Chapter 5
Viewers 83

သူငယ်ချင်း


ရိချန်းလျန်မှာ နေ့ခင်းကြောင်တောင်ကြီးကို သရဲတစ္ဆေမြင်နေရသလိုအမူအရာဖြင့် သူ့ကို စိုက်ကြည့်လာသည်။ သူ၏ ရုတ်တရက်စကားကြောင့် မူလက ခက်ထန်ကြမ်းကြုတ်သည့်အမူအရာက အနည်းငယ် ရှုပ်ထွေးသွားခဲ့ကာ ပါးစပ်နားရောက်နေသည့် အဆဲစကားများကိုပင် ဘယ်ပုံဆဲရမည်ဆိုတာ မေ့သွားရသည်။


ယွင်ဖန်းကမူ ရိချန်းလျန်၏ မျက်လုံးထဲက ဝါကျကို မြင်နိုင်ပါ၏။


ဒါက ဘယ်လို ငတုံးမျိုးလဲ? ဟူ၍။


ယွင်ဖန်းမှာ ပြောပြီးပြီးချင်းကို နောင်တရသွားခဲ့ရသည်။ သူက ချောင်းခြောက်ဆိုးလိုက်ကာ ကုတင်ဘေးစားပွဲထက်မှ  ဆေးအိတ်နှင့် ပေါက်စီအိတ်ကို ညွှန်ပြလိုက်လျက်


“ငါ အဲ့ဒါတွေ မင်းအတွက် ဝယ်လာတာ”


ရိချန်းလျန်က သူ့ကို ပိုပြီး ထူးဆန်းစွာ ကြည့်လာလေသည်။


°°°°°°°°


ယွင်ဖန်းကျောင်းပြန်ရောက်ချိန်မှာ နေ့လည်ခင်းအနားယူချိန်နှင့်တိုးသွားခဲ့သည်။ ဝူဟယ်က သူ့လက်မှ ပတ်တီးကိုမြင်တော့အော်လိုက်ကာ


“ယွင်ဖန်း.. မင်းလက်က ဘာဖြစ်တာလဲ?”


အတန်းထဲရှိ အိမ်စာလုပ်နေသူ၊ ကစားနေကြသူများအားလုံး၏ အာရုံက ယွင်ဖန်း၏ ဘယ်လက်ထက် တခဏရောက်လာကြလေသည်။


“ငါ မတော်တဆ ထိခိုက်မိသွားတာပါ”


ယွင်ဖန်းက မျက်နှာမပြောင်းဘဲ လိမ်ပြောလိုက်သည်။


အာရုံစိုက်မှုက တခဏသာဖြစ်ကာ ထိုထိပ်ဆုံးကျောင်းသားများမှာ သူတို့ လုပ်နေခဲ့ကြသည်များကို ဆက်လုပ်ကြလေသည်။ သို့သော်လည်း သူနှင့် ပုံမှန် ဘတ်စကတ်ဘောကစားနေကြသူတချို့ကတော့ သူ့အနားစုလာကြကာ ပျာယာခတ်စွာမေးကြသည်။


ယွင်ဖန်းတွင် သူငယ်ချင်းအများကြီးမရှိပေ။ ဤသို့သော ဂရုစိုက်ခံရသည့်ခံစားချက်က သူ့ကို အတော်လေး စိတ်မသက်မသာဖြစ်စေသည်။ သူက သဘာဝအလျှောက် နိုးကြားလာပြီး ခုခံလိုက်မိလုနီးပါးဖြစ်သွားခဲ့ကာ ထွက်ပြေးချင်စိတ်တောင် ပေါက်လာခဲ့လေ၏။


ဝူဟယ်က ကောက်ညှင်းထုတ်ကဲ့သို့စည်းနှောင်ထားသည့် သူ့ဘယ်လက်ကို ကိုင်ကာ ချဲ့ကားလွန်းစွာ ငိုကြွေးလျှက်


“ငါ့ရဲ့ ဖန်းအာ…မင်းအပြင်ထွက်သွားတုန်းက အကောင်းကြီးကို အတန်းနှစ်တန်းလွတ်သွားပြီးနောက်မှာ ဘယ်လိုလုပ်ပြီး စိတ်က မာလာပြီး ခန္ဓာကိုယ်က ထိခိုက်လာရတာတုန်း”


“ဝေးဝေးသွားတော့.. ဒီမှာလာအော်ငိုမနေနဲ့”


ချန်းချန်ယန်က ဝူဟယ်၏ နောက်ကျောကိုရိုက်လိုက်ရင်း မေးလာသည်။


“ယွင်ဖန်း…ဘယ်လို ထိခိုက်မိလာတာလဲ? ဘာလို့ ခွင့်ယူသွားတာလဲ?”


