Chapter 4
Viewers 310

"ခင်ဗျား... ကလေးတောင် ရှိတာလား"


ငါ မျက်လုံးပြူးပြီး မယုံကြည်နိုင်ဖြစ်နေတယ်။


လုပေချန်က ငါ့ကို ပြင်ပေးတယ်။


"ကိုယ်မဟုတ်ဘူး၊ ကိုယ်တို့လို့"


"ယောက်ျားနှစ်ယောက်က ဘယ်လိုလုပ် ကလေးယူလို့ရမလဲ!"


လုပေချန်က ငါ့ဆူတာကို နည်းနည်း ဝမ်းနည်းသွားတယ်။ 


"ဇနီးလေး... မင်း ကိုယ့်ကိုကော ကလေးကိုကော စွန့်ပစ်သွားတော့မှာလားဟင်..."


စကားဝိုင်းက မူလနေရာကို ပြန်ရောက်သွားပြီ။


ငါ နဖူးကို ပွတ်သပ်ပြီး လုပေချန်ကို မေးတယ်။ 


"ဒါဆို ကလေးက ဘယ်မှာလဲ၊ ကျွန်တော့်ဗိုက်ထဲမှာတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးမလား"


"ပေ့ပေ့က နွေရာသီစခန်းမှာ၊ မနက်ဖြန်မနက်ကျရင် ကိုယ်တို့ အတူတူ သွားကြိုကြမယ်!"


ဟာသပါပဲ၊ အခု နွေရာသီစခန်းတောင် ပါလာပြီ၊ ဒီကလေးက ဘယ်အရွယ်လဲ!


နေဦး... ပေ့ပေ့?


အဲဒါ လုပေချန်ရဲ့ တူမ မဟုတ်ဘူးလား။


ငါ လုပေချန်ကို ခံစားချက်မျိုးစုံနဲ့ ကြည့်နေမိတယ်။ 


သူ တစ်ကိုယ်တည်းနေတာ ကြာလို့ အိမ်ထောင်ပြုပြီး ကလေးယူချင်တာ ဖြစ်နိုင်မလား။


မဟုတ်ရင် သူ့မှတ်ဉာဏ်တွေ ဘာလို့ ဒီလောက် ရောထွေးနေရတာလဲ။


ငါ ဒေါက်တာဝမ်ကို သူ့ကို နောက်တစ်ကြိမ် ပြန်စစ်ဆေးခိုင်းရမယ်!


ဒါမှမဟုတ် ဆရာဝန်ပြောင်းရမလား။


ဝမ်လီက သိပ်စိတ်ချရပုံမရဘူး...


နောက်ဆုံးတော့ အခြေအနေကို နားလည်သွားတော့ ငါ စကားမပြောနိုင်ဖြစ်သွားတယ်။


"ဘာလို့ ကလေးကို ကြိုတာကို ဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိတာလဲ၊ အိမ်တံခါးစကားဝှက်ကိုကျ မမှတ်မိဘူးပေါ့"


လုပေချန်က ဂုဏ်ယူနေတဲ့ပုံစံနဲ့ 


"ကိုယ် ကိုယ့်ဇနီးကိုတော့ မှတ်မိတုန်းပဲလေ"


ငါ့ရဲ့ ခုနကမှ ငြိမ်သက်သွားတဲ့ ဒေါသတွေ ပြန်ထလာတယ်။


ငါ စိတ်ထဲကနေ တိတ်တိတ်လေး သတိပေးတယ်။ သူက ငါ့သူဌေး၊ သူ့ကို ရိုက်လို့မရဘူး၊ သူ ငါ့ကို ပိုက်ဆံပေးတာ၊ သူ့ကို ရိုက်လို့မရဘူး။


စိတ်ကို အားပေးပြီးနောက်မှာ ငါ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။


"မနက်ဖြန် ကလေးကို သွားကြိုရမှာဆိုတော့ အခု အိပ်ကြရအောင်၊ ကောင်းကောင်း အနားယူရအောင်"


ဒီလို အသွားအပြန်တွေ လုပ်ပြီးနောက်မှာ လုပေချန်က ငါ့ရဲ့ တွန့်ဆုတ်နေမှုကို သတိထားမိပြီး ဘာမှ ထပ်မပြောတော့ဘူး။


သူက ငါ့ကို မကျေနပ်တဲ့ မျက်လုံးနဲ့ပဲ ကြည့်ပြီး ငါ ဆုံးဖြတ်ချက်ပြောင်းမှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြီးမှ စိတ်ပျက်အားငယ်စွာနဲ့ အခန်းထဲ ပြန်ဝင်သွားတယ်။


ဝင်သွားပြီး ခဏအကြာမှာပဲ ခေါင်းပြန်ထုတ်လာပြီး 


"ညဘက် ကောင်းကောင်းအိပ်ပါ ဇနီးလေး..."


"အာဘွား အာဘွား"


ငါ : "..."


လုပေချန်ရဲ့ တစ်နေ့တာလုံး အပြုအမူတွေကြောင့် အဲဒီညက ငါ အိပ်မက်မက်တယ်။


ငါ့ကို ဝေးလံတဲ့ တောင်တန်းတစ်ခုဆီ ရောင်းစားခံရပြီး တစ်ယောက်ယောက်ရဲ့ ဇနီးသည်ဖြစ်နေတာတဲ့။


ပြီးတော့ သုံးနှစ်အတွင်း ကလေးနှစ်ယောက်၊ ငါးနှစ်အတွင်း သုံးယောက် ယူရမယ်လို့လည်း ပါနေသေးတယ်။


ငါ ကြောက်လန့်တကြား နိုးလာတယ်။


ငါ ချွေးအေးတွေ သုတ်ပြီး ရေချိုးခန်းသွားပြီး ငါ တကယ်ယောက်ျားမှန်း သေချာအောင် လုပ်ပြီးမှ နောက်ဆုံး သက်ပြင်းချနိုင်ခဲ့တယ်။


ဒါပေမယ့် ငါ ပြန်အိပ်မပျော်တော့ဘူး။ ဒါကြောင့် စိတ်လျှော့ပြီး လက်တော့ပ်ဖွင့်ပြီး အီးမေးလ်အဟောင်းအချို့ကို ကိုင်တွယ်လိုက်တယ်။


မနက်ဖြန် လုရှောင်ပေကို သွားကြိုတာက လုပေချန်ကို သတိပြန်ဝင်လာစေမယ်လို့ မျှော်လင့်တယ်။


သူ့ဆီက "ဦးလေး" တစ်ခွန်းနဲ့ မနိုးရင်လည်း နောက်ထပ် နည်းနည်းထပ်ခေါ်ရင်တော့ နိုးလာမှာပါ။


နာကျင်မှုမရှိတဲ့ ဖခင်ဘဝအိပ်မက်ကို ချေဖျက်ပစ်ရမယ်!


( TN - နာကျင်မှုမရှိတဲ့ မိခင်ဘဝဆိုတာက မွေးဖွားတဲ့အတွက် မနာကျင်ရတဲ့ မိခင်တွေပါ၊ ဥပမာ ‌မွေးစားတာ ဘာညာပေါ့၊ နာကျင်မှု မရှိတဲ့ ဖခင်ကလည်း အဓိပ္ပာယ်အတူတူပါပဲ )


~~~