(16)
“ကျေးလက်သို့သွားမယ်” ဟူသော
စကားလုံးထွက်လာသည်နှင့် တပြိုင်နက် စုန့်မိသားစုတစ်ခုလုံးက မီးပွားများ စွဲကာ
လောင်ကျွမ်းသွားတော့သည်။
လီရှို့လီနှင့်
စုန့်စစ်ယွီတို့နှစ်ယောက်စလုံး လင်းရန်နှင့် အန်တီဝမ်တို့ဆီကို မယုံကြည်နိုင်စွာ
စိုက်ကြည့်လာခဲ့ကြကာ ထမင်းစားဝိုင်းတွင် ထိုင်လျှက် စားသောက်နေသည့်
စုန့်ဝေ့ပင်လျှင် ထပ်မံ စားသောက်နိုင်ခြင်းမရှိတော့ပါချေ။
သူက
သူ၏ပန်းကန်နဲ့ တူများကို အမြန်ချလိုက်ပြီး ဧည့်ခန်းဘက်ဆီသို့
အမြန်လျှောက်လာခဲ့ချေသည်။
သူ့အနေနဲ့
ယခုလေးတင်ကြားလိုက်ရသည့် စကားက နားကြားလွဲနေသည်ဟုထင်မှတ်ကာ အန်တီဝမ်ဆီကို
မယုံကြည်နိုင်စွာ ကြည့်၍ မေးလိုက်လေ၏။
“အစ်မဝမ် ၊ အစ်မ
နာမည်မှားပြောလိုက်တာလား ၊ ကျွန်တော်တို့မိသားစုထဲမှာ စစ်ယွီက
ကျေးလက်ကိုသွားဖို့အတွက် စာရင်းသွင်းခဲ့ပေမယ့် ရန်ရန်ကတော့ စာရင်းမသွင်းခဲ့ဘူးလေ!”
လီရှို့လီသည်လည်း
အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေခဲ့ရသော်လည်း မကြာသေးမီက အန်တီဝမ်ဆီတွင်
ကြိမ်းမောင်းပြောဆိုခြင်းကို ခံထားခဲ့ရသောကြောင့် နောက်ထပ်
မေးခွန်းမထုတ်ရဲခဲ့တော့ဘဲ ဘေးတွင် မတ်တပ်ရပ်လျှက် စိုက်ကြည့်ရုံသာ
တတ်နိုင်တော့သည်။
စုန့်စစ်ယွီအတွက်တော့
လက်ရှိအချိန်အခိုက်အတန့်တွင် သူမ၏အမူအရာမှာ သူ့အဖေ စုန့်ဝေ့နဲ့ ထပ်တူညီစွာ
ရှိနေခဲ့သည်။
သူမအနေနဲ့
အန်တီဝမ်၏ပြောစကားကို မယုံကြည်နိုင်ဖြစ်နေခဲ့ပေသည်။
_လင်းရန်က
ဘယ်လိုလုပ်ပြီး ကျေးလက်ကို သွားမှာလဲ? သူမက ဘယ်လိုလုပ်ပြီး ကျေးလက်ကို
သွားနိုင်ရတာလဲ။
သူမသာ
ကျေးလက်ကိုသွားမယ်ဆိုရင် ရှုမိသားစုနှင့် ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်တော့မှာလဲ!
ဆိုရပါက
စုန့်စစ်ယွီမှာ လင်းရန်၏ အိမ်ထောင်ရေးကို အနည်းငယ်မျှပင် ဂရုမစိုက်သည်မှာ
သေချာပေါက်ပင်ဖြစ်သော်လည်း အကယ်၍ လင်းရန်သာ ရှုမိသားစုနှင့် လက်မထပ်ခဲ့ပါက သူမ
စက်ရုံရုံးထဲသို့ဝင်ရောက်ကာ အလုပ်စလုပ်ဖို့ရန်အတွက် ရှုမိသားစု၏ အဆက်အသွယ်များကို
မည်သို့အားကိုးနိုင်တော့မည်နည်း။
_လင်းရန်သာ
ထွက်သွားမယ်ဆိုရင် သူမရဲ့ ကိုယ်ပိုင်အနာဂတ်ကို ဖျက်ဆီးလိုက်သလိုဖြစ်သွားလိမ့်မယ်!
