Ch 26
Viewers 11k

26 : သူဟာ အခုကစပြီး ကျွန်တော့်ရဲ့ စံပြ ပုဂ္ဂိုလ်ပဲ

 

တစ်ဖက်တွင်…

 

လင်းဖန်သည် လောင်ကျီနှင့် တိုက်ခိုက်နေစဉ် ချန်ဖန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် လင်းဖန်၏ အခြားသော ကိုယ်ပိုင်လက္ခဏာ 'ဖန်မင်' အကြောင်းကို တူးဆွရှာဖွေနေကြသည်။

 

တစ်နာရီအကြာတွင် ချူရှောင်သည် ရေချိုးခန်းမှ ထွက်လာခဲ့သည်။ သူသည် လတ်ဆတ်သော အဝတ်အစားများ လဲလှယ်ကာ အတွင်းခန်းသို့ ဝင်သွားသည်။

 

"ဘာများ တွေ့ပြီလဲ?" ဟု ချူရှောင်က မေးလိုက်သည်။

 

"ဟုတ်ကဲ့ ဖန်မင်ရဲ့ နောက်ခံအကြောင်းကို စေ့စေ့စပ်စပ် စုံစမ်းပြီးပါပြီ။"

 

"ကောင်းပြီ။”

 

“လွန်ခဲ့တဲ့ တစ်လလောက် ဖန်မင် အင်တာနက်ပေါ်မှာ အကောင့်တစ်ခုဖွင့်ပြီး “မ”တည်ငွေ ယွမ် ၂ သန်းကို ရင်းနှီးမြှုပ်နှံခဲ့တယ်။ အခုချိန်ထိ သူ ၆၃ ကြိမ်တိုင်တိုင် စတော့ရှယ်ယာတွေ ဝယ်လိုက်ရောင်းလိုက် လုပ်နေပြီး အဖိုးတန်သတ္တု ၁၀ ကြိမ်နှင့် အီလက်ထရွန်းနစ် ကုန်ပစ္စည်းက ၂၃ ကြိမ် ပါဝင်တယ်။ အခု သူ့ရဲ့ ခန့်မှန်းခြေ အမြတ်ငွေက ယွမ် သန်း ၂၀ ရှိပြီး ရင်းနှီးမြှုပ်နှံမှု အမြတ်နှုန်းက ၉၃ ရာခိုင်နှုန်း ရှိတယ်ဆိုပြီး ခန့်မှန်းလို့ရတယ်”

 

လင်ထျန်ချန်သည် ဝင်မပြောဘဲ မနေနိုင်တော့ဘဲ "၉၃ ရာခိုင်နှုန်း?! ကျွန်တော် ရင်းနှီးမြှုပ်နှံမှု လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒီလောက် မြင့်မားတဲ့ အမြတ်နှုန်း ရတဲ့သူ တစ်ယောက်မှ မမြင်ဖူးဘူး။ ရိုးရိုးသားသား ပြောရရင် သူက ပါရမီရှင်ပဲ။ သူနဲ့ ဘယ်လို သိတာလဲ? ကျွန်တော် သူ့ကို တွေ့ချင်နေပြီ။"

 

လင်ထျန်ချန်သည် သူဌေးနှင့် ဖန်မင်တို့ကြား ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိချင်သောကြောင့် ဖန်မင်ကို တွေ့ချင်နေခဲ့သည်။ သို့သော် ဖန်မင်သည် စတော့ဈေးကွက်တွင် အလွန်အောင်မြင်ကြောင်း သိပြီးနောက် သူသည် ဖန်မင်ကို အလွန်လေးစားသွားပြီး ဖန်မင်နှင့် စကားပြောဆိုလိုသော ပြင်းပြသော ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။

 

"သူ စတော့ဈေးကွက်မှာ ကံကောင်းသွားတာလည်း ဖြစ်နိုင်တာပဲ။"

 

ရုန်ဟွာသည် လင်ထျန်ချန်က ဖန်မင်ကို အဘယ်ကြောင့် ထိုမျှ ချီးကျူးပြောဆိုနေသည်ကို နားမလည်နိုင်ပါ။

 

"မင်း စတော့ဈေးကွက်အကြောင်း သိပ်မသိဘူး။ အမြတ်နှုန်း မြင့်မားတာကို ထားလိုက်ဦး။ သူ့ရဲ့ အရောင်းအဝယ် နည်းဗျူဟာတွေက အရမ်း ကျွမ်းကျင်တယ်။ နားလည်ရဲ့လား? လာ မင်းကို သူ့အရောင်းအဝယ် မှတ်တမ်းကို ကြည့်ခိုင်းမယ်။ အရောင်းအဝယ်ရဲ့ တစ်ဝက်လောက်ကို အချိန်တိုအတွင်းမှာ လုပ်ခဲ့တာဖြစ်ပြီး အားလုံးနီးပါး အမြတ်ရခဲ့တယ်။ သူ့ကျန်တဲ့ မရောင်းရသေးတဲ့ ရှယ်ယာတွေကလည်း ကြီးထွားလာနိုင်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေပဲ။"

 

"ဒါဆို ဘာဖြစ်လဲ?"

