[ကျေးဇူးပြုပြီး ငါတို့ကိုမဆွဲထားနဲ့တော့။ ဒီအတွဲကို ငါတို့ အားမပေးချင်ဘူး။]
[မာစတာရန်က မိသားစုကို ထောက်ပံ့ဖို့ ငွေရှာတာမှာတာဝန်ယူထားတယ်။ တတိယမြောက် သခင်လေးက ပန်းပွင့်လို လှလှပပနေရမယ့်နေရာမှာ တာဝန်ယူထားတယ်။]
[ပရိသတ်တွေ နိုးထကြပါတော့။ ရှီရန်က မိသားစုကို ထောက်ပံ့ဖို့ ငွေရှာရတယ်ကို အတည်ပြောနေကြတာလား။]
[သူမရဲ့ ညံ့ဖျင်းတဲ့ အရည်အချင်းတွေနဲ့ ဘယ်လိုပိုက်ဆံရနိုင်မှာလဲ။]
[တတိယသခင်လေးက ထင်ရာစိုင်းလွန်းတယ်။]
[သူမရဲ့ ပြိုင်ကားမောင်းပြိုင်တာကို မြင်ရတာ ကောင်းတယ် မဟုတ်လား။ ဘာကြောင့် သူမကို စန္ဒယားတီးခိုင်းရတာလဲ။]
တစ်ဖက်တွင် ရှီဝန်ဖေးက စန္ဒယားတီးပြီးသွားပြီဖြစ်သည်။ လက်ခုပ်သံများ ထွက်လာသည်။
သူမ Maskတပ်ထားကာ ခေါင်းငုံ့လိုက်ပြီး လျှောက်လာသည်။
မန်နေဂျာက ပြုံးပြီး "စစ်ဆေးမှုအောင်လို့ ဂုဏ်ယူပါတယ်" ဟု ပြောသည်။
ရှီရန်၏အလှည့်ရောက်လာသည်။
"မမ လေ့ကျင့်နေတယ်လို့ အဖေနဲ့အမေကို အမြဲပြောနေတာ မဟုတ်လား။ မမ အဆင်ပြေမှာ သေချာတယ်" ရှီဝန်ဖေးက သူမ၏လက်ကို လက်သီးဆုပ်ကာ မြှောက်ပြီး ရှီရန်ကို အားပေးသည်။
သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးမပျက် အပြုံးတစ်ခုရှိနေချိန်တွင် မျက်မှန်အောက်မှ သူမ၏မျက်လုံးများက အေးစက်နေသည်။
ဤကိုယ်ခန္ဓာ၏မူလပိုင်ရှင်သည် ဤနူးညံ့သိမ်မွေ့သောစကေးမျိုးကို တစ်ခါမျှ မကြိုက်ခဲ့ပေ။ ယခင်ကလည်း ရှိုးတွင် သူမ စန္ဒယားတီးသည့်အခါ ရှီဝန်ဖေး၏လှည့်စားခြင်းခံခဲ့ရသည်။
သူမ၏စွမ်းဆောင်ရည်သည် နောက်ပိုင်းတွင် တိုးတက်မှုတစ်စုံတစ်ရာ မပြခဲ့ပါက သူမ လေ့ကျင့်ခဲ့ကြောင်း ရှီဝန်ဖေးက ပြောကြားခဲ့သောကြောင့် လှောင်ပြောင်ခံရမည်မှာ သေချာသည်။
ထို့အပြင် ရှီဝန်ဖေး၏စွမ်းဆောင်မှုနှင့် သူမ၏စွမ်းဆောင်မှုနှိုင်းယှဥ်ကြည့်ခြင်းဖြင့် သူမအတွက် ၎င်းက ပို၍ပင်ခက်ခဲပေလိမ့်မည်။
သူမသည် စင်မြင့်ဆီသို့ မသွားမီ ရှီဝန်ဖေးအား မပြုံးချင်ပြုံးချင်ပြုံးပြလိုက်သည်။
အဖြူရောင်စန္ဒယားသည် လှပကျော့ရှင်းပြီး သူမသည် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသည်။ သူမသည် မိတ်ကပ်လိမ်းပြီး တမင်တကာ ရုပ်ဆိုးအောင် ပြလုပ်ခဲ့သဖြင့် စန္ဒယားတီးသောနေရာနှင့်သူမ အက်စပ်မနေပေ။
ဧည့်သည်များက သူမကို တစ်ချက်ကြည့်ရုံသာ ကြည့်သည်။ နောက်တွင် သူတို့သည် သူတို့ကိစ္စနှင့်သူတို့ အလုပ်ရှုပ်နေကြသည်။ သူမကို မည်သူမှ အာရုံစိုက်မနေကြပေ။
