Chapter 4
Viewers 85

ဟန့်တားခြင်း



တုန်းယန်လမ်း၊ ရှင်းနန်လမ်းကြားအဝင်။


လမ်းကြားက အလွန်ကျဉ်းမြောင်း၏။ အဝင်ဝ၏ တခြားတစ်ဖက်တွင် အင်တာနက်ကဖေးဆိုင်ရှိလေကာ နောက်တစ်ဖက်၌ ကားပြင်ဆိုင်ရှိ၏။ ယခုက တစ်ရက်တာ၏ အပူဆုံးအချိန်ဖြစ်ကာ ပုဇဉ်းရင်ကွဲကောင်များ၏ဆူညံသံက လူကို ခေါင်းကိုက်စေသည်။


ယွင်ဖန်းက ခလုတ်ကန်သင်းပေါများလှသည့် မြေပြင်ကို ခဏလောက်စိုက်ကြည့်နေခဲ့စဥ်အ ဖြူရောင် ပလက်စတစ်အိတ်ပေါက်တစ်လုံးက သူ့ကို လျင်မြန်စွာ ပတ်ချာလှည့်နေခဲ့သည်။


ယွင်ဖန်းက သူဘာကြောင့် စိတ်လိုက်မာန်ပါ လုပ်မိသည်ကို မသိတော့ပေ။


သူ့ကိုယ်သူ ယခင်ကအခြေအနေထဲပြန်ပို့ကြည့်လိုက်မိ၏။ အကယ်၍ တစ်ယောက်ယောက်ကသာ သူအား လူသတ်ခြင်းမှ လာရောက်တားဆီးခဲ့ပါလျှင် ထိုတားလာသူကိုပါ သူက သတ်ပစ်မှာဖြစ်လေ၏။


ဤသို့တွေးလိုက်သော်ငြား ယွင်ဖန်း၏ ခြေထောက်များကမူ ထိန်းချုပ်မရစွာပင် မှောင်မဲကျဉ်းမြောင်းသည့် လမ်းကြားထဲ ခြေချလိုက်မိပြီဖြစ်သည်။


ထိုစဉ်ကသာ တစ်ယောက်ယောက်က သူ့ကိုတားနိုင်ခဲ့လျှင်………ယွင်ဖန်းက ထိုသို့သော မှန်းဆချက်မျိုး မလုပ်ချင်ပါချေ။


သူတွေ့ကြုံခဲ့ရသော ဘဝထဲ၌ ထိုသို့သော လက်တွေ့မဆန်သည့် စိတ်ကူးယဉ်ဇာတ်လမ်းမျိုး မရှိခဲ့ပေ။


ပရမ်းပတာများ၏အလယ်၌ ယွင်ဖန်းမှာ ဒေါသကြီးနေသည့် လူငယ်လေးအား ဆွဲထုတ်နိုင်ဖို့ အားကုန်သုံးမိသည်မှာ ခြေကုန်လက်ပန်းကျသည်အထိပင်။ အေးစက်သည့် ဓါးသွား၏ အလင်းရောင်က ဖျတ်ခနဲ လက်သွားချိန်မှာတော့ သူဟာ တုန့်ဆိုင်းခြင်းမရှိစွာပင် ဓားသွားကို ဖမ်းဆုပ်ပစ်လိုက်သည်။


ရိချန်းလျန်က သွေးနီရောင်မျက်လုံးတို့ဖြင့် သူ့ကို စိုက်ကြည့်လာသည်။  မသိလျှင် သေလမ်းဆုံးကိုတွန်းပို့ခံထားရသည့် သားရဲတစ်ကောင်အလား။


"ငါ့ရှေ့ကဖယ်စမ်း!"


