(18)
စုန့်စစ်ယွီက
လင်းရန်၏စကားကြောင့် လှုပ်ခတ်သွားခြင်း မရှိပါချေ။
ထိုကဲ့သို့
မေးခွန်းမျိုးကိုတောင် ယခုကဲ့သို့ မေးမြန်းရဲလာသည်ဖြစ်၍ သူမ၏စိတ်ထဲတွင်
သဘာဝအတိုင်း မှန်းဆချက်တစ်ခုရှိလာခဲ့ပေပြီ။
ယမန်နေ့တုန်းက
ရှုကျစ်ဝမ်နှင့် တွေ့ဆုံချိန်တွင် လင်းရန်၏ ဟက်ဟက်ပက်ပက်မရှိလှသည်ကို တွေး၍
သူမ၏ မှန်းဆချက်က ပို၍သေချာလာခဲ့သည်။
လင်းရန်
ကျေးလက်ဒေသသို့ အလျင်အမြန်သွားရသည့် အကြောင်းရင်းမှာ သူတို့ ဖုံးကွယ်ရန်အတွက်
ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရသည့် သူမအား ရှုကျစ်ဝမ်နှင့် လက်ထပ်ရန်
စီစဥ်နေသည့်ကိစ္စအား လင်းရန်သိနေခြင်းကြောင့်ဖြစ်လိမ့်မည်။
စုန့်စစ်ယွီအနေဖြင့်
သူမ၏အဖေက လင်းရန်အား ထိုကိစ္စကို ကြိုတင်ပြောပြမည်မဟုတ်ကြောင်း သံသယမရှိ
ယုံကြည်နေသော်လည်း လီရှို့လီကိုတော့ သံသယရှိနေခဲ့သည်ပင်။
လီရှို့လီမှာ
လင်းရန်၏ မိခင်အရင်းဖြစ်သည်။ သူမသမီး၏ ဘဝတစ်သက်တာအတွက် ကိစ္စအား သမီးဖြစ်သူထံမှ
ဖုံးကွယ်ထားရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။
ထိုလီရှို့လီက
လင်းရန်အား သူမနှင့်သူမ၏ဖခင်စုန့်ဝေ့တို့မရှိခင် ထိုအကြောင်းများကို
ပြောခဲ့ပြီးသားဖြစ်နိုင်သည်။
ထိုကဲ့သို့သာ
ဖြစ်နေလိမ့်မည်!
သို့မဟုတ်ပါက
လင်းရန်၏ ထူးဆန်းသည့် အပြုအမူများကို တခြားမည်သို့ရှင်းပြနိုင်မည်နည်း။
သူမ၏
အထင်မှာ မှန်ကန်နေခဲ့သည်ပင်။
လီရှို့လီက
အမှန်တကယ် စိတ်နှလုံး ပေါ့ပါးစွာနေတတ်သူမဟုတ်ကြောင်း သူမသိသည်။
ထိုအမျိုးသမီးက အမြဲတစေ တခြားလူများအတွက် ကြည့်ပေးသကဲ့သို့ ဟန်ဆောင်နေသော်လည်း
တကယ်တမ်းတွင် သူမ၏ နှလုံးသားက သူမ၏ သမီးအရင်းအတွက်သာ ဖြစ်နေသည်သာ။
ထိုအမျိုးသမီးရဲ့
သရုပ်ဆောင်စွမ်းရည်က အံ့မခန်းဖြစ်ပြီး သူမ၏ဖခင်ဖြစ်သူတောင် သူမ၏
အပေါ်ယံအသွင်အပြင်ကြောင့် လှည့်စားခံလိုက်ရသည်။
စိန့်စစ်ယွီတစ်ယောက်
လီရှို့လီက သူတို့သားအဖနှစ်ယောက်၏ရှေ့တွင် တမင်တကာ လင်းရန်ကိုဒေါသထွက်ပြပြီး
ဆက်ဆံရေးကို ဖြတ်ပစ်တောက်လိုကြောင်းပြောခဲ့သည်ကို ပြန်လည်တွေးတောလိုက်မိချိန်တွင်
ရွံရှာစိတ်ကြောင့် ပျို့အန်ချင်လာရသည်။
ထို့ကြောင့်
ဤအခိုက်အတန့်တွင် ထိုလီရှို့လီ၏ အကြောင်းနှင့်ပတ်သတ်၍ သူမ၏ဖခင်နှင့်
ကောင်းမွန်စွာစကားပြောဆိုရန်အတွက် အခွင့်အရေးရှာရမည်ဟု စိတ်ထဲတွင်
တေးထားလိုက်ချေသည်။
ကိစ္စများကို
ရှင်းရှင်းလင်းလင်း တွေးပြီးသည့်နောက် စုန့်စစ်ယွီက လင်းရန်နှင့်
အဓိပ္ပါယ်မဲ့သည့်စကားများ ပြောနေခြင်းကို ရပ်လိုက်ပြီး သူမကို
နောက်ဆုံးအကြိမ်အဖြစ် လေးလေးနက်နက် ကြည့်၍ ပြောခဲ့သည်။
“နင်တို့
အမေနဲ့ သမီးက အရမ်းတော်ကြတာပဲ!”