ယွင်ဖန်းက အတွေးများ ပျံ့လွင့်နေရင်းမှပင် စိတ်အားထက်သန်လွန်းကြသည့်အတန်းဖော်များကို ဖြေရှင်းနေခဲ့ရသည်။


အသားမကျပေမဲ့ စက်ဆုပ်ဖွယ်ရာလည်း မကောင်းခဲ့ပါချေ။


ရိချန်းလျန်ကရော?


အပြောခံရသည့် ရိချန်းလျန်မှာ နှာချေမိသွားသည်။ သူက နှာခေါင်းကိုပွတ်လိုက်ကာ သူ့ရှေ့ရှိ ဂုဏ်ပြုနံရံကိုကြည့်လိုက်၏။ နေရောင်ကပြင်းထန်လှလေရာ သူ့မျက်လုံးများကို မှေးထားရလေသည်။


ဂုဏ်ပြုနံရံထက်၏ အထင်ရှားဆုံးသောနေရာ၌ ရှိနေသူက နေ့လည်ခင်းတုန်းက ဓားကို တားခဲ့သည့်အရူးကောင်ဖြစ်နေခဲ့လေသည်။


အရူးကောင်က ဖြူစင်ကာ နူးညံ့ပြီး၊ ကျောင်းသားကောင်းပုံပေါက်ကာ အနည်းငယ် တုံးပုံပေါက်စေသည့် အနက်ရောင်ကိုင်းတပ်မျက်မှန်ကို တပ်ထား၏။ သူနှင့် လုံးဝကို ပြဒါးတစ်လမ်း သံတစ်လမ်းပုံစံပင်။ ရိချန်းလျန်က သူ့အနေဖြင့် ထိုသို့သော ကလေးမျိုး ဆယ်ယောက်လောက်ကိုတောင် ရိုက်နိုင်လောက်သည်ဟု တွေးလိုက်သည်။


သို့ပေမဲ့ ထိုပုံထဲမှာ လူကောင်းကလေးက လက်ဗလာဖြင့်ဓားကိုတားဆီးခဲ့ပြီး လှုပ်ရှားမှုနှစ်ချက်တည်းဖြင့် သူ့အား သတိလစ်သွားစေခဲ့သည်ပင်။


ရိချန်းလျန်သွားကြိတ်လိုက်သည်။


“ထိပ်တန်းကျောင်းသားက တကယ်ချောလိုက်တာ”


ဖြတ်သွားကြသည့် မိန်းကလေးအုပ်စုက ဂုဏ်ပြုနံရံကို ခေါင်းငဲ့ကြည့်လာကာ ဆံမြိတ်နှင့်တစ်ယောက်က သူမအဖော်ကို တီးတိုးပြောလိုက်သည်။


“အနာဂတ်မှာ သူက ငါ့ရဲ့ အမျိုးသားနတ်ဘုရားပဲ”


“နင်က နင့်ရဲ့အမျိုးသားနတ်ဘုရားတွေကို နေ့တိုင်းကို ပြောင်းနေတော့တာပဲ”


သူမ၏အဖော်က သူမနားရွက်ကိုဆွဲဆိတ်ကာ ဆွဲခေါ်သွားလေ၏။ 


“နင် ငါတို့ရဲ့ ထိပ်တန်းကျောင်းသားကို ပုတ်ခတ်ပြောဆိုခွင့်မပေးနိုင်ဘူး။ မြန်မြန်လာ အတန်းချိန်စတော့မယ်”


အမျိုးသား နတ်ဘုရားတဲ့ ။  တော်တော်ချော..ငါ့ဖင်ကြီးကိုပဲ ချောနေလိုက်။ 


ရိချန်းလျန်က ဓာတ်ပုံကိုစိုက်ကြည့်ပြီးနောက် သူ့ကျောပိုးအိတ်နှင့်အတူ ထွက်သွားလိုက်တော့သည်။


••••••


ညနေပိုင်း၌ထန်ရိဟာ ယွင်ဖန်းကို လာကြိုချိန်၌  လန့်သွားလေသည်။


“ထန်ထန် သားလက်ကဘာဖြစ်တာလဲ?”


