Chapter 63.1
“လူရှာခြင်း”
ဝမ်ယင်၏ အားလင်းနှင့် အားစန်းအပေါ် သဘောထားက ထန်ချွန်းမင်ထက်ပင်ကောင်းသည်။ သူလာသည်နှင့် ထန်ချွန်းမင် ဘာမှလုပ်စရာမလိုအောင် အားစန်းကိုဂရုစိုက်ပေးသည်။ ထန်ချွန်းမင်က အလွန်စိတ်ဓာတ်ကျနေသဖြင့် သိုးသားများကို ခုတ်ထစ်ရန် မီးဖိုချောင်သို့ပြေးသွားကာ သိုးသားဖက်ထုပ်လုပ်ရန် အားရုံကိုစောင့်နေလိုက်သည်။
ထန်ချွန်းရုံရောက်လာသောအခါ သူက အနီးနားရှိ ကျောင်းကိုတက်နိုင်သော တာမောင်းနှင့်အာမောင်းကို အားကျနေ၏။ သူတို့ရွာမှာ ယခုကျောင်းဖွင့်ဖို့ အခြေအနေမရှိပေ။ သူ့ယောက်ဖဖြစ်သူက လူတွေကို တောင်ပေါ်ခေါ်သွားသည်ကို သူသိသောအခါ သူကပို၍ပင် မနာလိုဖြစ်လာသည်။ သို့သော် သူ့မှာ လိုက်သွားရန် အချိန်နဲ့ခွန်အားမရှိတာကိုလည်း သူသိသည်။ သူ့ယောက်ဖလောင်းက သူတို့ အစားကောင်းကောင်းစားနိုင်စေရန် တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်လာဖို့ သူမျှော်လင့်သည်။
ထန်ချွန်းမင်က သူ့ညီကြည့်ကောင်းနေတာကိုတွေ့တော့ စိတ်ချမ်းသာသွားသည်။ “မင်း ငါပေးတဲ့ယိုကို နေ့တိုင်းစားတယ်မလား… အဲ့ဒါက မင်းရဲ့ကျန်းမာရေးအတွက်ကောင်းတယ်။ မင်း ဒီနှစ်မှာ တော်တော်လေးအရပ်ရှည်လာတာပဲ။” အားရုံက သူနဲ့မနေတာကြောင့် ထန်ချွန်းမင်က နေရာလွတ်မှထုတ်သော ပစ္စည်းများကို သူ့အား ပုံမှန်သုံးခွင့်ပေးလို့မရတာကြောင့် သူက ဤနည်းလမ်းသာသုံးလို့ရသည်။ ကံအားလျော်စွာ ယိုက အရသာကောင်းနေ၏။ အားလင်းနှင့် ကလေးများလည်း ကြိုက်ကြသည်။ ထန်ချွန်းမင်ကိုယ်တိုင်လည်း မြည်းခဲ့သည်။ သူက နေရာလွတ်ထဲမှ သစ်သီးများကို စိတ်စွမ်းအားဖြင့် ကြိတ်ချေကာ အိုးထဲမှာထည့်ပြီး မီးနဲ့ကျိုခဲ့သည်။ မိထွေးနှင့်အားရုံက သစ်သီးဘယ်ကရလဲ မေးလာသည့်အတွက် ထန်ချွန်းမင်က လီဖုန်းအပေါ်ပုံချလိုက်သည်။ ထိုနှစ်ယောက်က လီဖုန်းကို ဒုက္ခပေးမိလို့ စိတ်မကောင်းဖြစ်နေပြီး သစ်သီးတောင်းဖို့ အားနာနေခဲ့သည်။