ရိချန်းလျန်က သူ့ကိုဟိန်းဟောက်လာ၏။


ယွင်ဖန်း၏ လက်ဖဝါးထက်မှ စူးရှရှနာကျင်မှုတစ်ခုကတက်လာခဲ့သည်။ သူမျက်မှောင်ကြုတ်လိုက်ကာ ရိချန်းလျန်၏ ညို့သကျည်းကို တစ်ချက်ကန်ကာ ထိုသူ မတုန့်ပြန်လိုက်နိုင်ခင်၌ ဒူးကွေး၍ ဝမ်းဗိုက်ကိုပါ ကန်ပစ်လိုက်သည်။


ယွင်ဖန်း၏ ကိုယ်က မသန်မာပေမဲ့ သူ၏တိုက်ခိုက်သတ်ပုတ်သည့်အတွေ့အကြုံကတော့ ရိချန်းလျန်ထက်ကိုပိုများလေသည်။ ကျွမ်းကျင်မှုတစ်ခုတည်းက ခွန်အားမရှိခြင်းကို ဖုံးပေးနိုင်သည်ပင်။ ထို့အပြင် ရိချန်းလျန်က သူမရောက်ခင်ကတည်းကပင် အရိုက်ခံနေရပြီးဖြစ်ကာ ဤလှုပ်ရှားမှုနှစ်ခုတည်းဖြင့် ရိချန်းလျန်အား ခုခံနိုင်စွမ်းမဲ့အောင် လုပ်လိုက်နိုင်လေသည်။


သူက အခွင့်အရေးယူကာ ရိချန်းလျန်လက်ထဲမှဓါးကိုအမြန်လုလိုက်ပြီး မြေပြင်ထက်၌ ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံထားရသည့်  "သူ့ကိုယ်သူ" ကြည့်ကာ သက်ပြင်းချလိုက်၏။


တဖက်ကိုလှည့်လိုက်တော့  နံရံကိုမှီနေသည့်တစ်ယောက်က သူလက်ထဲမှာဓါးကိုကြည့်ကာ  ကြောက်လန့်တုန်ယင်နေသည်ကို မြင်လိုက်ရသည်။


ထိုသူက နှာခေါင်းကြီးကြီး၊ ဝက်ခြံအပြည့်နှင့် ဆံပင်အဝါရောင်ဆိုးထားသော သာမာန်ပုံစံ လူငယ်တစ်ယောက်ဖြစ်သည်။


"ဝမ်းယိုဝေ"


နှစ်များစွာကြာပြီးနောက် တစ်ဖက်လူ၏နာမည်ကို သူမှတ်မိနေဆဲဖြစ်တာကို သူ့ဘာသာ အံ့ဩမိသွားသည်။ သူက ထူးမခြားနားစွာဖြင့် ထိုသူ့ထံလျှောက်သွားလိုက်ကာ သူ့လည်ပင်းထက် ဓါးနှင့်ထိုးလိုက်လေသည်။


"အား-"


ဝမ်းယိုဝေထံမှ စိတ်ဆင်းရဲဖွယ်အော်သံထွက်လာခဲ့သည်။


ဓါးမြှောင်အတိုက သူ့လည်ပင်းဘေးရှိ နံရံထက်စိုက်ဝင်နေခဲ့၏။ ယွင်ဖန်းက ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး အေးစက်စက်မျက်လုံးတို့ဖြင့် သူ့ကိုစိုက်ကြည့်လိုက်သည်။ ဓါးဖျားဖြင့်နံရံထဲရှိ အုတ်ခဲထက် ပွတ်တိုက်ဆွဲခြစ်သံက နားမခံသာသည့်အသံကို ထုတ်ပေးလေသည်။


အေးစက်စက်ဓားသွားက သူ့လည်ချောင်းထက်ကို ထိသွားပြီးနောက် ဝမ်းယိုဝေမှာ သူ့အားကြောက်လန့်တကြားကြည့်လာခဲ့၏။ 


"ကျွန် ကျွန်တော့်ကို မသတ်ပါနဲ့!"