ကောက်ညှင်းထုတ်ကဲ့သို့စည်းနှောင်ထားသော သူ့ဘယ်လက်ကို ကိုင်ထားသည့် ယွင်ဖန်းမှာ သူ၏ အမည်ခံ”မိဘ”များနှင့် ဖြေရှင်းရဦးမည်ကို လုံးဝမေ့နေခဲ့တာဖြစ်သည်။


သူက တစ်ယောက်တည်း နေရသည်ကို နေသားကျနေခဲ့ကာ ရန်စဖြစ်ချိန်မှာ ဘယ်သောအခါမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထည့်‌စဉ်းစားခြင်းမရှိခဲ့ဘဲ ယခုတော့ နောက်ဆုံးမှာ အကျိုးဆက်ကို ခံစားရတော့မှာဖြစ်သည်။


“ကျွန်တော်....”


ယွင်ဖန်းစိတ်ထဲ ဆင်ခြေများ လျှပ်တပြတ် ဖြတ်သွားပေမဲ့ အားလုံးကိုပယ်ချလိုက်သည်။ 


ထိုဆင်ခြေများမှာ အတန်းဖော်လေးများအား အရူးလုပ်နိုင်ပေမဲ့ စိုးရိမ်ပူပန်နေသည့် မိခင်ဖြစ်သူကိုတော့ အရူးလုပ်နိုင်ရန် ခက်ခဲ့လိမ့်မည်ပင်။


ယွင်ဟဲယွီ အလုပ်ဆင်းလာချိန်၌မူ အိမ်ကိုအလျင်စလိုပြန်လာပြီး ထန်ရိနှင့်အတူ ယွင်ဖန်းအား ဆေးရုံခေါ်သွားတော့သည်။


ပိုးပြန်သတ်ခြင်း၊ ချုပ်ခြင်း၊ ပတ်တီးစည်းခြင်း၊ ရောင်ရမ်းမှု သက်သာစေရန် IV ချိတ်ခြင်း၊ လုပ်ငန်းစဥ်များပြုလုပ်ပြီးနောက် ညဆယ်နာရီထိုးသွားခဲ့ပြီ ဖြစ်သည်။


ထန်ရိက သူ့အား ခေါင်းမာစွာပင် ဆန်ပြုတ်ခွံ့ကျွေးကာ သူ့ဘာသာ စားခွင့် မပေးချေ။


ယွင်ဖန်းမှာ ကသိကအောက်ဖြစ်စွာဖြင့် ခွက်တစ်ဝက်လောက်သောက်ပြီးနောက် ထပ်သောက်ရန် ငြင်းဆန်လိုက်တော့သည်။


ထန်ရိနှင့် ယွင်ဟဲယွီတို့ကို သူ့အတွက်နှင့် ထိတ်လန့်တကြား ပြေးလွှားနေ‌စေခဲ့မိတာကြောင့် ယွင်ဖန်းက အနည်းငယ် စိတ်မသက်မသာ ခံစားနေခဲ့ရသည်။


တကယ်တော့ သူက ယွင်ဖန်းအစစ်မဟုတ်ပေမဲ့ ယုတ်မာသော သူခိုးတစ်ယောက်ကဲ့သို့ပင်  ယွင်ဖန်း၏မိဘများထံမှ ရရှိသည့် အထိန်းအကွပ်မဲ့ ဂရုစိုက်မှုနှင့် ချစ်ခြင်းများကို သဘောကျပါသည်။


သို့ပေမဲ့ သူသာအမှန်ပြောလိုက်လျှင် သူတို့ ယုံကြည်သွားလိမ့်မလားနှင့် ပြိုလဲသွားကြလိမ့်မလားဆိုသည်ကို သူမသိပေ။ သို့မဟုတ် ယွင်ဖန်းကို ရူးသွားပြီဟု ထင်ကြလိမ့်မည်လား၊ ထိုသည်ကတော့ ကောင်းသောရလဒ်မဟုတ်ပါချေ။


ဆရာဝန်က  ဓားဒဏ်ရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ကာ ဓားက အနည်းငယ်သာ ပိုနက်ခဲ့ပါလျှင် အာရုံကြောကို ဖြတ်မိသွားကာ အကျိုးဆက်ကတော့ စိတ်ကူးမယဉ်နိုင်လောက်ကြောင်း ။ထိုသည်ကို ကြားပြီးနောက် ထန်ရိနှင့် ယွင်ဟဲယွီတို့၏ မျက်နှာ ဖြူဖျော့သွားခဲ့ကြလေ၏။


