Chapter 3
Viewers 313

လုပေချန်ရဲ့ တိုက်ခန်းကျယ်ကြီးနဲ့ယှဉ်ရင် ငါ့နေရာက အရမ်းရိုးရှင်းတယ်လို့ ထင်ရတယ်။


ငါက နေထိုင်မှုအဆင့်အတန်း မြင့်မြင့်မထားဘူး၊ အချိန်ပိုတွေ၊ ခရီးထွက်တာတွေ မကြာခဏဆိုတော့ တစ်လမှာ တစ်ဝက်လောက်ပဲ အိမ်မှာနေဖြစ်တယ်။


ဒါကြောင့် ငါက အစပိုင်းကတည်းက ငှားခဲ့တဲ့ ၄၀ စတုရန်းမီတာ ကျယ်တဲ့ တိုက်ခန်းလေးမှာပဲ နေတုန်းပဲ။


ငါတစ်ယောက်တည်းဆို အဆင်ပြေပေမယ့် လုပေချန်ပါ ရှိလာတော့ ကျဉ်းကျဉ်းကြပ်ကြပ် ဖြစ်နေသလို ခံစားရတယ်။


နောက်ပြီး ဒီလိုတိုက်ခန်းမျိုးမှာ အခန်းတစ်ခန်းပဲ ရှိတော့ ဒီည လုပေချန်နဲ့ အတူမျှဝေအိပ်ရတော့မယ်လို့ ဆိုလိုတာပဲ။


သူ့မျက်နှာမှာ မထီမဲ့မြင်အမူအရာတစ်ခု ရှာကြည့်ဖို့ ကြိုးစားခဲ့တယ်။ သူဌေးသားဆိုတာ ဒီလိုနေရာမျိုးကို မနေတတ်ဘူးလေ။


အခုဆို သူ ဟိုတယ်မှာ နာနာခံခံ သွားတည်းဖို့ အခွင့်အရေးပဲ!


မမျှော်လင့်ဘဲ လုပေချန်က ဂရုမစိုက်ရုံသာမက သူ့နေရာလို သဘောထားပြီး အိပ်ခန်းကို သိမ်းပိုက်လိုက်တယ်။


ကောင်းပြီလေ! ငါ သူ့ကို အိပ်ခန်းပေးလိုက်မယ်၊ ငါ ဒီည ဧည့်ခန်းမှာ အိပ်မယ်!


ငါ ဟိုရှာဒီရှာလုပ်ပြီး လုပေချန်အတွက် မဝတ်ရသေးတဲ့ ရှပ်အင်္ကျီတစ်ထည် ရှာတွေ့တယ်၊ မကြာသေးခင်ကမှ အွန်လိုင်းကနေ ဝယ်ထားတာ။ မမျှော်လင့်ဘဲ ဆိုဒ်မှားမှာမိသွားတာ၊ ပြန်လဲဖို့ စီစဉ်ထားပေမယ့် လုပေချန်က လဝက်ခရီးစဉ်နဲ့ ဆွဲခေါ်သွားတယ်။


နောက်ဆုံးတော့ အိမ်မှာပဲ ကျန်ခဲ့တာ၊ ငါ့အတွက်တော့ ဆိုဒ်က အရမ်းကြီးတယ်၊ ဒါပေမယ့် လုပေချန်အတွက်တော့ အဆင်ပြေတယ်။


လုပေချန်က ဂရုမစိုက်ဘဲ ယူသွားပြီး ရေချိုးဖို့ ထွက်သွားတယ်။


ငါ သက်ပြင်းချလိုက်ပြီး စောင်ကို ဆွဲယူကာ ဧည့်ခန်းကို ပြင်ဆင်တော့တယ်။


ငါ ပြီးသွားတော့ လုပေချန်က ဘယ်တုန်းကမှန်းမသိ ရေချိုးပြီး ထွက်လာတယ်။


"ဇနီးလေး ကိုယ် ဘာအမှားလုပ်မိလို့လဲဟင်... ဘာလို့ မင်းက သပ်သပ်နေရာမှာ အိပ်ချင်တာလဲဟင်"


ငါ မကြားဟန်ဆောင်ပြီး စောင်ကို ထပ်ပြီးတော့ ခါလိုက်တယ်။


ဒါပေမယ့် လုပေချန်က ပိုပြီး ဖိအားပေးလာတယ်။ 


"ဇနီးလေး ဒီနေ့ အနမ်းနဲ့ အဖက်ခံတာတွေ မလုပ်ရသေးဘူးနော်!"


"..."


ငါ ကြောင်သွားတယ်၊ တကယ့်စုံတွဲတွေတောင် ဒီလောက် မကပ်တွယ်ဘူးထင်တယ်။


ချွဲပျစ်တာက တစ်ပိုင်းပေမယ့် နေ့တိုင်း နမ်းပြီး ဖက်ရဦးမှာလား။


အဲဒီမြင်ကွင်းကို စိတ်ကူးကြည့်လိုက်တော့ ငါ ကြက်သီးမွေးညှင်းတွေ ထသွားတယ်။


လုပေချန်က ဆက်ညည်းတွားတယ်။


"ဇနီးလေး ဘာလို့ ကိုယ့်ကို လျစ်လျူရှုနေတာလဲလို့"


နောက်ဆုံးတော့ ငါ မခံနိုင်တော့ဘဲ လုပေချန်ကို ကန်ထုတ်လိုက်တယ်။


"မစ္စတာလု၊ ကျွန်တော်က ယောက်ျားလေးဗျ!"


နောက်ဆုံးတော့ ဒီစကားလုံးတွေ ထွက်လာပြီ။ လုပေချန် သတိပြန်ဝင်လာမှာ သေချာတယ်မလား။


မမျှော်လင့်ဘဲ လုပေချန်က ဝမ်းနည်းနေတဲ့ပုံစံနဲ့ 


"ယောက်ျားလေးဇနီးသည်ဆိုတာလည်း ဇနီးပဲလေ! ဘယ်လိုလုပ် မင်းယောက်ျားနဲ့ ကလေးကို စွန့်ပစ်ရတာလဲ"


ငါ : ?


ငါ ရုတ်တရက် မျက်လုံးထဲ အမှောင်ကျသွားသလို ခံစားရတယ်။


ကလေးလား။ ကလေးက ဘယ်မှာလဲ။ ကလေး ဘယ်မှာလဲ ပြောစမ်းပါဦး။


~~~