ထိုသို့ပြောပြီးသည်နဲ့
အပေါ်ထပ်ကို တက်သွားတော့သည်။
လင်းရန်ကတော့
ထိုခဏတွင် သူမ မည်သို့တွေးနေမှန်းကို မသိရှိခဲ့ပါချေ။ နောက်ဆုံးတွင်တော့ သူမက
ကူကယ်ရာမဲ့စွာဖြင့် ပခုံးသာတွန့်လိုက်မိကာ ပြန်အိပ်ဖို့လုပ်ခဲ့သည်။
တခြားဖိအားများမရှိတော့သည့်အတွက်
လင်းရန်အတွက် အံ့သြဖွယ်ကောင်းသော အိပ်စက်ခြင်းကို ရရှိခဲ့သည်။
တစ်ဖက်တွင်တော့
စုန့်မိသားစုကို သွားခဲ့သည့် အန်တီဝမ်မှာ သူမ ဝင်သွားခဲ့သည့်အချိန်တွင် လူတိုင်းက
အလုပ်သွားရမည့် အချိန်ဖြစ်နေသောကြောင့် သူမက စုန့်မိသားစုဆီသို့ သွားလာသည်ကို
လူတော်တော်များများက မြင်တွေ့ခဲ့ကြပြီး သဘာဝကျစွာဖြင့် အကြောင်းရင်းကို
သိချင်နေခဲ့ကြသည်။
ထို့ကြောင့်
အန်တီဝမ် စုန့်မိသားစုမှ ထွက်လာပြီးနောက်တွင် လူအချို့က သူမကို
မည်သည်အကြောင်းကိစ္စများဖြစ်နေလဲဟု စပ်စုစွာ မမေးဘဲမနေနိုင်ခဲ့ကြချေ။
အန်တီဝမ်က
အလွန်အမင်း စိတ်အခြေအနေကောင်းနေခဲ့သည်ပင်။ ထို့အပြင် လင်းရန်အား
ဂုဏ်ပြုလက်မှတ်ပေးခြင်းက ဆိုးရွားသည့်အရှုပ်အရှင်းသတင်းတစ်ခု မဟုတ်သလို သူမအတွက်
ဂုဏ်ယူစရာကိစ္စတစ်ခုသာ ဖြစ်နေခဲ့သည်။
သို့နှင့် သူမက
ထိုအကြောင်းများကို ဖုံးကွယ်မထားခဲ့ဘဲ လူတိုင်းကို အတိုချုံးပြောပြခဲ့တော့သည်။
ထိုကိစ္စများအား
ကြားသိလိုက်ရသည်တွင် ပတ်ဝန်းကျင်မှလူများအားလုံးက အံ့သြတကြီး ဖြစ်သွားကြရသည်။
စုန့်မိသားစုထဲမှ
ကလေးမလေးက ပညာတတ်လူငယ်အဖြစ်တန်းစီပြီး ကျေးလက်ဒေသကိုသွားတော့မည်။
ဟေး! နေက
အနောက်အရပ်ဘက်ကများ ထွက်လာတာလား !
အန်တီဝမ်က
လူတိုင်း၏ မယုံကြည်နိုင်လောက်သည့် အမူအရာများကိုမြင်ပြီးနောက် လင်းရန်အတွက်
စကားမပြောပေးဘဲ မနေနိုင်ခဲ့တော့ချေ။
“သူမက
အရမ်းလိမ္မာသိတတ်လွန်းတယ်၊ မင်းတို့တွေ သူမကို လျှော့မတွက်နဲ့၊ သူမက အနာဂတ်မှာ
မင်းအားလုံးထက် ပိုပြီး ကောင်းမွန်လာမယ်ဆိုတာ သေချာတယ်နော်!”