အရပ်ပိုရှည်လာသည်ဆိုသော သူ့အစ်ကို၏ပြောစကားကြောင့် ထန်ချွန်းရုံက အလွန်ပျော်ရွှင်နေ၏ “စိတ်မပူပါနဲ့..အစ်ကို။ ကျွန်တော့်မှာ နေ့တိုင်းစားဖို့ အလုံအလောက်ရှိလို့ ဖေဖေကလည်း ကျွန်တော်နဲ့အတူ စားပေးတယ်။ ဒီဆောင်းတွင်းမှာ ဖေဖေက ကျန်းမာရေးကောင်းလာယ်လို့ ပြောခဲ့တယ်။ အစ်ကို… ကျွန်တော်တို့ ဒီနေ့သိုးသားဟော့ပေါ့မစားပဲ ဖက်ထုပ်စားကြမှာလား?” ထန်ချွန်းရုံက သိုးသားအစပ်ဟော့ပေါ့အကြောင်း စဥ်းစားနေသည်။ ထန်ချွန်းမင် သိုးများကို စသတ်ကတည်းက သိိုးသားများကို သူတို့ထံ အခါအားလျော်စွာ ပေးပို့ခဲ့သည်ကို သူမှတ်မိနေ၏။ သိုးသားဟော့ပေါ့စားပြီးနောက် ထန်ချွန်းရုံ၏မျက်နှာက နီမြန်းသွားခဲ့သည်။
“ဒါပါ့ .. ဟော့ပေါ့လည်းစားမယ်။ အားဖုန်းထွက်မသွားခင် သိုးသားလှီးပေးသွားတယ်။ ပြီးတော့ အရင်နှစ်ရက်က သမားတော်ဟဲလုပ်ပေးထားတဲ့ တို့ဟူးက ခဲနေပြီမို့ မင်းစားချင်ရင် စားလို့ရတယ်။ ပြီးတော့ သမားတော်ဟဲက အခုတစ်လောအရမ်းအားနေလို့ သူကိုယ်တိုင်အားလုံးကို လုပ်နေတာလေ။ တို့ဟူးက သူ့အကြိုက်ဆုံးပဲ။”
ထန်ချွန်းရုံက ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်သည်။ သူက ယခုလူကြီးဖြစ်ပေမယ့် အားလင်းနှင့် တခြားသူတွေလို အစားအသောက်အကြောင်း တွေးနေမိသည်။ သို့သော် သူ့အစ်ကိုချက်သော ဟင်းလျာများက အလွန်အရသာရှိသည်။ မြို့ပေါ်က စားသောက်ဆိုင် နာမည်ကြီးတာလည်း မပြောနဲ့။ သူ့အစ်ကိုက တဖြည်းဖြည်း အာဏာကြီးလာပြီဖြစ်၏။
ထန်ချွန်းရုံ မီးဖိုချောင်မှထွက်သွားတော့ ထန်ချွန်းမင်က ထိုအကြောင်းစဥ်းစားကာ နေရာလွတ်ထဲမှ ငါးတစ်ကောင်ဖမ်းလိုက်ပြီး ငါးကိုပါးပါးလှီးကာ ငါးချဥ်လုပ်ဖို့ပြင်လိုက်သည်။ ငါးချဥ်လုပ်ပြီး အိမ်မှာ အကြာကြီးစားလို့ရသည်။ အားလင်းကလည်း ငါးချဥ်ကိုကြိုက်၍ လူကြီးတွေဆိုလျှင် ထည့်ပြောစရာပင်မလိုပေ။
အစပိုင်းမှာ ထန့်ယွီကိုပေးခဲ့သော မီနူးက ငါးပြုတ်နှင့် ငါးချဥ်ပါဝင်သည်။ နောက်တော့ ထန့်ယွီက သူ့အိမ်နောက််ဘက်ရှိ ရေကန်ကိုမြင်သွားခဲ့သည်။ ကံအားလျော်စွာ အထဲကငါးက သိပ်မကြီးပဲ အလေးဆုံးတစ်ကောင်မှာ တစ်ကီလိုထက်မပိုပေ။ ထန့်ယွီက လောလောဆယ်လွှတ်ပေးထားရုံသာ တတ်နိုင်ပြီး နှစ်ကုန်မှာ တစ်သုတ်မှာဖို့ သဘောတူလိုက်သေးသည်။
ဟင်းလျာများ ခင်းကျင်းပြီးနောက် သမားတော်ဟဲက စည်းမျဥ်းအတိုင်း ဝိုင်ကိုထုတ်ကာ အရွယ်တစ်ဝက်ရောက်ပြီးသော ထန်ချွန်းရုံအတွက် နည်းနည်းလောင်းထည့်ပေးလိုက်ပြီး ဝမ်ယင််ကိုလည်း နည်းနည်းထည့်ပေးလိုက်သည်။ သမားတော်ဟဲ၏စကားအရ ထန်ချွန်းရုံက မိသားစုထဲရှိ တစ်ဦးတည်းသော ယောကျာ်းလေးဖြစ်ပြီး အနာဂတ်မှာ အိမ်ထောင်ဦးစီးဖြစ်လာမှာပင်။ ဒါကြောင့် ဒီဝိုင်ကို မသောက်တတ်လို့ ဘယ်ဖြစ်မလဲ? အခုတည်းက သောက်ထားသင့်သည်။