သူမ စန္ဒယားကို ညင်သာစွာ ထိကိုင်လိုက်သည်။ သူမ၏မျက်လုံးများတွင် လွမ်းဆွတ်တမ်းတနေသောအရိပ်အယောင်တစ်ခု ရှိနေသည်။
သူမ၏ယခင်ဘဝတွင် မိသားစု၏အမွေဆက်ခံသူအဖြစ် သူမအပေါ်မျှော်လင့်ချက်ကြီးကြီးမားမားထားရှိခဲ့ကြသည်။ သူမ၏နေ့စဉ်သင်ယူမှုများမှာ ကိုယ်ခံပညာနှင့် သင်ခန်းစာများဖြစ်သည်။ သူမ စန္ဒယားတီးရသည်ကို နှစ်သက်ကြောင်း သူမ၏မိသားစုကို မပြောရဲခဲ့ပေ။
သူမ၏ဖခင်က သူမကို သူမ၏ ၇ နှစ်မြောက်မွေးနေ့တွင် စန္ဒယားတစ်လုံး လက်ဆောင်ပေးခဲ့သည်။ ထိုအချိန်တွင် သူမသည် အဖေဘက်က သူမ၏အကြိုက်ကို သတိပြုမိကြောင်း သိလိုက်ရသည်။
နူးညံ့သောအပြုံးတစ်ခု သူမ၏နှုတ်ခမ်းပေါ် ပေါ်လာပြီး မျက်နှာတစ်ခုလုံး နူးညံ့ပျော့ပြောင်းသွားသည်။ ဤမြင်ကွင်းသည် အလွန်နူးညံ့ညင်သာပြီး လှပသည်။
သူမသည် စန္ဒယားပေါ်တွင် လက်ချောင်းများတင်ကာ လှပသောတေးဂီတသံများ ထွက်ပေါ်လာသည်။
စန္ဒယားတီးခတ်သံသည် အတောင်ပံဖြန့်ကာ လူတိုင်းဆီသို့ ပျံသန်းနေသော လိပ်ပြာတစ်ကောင်လို ထွက်ပေါ်လာသည်။
နွေးထွေးသောအလင်းရောင်တွင် တေးသွားကို တီးရင်းသူမ၏နှုတ်ခမ်းကအပြုံးမပျက်ဖြစ်နေသည်။ အစပိုင်းတွင် ဆွဲငင်ငင်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ချော့မြှူသံသို့ပြောင်းလဲသွားသည်။ ဖြည်းညှင်းစွာဖြင့် စန္ဒယားတီးသံက ပျော့ပျောင်းလာပြီး နွေးထွေးလာသည်။
မူလက အာရုံစိုက်မနေကြသော ဧည့်သည်များကို စန္ဒယားတီးသံက တဖြည်းဖြည်း ဆွဲဆောင်သွားကာ စင်မြင့်ပေါ်ရှိ သာမန်ပုံစံမိန်းကလေးတစ်ယောက်ဆီသို့ သူတို့၏အကြည့်များက ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် သူမအပေါ် ၌ အလင်းရောင်ဖြာထွက်နေပုံပေါ်သည်။
သီချင်းပြီးသွားသောအခါ သူမ မတ်တပ်ထရပ်ပြီး ပြုံးပြသည်။ ရဲတိုက်၌မြင့်မြတ်သောမင်းသမီးကဲ့သို့ ကျေးဇူးတင်မှုကိုပြသကာ ယဥ်ကျေးစွာဦးညွှတ်သည်။
လူတိုင်း တိတ်ဆိတ်နေကြသည်။
ချူးကျင်းချန်းသည် တစ်နေရာတွင် ထိုင်ပြီး ပြီဖြစ်ပြီး အဖြူရောင်နံရံကို ပျင်းရိစွာ မှီနေလေသည်။ သူမ၏ပုံသဏ္ဍာန်တစ်ခုသာ သူ့မျက်လုံးထဲတွင် ရှိနေလေသည်။
သူ့နှုတ်ခမ်း ကွေးညွတ်လာကာ လက်မြှောက်၍လက်ခုပ်တီးသည်။
ဧည့်သည်များ အသိပြန်ဝင်လာပြီး လက်ခုပ်သံများ ကျယ်လောင်လာသည်။
ရှီဝန်ဖေးက မယုံကြည်နိုင်ဖြစ်နေသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?!