ထိုစကားကိုပြောပြီးနောက်
အန်တီဝမ်က စိတ်ကျေနပ်စွာထွက်သွားခဲ့ချေသည်။ နောက်တွင် ကျန်ရစ်နေခဲ့ကြသည့်
လူတစ်စုကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ အန်တီဝမ်၏ ပြောစကားကို
မည်သူကမျှ မယုံကြည်ကြပါချေ။
သို့သော်လည်း
လူတိုင်းက ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ လင်းရန်မှ
ကျေးလက်ဒေသို့သွားရန်အတွက် သူမကိုယ်တိုင် လျှောက်လွှာတင်သွင်းခဲ့သည့်
အကြောင်းအရာများကတော့ စက်မှု မိသားစုဧရိယာတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး
ရှုကျစ်ဝမ်၏ ခွေးနားထဲသို့ပါ မတော်တဆရောက်ရှိသွားခဲ့တော့သည်။
ထိုသတင်းကိုကြားလိုက်ရချိန်တွင်
အမေရှု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရသည်။
ဘာတွေဖြစ်နေတာလဲ?
လင်းရန်က
ကျေးလက်ဒေသကို သွားဖို့လုပ်နေတာလား?
ဒါပေမယ့်
သူတို့မိသားစုနှစ်ခုက မနေ့ကမှ ကလေးတွေရဲ့ကြင်ဖက်တွေ့ဆုံမှုအကြောင်းကို
ပြောနေကြသေးတာမဟုတ်ဘူးလား?
စုန့်မိသားစုက
သူတို့ကို စနောက်ရတာ ပျော်စရာကောင်းတယ်လို့ ထင်နေခဲ့တာလား? ဟုတ်တယ်မလား။
ထိုသတင်းကိုကြားလိုက်ရပြီးနောက်တွင်
အမေရှုမှာ သေလောက်အောင် ဒေါသထွက်သွားခဲ့ရသည်။
သူမက အလွန်အမင်း
ဒေါသထွက်လွန်းနေခဲ့ပြီး နေ့လယ်ခင်းထိတောင် မစောင့်ဆိုင်းနိုင်ခဲ့တော့ဘဲ
ဒေါသမာန်ဟုန်များဖြင့် စက်ယန္တရားစက်ရုံသို့ သွားကာ တံခါးပေါက်မှာရှိသည့်
လုံခြုံရေးဌာနမှ လူအား ဒါရိုက်တာရှုကို အပြင်သို့ထွက်လာရန် ခေါ်ထုတ်ပေးဖို့
တောင်းဆိုခဲ့သည်။
ဒါရိုက်တာရှု
ရောက်လာချိန်တွင် သူမက ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ကာ
ဖြစ်နေသည့်အကြောင်းအရာများကို ပြောပြခဲ့ပြီး ဒါရိုက်တာရှု၏ မျက်နှာသည်လည်း
ချက်ချင်းဆိုသလို မည်းမှောင်သွားခဲ့ချေသည်။
“စုန့်ဝေ့! မင်းက
ငါ့ကို ဒီလိုမျိုးလှည့်ကွက်တွေကစားဖို့ သတ္တိရှိနေတယ်ပေါ့လေ! ငါ့ကိုစောင့်နေလိုက်!”
ကံကောင်းထောက်လို့သာပေါ့။
သူ အရင်တုန်း စုန့်ဝေ့ဆိုတဲ့ကောင်ကို လူကောင်းတစ်ယောက်လို့ထင်ခဲ့ပြီး သူ့ရဲ့
ခမည်းခမက် ဖြစ်လာတော့မှာဆိုပြီး ရာထူးတိုးနိုင်ဖို့ အခွင့်အရေးကိုတောင်
ရှာကြည့်ဖို့ စီစဉ်ထားခဲ့သေးတယ်!
ရလဒ်အနေနဲ့ကရော?
အခု ဒီအဖြစ်အပျက်မျိုးက ပေါ်ထွက်လာခဲ့တယ်လေ။ ဒါကို သူက
ရာထူးတိုးပေးချင်နေဦးမှာတဲ့လား!
သူ့ကို
ထိုးချနိုင်မဲ့ အပြစ်တစ်ခုခု ရှာတွေ့သွားမဲ့ အခွင့်အရေးကို ရှာမတွေ့တာက
ပိုကောင်းလိမ့်မယ်!