စုန့်မိသားစုမှ
လူသုံးယောက်၏ ကြီးမားသော တုံ့ပြန်မှုများကို ကြည့်ပြီး အန်တီဝမ်က လင်းရန်တစ်ယောက်
စုန့်မိသားစုကို ကျေးလက်သို့သွားမည့်အကြောင်း စကားတစ်ခွန်းမှ မဟရသေးကြောင်းကို
မှန်းဆနိုင်ခဲ့သည်။
သူမက ထိုကိစ္စကို
စုန့်မိသားစုအား ရှင်းပြဖို့ တွေးတောလိုက်မိသော်လည်း မတိုင်ခင်တုန်းက လင်းရန်မှ
မိသားစုကို အံ့အားသင့်စေလိုသည်ဟု ပြောပြခဲ့ဖူးသည်ကို ပြန်လည်သတိရသွားခဲ့သောကြောင့်
ထိုရှင်းပြမည့်အခွင့်အရေးအား လင်းရန်ဆီသို့ ပေးလိုက်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။
သို့နှင့်
ဤသို့သာပြောလိုက်ချေသည်။
“ရန်ရန်ကိုယ်တိုင်
မင်းတို့ကို ပြောပါလိမ့်မယ်၊ မင်းတို့တွေမှာ တကယ်ကိုတော်တဲ့ သမီးနဲ့ ညီမလေး
ရှိနေခဲ့တာပဲ!”
အန်တီဝမ်က
စုန့်ဝေ့၊ သူ့ရဲ့ဇနီးသည် လီရှို့လီနှင့် သမီးဖြစ်သူ စုန့်စစ်ယွီတို့အားကြည့်ကာ
ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောနေခဲ့သည်။
မည်သို့ပင်ဆိုစေ၊
ကျေးလက်သို့ကိုသွားရမည့်ကိစ္စက ပြေလည်ကာ အခြေကျသွားပြီဖြစ်၍
နောက်ထပ်ထိခိုက်လာစရာအကြောင်းတရား မရှိတော့သည်ကြောင့် လင်းရန်က
တိုက်ရိုက်ပြောလိုက်တော့သည်။
“အမေ၊
အန်ကယ်စုန့်၊ အစ်မစစ်ယွီ၊ ဟုတ်တယ်၊ ခုနက ကြားလိုက်ရတာ အမှန်ပါပဲ၊ ကျွန်မ
ကျေးလက်ဒေသကို သွားဖို့အတွက် လျှောက်လွှာတင်ထားတယ်၊ ကျွန်မ
ကျေးလက်ဒေသမှာအလုပ်လုပ်ပြီး လူ့အဖွဲ့အစည်းနဲ့ အမိမြေအတွက် အကျိုးပြုဖို့
စီစဥ်ထားတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင်
သူမ၏စကားများက လုံလောက်အောင် ထိတ်လန့်ဖွယ်ရာမကောင်းသေးသလို ခံစားမိနေသေးက
ပိုမိုအားကောင်းသည့် နောက်ထပ်စာကြောင်းတစ်ခုကို ထပ်ပေါင်းထည့်လိုက်သေးသည်။
“လျှောက်လွှာပုံစံကို
တံဆိပ်တုံးထုပြီးသွားပြီ၊ ကျေးလက်ဒေသကို သွားဖို့အတွက်လည်း အဖွဲ့အစည်းက
ဆုံးဖြတ်ပြီးပြီ”
ဘန်း--!