ဘယ်တုန်းကရှီရန်စန္ဒယားတီးသင်လိုက်တာလဲ။ ရှီရန်က ဂီတတူရိယာတွေကို အမုန်းဆုံးဆိုတာကို ငါ မှတ်မိပါသေးတယ်။
ရှီရန်လေ့ကျင့်တယ်လို့ ငါ ပြောခဲ့ရတဲ့ အကြောင်းရင်းက လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို တမင်မြှင့်တင်ချင်တာကြောင့်ပဲ...။
ဘာတွေ ဖြစ်နေတာလဲ??
ကျုံးယူဖန်သည် ရှီရန်ကို အာရုံစိုက်ခဲ့ပြီး သူ့နှလုံးသားတွင် ထိတ်လန့်အံ့သြမှုဖြင့် ပြည့်နှက်နေသည်။
'ဒီအချိန်မှာ သူမ... တကယ်ပြောင်းလဲသွားတဲ့ပုံပေါ်တယ်။'
[အဲ့ဒီပွဲကနေ အချိန်ရေတွက်ရင် တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ တစ်နှစ်ကျော်အတွင်း ဒီအဆင့်ကို ရောက်နိုင်လို့လား??]
[စန္ဒယားပညာရှင်က သူမက ကောင်းမွန်စွာတီးသွားတယ်လို့ပြောတယ်!! ငါတို့ဆရာတွေထက် တောင် သာတယ်။]
[သုံးရက်ကြာပြီးနောက် မင်းက ငါ့လေးစားမှုကို ရသွားပြီ။]
[သူမက ကားမောင်းပြိုင်နိုင်၊စန္ဒယားတီးနိုင်ပြီး တိုက်ခိုက်နိုင်တယ်။ မာစတာရန်က ကမ္ဘာမှာ အတော်ဆုံးနဲ့အကောင်းဆုံးပဲ။]
[ဒါနဲ့သာ နှိုင်းယှဉ်မယ်ဆို ဝန်ဖေးက ဘာတီးသွားမှန်းတောင် မမှတ်မိတော့ဘူး။]
ရှီရန်စင်မြင့်ပေါ်မှ ဆင်းလိုက်သည်။
"မစ္စရှီရန်က စန္ဒယားသင်တဲ့မေဂျာယူခဲ့တာလား။" မန်နေဂျာက မေးသည်။
“အရင်က စန္ဒယားပညာရှင် တော်တော်များများ လာခဲ့ဖူးပေမယ့် မစ္စရှီရန်လိုမျိုး ကောင်းမွန်အောင်တီးနိုင်တာတော့ ရှားပါးလွန်းတယ်။
"မဟုတ်ပါဘူး၊ ကျွန်မ အချိန်ခဏလောက် လေ့ကျင့်ခဲ့တာပါ။ ကျွန်မက ကျွန်မရဲ့ညီမနဲ့တောင် နှိုင်းယှဥ်လို့မရနိုင်ပါဘူး။" ရှီရန်က ရှီဝန်ဖေးကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။
ရှီဝန်ဖေးသည် သူမ၏လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။ သူမ၏စိတ်တွင် သံသယများနှင့် မနာလိုမှုများဖြင့် ပြည့်နေသော်လည်း ကင်မရာကြောင့် သူမ ဘာမှ မပြောနိုင်ပေ။
"ဥက္ကဌကျုံးကော ဘယ်လိုထင်လဲ" ချူးကျင်းချန်းရုတ်တရက် ယူဖန်ကို မေးလိုက်သည်။
ကျုံးယူဖန် ရုတ်တရက်အသိပြန်ဝင်လာသည်။ သူက ရှီရန်ကို စိုက်ကြည့်ပြီး အဝေးကို အမြန်ကြည့်လိုက်သည်။