ထန်ချွန်းမင်နှင့် လီဖုန်းက ဤဝိုင်သောက်ပြီးနောက် ခံစားချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးသည်။ ၎င်းက လူကို လုံးဝမမူးစေပေ။ တစ်ယောက်ယောက်က ယနေ့ညမှာ နည်းနည်းပိုသောက်မိလျှင်ပင် နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်း ထလာနိုင်မည်ဖြစ်သည်။ ပမဏအကန့်အသတ်ရှိတာကြောင့် သမားတော်ဟဲက နေ့စဥ်နေ့တိုင်း နည်းနည်းသာသောက်သည်။ ဤဝိုင်က သူ့အကြိုက်ဆုံးဖြစ်လာသည်။ သို့ဖြစ်၍ ဤတစ်ကြိမ်ချက်ထားသော ဝိုင်ကို မရောင်းနဲ့လို့ ပြောခဲ့သည်မှာ သမားတော်ဟဲက သူ့အတွက်သူ သိမ်းထားချင်လို့ဖြစ်သည်။
တာရှန်ကလည်း တောင်ပေါ်လိုက်သွား၍ ထုံးစံအတိုင်းပင် ထန်ချွန်းမင်က ကျန်းရှို့ကို အတူလာစားဖို့ခေါ်လိုက်သည်။ တာမောင်းနှင့် အာမောင်းက မကြာခဏညစာလာစားသည့် ဧည့်သည်တွေဖြစ်တာကြောင့် အစားသောက်ကောင်းများရှိသည့်အခါ ခေါ်ဖို့ပင်မလိုပေ။ သမားတော်ဟဲက ဝိုင်သောက်ရင်း ထန်ချွန်းရုံနှင့် အိမ်စာအကြောင်းပြောနေပြီး ကျန်းရှို့ကလည်း ဝမ်ယင်၊ ထန်ချွန်းမင်တို့နှင့် စကားပြောနေ၏။
“မင်းသိတယ်မလား… လီစုန့်ကမ်းအိမ်က ကောလေးက ခင်ပွန်းတစ်ယောက်တွေခဲ့တယ်။ နောက်နှစ်ဆိုရင် လက်ထပ်တော့မှာ။”
“သူရဲ့ကောလေးလား?” ထန်ချွန်းမင်က ဘယ်သူ့အကြောင်းပြောနေလဲ မသိသေးခင် ခဏတာမျှ အံ့အားသင့်နေခဲ့သည်။ ဤမိသားစုမှ ကောလေးက သူနဲ့ လီဖုန်းတို့၏ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရခြင်းကြောင့် ထန်ချွန်းမင်ကို ထပ်မနှောင့်ယှက်ခဲ့ပေ။ သို့ဖြစ်၍ အစပိုင်းမှာ သူဘယ်လိုတုံ့ပြန်ရမလဲ မသိခဲ့ချေ။ ရွာလူကြီးနှင့် လီမိသားစု၏အကြီးအကဲများက ဝင်တားခဲ့သဖြင့် သူ့မိသားစုက တိတ်ဆိတ်သွားခဲ့သည်ဟု သူနောက်မှသိခဲ့ရသည်။ ဤကောငယ်လေးက ယွိမုနှင့် တခြားသူများအား ပစ်မှတ်ထားခဲ့သည်ကို စဥ်းစားလိုက်တော့ ထန်ချွန်းမင်က စိတ်ဝင်တစားမေးလိုက်သည်။ “ခင်ဗျားဘယ်သူ့အကြောင်း ပြောနေတာလဲ? ဒီလောက်မြန်မြန် ဆုံးဖြတ်ပြီးပြီလား?” သူတကယ်အရှုံးပေးလိုက်တာလား?