စကားလုံးများ၏
စွမ်းအားက ပေါက်ကွဲထွက်သွားစေဖို့အတွက် အမှန်တကယ်ကို လုံလောက်နေခဲ့ပေသည်။
စုန့်ဝေ့နဲ့
တခြားနှစ်ယောက်မှာ အလွန်အမင်းအံ့သြသင့်လွန်းသည်ကြောင့် သူတို့၏ ခေါင်းတွေထဲမှာ
တစီစီမြည်သွားသကဲ့သို့ပင် ခံစားခဲ့ရပြီး သူတို့၏စိတ်များကလည်း ခဏလောက်
လွတ်ထွက်သွားခဲ့ကာ ထိုခဏတာအချိန်အတွင်း၌ မတုံ့ပြန်နိုင်ဖြစ်နေခဲ့ကြရသည်။
လင်းရန်က
ကျေးလက်ဒေသသို့သွားရန် လျှောက်လွှာတင်ထားကြောင်းကို နောက်ဆုံးသောစက္ကန့်ပိုင်းတွင်
ကြားသိခဲ့ရပြီး အလွန်ထိတ်လန့်သွားခဲ့ရသည်။
သို့သော်လည်း
သူမ၏လျှောက်လွှာကိုလည်း စုန့်စစ်ယွီ၏ လျှောက်လွှာကဲ့သို့
ပြန်လည်ရုတ်သိမ်းပေးနိုင်မလားဟု လျှင်မြန်စွာ မေးမြန်းရန် တွေးတောခဲ့မိပြီး
မမေးရသေးခင်တွင် ကျေးလက်ဒေသသို့ သွားရမည့် ကိစ္စက အတည်ပြုပြီးသွားကြောင်းကို
သိလိုက်ရပြန်သည်။
ယခု အရာအားလုံးက
အခြေကျပြီးသွားပြီဖြစ်ကာ ပြန်လည်ပယ်ဖယ်၍ပင် မရနိုင်တော့ပါချေ။
ထိုကဲ့သို့သော
အချိန်မျိုးတွင် သူတို့အနေနဲ့ မထိတ်လန့်ဘဲ နေဖို့က မည်သို့မျှမဖြစ်နိုင်ပေ။
လီရှို့လီက
ပထမဆုံး သတိပြန်ဝင်လာခဲ့ပြီး အလွန်အမင်း လက်မခံနိုင်ဖြစ်နေခဲ့သောကြောင့် ရုတ်တရက်
စူးစူးရှရှ အသံဖြင့် အော်ပြောလာသည်။
“မဟုတ်ဘူး၊
ငါသဘောမတူနိုင်ဘူး! မင်း ပညာတတ်လူငယ်အဖြစ် တန်းစီလို့မရဘူး! ကျေးလက်ကို
သွားလို့မရဘူး!”
_တကယ်လို့
သူမသာ ဒီလိုမျိုး အရေးပါတဲ့ အခိုက်အတန့်မျိုးမှာမှ
ကျေးလက်ဒေသကိုသွားမယ်ဆိုရင် ရှောင်ရှုက လက်ခံနိုင်မှာတဲ့လား။ ရှု မိသားစုက
လက်ခံနိုင်ဦးမှာတဲ့လား? !
_လောင်စုန့်က
သူမအတွက် ဒီလောက်ကောင်းတဲ့ သားမက်ကို ရှာဖွေပေးထားခဲ့တာ! ဒါကို ဘယ်လိုလုပ်ပြီး
ဒီလက်ထပ်ပွဲကိုလက်လွှတ်လိုက်နိုင်မှာလဲ?!
အမေအရင်းဖြစ်သည့်
လီရှို့လီ၏ ပြောစကားကို ကြားချိန်တွင် စုန့်ဝေ့ကလည်း သူ့မကို အမြန်ပြောလိုက်သည်။
အန်တီဝမ်က
အိမ်တွင်ရှိနေသေးသောကြောင့် သူ၏စကားအပြောအဆိုများက အတော်လေးကို
ကျွမ်းကျင်ပါးနပ်မှုရှိနေခဲ့သည်။
“ရန်ရန်၊
ကျေးလက်ဒေသကိုသွားမဲ့ကိစ္စက အရေးကြီးတဲ့ကိစ္စမျိုးပဲ၊ မင်းဘာလို့
မင်းရဲ့မိသားစုနဲ့ မဆွေးနွေးခဲ့ရတာလဲ၊ မင်းသာ ချက်ချင်းထွက်သွားမယ်ဆိုရင်
မင်းမိသားစုရဲ့ခံစားချက်ကိုလည်း ထည့်စဉ်းစားရမယ်လေ၊
မင်းငါ့ကို