အကယ်၍ ဒေါသထွက်နေသည့် ရိချန်းလျန်သည်  စိတ်ဆိုးနေသည့်ဝံပုလွေတစ်ကောင်ဖြစ်ခဲ့လျှင် သူ့ရှေ့ရှိလူက တည်ငြိမ်သည့်မြွေတစ်ကောင်နှင့် တူလှပေသည်။ ဝံပုလွေက ဆာလောင်စွာလက်လွတ်စပယ်ကိုက်ဖြတ်စားသောက်မှာဖြစ်ပေမဲ့ မြွေကတော့ ၎င်း၏ ပါးနပ်သည့် လှည့်စားမှုဖြင့် သားကောင်ကို ဖြည်းဖြည်းချင်းကြိတ်ချေပစ်မှာဖြစ်သည်။


ဝမ်းယိုဝေ ဤလူက သူ့အားတကယ်ကိုသတ်ပစ်တော့မှာကို ခံစားမိသည်။ သေချာပေါက် ပထမဆုံးအကြိမ် လူသတ်ခြင်းလည်း မဖြစ်နိုင်လောက်ပေ။


မြေပြင်ထက် လဲကျနေသည့် ရိချန်းလျန်မှာ နာကျင်မှုကြောင့် ငြီးငြူလာသည်။ ယွင်ဖန်းက အသိပြန်ဝင်လာပုံရကာ ဓားမြှောင်အတိုကို ကိုင်လိုက်ပြီး ဝမ်းယိုဝေ၏မျက်နှာကို ညင်သာစွာ ပုတ်လိုက်လျှက် ပုံမှန်ဆန်စွာပြောလိုက်၏


"မင်း သူ့ကို ထပ်ထိရဲရင် မင်းတို့ တစ်မိသားစုလုံးကိုသတ်ပစ်မယ်။ မင်းရဲ့ညီမ ဝမ်းယိုလန်၊ သူကမူလတန်းတတိယနှစ်တက်နေတာမလား?"


ဝမ်းယိုဝေ၏မျက်နှာကဖြူဖျော့သွားခဲ့၏။


"မဟုတ်ဘူး၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့အစ်ကိုကြီး။ ကျွန်တော်မှားပါတယ်! ကျွန်တော် ထပ်မထိရဲတော့ပါဘူး၊ ကျွန်တော်-"


"ထွက်သွား"


ယွင်ဖန်းက အမူအယာမဲ့စွာဖြင့် ဓားကိုပြန်သိမ်းလိုက်သည်။


ဝမ်းယိုဝေကမြေပြင်ထက် လူးလှိမ့်တွားသွားကာ  ထွက်ပြေးသွားတော့သည်။


ယွင်ဖန်းက ဓားကို ဘယ်လက်ဖြင့်ဖမ်းလိုက်သည်။ ရိချန်းလျန်က သူ့ရှိသမျှအားလေးဖြင့် ဓားကိုပြန်ယူရန်ကြိုးစားလာ၏။ သူ၏ ဘယ်လက်က နာကျင်မှုကြောင့် တုန်ယင်နေခဲ့လေသည်။


ယွင်ဖန်က ၎င်းကို သူ့ဂျာကင်ဖြင့် ကြုံသလိုထုတ်လိုက်ကာ မြေပြင်ထက်လဲကျနေသည့် ရိချန်းလျန်ကို ကန်ပစ်လိုက်သည်။


လှုပ်ရှားမှုမရှိပေ။


သူ့လှုပ်ရှားမှုလေးနှစ်ခုက အမှန်ကိုပင် နည်းနည်းလောက် ကြမ်းတမ်းသွားသည့်အမှန်တရားကြောင့် ယွင်ဖန်း နည်းနည်းလောက် အပြစ်ရှိစိတ်ခံစားလိုက်ရသည်။ သူက ထိုင်လိုက်ကာ ရိချန်းလျန်၏အိတ်ကပ်ထဲ ညာလက်ဖြင့်စမ်းလိုက်ပြီးနောက် သော့တစ်ချောင်းရှာတွေ့သွားလေ၏။


ထားလိုက်တော့။ကယ်တင်တာကို တစ်ဝက်တစ်ပျက်နဲ့ ထားခဲ့လို့မှမရဘဲ။အဆုံးအထိသာ လုပ်ရတော့မှာပေါ့။


ထိုသို့ဖြင့် ခက်ခဲမှုတချို့နှင့်အတူ မြေပြင်ထက်မှခွေးသေကောင်ကို သူ့ကျောထက် ဆွဲတင်ကာ ရင်းနှီးနေသည့် လမ်းကြား၏အတွင်းနက်နက်ထဲသို့ လျှောက်ဝင်သွားလိုက်သည်။