ဝမ်ယင်ကလည်း နားစွင့်နေပြီး ဤမိသားစု၏ အရေးကိစ္စကို အာရုံစိုက်နေသည်။ တကယ်တော့ ယင်းက လီဖုန်း၏ဦးလေးမိသားစုဖြစ်သည်လေ။ ရွာထဲက မိသားစုများက လီဖုန်းနဲ့ သူ့လင်ပါသားကို မှီခိုနေတာမဟုတ်လျှင် ထိုမိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်ဖို့ မလွယ်လောက်ပေ။ ယခု သူက သူ့လင်ပါသားနှင့် ရင်းနှီီးသော ဆက်ဆံရေးရှိနေသဖြင့် သူက ဘယ်သူ့ကိုမှ သူ့လင်ပါသားအား ဆွဲချခွင့်ပေးမှာမဟုတ်ပေ။
အားလင်းက ဘာကိုမှဂရုမစိုက်ပဲ သူ့ပန်းကန်ထဲက ငါးအသားလွှာကိုစားနေသည်။ သူက စပ်တယ်လို့ ညည်းညူခဲ့ပေမယ့် ပိုစားချင်နေသည်။ သူ့ပါးစပ်သေးသေးလေးက နီရဲနေသည်။ မူလက ထန်ချွန်းမင်က သူ့ကို အစပ်မကျွေးချင်ပေမယ့် မထင်မှတ်ထားသည်မှာ အားလင်းက ကြိုက်နေ၏။ အစပ်စားပြီးသည့်အခါတိုင်း ထန်ချွန်းမင်က မသက်မသာဖြစ်လာပြီး သူ့ကို ရေနှင့်ရောထားသော ယိုတစ်ခွက် အတင်းစားခိုင်းခဲ့သည်။
“လီစုန့်ကမ်းမိသားစုက လွန်ခဲ့တဲ့နှစ်ရက်က ကြေညာလိုက်တာလေ။ သူတို့ကောလေးက မိသားစုကောင်းကိုတွေ့ခဲ့တာကို တခြားလူတွေမသိမှာစိုးရိမ်နေတာ။ သူက မြို့ထဲက လူချမ်းသာမိသားစုကဖြစ်ပြီး တင်တောင်းငွေ ငွေဆယ့်ငါးပြားပေးခဲ့တယ်။ သူဘယ်လောက်ဂုဏ်ယူနေလဲ မင်းမသိပါဘူး။ အဲ့ဒါမင်းကြောင့်ပဲ မင်ကောအာ.. အဲ့ဒီကိုမသွားနဲ့။ မဟုတ်ရင် သူတို့ရဲ့ ဂုဏ်ဆာနေတဲ့ပုံက်ို မင်းမြင်နေရလိမ့်မယ်။” ကျန်းရှို့က ခေါင်းခါပြီးပြောလိုက်သည်။ ဒီမိသားစုက တစ်ခုခုပဲ။ သူတို့တူလေးက သူတို့မိသားစုကို ဂရုမစိုက်လို့ သူတို့က သူ့ကို ခယဝယမလုပ်ဘူးလို့ ပြောခဲ့ပေမယ့် မျိုးနွယ်စုက သူ့တူလေးကို ဘက်လိုက်ပြီး သူတို့မိသားစုကို ဂရုမစိုက်ဘူးလို့လည်း ပြောခဲ့သေးသည်။ သူတို့က ဒီလိုစကားတွေကို ဘယ်လိုပြောနိုင်တာလဲ… တကယ်အရှက်မရှိတာပဲ…