မပြောဘူးဆိုရင်တောင် မင်းရဲ့အမေကိုတော့ ပြောရမှာပေါ့၊ သူ့မှာ သမီးအရင်းက
မင်းတစ်ယောက်ပဲရှိတာ၊ မင်းကိုလွှတ်ပေးလိုက်ရဖို့အတွက် သူ
ဘယ်လောက်တောင်ဝန်လေးနေမလဲဆိုတာ မတွေးတောမိဘူးလား”
သူ၏စကားအရ
လီရှို့လီထံတွင် သမီးအရင်းအဖြစ် သူမတစ်ယောက်သာရှိသော်လည်း သူမက သူမ၏မိခင်အပေါ်တွင်
သားသမီးဝတ္တရားမကျေပွန်၊ မသိတတ်ကြောင်းကို ဖော်ပြနေခဲ့သည်။
ယခုအချိန်တွင်တော့
လီရှို့လီမှ သူမ၏သမီးအရင်းထက် ပို၍ ချစ်ခင်မြတ်နိုးစွာ ဆက်ဆံခဲ့သည့်
လင်ပါသမီးဖြစ်သူ စုန့်စစ်ယွီကတော့ အလိုအလျောက် မမြင်နိုင်သည့်
ကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်သွားပုံရသည်။
လင်းရန်
စုန့်ဝေ့ကို “အန်ကယ်စုန့်၊
အန်ကယ် ဒါလေးကိုတောင် မသိဘူးလား” ဟူသည့် အမူအရာနှင့် လှမ်းကြည့်၍ပြောလိုက်သည်။
“အစ်မစစ်ယွီ
ဒီမှာမရှိဘူးလား၊ အစ်မစစ်ယွီက ကျွန်မအမေရဲ့ သမီးအရင်း မဟုတ်ပေမယ့် အန်ကယ်စုန့်ပဲ
ပြောခဲ့တာမဟုတ်ဘူးလား၊ ကျွန်မတို့မိသားစုမှာ သွေးသားဆက်ဆံရေးက လုံးဝအရေးမကြီးဘူး၊
အရေးကြီးတာက မိသားစုတစ်ခုလုံးရဲ့ နှလုံးသားတွေ အတူတူရှိနေဖို့ပဲဆို”
“ဒါကြောင့်
အစ်မစစ်ယွီကို အမေ့ရဲ့ဘေးမှာ ထားရလို့ ကျွန်မ စိတ်သက်သာရာ ရသွားတယ်၊
မိသားစုဝင်တစ်ယောက်အနေနဲ့ အစ်မစစ်ယွီက ကျွန်မကိုယ်စား အမေကို
ဝတ္တရားကျေပွန်ပေးလောက်မှာပါ၊ နောက်ပြီး အမေ့အနားမှာ အန်ကယ်စုန့်လည်း
အတူမရှိဘူးလား၊ အမေက အန်ကယ်စုန့်နဲ့အတူ ရှိနေတာဆိုတော့ ကျွန်မ ပိုလို့တောင်
စိတ်အေးသွားရတယ်လေ”
စုန့်ဝေ့မှာ
လင်းရန်၏ စကားကြောင့် ပြောစရာစကားမဲ့သွားခဲ့ကာ မည်သို့ ချေပရမည်ကို
မသိတော့ပေ။
သူက
သူ၏ခြေထောက်ပေါ်ကို ကျောက်တုံး ပစ်ချပြီး သွေးသားဆက်ဆံရေးက အလွန်အမင်း
အရေးကြီးလှကြောင်းနှင့် ယခင်တုန်းက သူပြောခဲ့သည်က သူမကို
စနောက်ဖို့အတွက်သာဖြစ်ကြောင်း စသည့်စကားလုံးများကို ထုတ်ပြောနိုင်ဦးမည်တဲ့လား။
သူ့ဘေးမှာရှိနေသည့်
စုန့်စစ်ယွီအတွက်ကတော့ အန်တီဝမ်သာ ဘေးနားတွင်မရှိပါက လင်းရန်ဆီသို့ ဤသို့
အော်ဟစ်ပစ်လိုက်ချင်နေပြီ:
“နင့်အမေကို
ဘယ်သူက ဂရုစိုက်နေမှာလဲ၊ နင့်ရဲ့အမေကို နင့်ဘာသာနင် သားသမီးဝတ္တရားကျေပွန်ပါလား!
ငါက ဘာလို့ ဒီလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကို လိုက်ကြည့်မနေနိုင်ဘူး!”