မကြာမီအချိန်တွင်
ဒါရိုက်တာရှုက မှောင်မဲသော မျက်နှာဖြင့် စုန့်ဝေ့ရှိနေသည့် ဒုတိယအလုပ်ရုံသို့
သွားခဲ့သည်။
သူ့အနေနဲ့
စုန့်ဝေ့ဆီမှ တိကျသေချာသည့် ဖြေရှင်းချက်တစ်ခုတောင်းရန် စီစဉ်ခဲ့သည်။
သို့သော်လည်း
စုန့်ဝေ့ကို အလုပ်ရုံတွင် မတွေ့ဘဲနေလိမ့်မည်ဟု မည်သူက ကြိုသိလိမ့်မည်နည်း။
သူ
ဒုတိယအလုပ်ရုံသို့ရောက်ချိန်တွင် အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး စုန့်ဝေ့ကို
သူ့အတွက် ခေါ်ပေးဖို့ ထိုအလုပ်သမားကို တောင်းဆိုခဲ့သည်။ သို့ရာတွင်
ထိုအလုပ်သမားလေးက စုန့်ဝေ့မှာ အလုပ်များနေကြောင်းကို ပြန်ဖြေလာခဲ့ပြီး
သု့ကိုထွက်တွေ့ဖို့ရာအတွက် အချိန်မရှိကြောင်း ပြောလာခဲ့သည်။
ဒါရိုက်တာရှုမှာ
ထိုစကားကို ကြားချိန်တွင် မျက်လုံးများပင် ပြူးကျယ်သွားရသည် ။
အချိန်မရှိဘူးတဲ့လား။
သူ့မှာ အချိန်မရှိတာမဟုတ်ဘဲ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ
ရှောင်နေတာဖြစ်နေမှာကိုတောင် ကြောက်မိတယ်!
ဒါရိုက်တာရှုတစ်ယောက်
ပို၍ပင်ဒေါသထွက်သွားခဲ့ချေသည်။
ယခုအချိန်တွင်တော့
စုန့်ဝေ့မှ သူတို့၏မိသားစုနှင့် လက်ထပ်ဖို့ပြောခဲ့သည်မှာ သူ့ကို
လိမ်ညာလှည့်စားနေခြင်းဖြစ်ကြောင်းကို ပို၍ပင် ယုံကြည်လာခဲ့တော့သည်။
ထိုသို့မဟုတ်ပါက
သူ့ကို အဘယ်ကြောင့် ထွက်မတွေ့ဘဲနေမည်နည်း။
ကောင်းပြီ၊
တကယ်ကိုကောင်းကောင်းလုပ်ခဲ့တာပဲ!
အခုတော့
သူတို့မိသားစုနှစ်စုကြားက မီးစက တကယ်ကိုကြီးထွားလာခဲ့ပြီ!
အဆုံးတွင်
ဒါရိုက်တာရှုတစ်ယောက် ဒေါသတကြီး ပူလောင်နေသည့် မျက်လုံးများဖြင့်
ပြန်လည်ထွက်ခွာသွားခဲ့သည်။
သို့သော်လည်း သူ
မသိခဲ့သည်ကတော့ မတိုင်ခင်က သူခေါ်ခဲ့သည့်အလုပ်သမားလေးမှာ စက်ရုံထဲသို့ ဝင်လာကာစ
လူသစ်တစ်ယောက်ဖြစ်နေခဲ့ပြီး ဒါရိုက်တာရှုက မည်သူမှန်းကို လုံးဝမသိခဲ့ပါချေ။
ဒါရိုက်တာရှု၏
ကြောက်စရာကောင်းလောက်အောင် ဒေါသတကြီး မည်းမှောင်နေသည့် အမူအရာကို မြင်ချိန်တွင်
ထိုသူမှ တမင်တကာ ပြဿနာရှာဖို့ ရောက်လာခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။
ယခုအချိန်တွင်
စုန့်ဝေ့မှာ တခြားအင်ဂျင်နီယာများနဲ့ တည်ဆောက်ရေး ရေးဆွဲပုံအတွက် ဆွေးနွေးလျှက်
အလုပ်ရှုပ်နေခဲ့သောကြောင့် ဤအချိန်တွင်
အင်ဂျင်နီယာစုန့်အားနှောင့်ယှက်ချင်နေသည့်သူများကို သူက အဘယ်ကြောင်း
ခွင့်ပြုပေးနိုင်မည်နည်း။
မဖြစ်နိုင်ပါချေ!