သူက ရှေးခေတ်စတိုင် သံသော့ခလောက်ကို ဖွင့်လိုက်သည်။ အနီရောင်ဆေးသုတ်ထားသော ကြီးမားလှသည့် သံတံခါးက အပြင်ဘက်မှ ကန်ဖွင့်ခံလိုက်ရသည်။ သံတံခါးကြီးက အတော်လေးဟောင်းနေပြီဖြစ်ကာ ထိုပေါ်မှဆေးက အကွက်လိုက်ကွာကျ​နေပြီး အတွင်းဘက်မှ အနက်ရောင်သံကိုပင် မြင်နေရပြီပင်။


ယွင်ဖန်းက ရင်းနှီးသလို မရင်းနှီးသလို ဖြစ်နေသည့် သူ့ရှေ့မှခြံဝန်းကို ကြည့်လိုက်မိသည်။


ခြံဝန်းက သိပ်ပြီးမကြီးပေ။ အလယ်ခေါင်၌ ဂျူဂျူဘီးပင်တစ်ပင်ရှိကာ အနောက်တောင်ထောင့်ဘက်၌ ရေတွင်းတစ်တွင်းရှိပြီး ၎င်းတွင်ရှေးခေတ်စတိုင် ရေစုပ်စက်နှင့်ပင်ဖြစ်သည်။


ခြံဝန်းက သံပြားများ စတီးတန်းများဖြင့် ရှုပ်ပွနေကာ သုံးပြီးသားစက္ကူပုံးတချို့လည်း ရှိနေလိုက်သေး၏။ ဤအရာအားလုံးမှာ ရောင်းစားပြီးငွေရှာဖို့ရန် ရိချန်းလျန် နည်းနည်းချင်းစီ လိုက်ကောက်ထားသည်များပါပင်။


ခြံဝန်းထဲတွင် အခန်းနှစ်ခုရှိ၏။ တစ်ခုက အမှိုက်များဖြင့်ပြည့်နေပြီး နောက်တစ်ခုက ရိချန်းလျန်အိပ်သည့်နေရာဖြစ်သည်။ ထိုနေရာတွင် သစ်သားကုတင်နှင့် မီးခိုးရောင်ပေါက်သည်အထိ ညစ်ပတ်နေသည့် အိပ်ရာခင်း စောင်တစ်ထည်ရှိနေကာ မူလအရောင်က ဘာဖြစ်သည်ကိုတောင် မမြင်နိုင်တော့ပေ။


ယွင်ဖန်းက ရိချန်းလျန်ကို ကုတင်ထက် ပစ်ချလိုက်ပြီး အိပ်ရာအောက်ထဲမှ သံဘူးအသေးလေးတစ်ခုကိုရင်းနှီးစွာ ဆွဲထုတ်ယူလိုက်ကာ သံဘူးကိုဖွင့်သည့်သော့ကိုတော့ ကုတင်ခေါင်းရင်းရှိ အုတ်ခဲနောက်နေရာလွတ်မှ ရှာတွေ့သွားခဲ့သည်။ ဘူးအတွင်း၌ ငွေစက္ကူအပုံလိုက်နှင့် ဓာတ်ပုံတစ်ပုံရှိနေခဲ့၏။


ငွေစက္ကူများမှာ အပေါက်အပြဲများနှင့် ပျက်စီးနေခဲ့ပြီး ၎င်းတို့အားလုံးပေါင်းလျှင်တောင် ယွမ်တစ်ထောင်မပြည့်ပါချေ။ ဓာတ်ပုံကတော့ မိသားစုပုံဖြစ်ကာ ထိုအထဲမှ ရိချန်းလျန်က အတော်လေးငယ်သေးသည့် ခုနစ်နှစ် ရှစ်နှစ်အရွယ်သာ ရှိသေးလေသည်။


အိပ်ရာထက်မှလူက အနည်းငယ် လှုပ်ရှားသွားသည်။ ယွင်ဖန်းက ပစ္စည်းများကို တစ်ခုပြီးတစ်ခု နေရာတကျပြန်ထားလိုက်ကာ ကုတင်မှထရပ်ပြီး ရိချန်းလျန်ကို ခဏလောက် မျက်မှောင်ကြုတ်ကြည့်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားလေသည်။