ထန်ရိက တစ်ညလုံးမေးမြန်းနေခဲ့ပေမဲ့ ယွင်ဖန်းက တိကျသည့်အကြောင်းပြချက်ကို မပြောလာခဲ့သည်မို့ သူမမှာ ပူပန်မှုကြောင့် မျက်ရည်ကျလုမတတ် ဖြစ်ခဲ့ရသည်။


“ထန်ထန်.. ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာခဲ့တာလဲ? သားရဲ့ မိဘတွေကိုပြောလေ။ တစ်ခုခုနဲ့ ကြုံလာရတာလားဆိုတာ? အမေတို့ကိုပြောပြပါဦး”


ထန်ရိက မျက်ရည်ဝေ့နေသည့်မျက်လုံးတို့ဖြင့် သူ့ကိုကြည့်လာသည်။


ယွင်ဖန်းမှာ အနည်းငယ် မနေနိုင်ဖြစ်လာကာ သက်ပြင်းချလိုက်သည်။ တွန့်ဆုတ်စွာဖြင့် အကျိုးအကြောင်းတွေးကြည့်ပြီးနောက်


“....ကျွန်တော့်သူငယ်ချင်းတစ်ယောက်က တစ်ယောက်ယောက်နဲ့ရန်ဖြစ်နေခဲ့တာ၊ တစ်ဖက်လူက ဓားထုတ်လာတော့ ကျွန်တော်က ကူပြီး တားပေးလိုက်မိတာပါ”


“သားအရမ်း စိတ်မြန်လက်မြန်နဲ့ မဆင်မခြင် ထပ်မလုပ်ရတော့ဘူးနော်!”


ထန်ရိက IV ချိတ်ထားသည့် သူ့လက်ကိုကိုင်လိုက်ပြီး 


“သား ရဲခေါ်လိုက်သေးလား?”


ယွင်ဖန်းက ခေါင်းခါလိုက်၏။


“သူ ထွက်ပြေးသွားတယ်။ အဲ့ဒါက အထက်တန်းကျောင်းသားတွေကြား ရန်ပွဲလေးပါပဲ။ရဲခေါ်လိုက်ရင်တောင် အများဆုံး သင်ခန်းစာပေးခံရရုံလောက်ပဲ”


ထိုသည်ကိုကြားတော့ ယွင်ဟဲယွီ၏ မျက်နှာက မည်းသွားခဲ့ကာ


“မင်းတို့ကျောင်းက ဘယ်လိုလုပ်‌နေတာလဲ? သားရဲ့ အတန်းပိုင်ဆရာကို အဖေသွားရှာလိုက်မယ်”


“ကျောင်းပြင်ပမှာ ဖြစ်ခဲ့တာပါ၊ ကျောင်းနဲ့ ဘာမှမဆိုင်ဘူး”


ယွင်ဖန်းက ပြော၏။


စည်းရုံဖျောင်းဖြခြင်းများစွာ ပြီးနောက်မှာ မိဘများနောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ကြလေသည်။


“ထန်ထန်…သား....”


ထန်ရိကသူ့အား တွန့်ဆုတ်စွာကြည့်လာကာ


“သားရဲ့ အဲ့ဒီသူငယ်ချင်းက ယောက်ျားလေးလား?”


ယွင်ဖန်းခေါင်းညိတ်လိုက်သည်။


ထန်ရိနှင့် ယွင်ဟဲယွီတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ သူတို့မျက်နှာက ထူးဆန်းလာကြ၏။


ယွင်ဖန်းက IV ကြောင့် ငိုက်မြည်းလာခဲ့ကာ သူတို့၏ ပြောင်းလဲသွားသောအမူအယာကို သတိမပြုမိလိုက်ပေ။


အိမ်ပြန်လမ်း၌ ယွင်ဖန်းမှာ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် နောက်ခုံမှာထိုင်ကာ ထန်ရိနှင့် ယွင်ဟဲယွီတို့၏စကားပြောသံများကို ဝေဝေဝါးဝါးကြားနေခဲ့ရသည်။


“.....တို့သားက ကြောက်တတ်တယ်။ ပိုးကောင်တစ်ကောင်တွေ့ရင်တေင် သုံးပေလောက်မြင့်အောင် ခုန်တတ်တာ...အဲ့ဒါကို တစ်ယောက်ယောက်အစား… ဓားကို တားပေးတယ်ပေါ့....”