 

"မင်း ဘဏ္ဍာရေးကို နှစ်နှစ်တောင် လေ့လာခဲ့တာပဲ။ ဘယ်လိုလုပ် ဒီလောက်တောင် မသိနားမလည် ဖြစ်နေရတာလဲ? တစ်ဖက်မှာ သူက ဈေးချိုတဲ့ ရှယ်ယာတွေကို ဝယ်ပြီး ဈေးကောင်းရတဲ့အခါ ရောင်းထုတ်ခဲ့တယ်။ နောက်တစ်ဖက်မှာ သူက အောင်မြင်လာနိုင်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတယ်။ သူက သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကို အလျင်အမြန် ကျဆင်းအောင် လုပ်ပြီး ဈေးနည်းတဲ့အချိန်မှာ ဝယ်ယူတယ်။ တစ်ဦးတည်း ရင်းနှီးမြှုပ်နှံသူအနေနဲ့ သူက အောင်မြင်လာနိုင်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို တဖြည်းဖြည်း ဝါးမျိုသွားပြီး နောက်ဆုံးမှာ သူက အားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်။ သူက တကယ့် ပါရမီရှင်ပဲ!"

 

"ခင်ဗျား တကယ်ပြောနေတာလား? အဲဒီလူ ဖန်မင်က တကယ်ပဲ ပါရမီရှင် ဖြစ်နိုင်လို့လား...?"

 

"တော်စမ်းပါကွာ! အရူးကောင်! ဖန်မင်က အခုကစပြီးငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ!"

 

"လင်ထျန်ချန် မင်းလည်း တော်တော့!" အလွန်အမင်း စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသော ချန်ဖန်သည် သူတို့၏ စကားဝိုင်းကို ဝင်ရောက်ဖြတ်တောက်လိုက်သည်။

 

သူတို့ စကားပြောနေချိန်မှာ သူဌေးရဲ့ မျက်နှာ မည်းမှောင်သွားတာကို သူတို့ သတိမထားမိဘူးလား? ချန်ဖန် သူ့ကိုယ်သူ တွေးလိုက်သည်။

 

"မင်းတို့ သူ့အကြောင်းကို ဒီတစ်နာရီအတွင်း ဘာတွေ ရှာတွေ့ခဲ့လဲ?"

 

"သူဌေး... အဲ... ဟုတ်ကဲ့။ သူ အကောင့်ဖွင့်ဖို့ သုံးခဲ့တဲ့ မှတ်ပုံတင်က ၂၀၁၆ မှာ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ မှတ်ပုံတင် ဖြစ်နေတာကို တွေ့တယ်။ သူ့ရဲ့ IP လိပ်စာကို ခြေရာခံကြည့်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒေဝါလီခံခဲ့ရတဲ့ ရုန်ဒါ ကုမ္ပဏီရဲ့ ကွန်ပျူတာနဲ့ ဆက်စပ်နေတာကို တွေ့တယ်။ ဒါ့အပြင် သူ့အကြောင်း ဘာသတင်းအချက်အလက်မှ မရှိတော့ဘူး..."

 

"ငါ့ရဲ့ စံပြပုဂ္ဂိုလ်က သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားတာ အရမ်းတော်တာပဲ... အင်း ငါဆိုလိုတာက ဘယ်လောက်ပဲ ဖုံးကွယ်ထားထား ငါတို့ သူ့ကို ရှာထုတ်နိုင်မှာ..."

 

"ချန်ဖန် မင်း ဖန်မင်ကို နှစ်လအတွင်း ရှာရမယ်" ဟု ချူရှောင်က ပြောလိုက်သည်။

 

'ဖန်မင်... မင်း သေရမယ် ဘာလို့လဲဆိုတော့ မင်း ငါ့ကို ပြင်းပြင်းထန်ထန် စော်ကားခဲ့လို့' ဟု သူ တွေးလိုက်သည်။

 

"ဒါနဲ့ မင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်နှုန်းက ၉၃ ရာခိုင်နှုန်း မှန်လား? ငါ မင်းတို့ကို တစ်လအတွင်း သူ့ကို ဒေဝါလီခံအောင် လုပ်စေချင်တယ်။"

 

ချူရှောင်သည် ဖန်မင်၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို တစ်ချက်ကြည့်လိုက်ပြီး စက္ကူလုံးလေးဖြစ်အောင် ချေကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် မဲ့ပြုံးတစ်ခုကို မျက်နှာတွင် တင်၍ ထွက်သွားခဲ့သည်။

 

"ဒါ အရမ်းခက်တာပဲ..."

 

"ဟာ... သူဌေးက ဖန်မင်ကို အရမ်းဒေါသထွက်နေတာ သူ အစည်းအဝေးတောင် မလုပ်ချင်တော့ဘူး။"

 

"ဟုတ်တယ် မင်းပြောတာ မှန်တယ်။"

 

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ?"

 

"သူဌေး ပြောတဲ့အတိုင်း လုပ်။ မင်းကို ဖန်မင်ကို ဒေဝါလီခံအောင် လုပ်ဖို့ တာဝန်ပေးထားတယ်။"

 

"ဒါ မဖြစ်နိုင်ဘူး... ဒါနဲ့ ချန် ငါ့ရဲ့ စံပြပုဂ္ဂိုလ်ကို တွေ့ရင် မင်း ဘာလုပ်မှာလဲ?"

 

"ရှေးရိုးစကားအတိုင်းဆိုရင်တော့..."

 

"ဟင့်အင်း မင်း သူ့ကို မသတ်ရဘူး။ ငါ သူ့ကို ငါ့ဆရာ လုပ်ချင်တယ်။"

 

"အဲဒါက သူဌေးအပေါ်မှာ မူတည်တယ်။"

 

'သိသာပါတယ် သူဌေးက ဖန်မင်ကို အပိုင်းပိုင်း ဆုတ်ဖြဲချင်နေတာ' ဟု ချန်ဖန် တွေးလိုက်သည်။