“ဘာလို့ မြို့ထဲမှာ လူချမ်းသာမိသားစု နောက်တစ်ခုရှိနေတာလဲ? မြို့ထဲက လူချမ်းသာမိသားစု ဘယ်လောက်တောင်ရှိတာလဲ? ဒီသတင်းကြားတော့ မသက်မသာခံစားရတယ်။” ထန်ချွန်းမင်က တုန်လှုပ်သွားသည်။ အစပိုင်းတွင် ရှန်းမိသားစုက ပြဿနာရှာပြီး စေ့စပ်ပွဲဖျက်ခဲ့သည်။ နောက်တော့ အောင်သွယ်တော်က သူ့အိမ်ရောက်လာပြီး သူ့ကို လူချမ်းသာမိသားစုနဲ့ မိတ်ဆက်ပေးခဲ့သည်။ ယခုမူ သူက ထိုခေါင်းစဥ်ကြားတော့ ကြက်သီးထလာသည်။
ကျန်းရှို့နှင့် ဝမ်ယင်က တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်သည်။ သူတို့က ထန်ချွန်းမင်တွေးနေတာကိုသိသည်။ ကျန်းရှို့ကပြောလိုက်သည်။ “ဘယ်မိသားစုလဲတော့ ငါတို့မသိဘူး။ လီစုန့်ကမ်းပြောတာတော့ သတို့သားရဲ့မိသားစုမှာ ဆိုင်တွေနဲ့မြေတွေ အများကြီးရှိတယ်တဲ့။ သူတို့က ငွေလုံးဝပြတ်လတ်မသွားမယ့် မိသားစုတဲ့။ ကောလေးက သူတို့မိသားစုမှာ လက်ထပ်ပြီးရင် ကောင်းကောင်းရှန်သန်နိုင်လိမ့်မယ်တဲ့။ သူချဲ့ကားပြောနေတာလားတော့ မသိဘူး။ ဒီလိုကောင်းမွန်တဲ့မိသားစုက သူတို့ကောကိုကြိုက်ပါ့မလား? ပြီးတော့ သူတို့က တစ်မိသားစုလုံးကို ဘာလို့ခေါ်မှာလဲ?” ကျန်းရှို့က သရော်လိုက်သည်။
ထန်ချွန်းမင်က ထိုဖော်ပြချက်ကိုမယုံသဖြင့် ခေါင်းခါပြီး ထိုကိစ္စကို ဘေးချိတ်ထားလိုက်သည်။ ကောလေးကဘယ်သူနဲ့ပဲ လက်ထပ်ပါစေ သူနဲ့လီဖုန်းက ပတ်သက်စရာမရှိပေ။ သူတို့ဖျင်ရှန်ရွာကထွက်သွားလျှင် ပိုတောင်ကောင်းမည်။ တကယ်တော့ သူနဲ့လီဖုန်းက ထိုမိသားစုကို မျက်စိစပါးမွေးစူးနေသည်။ လီဖုန်းအတွက်တော့ ဤလူများက ဆွေမျိုးဖြစ်သလို ရန်သူလည်းဖြစ်သည်။ သူက သူတို့နဲ့မပတ်သက်ချင်၍ လျစ်လျူရှုထား၏။ သို့သော် ထိုလူတွေကို သူ့မျက်စိရှေ့မှာ မြင်နေရခြင်းက စိတ်ကသိကအောက်ဖြစ်စေသည်။
&&&