ယွင်ဖန်းတွင် မုန့်ဖိုးများစွာရှိ၏။ ထန်ရိက သူ့ကို အပတ်တိုင်းမုန်းဖိုးသုံးရာပေးတတ်ကာ သူ့ထံတွင်လည်းပညာသင်ဆုရထားသည့်ငွေများနှင့် အလယ်တန်းနှစ် နှစ်သစ်ကူးမုန့်ဖိုးများရှိနေသေး၏။ လက်ရှိ ငွေဈေးနှင့်ဆိုလျှင် မနည်းလှသော ပမာဏပါပင်။


ရိချန်းလျန်ထက် အပုံကြီးချမ်းသာပေသည်။ ယွင်ဖန်းမှာ တစ်ပါးသူဒုက္ခရောက်နေသည်ကို ဝမ်းသာမိသော်လည်း သူ့လည်ချောင်းထဲမှာတော့ ခါးသက်နေခဲ့သည်။


နောက်တစ်နာရီအကြာမှာ ယွင်ဖန်းတစ်ယောက် ခြံဝန်းလေးထဲ ဒုတိယအကြိမ်မြောက် ခြေချလာပြန်သည်။ သူက အိပ်ရာရှိသည့်အခန်းကို တန်းဝင်သွားတော့ ရိချန်းလျန် နိုးနေနှင့်ပြီးဖြစ်သည်ကိုတွေ့လိုက်ရသည်။ ထိုသူက သူ့ကို တစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ပုံဖြင့် မျက်နှာထက်တွင် ကြောက်လန့်မှုများကို လုံးဝမဖုံးအုပ်ထားခဲ့ပေ။


"ငါလူး?"


ယွင်ဖန်းက မျက်လုံးစွေကြည့်လိုက်ပြီး ယခုလက်ရှိအခြေအနေက ရှင်းပြရန် မလွယ်ကူသည်ကို သိသွားခဲ့သည်။


သူက ရှင်းနန်လမ်းကြားထဲရုတ်တရက်ပေါ်လာပြီး ဓားကိုလု၍ လူကိုကယ်ခဲ့ကာ ရိချန်းလျန်၏ အိမ်ထဲကိုလည်း ရင်းနှီးနေပုံဖြင့် ဝင်ခဲ့သေးသည်။ 


သူ့ဘယ်လက်က ပိတ်ကျဲစဖြင့် စည်းနှောင်ထားခဲ့ကာ သူ့ညာဘက်လက်ကတော့ ဆေးအိတ်နှင့် ပေါက်စီသေးသေးလေးများပါသောအိတ်ကိုကိုင်ထားခဲ့၏။ သို့ပေမဲ့ ဤမတိုင်ခင်တုန်းက ရိချန်းလျန်တစ်ယောက် သူက မည်သူဆိုသည်ကို လုံးဝ မသိခဲ့ပါချေ။


ရုတ်တရက်ဆန်လွန်းလှသည်။


ထို့ပြင် နားလည်ရလည်း ခက်သေးလေ၏။


ယွင်ဖန်းက ဆေးအိတ်နှင့်အစားအသောက်အိတ်ကို မညီမညာဖြစ်နေသည့်ဘေးစားပွဲပေါ်တင်လိုက်ကာ ပြန်ကြည့်လိုက်ချိန်တွင် ရိချန်းလျန်က သူ့ကို နိုးနိုးကြားကြားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


ယွင်ဖန်း စိတ်ထဲမှာပင်တိတ်တဆိတ် သက်ပြင်းချကာ ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။


"နေဦး!"


ရိချန်းလျန်က အနောက်ကနေ အော်လာ၏။


ယွင်ဖန်းခေါင်းကိုဖြည်းဖြည်းချင်း လှည့်ကာ သူ့ကိုကြည့်လိုက်သည်။


"မင်းကဘယ်သူလဲ?"