“...သူငယ်ချင်းရှိတာက အဆင်ပြေပေမဲ့ အမြဲတမ်းရန်ဖြစ်နေတတ်တဲ့သူဆိုရင်တော့ အဆင်မပြေဘူးလေ......အနည်းဆုံးတော့ ရင့်ကျက်တဲ့ တစ်ယောက်ယောက်ကို ရှာပြီး အနာဂတ်မှာတည်ငြိမ်...”


ယွင်ဖန်က စကားသံများကို ပြတ်တောင်းပြတ်တောင်းကြားနေရကာ မျက်လုံးဖွင့်ချင်ပေမဲ့ အိပ်ချင်စိတ်ကရိုက်ခတ်လာပြီး လုံးဝ အိပ်ပျော်သွားတော့သည်။ 


ဗုဒ္ဓဟူးနေ့၌ ကာယပညာဆိုင်ရာအတန်းတွင် ယွင်ဖန်းက အတန်းတက်ရန်အတွက် အတန်းထဲမှာ နေချင်ခဲ့ပေမဲ့ ဝူဟယ်နှင့် ကျန်းကျဲဟိုင်တို့၏ ကစားကွင်းထဲ အတင်းဆွဲခေါ်လာခြင်းကို ခံလိုက်ရသည်။


“မင်းက အတန်းတက်မယ်၊ အဲ့ဒါကလူဘာသာစကားရော ဟုတ်ရဲ့လား!”


ဝူဟယ်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။


“မင်းငါတို့ကို အသက်ရှင်ခွင့်ပေးစမ်းပါဦးလား!”


ညတိုင်းမှာ အလယ်တန်းသင်္ချာနှင့် သိပ္ပံဘာသာရပ်များ တိတ်တိတ်ကလေး ခိုးလုပ်နေသူ ယွင်ဖန်းက ခါးသက်သက်အပြုံးကို ပြုံးလိုက်ရသည်။


အထက်တန်း ပထမနှစ်မှာ ကာယပညာဆရာက ဖျားနာတတ်သော အခြေအနေမျိုး ရှိမှာမဟုတ်ပေ။ လူအုပ်စုက ပုံစံသဘောအရ ကစားကွင်းကို နှစ်ပတ် ပတ်ပြေးပြီးလျှင် ကာယဆရာက သူတို့အား လွတ်လပ်ခွင့်ပေးလိုက်သည်။


ကျန်းကျဲဟိုင်နှင့် ဝူဟယ်တို့က ဘတ်စကတ်ဘော ကစားချင်ကြကာ ယွင်ဖန်းအား ရေဝယ်ပေးရန် အရှက်မရှိ တောင်းဆိုကြလေသည်။


“ညီအစ်ကိုယွင်…ငါ ကိုလာ‌အေးအေးလေးသောက်ချင်တယ်!”


ဝူဟယ်က လှပသည့် three-pointer ပစ်ရင်း သူ့ကိုယ်သူ တယ်ချော တယ်တော်ဟု ခံစားလိုက်ရလေသည်။


ယွင်ဖန်က သူ့ကို အိုကေဟု လက်ဟန်ပြကာ နောက်လှည့်မကြည့်ဘဲ ကစားကွင်းထဲမှ ဖြေးညင်းစွာ ထွက်လာခဲ့လိုက်သည်။


စူပါမားကတ်က ကစားကွင်းနှင့် သိပ်ပြီးမဝေးပေ။ စာသင်ဆောင်နှင့် အိပ်ဆောင်ကြား သစ်ပင်များ စီတန်းနေသည့် လမ်းပေါ်မှာ တည်ရှိ၏။ ယွင်ဖန်ကစူပါမားကပ်ထဲ ဝင်သွားကာ သောက်စရာဝယ်လိုက်ပြီး ဆိုင်ရှင်အား ပလက်စတစ်အိတ်ထဲ ထည့်ခိုင်းလိုက်သည်။ သူက ကျောင်းဝန်းကဒ်ကို ထုတ်ကာ ကဒ်ဖြတ်ခိုင်းလိုက်ပေမဲ့ ပမာဏက မလုံလောက်ခဲ့ပေ။


“ငွေသားသုံးလို့ရမလား?”


