ်သံကို ကြားနေရလေသည်။ ချန်ချင့် ဒေါသထွက်ထွက်နှင့် အိပ်ရာကို ထုရိုက်နေမိသည်။
အရမ်းစိတ်အနှောင့်အယှက်ပေးတယ်.. အိပ်မက်ထဲမှာလည်း စိတ်အနှောင့်အယှက်ပေးရုံတင်မကဘူး.. လက်တွေ့မှာ ပိုတောင် စိတ်အနှောင့်အယှက်ပေးသေးတယ်!
စွင်းတာ့ညန်သည် စောစောထကာ မြို့သို့သွားရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ချန်ချင့်က ပြောင်းဖူးကိတ်ကို စားရတာ နှစ်ခြိုက်သောကြောင့် သူမ အများအပြား ပြုလုပ်ထားခဲ့သည်။
ချန်ချင့် ကုတင်ပေါ်မှာထိုင်ကာ သူ့ဆံပင်ကို ဖြီးနေလျက်။ သူ ဒီကို ရောက်ကတည်းက ဆံပင်ကို အမြဲတစေ ချထားတတ်ပြီး လယ်အလုပ်လုပ်ချိန်မှသာ သူ့ဆံပင်တွေကို စည်းနှောင်ထားတတ်သည်။
လော့ဟယ်ရွာ၌ ဖူးလန်တစ်ယောက်က ဆံပင်ကို စည်းထားရမလား၊ ချထားရမလား ဆိုသည့် သတ်မှတ်ချက်များမရှိပါချေ။ တစ်ဖက်တွင်မူ လီရှင်းသည် သူ့ဆံပင်များကို တစ်နေကုန် စည်းထားတတ်ရာ အလွန်သေသပ်လှသည်။
ယနေ့ ချန်ချင့် ရုတ်တရက် စိတ်ကူးပေါက်ကာ သူ့ဆံပင်တွေကို စည်းထားလိုက်၏။ စွင်းတာ့ညန်က တံခါးအပြင်ဘက်မှ သူ့အား ခေါ်နေလေပြီ။ နောက်ကျတော့မည်ဖြစ်ကြောင်း ပြောနေကာ ချန်ချင့်အား မြန်မြန် ထွက်လာခိုင်းနေသည်။
ချန်ချင့် အဆင်ပြေကြောင်း ပြောလိုက်သည့်အခါ စွင်းတာ့ညန်က တံခါးကို ဖွင့်လိုက်ချိန်တွင် ကွဲပြားနေသော ချန်ချင့်အား တွေ့လိုက်ရသည်။ သူမ ပြုံးလိုက်ပြီး ချန်ချင့်၏ ဆံပင်လေးတွေကို သပ်ရပ်အောင် ကူညီပေးလိုက်၏။
"ဒီနေ့ ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ မင်းဆံပင်တွေကိုချည်ဖို့ သတိရသွားတာလဲ"
ချန်ချင့် ခေါင်းငုံ့ချလိုက်ကာ ပြောလိုက်သည်။
"နည်းနည်းပူလို့ပါ"
စွင်းတာ့ညန်သည် ခေါင်းစည်းကြိုးဖြင့် ချည်ထားသော သူ့ဆံပင်တွေကို ကြည့်လိုက်သည်။ အနှီခေါင်းစည်းကြိုးအား ချန်ချင့်ကိုယ်တိုင် ပြုလုပ်ထားခြင်းပင်။ အရင်တုန်းက အဝတ်အစားလုပ်ရင်း ကျန်သည့်အထည်စမှ ပြုလုပ်ထားတာဖြစ်ပြီး ထိုအပေါ်တွင် ပုံစံတချို့ ပန်းထိုး၍ ခေါင်းစည်းဖြစ်အောင် ပြုလုပ်ထားခြင်းပင်။
"မင်းလမ်းလျှောက်တဲ့အခါ အသံမြည်မယ့် ခေါင်းလောင်းသေးသေးလေးပါတဲ့ ဆံညှပ်တစ်ချောင်းရှိရင် ပိုကောင်းမှာပဲ"
ချန်ချင့် သူ့မျက်လုံးတွေ ကျဥ်းမြောင်းသည်အထိ ပြုံးလိုက်ရင်း
"ဆောင်းရာသီကျရင် ကျွန်တော် သစ်သားထဲကနေ တစ်ခုလောက်ထွင်းလိုက်မယ်လေ.. အမေက ခေါင်းလောင်းတစ်ခုလုပ်ပေးဖို့ ဦးလေးလီကို တောင်းဆိုပေးပေါ့"
ဆောင်းရာသီ၌ လော့ဟယ်ရွာတွင် လယ်ယာအလုပ်မရှိသောကြောင့် ချန်ချင့်သည် လက်ကိုင်ပုဝါပန်းထိုးခြင်း၊ ဆံထိုးဆံညှပ်များ ထွင်းခြင်းကဲ့သို့သော ရှုပ်ထွေးပြီး အချိန်ကုန်စေမည့်အရာများကို လုပ်လေ့ရှိသည်။
xxx