သူက တည်ငြိမ်စွာပြောသည်။ "ကျွန်တော် စန္ဒယားအကြောင်း သိပ်မသိဘူး။ အရှိကိုအရှိအတိုင်း ပြောရရင် သူတို့နှစ်ယောက်က တူညီပေမယ့် ကျွန်တော့်အမြင်အရတော့ ဝန်ဖေးရဲ့ ဂီတက နှလုံးသားထဲကို ပိုပြီးထိရောက်အောင် ဖမ်းစားနိုင်စွမ်းရှိတယ်"
"ဥက္ကဌကျုံးက တော်တော်ပွင့်လင်းတာပဲ။"
ချူးကျင်းချန်းက ထိုစကားကိုပြောသောအခါ အားလုံးက သူသည် ကျုံးယူဖန်၏စကားကို သဘောတူသည်ဟု ထင်ကြသည်။
ရှီဝန်ဖေး၏မနာလိုစိတ်များ လျှော့ကျသွားသည်။ သူမ၏မျက်နှာက တောက်ပလာပြီး ရှီရန်ကို ဘဝင်တက်စွာ ကြည့်သည်။
ရှီရန်ရဲ့ တွဲဖက်ကတောင်မှ ငါ ပိုကောင်းတယ်လို့ ခံစားရတယ်။ ရှီရန်တော့ ဒေါသထွက်နေလောက်ပြီ။
"တတိယသခင်လေးလည်းပဲ ဝန်ဖေးရဲ့ စန္ဒယားတီးတာပိုကောင်းတယ်လို့ ထင်ပုံပဲ။" ကျုံးယူဖန်က ဝမ်းသာပုံပေါ်နေသည်။
"မဟုတ်ဘူး" ချူးကျင်းချန်းသည် ပျင်းရိစွာ ပါးစပ်ကို ဖွင့်လိုက်သည်။ "ကျွန်တော် ဆိုလိုတာက... ဥက္ကဌကျုံးက စန္ဒယားအကြောင်း သိပ်မသိဘူး"
ကျုံးယူဖန်: "?"
ရှီဝန်ဖေး: ?
[ဟားဟားဟား၊ ညစ်တယ်ဟေး]
[တတိယသခင်လေးက ဒီလောက်နာပင်းနေမှာမဟုတ်ဘူးလို့ ငါပြောခဲ့တယ်လေ။]
[ ယူဖန်ရဲ့စေ့စပ်ထားသူကဘယ်သူလဲ ?]
[ကျုံးယူဖန်နဲ့ရှီဝန်ဖေးက လူသိရှင်ကြားထုတ်ပြောပြီးတွဲကြတော့မှာလား။ အရိပ်အမြွက်တွေတောင် ပြနေပြီ။]
[ရှီရန်က ပိုကောင်းတယ်လို့ ဘယ်သူမဆို ပြောနိုင်တယ်။ ကျုံးယူဖန်က ရုပ်တည်တည်ကြီးနဲ့လိမ်ပြောနေနိုင်သေးတာက အံ့ဩစရာပဲ။]
[ကဲကဲ မှတ်ချက်ပေးနေတာတွေတော်လောက်ပြီ။ ကျုံးယူဖန်က သူ့အဖော်ကို အကာအကွယ်ပေးနေတာ အသိသာကြီး။ နင်တို့တွေ အရမ်းအတွေးလွန်နေကြတာ။]
မှတ်ချက်ကဏ္ဍတွင် အချေအတင်များနှင့် ပြည့်နေသည်။
ရှီရန်နှင့် ရှီဝန်ဖေးတို့လည်း အလုပ်နေရာများကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
ကျုံးယူဖန်သည် စားပွဲထိုးလုပ်မည်ဟု ယခင်က ပြောခဲ့ဖူးသောကြောင့် စားပွဲထိုး၏အဝတ်အစားသို့ ပြောင်းပြီး သူ အလုပ်ရှုပ်နေသည်။
သို့သော် ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရသောသူက ချက်ချင်းအလုပ်ကို ချောမွေ့စွာမလုပ်နိုင်ပေ။ အစတွင် သူ အလွန်ပျာယာခတ်နေပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း အသားကျလာသည်။
ချူးကျင်းချန်းအတွက်မူ...