ယွင်ဖန်းကမေးလိုက်သည်။


ဆိုင်ရှင်က ခေါင်းညိတ်လိုက်ပြီးနောက်မှာ နောက်ထပ် ကျောင်းဝန်းကဒ်တစ်ခုမှ မြည်သံထွက်လာခဲ့သည်။


“ကျွန်တော်ဟာနဲ့ ဖြတ်လိုက်ပါ”


လူစိမ်းတစ်ယောက်၏အသံဖြစ်သည်။


ယွင်ဖန်းခေါင်းလှည့်ကြည့်လိုက်တော့ မျက်လုံးကြီးကြီး၊ အနည်းငယ်ကောက်သောဆံပင်နှင့် သူ့ထံတောက်ပစွာ ပြုံးပြနေသည့် ကောင်ချောလေးတစ်ယောက်ကို တွေ့လိုက်ရသည်။


“ကျေးဇူးပါ၊ ကျွန်တော် မင်းကို ပိုက်ဆံပြန်ပေးမယ်”


ယွင်ဖန်းက သူ့ကိုပြန်ပေးရန် ပိုက်ဆံထုတ်လိုက်သည်။


“ငါ့ကို ဘာလို့ ယဉ်ကျေးနေတာလဲ၊ ငါတို့က အတန်းဖော်ဟောင်းတွေလေ”


ကောင်လေးက သူ့ပုခုံးကို ရင်းနှီးသည့်ပုံဖြင့် ပုတ်ဖို့ကြိုးစားလာပေမဲ့ ယွင်ဖန်းထံမှ အရှောင်ခံလိုက်ရသည်။


သူက မရှက်သွားခဲ့ဘဲ သူ့ကျောင်းဝန်းကဒ်ကို ယွင်ဖန်းထံ ယမ်းပြလာကာ


“မင်းငါ့ကို နောက်တစ်ခါမှ ပြန်ပေးလို့ရတယ်။ ငါအရင် သွားနှင့်မယ်!”


ကိုယ့်ကိုယ်ကိုယ် အတန်းဖော်ဟောင်းဟု ဆိုသွားခဲ့သူက သူ၏အတန်းဖော်နှင့် ထွက်သွားခဲ့ပေမဲ့ ယွင်ဖန်းက စိတ်မသက်သာဖြစ်စွာကြည့်နေခဲ့သည်။ သူကခေါင်းလှည့်ကာ ကြည့်လိုက်ပေမဲ့ မည်သူဖြစ်ကြောင်း မသိနိုင်ခဲ့ပေ။


‌ကစားကွင်း၌ အရိပ်ရနေရာ သိပ်မရှိပေ။ ယွင်ဖန်းက ပြန်သွားဖို့ရန် အလျင်မလိုခဲ့ဘဲ သောက်စရာအိတ်ကိုကိုင်ကာ သစ်ပင်ရိပ်များအောက်မှာ ခပ်ဖြည်းဖြည်းသာ လျှောက်လာခဲ့သည်။


ရလဒ်အနေဖြင့်  သူဘယ်လောက်မှ သိပ်မလျှောက်ရသေးခင်မှာ အထဲမှာပါသည့် ပစ္စည်းများ၏အလေးချိန်ကြောင့် ပလက်စတစ်အိတ်ကွဲထွက်သွားလေကာ အအေးဘူးနှင့်ရေသန့်ဘူးများမြေပြင်ထက် လိမ့်သွားကြတော့သည်။


ယွင်ဖန်းမှာ ထိုသည်တို့ကို လိုက်ကောက်ရန်သာတတ်နိုင်ကာ သူ့ဘယ်ဘက်လက်က အဆင်မပြေတာကြောင့် လက်တစ်ဖက်တည်းသာ သုံးနိုင်ခဲ့လေသည်။ သို့ပေမဲ့ သူက အလျင်မလိုခဲ့ကာ သူ့လှုပ်ရှားမှုများက အနည်းငယ် ဂရုမစိုက်သလိုဖြစ်နေခဲ့သည်။


သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေသူမှာမူ အတော်လေး အသည်းယားသွားရကာ မထိန်းနိုင်ဘဲ သူ့ကိုကူကောက်ပေးဖို့ အပြေးရောက်လာခဲ့‌ရလေသည်။


ယွင်ဖန်းက ရိုးရှင်းစွာပင် လှုပ်ရှားမှုများကို ရပ်ပစ်လိုက်၏။


အချိုရည်ဘူးများအား‌လုံး ကောက်ပြီးနောက် ရိချန်းလျန်က သူ့အား ဒေါသထွက်နေသည့်မျက်နှာဖြင့် ကြည့်လာသည်။ သူ့ကို အပြုံးစစဖြင့်ကြည့်နေတာကို မြင်လိုက်ရချိန်မှာတော့ သူ့နောက်ရှိ ဆံပင်တို့က သတိတကြီး‌ထောင်သွားကာ ဒေါသတကြီးဖြင့်ပြောလာ၏။


“မင်းက ဘာကြည့်နေတာလဲ!”