ရိချန်းလျန်မှာ ရန်ပွဲပေါင်းသုံးရာလောက် ဖြစ်ရန်အသင့်ရှိနေသူလိုအကြည့်တို့စူးရှနေခဲ့ကာ သူ့အား စူးစိုက်ကြည့်လာလျက်


"ငါဘယ်မှာနေတယ်ဆိုတာကို မင်းကဘယ်လိုလုပ်ပြီး သိနေတာလဲ?"


ယွင်ဖန်းက မပြောင်းလဲသည့် မျက်နှာဖြင့် သူ့ကိုကြည့်ကာ တည်ငြိမ်သည့်အသံဖြင့်


"ငါ့နာမည်က ယွင်ဖန်း"


ရိချန်းလျန်က မျက်မှောင်ကြုတ်ကာ သူ့ကို သံသယဝင်စွာ စိုက်ကြည့်နေသည်က ပွက်ပွက်ဆူနေသကဲ့သို့ အရူးတစ်ယောက်နှင့် တူလှလေသည်။ ယွင်ဖန်း ခုချိန် လောင်းရဲသည်။ ထိုကောင်လေး သူ့ကို စိတ်ထဲမှ ကျိန်ဆဲနေပြီဖြစ်သလို အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေလောက်ပြီပင်။


ယွင်ဖန်းက ဒီနေ့အဖို့ မည်သည့်ဓားထိုးမှုကိုမှ မလိုချင်တော့သလို နောက်တစ်နေ့မှာလည်း ရိချန်းလျန်က ဓားကိုင်ပြီး ဝမ်းယိုဝေကို သွားရှာလိမ့်ဦးမှာဖြစ်တာကြောင့် ထိုင်ခုံပုလေးတွင်ဝင်ထိုင်ပြီး နည်းလမ်းတကျ တည်ငြိမ်စွာပြောပြလိုက်သည်။


"ပြီးခဲ့တဲ့ လပတ်စာမေးပွဲတုန်းက မင်းရဲ့အမှတ်တွေ အရမ်းကိုကျနေတယ်။ ဆရာက မင်းရဲ့အခြေအနေကို သိချင်လို့ ငါ့ကိုလွှတ်လိုက်တာ"


အထက်တန်းပထမနှစ်၏ ပထမဆုံးလပတ်စာမေးပွဲတွင် ရိချန်းလျန်၏အမှတ်က အတော်လေးဆိုးဝါးခဲ့တာကို သူဝေဝေဝါးဝါး မှတ်မိနေသေးပေသည်။


"မင်းနဲ့ဘာဆိုင်လို့လဲ!"


ရိချန်းလျန်က ရိုင်းစိုင်းစွာမေးလာ၏။


"ငါ့ဓါး ဘယ်မှာလဲ?"


ယွင်ဖန်းက မျက်မှန်တပ်ရသည်ကို အသားမကျသေးသာ်မို့ မျက်မှန်ကိုင်းကို လက်နှင့် ပင့်တင်လိုက်ပြီး


"ဘာလဲ.. မင်း တစ်ယောက်ယောက်ကို ဓါးနဲ့ထိုးချင်နေတုန်းပဲလား။ ပြီးရင်တော့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ နှစ်နည်းနည်းလောက် သွားနေမလို့လား?"


ရိချန်းလျန်က သူ၏ အေးစက်ကာ စူရှသည့်အကြည့်ကြောင့် လန့်သွားခဲ့ပေမဲ့ သူသည်လည်း တူညီသည့်ကျောင်းဝတ်စုံကိုသာ ဝတ်ထားသည်ကိုမြင်တော့ စိဝ်ကြီးဝင်လာပြန်ကာ


"မင်းရန်ဖြစ်ချင်နေတာလား?"


နေမကောင်းတဲ့ ကြောင်ကလေး အမွှေးဖွာနေသလိုပဲ။ 


ယွင်ဖန်းက တည်ငြိမ်စွာပင် မှတ်ချက်ချလိုက်သည်။


"မင်းကို ဆေးထည့်ပေးဖို့အကူအညီ လိုသေးလား?"