ဤနည်းဖြင့်
စဉ်းစားကြည့်ကာ လူငယ် အလုပ်သမားလေးက သူ စုန့်ဝေ့အတွက်
ကောင်းကျိုးဖြစ်စေသောအရာတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ခံစားခဲ့ရသည်။
ဤသို့နှင့်
လှပသည့် နားလည်မှု လွဲမှားမှုများက စတင်ခဲ့တော့သည်။
စုန့်ဝေ့မှာ
နေလယ်ခင်းအထိ အစည်းဝေးခန်းထဲတွင် ရှိနေခဲ့သည်။ မွန်းတည့်ပိုင်း
အလုပ်ဆင်းပြီးနောက်တွင်တော့ သူက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို
တရွတ်တိုက်ဆွဲလျှက် နေ့လယ်စာစားရန်အတွက် အိမ်သို့ပြန်ဖို့ ပြင်ဆင်သည်။
မူလတုန်းက
ယနေ့မနက်တွင် လင်းရန်မှ ကျေးလက်ဒေသကိုသွားဖို့ ပြောခဲ့သည့် ကိစ္စအား
ဖြေရှင်းရန်အတွက် မည်သို့အစီအစဉ်ချသင့်ပြီး မည်သို့ဆက်လုပ်ရမည့်အကြောင်းကို
သေသေချာချာစဉ်းစားရန် တွေးတောခဲ့သော်လည်း ဤမနက်ပိုင်းတွင် သူ အလွန်အမင်း
အလုပ်ရှုပ်နေခဲ့သောကြောင့် အသေးစိတ် စဉ်းစားဖို့အချိန်မရှိခဲ့ပါချေ။
လောလောဆယ်အချိန်မှာ
တခြားအရာတွေက အရေးမကြီးသေးဘူး။ အရေးကြီးဆုံးက ဒါရိုက်တာရှုကို
သူဘယ်လိုရှင်းပြရမလဲ!
ယမန်နေ့မွန်းလွဲပိုင်းတွင်
သူနှင့် ဒါရိုက်တာရှုတို့က ကလေးနှစ်ဦးကို နောက်တစ်ကြိမ်
အဆက်အသွယ်ပြုလုပ်ရန်အတွက် သေသေချာချာ ချိန်းဆိုထားခဲ့ကြသည်။
သူ၏ သဘောထားက
အလွန်အမင်း ရှင်းလင်းလွန်းနေပြီ။ သူက လင်းရန်အား သူတို့၏ ရှုမိသားစုနှင့်
လက်ထပ်ဖို့ သဘောတူထားခဲ့သည်မှာ သေချာပေါက်ပင်။
သို့သော်လည်း
ယခုတွင် လင်းရန်က ကျေးလက်ဒေသကို သွားရန်ပြင်ဆင်နေခဲ့သည်။
ကျေးလက်ဒေသသို့
သွာားမည်ဆိုပါက လက်ထပ်၍မရနိုင်တော့ဟု ဆိုလိုခြင်းမဟုတ်သော်လည်း လက်ထပ်ပြီးကာစ
ပူပူနွေးနွေးဇနီးမောင်နှံနှစ်ယောက်က သီးခြားနေရာများမှာ
သပ်သပ်စီခွဲနေဖို့ဆိုသည်ကတော့ မဖြစ်နိုင်ပါချေ။
တစ်ဖက်သား၏အမြင်တွင်
သူတို့က ရှုမိသားစုအား ဆွဲချနေခြင်းနှင့် တူညီနေလိမ့်မည် မဟုတ်ပါလား။
မဖြစ်ဘူး!
ရှုမိသားစုက ဒီကိစ္စကို မသိခင်မှာ သူရှုမိသားစုကို
စိတ်တည်ငြိမ်အောင်လုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို
အမြန်ဆုံးရှာမှဖြစ်လိမ့်မယ်!
သူ
မျက်မှောင်ကြုတ်လိုက်ပြီး တကိုယ်လုံး ညို့မှိုင်းစွာဖြင့်
စက်မှုမိသားစုအိမ်ရာဆီသို့ လျှောက်သွားခဲ့ချေသည်။
သို့နှင့် သူ
စက်မှုမိသားစုအိမ်ရာ၏ တံခါးဝတွင် စက်မှုမိသားစုများမှ အမျိုးသမီးကြီးများအုပ်စုကို
တွေ့ဆုံခဲ့တော့သည်။
**