ယွင်ဖန်းမှာ သဘောသတကျ ဖြစ်သွားရသည်။


“မင်းဘာလို့ ငါ့နောက်ကတိတ်တိတ်လေး လိုက်ချောင်းနေတာလဲ?”


ရိချန်းလျန်က ရှက်ရွံ့ကာဒေါသထွက်လာရင်းဖြင့်


“ဘယ်သူက မင်းနောက်ကိုလိုက်နေလို့လဲ! ငါ့ဘာသာရေလာဝယ်တာ!”


“အိုး”


ယွင်ဖန်းက သံရှည်ဆွဲလိုက်ပြီး သောက်စရာတစ်ဘူးကမ်းပေးလိုက်လျက်


“ကျေးဇူးတင်ပါတယ်”


ရိချန်းလျန်က ရပ်ကာ သူ့ကို တစ်ခဏလောက်ကြည့်လာသည်။သူ့အမူအယာက ထူးဆန်းလေသည်။


ယွင်ဖန်းကတော့ သူ့အတွေးကို ရှင်းလင်းစွာ မြင်နေရ၏။


“မင်း ဘာမေးချင်လို့လဲ?”


ရိချန်းလျန်က မျက်မှောင်ကြုတ်သည်။


“ငါ ဘယ်မှာနေတာကို မင်း ဘယ်လိုလုပ်သိတာလဲ?”


“ဆရာ့ကို ကျောင်းသားဖိုင်တွေ ကူစီပေးတုန်းက တွေ့ခဲ့တာ”


ယွင်ဖန်က နေရာမှာပင် အဓိအချက်ကိုပြောလိုက်သည်။


“အတန်းသုံးနဲ့ အတန်းတစ်ဆယ်က သင်္ချာဆရာက မင်းရဲ့သင်္ချာအမှတ်တွေ အရမ်းကျသွားတယ်လို့ ‌ငါ့ကိုပြောတယ်”


ဤသည်က ဝေးကွာလွန်းလှသည့်အကြောင်းပြချက်တစ်ခုဖြစ်ပေမဲ့လည်း အပေါက်တွေတော့ မရှိပုံပင်။


“မင်းကဘာလို့ လိုက်ပြီးစွတ်ဖက်နေရတာလဲ?”


ရိချန်းလျန်၏အသံက ဆောင့်ကြီးအောင့်ကြီးဟန် ဖြစ်လျက်သား။


အရိုက်ခံရဖို့ အတော်လေး ထိုက်တန်လှပေသည်။


ယွင်ဖန်းက ငယ်ရွယ်နေသေးသည့် သူ့ကိုယ်သူ တကယ်ကို ကောင်းကောင်းလေး ရိုက်ပစ်ချင်ပေမဲ့ ခိုင်လုံသည့်အကြောင်းပြချက်မရှိကာ သူ၏လက်ရှိ ပင်ကိုယ်စရိုက်နှင့်လည်း ကိုက်ညီမနေခဲ့တာကြောင့် ဝမ်းနည်းစွာပင် လက်လျှော့လိုက်ရသည်။


“တခြားပြောစရာရှိသေးလား?”


ယွင်ဖန်က သူ့လက်ထဲက ရေဘူးကိုလှုပ်လိုက်သည်။


“မရှိတော့ရင် ငါသွားတော့မယ်”


“နေဦး”


သူထွက်သွားတော့မှာကိုမြင်တော့ ရိချန်းလျန်က သူ့ကိုဆွဲလိုက်၏။


မကြာသေးခင်က အကြိမ်ရေတချို့ အိပ်ရေးပျက်ခဲ့ရသည့် ယွင်ဖန်းမှာ အပူရှိန်နှင့်ပေါင်းကာ မူးဝေဝေ ဖြစ်သွားခဲ့ပြီး သူ၏ ဆွဲလိုက်ခြင်းကြောင့် သတိလွတ်ကာ တည်တည်ငြိမ်ငြိမ် မရပ်နိုင်တော့လုနီးပါး ဖြစ်သွားခဲ့၏။


ရိချန်းလျန်မှာ လန့်သွားကာ သူ့ကိုမြန်မြန်ထိန်းလိုက်ရပြီး


“ဟေး၊ နာသွားသလိုဟန်ဆောင်မနေနဲ့၊ ငါ မင်းကို ဆွဲရုံလေး ဆွဲလိုက်တာ”