ယွင်ဖန်းက သူ့၏ ကွဲနေသောနှုတ်ခမ်းထောင့်ကိုကြည့်ကာ အနည်းငယ် မနှစ်မြို့သော ခံစားချက်တစ်ခုရလိုက်သည်။


သူက ထရပ်လိုက်၏။ ရိချန်းလျန်က နဂိုကတည်းက အိပ်ရာထက်မှာထိုင်နေတာဖြစ်ကာ ဤသည်ကိုမြင်တော့ သတိဖြင့် နောက်ဆုတ်လိုက်မိပြီး သစ်သားကုတင်ကို တကျွီကျွီ မြည်သွားစေလေသည်။


သူ ဝန်မခံချင်ပေမဲ့လည်း ယွင်ဖန်း၏မတိုင်ခင်က လက်ဗလာဖြင့် ဓားကိုဖမ်းလိုက်သည့် အပြုအမူနှင့် ထိုသို့ ရက်စက်သော လှုပ်ရှားမှုက သူ့စိတ်ထဲ မယုံနိုင်ဖွယ်ပင် အရိပ်ထင်ကျန်နေစေခဲ့လေသည်။


ယွင်ဖန်းက ဆယ်ငါးနှစ်အရွယ် ရိချန်းလျန်ကို ငုံ့ကြည့်လိုက်သည်။


သူက သုံးဆယ့်ငါးနှစ်တာ နေထိုင်ခဲ့ပြီးဖြစ်ကာ သနားစရာကောင်းသည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။ သူငယ်ရွယ်စဉ်က သည်းမခံနိုင်ခဲ့သောအတိတ်က နောက်ပိုင်းတွင် ညစာစားပွဲ၌ အနည်းငယ် စိတ်ကသိကအောက်ဖြစ်ရသည့် အကြောင်းအရာတစ်ခုထက် တစ်ခုမပိုခဲ့ပါချေ။


သို့ပေမဲ့ အခုတော့…သူ့ရှေ့ရှိ မှုန်မှိုင်းမှိုင်းနှင့် မီးခိုးရောင် ရိချန်းလျန်ကိုကြည့်ရင်း သူ့နှလုံးသားက ရုတ်တရက် နာကျင်လာရသည်။


သူပထမဆုံး လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကာလကို ပြန်ရောက်စဉ်က ရိချန်းလျန်ဟာ ကသိကအောက်ဖြစ်စဖွယ်၊ ပုန်ကန်ထကြွကာ ဆင်ခြင်တုံတရားမရှိသည့် အလားအလာရှိလူသတ်သမားတစ်ယောက်ဖြစ်ကာ ကောင်းသောအရာမဟုတ်ဟု တွေးခဲ့မိတာဖြစ်၏။ ထိုသည်က သူကိုယ်တိုင်၏ အတိတ်များပင်ဖြစ်ကာ သူ့ကို သူကိုယ်တိုင်အပါအဝင် မည်သူတစ်ယောက်မှ သနားဖို့မလိုအပ်ခဲ့ပါချေ။


သို့ပေမဲ့ ထိုစဉ်က သူ ဆယ့်ငါးနှစ်သာရှိသေးကာ၊ ဝမ်းယိုဝေ၏ကိုယ်ထဲ ဓါးနှင့်ထိုးခဲ့စဉ်က သူသည်လည်း ထိန်းမရအောင် ကြောက်လန့်နေခဲ့ပြီး မဆုံးနိုင်သည့်နောင်တများရှိခဲ့သည်ကို သူရုတ်တရက် မှတ်မိသွားခဲ့ရသည်။


သူမကြောက်ခဲ့တာ မဟုတ်ဘဲ ၎င်းက အသုံးမဝင်တာကြောင့်သာဖြစ်ခဲ့၏။


ထိုအချိန်က ထိုဓါးကို ရပ်တန့်ရန် ဘယ်သူကမှ ကူညီပြိး မတားပေးလာခဲ့ပါချေ။


"ရိချန်းလျန်"


ယွင်ဖန်းက စိတ်ဓာတ်ကျဖွယ်ရာ သူကိုယ်တိုင်ကိုကြည့်ကာ နှလုံးသားထဲ အတွေးပေါင်းများစွာကို ဝါကျတစ်ကြောင်းတည်းအဖြစ် ပြောင်းလိုက်သည်။


"သူငယ်ချင်းလုပ်ရအောင်"