သူသည် ထောင့်ခုံတွင် ထိုင်ကာ မန်နေဂျာနှင့် တက်တက်ကြွကြွ စကားပြောနေသည်။
ရှီရန်နှင့် ရှီဝန်ဖေးတို့က အလှည့်ကျ စန္ဒယားတီးကြသည်။ ပထမဦးစွာ ရှီဝန်ဖေးတီးခတ်ပြီးနောက် တစ်နာရီအကြာတွင် ရှီရန်က တီးသည်။
ရှီဝန်ဖေးအနားယူသောအခါတွင် ထိုအချိန်ကို သူမသည် ကော်ဖီဆိုင်တွင် ကူညီရန်နှင့် အပိုငွေရှာရန် အသုံးပြုသည်။
ပရိသတ်က ၎င်းကိုမြင်ပြီး အားပေးကြသည်။
ကော်ဖီကို ဧည့်သည်တစ်ယောက်ရှေ့မှာ သူမ ချလိုက်သည်။ သူမ တစ်ချက်ကြည့်လိုက်သောအခါ ဧည့်သည်က "သတိ အချစ်ရှိသည်" ၏ပြိုင်ကားမောင်းပြိုင်ပွဲကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဧည့်သည်လည်း ရှီရန်ကို ကြိုက်တာလား" ရှီဝန်ဖေး အံ့သြသွားဟန်ဆောင်သည်။
ကောင်မလေးသည် မော့ကြည့်ကာ ပြုံးနေသောမျက်နှာဖြင့် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။ "ဟုတ်တယ်။ ကျွန်မ သူမကိုအရမ်းကြိုက်တယ်။ သူမ တကယ့်ကိုလှပြီး မိုက်တယ်!"
"သူမက မိုက်ရုံတင်မကဘူး စန္ဒယားတီးတဲ့အခါ မှာလည်း အရမ်းဆွဲဆောင်မှုရှိတယ်။" ရှီဝန်ဖေး စကားပြောနေရင်း စန္ဒယားတီးနေသော ရှီရန်ကိုကြည့်လိုက်သည်။
ထို့နောက် အချိန်တခဏတာလောက် နှစ်ယောက်သား စကားစမြည်ပြောကြသည်။ ရှီဝန်ဖေး၏အကြည့်များသည် ရှီရန်ဆီသို့ တစ်ချက်တစ်ချက်ရောက်ရောက်နေသည်။
ကောင်မလေးက သံသယဝင်လာသည်။ "ဘာလို့ စန္ဒယားသမားကို ကြည့်နေရတာလဲ။"
ပျာယာခတ်နေသောရှီဝန်ဖေးက မျက်လုံးလွှဲကာ "မဟုတ်ပါဘူး၊ ကျွန်မ သူမကို မကြည့်ပါဘူး" ဟု အလျင်စလို ရှင်းပြသည်။
"သူမက ရှီရန်တော့ မဖြစ်နိုင်ဘူးမလား?" ကောင်မလေး ရုတ်တရက် သဘောပေါက်သွားသည်။
"ဟင်?" ရှီဝန်ဖေးက ထိတ်လန့်သွားပြီး ပိုလို့တောင် အားကိုးရာမဲ့သွားပုံပေါ်သည်။ " ရှီရန်က ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှီရန်က ဘာလို့ ကော်ဖီဆိုင်ကို လာမှာလဲ"
ရှီဝန်ဖေး၏တုံ့ပြန်မှုသည် ထိုမိန်းကလေး၏ခန့်မှန်းချက်ကို အတည်ပြုပေးနေသည်။
သူမ ချက်ချင်းထပြီး သူမကိုတားချင်ယောင်ဆောင်နေသောရှီဝန်ဖေးကို ကျော်ပြီး စင်မြင့်ဆီကို လျှောက်သွားသည်။
ရှီဝန်ဖေး၏မျက်လုံးများတွင် ဂုဏ်ယူခြင်းအရိပ်အယောင် တောက်ပလာသည်။
ရှီရန်ကမှတ်မိခံရသရွေ့တော့ ဂိမ်းက ရပ်တန့်သွားပြီး သူမ ကျိန်းသေပေါက် ကျရှုံးသွားလိမ့်မယ်။
ကောင်မလေးက စင်ပေါ်တက်သွားပြီး ရှီရန်၏တေးဂီတတီးနေသံက တဖြည်းဖြည်း နှေးကွေးသွားသည်။
"အစ်မက ရှီရန်လား?" ကောင်မလေးက တဲ့တိုးမေးသည်။