မသက်မသာဖြစ်နှင့်ပြီးသည့် ယွင်ဖန်းကို သူ့ငယ်ဘဝ၏ တုံးအအပုံက ဒေါသထွက်လာစေလေရာ သူကိုင်ထားသည့် ရေဘူးဖြင့် ထိုသူ့လက်မောင်းဆီ ပစ်ထုတ်လိုက်တော့သည်။


ရိချန်းလျန်က ရေဘူးကို ကပျာကသီဖမ်းယူလိုက်၏။


“မင်းဘာပြောချင်တာ ရှိသေးလဲ?”


ယွင်ဖန်းကမေးလိုက်သည်။


ရိချန်းလျန်ကာ သွားကြိတ်ကာ ခက်ခဲမှုအချို့ဖြင့် ပြောလာသည်။


“အဲ့ဒီနေ့ကအတွက်....ကျေးဇူးတင်ပါတယ်”


“လက်ခံတယ်”


ယွင်ဖန်းက မသိစိတ်ဖြင့် မျက်မှန်ကို ပင့်တင်လိုက်ပြန်၏။


ရိချန်းလျန်က ထို ထူးမခြားနားသည့်မျက်လုံးတွေထဲ၌ သူ့အား ဖောက်ထွင်းမြင်နေရသလို ခံစားမိကာ ရှက်ရွံ့ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားလျက် မသိလိုက်ဘဲ အသံမြှင့်လိုက်မိသည်။


“ဒါပေမဲ့ ငါ ဘာသူငယ်ချင်းမှ လိုမနေဘူး! မင်းလက်လျှော့လိုက်တော့!”


သူ့၏ ရုတ်တရက် အသံကျယ်ကျယ်ကြောင့် ယွင်ဖန်း၏နားတွေပင် အူသွားရသည်။


ရိချန်းလျန်က လည်ပင်းကို တောင့်ထားကာ သူ့ကို စူးရှစွာ စိုက်ကြည့်နေသည်။


ခွေးငတုံးလေးကျနေတာပဲ။


ယွင်ဖန်းက  စိတ်ထဲကနေ ဝေဖန်လိုက်ရင်း မျက်လုံးကျဉ်းလိုက်ကာ


“ဒါပဲလား?”


ရိချန်းလျန်က သူ့အား သတိတကြီးဖြင့် ကြည့်နေရင်းမှ မသိစိတ်အရ အသံက တိုးသွားသည်။


“ဒါပဲ”


“ငါသိပြီ”


ယွင်ဖန်းက လှည့်ကာ ထွက်သွားတော့သည်။


“ဟေး၊ မင်းရဲ့အချိုရည်ဘူး!”


ရိချန်းလျန်က သူချောချောမွေ့မွေ့ဖြင့် လျှောက်ထွက်သွားသည်ကို မြင်တော့ လက်ထဲမှာ အချိုရည်ဘူးများပိုက်လျက် သူ့နောက်ကိုလိုက်သွားလိုက်သည်။


“မင်းရဲ့ဒုက္ခခံပေးမှုအတွက် ကျေးဇူး”


ယွင်ဖန်းက သူ့ကိုခေါင်းညိတ်ပြလိုက်ပေမဲ့ ပြန်ယူဖို့ ရည်ရွယ်ချက်တော့ မရှိပေ။


“မင်းဘာသာမင်းကိုင်လေ”


ရိချန်းလျန်က ပြောလိုက်သည်။


ယွင်ဖန်းက သူ့ဘယ်လက်ကို ခါပြလိုက်ပြီး


“မင်းပဲ ငါ့ကို ကျေးဇူးတင်နေတာမဟုတ်ဘူးလား? ပါးစပ်ကနေပြောရုံလောက်ပဲ ကျေးဇူးတင်ဖို့ အစီစဉ်ရှိတာလား?”


ရိချန်းလျန်က သူ့ကို တခဏလောက် စိုက်ကြည့်နေခဲ့ပေမဲ့ အချိုရည်ဘူးများကိုကိုင်ကာ သူ့နောက်ကနေ ရိုးသားစွာဖြင့် လိုက်သွားဆဲပါပင်။


ယွင်ဖန်းကတော့ သူ့နှုတ်ခမ်းထောင့်စွန်းကို ကျေနပ်စွာဖြင့် ပင့်တင်လိုက်လေသည်။