သို့သော်လည်း
အန်တီဝမ်က အနီးအနားမှာ ရပ်နေသေးပြီး အရေးအကြီးဆုံးအရာမှာ သူမ၏ ပါးစပ်က
အလွန်ကြီးမားလွန်းနေသည်ပင်။
သူမ၏
ထိုကဲ့သို့စကားလုံးများကိုသာ အန်တီဝမ်ကြားခဲ့ပါက ယနေ့နေ့လယ်ခင်းမတိုင်ခင်
လမ်းတစ်လျှောက်အတွင်း သူမ၏ နာမည်ပျက်သွားမှာ သေချာနေသည်ပင်။
ဤသည်က
စုန့်စစ်ယွီ၏ အနာဂတ်အလုပ်အကိုင်နဲ့ နာမည်ဂုဏ်သတင်းအပေါ် ကြီးကြီးမားမား
သက်ရောက်မှုရှိသွားလိမ့်မည်။
ထို့ကြောင့် သူမ
စိတ်ထင်တိုင်း ပြောနိုင်ခြင်းမရှိခဲ့ပါပေ။
ဤသို့နှင့်
စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ သားအဖနှစ်ယောက်မှာ အလွန်မွန်းကြပ်နေခဲ့ပြီး
နှလုံးသားထဲတွင်သာ စိုးရိမ်ပူပန်နေခဲ့ကြရသည်။
အချိန်ခဏကြာသွားသည့်တိုင်လင်းရန်အား
ကျေးလက်ဒေသသို့ မသွားရန် တားမြစ်ရမည့် အကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပါချေ။
သူတို့နှစ်ယောက်လုံးက
သူတို့၏ မျက်နှာများကို အလွန်ဂရုစိုက်နေခဲ့ကြရသည့်အတွက်
အန်တီဝမ်၏ရှေ့တွင်လင်းရန်ကို အိမ်တွင်ဆက်နေရန် တွန်းအားပေးနိုင်ခဲ့ခြင်း
မရှိခဲ့ကြတော့။
သို့သော်လည်း
တစ်ဖက်တွင် လီရှို့လီကတော့ ထိုအရာများကို ဂရုမစိုက်နေခဲ့ဘဲ သူမ
မကြာခင်တော်စပ်ရမည့် သားမက်ကောင်းလေး၏အကြောင်းကိုသာ တွေးတောနေမိသည်။
“ငါ
ဂရုမစိုက်ဘူး၊ လင်းရန် ဘာပဲဖြစ်ဖြစ် ငါမင်းကို ထွက်သွားဖို့
ခွင့်မပြုဘူး၊ ငါက မင်းအမေ အရင်းပဲ၊ မင်း ငါ့စကားကို နားထောင်ရမယ်၊ တကယ်လို့.
တကယ်လို့ မင်းသာ
ထွက်သွားဖို့အတွက် ခေါင်းမာနေမယ်ဆိုရင် နောင်အနာဂတ်မှာ မင်း ငါ့ကို
မင်းရဲ့အမေအဖြစ် ဘယ်တော့မှ အသိအမှတ်မပြုနဲ့တော့!”
လီရှို့လီက
ထိုသို့ ပြောပြီးသည်နှင့် လင်းရန်ဆီကို စိုက်ကြည့်လိုက်သည်။ သူမအနေဖြင့် သူမသာ
ထိုသို့ပြောလိုက်မည်ဆိုပါက လင်းရန် အလွန်ကြောက်လန့်သွားမှာဖြစ်ပြီး
နောက်ထပ်ရူးမိုက်သည့်အရာများကို လုပ်ရဲတော့မည်မဟုတ်ဟု တွေးနေခဲ့သည်။
အဆုံးတွင်
လီရှို့လီ၏ အမြင်အရ သူမက လင်းရန် လေးနှစ်သမီးအရွယ်တွင် မြို့ထဲသို့
ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ လင်းရန်မှာ လင်းမိသားစုနှင့်
လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်။
ထို့ကြောင့်
ဤကမ္ဘာပေါ်တွင် သူမက လင်းရန်၏ တစ်ဦးတည်းသော မိသားစုဆွေမျိုးဟု ဆိုနိုင်ပေသည်။
စုန့်ဝေ့မှ
သူမအား နည်းလမ်းအမျိုးမျိုးနဲ့ ကောင်းမွန်စွာဆက်ဆံခဲ့သည်ကလည်း သူမက
စုန့်ဝေ့၏ ဇနီးသည်ဖြစ်နေသည့်အတွက် တစ်ဖက်လူမှ သူမ၏သမီးဖြစ်သူကိုပါ
ကြည့်ရှုပေးနေခြင်းသာဖြစ်ချေသည်။
ထို့သို့မဟုတ်ပါက
စုန့်ဝေ့မှ သွေးသားမတော်စပ်သည့် မယားပါသမီးလင်းရန်အား အစားအသောက်၊
အဝတ်အစားပြည့်စုံစွာ ပေးအပ်လာမည်တဲ့လား။
ထို့ကြောင့်
သူမကသာ လင်းရန်အား မလိုချင်တော့ကြောင်း ပြောလာသရွေ့တော့ လင်းရန်က အစားအသောက်နဲ့
အဝတ်အစားကို စိတ်ပူစရာမလိုသည့်ဘဝကို မဆိုထားနှင့်။ သူမတွင် ရှိနေသည့်
နေစရာအိမ်တောင် ရှိတော့မည် မဟုတ်ပါချေ။
**