Chapter 57.1
“ရန်ပွဲ”
လီဖုန်းက ထန်ချွန်းမင်ကိုမြင်သောအခါ တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းသိလိုက်သည်။ သူက အမိုးအောက်တစ်နေရာတွင်ထိုင်ကာ ထန်ချွန်းမင် ယူလာပေးသော စားစရာကိုစားရင်း မေးလိုက်သည်။ “လမ်းမှာတစ်ယောက်ယောက်နဲ့ တွေ့ခဲ့လို့လား?”
“ဟုတ်တယ်.. ကျွန်တော် ချမ်သဲဖူရဲ့ ကြင်စဦးကောလေးနဲ့တွေ့ခဲ့တာ။ စဥ်းစားလေ တစ်ခုခုမှားနေသလို ခံစားရလေပဲ။ သူက ကျွန်တော့်ကိုတွေ့ဖို့ ရောက်လာတာသေချာတယ်။” ထန်ချွန်းမင်က အမှန်အတိုင်းဖြေလိုက်သည်။ ထိုစကားကြားပြီးနောက် လီဖုန်းက ပြောစရာပျောက်ရှသွားသည်။ မင်ကောအာပြောသလိုပင် ယခုချိန်ကြီး အနောက်တောင်မှာ ရုတ်တရက်ပေါ်လာခြင်းက တိုက်ဆိုင်မှုလို့ ပြောလို့မရပေ။
“သိပ်မစဥ်းစားနဲ့။ နေ့လည်စာစားပြီးရင် ကိုယ်တ်ို့နောက်က စမ်းချောင်းဆီခေါ်သွားပေးမယ်။” လီဖုန်းက မင်ကောအာ၏အာရုံကို ဘယ်လိုပြောင်းရမလဲသိသည်။ ထင်သည့်အတိုင်းပင် စမ်းချောင်းလို့ကြားသည်နှင့် ထန်ချွန်းမင်၏မျက်နှာ လင်းလက်လာသည်။ သူက ယခုထိ ထမင်းမစားရသေးတာကြောင့် သူယူလာသော အပိုစားစရာများကို လီဖုန်းနဲ့အတူစားလိုက်သည်။ စားသောက်ပြီးသောအခါ သူက အမြန်ထွက်ခွာရန် တိုက်တွန်းခဲ့သည်။
တောင်ပေါ်မှာ မိနစ်နှစ်ဆယ်ကြာအောင် လမ်းလျှောက်ပြီးနောက် ထန်ချွန်းမင်က ရေသံကိုကြားလိုက်ရသည်။ ထောင့်တစ်ခုကိုကွေ့လိုက်တော့ သူတို့က ရေကန်ကိုမြင်လိုက်ရသည်။ လီဖုန်းက ရှင်းပြလိုက်သည်။ “စမ်းချောင်းကို တူးဖော်ပြီးပြီ။ အစက ရေတွေစိမ့်ထွက်လာတာကိုတွေ့လို့ အောက်ဖက်မှာ စမ်းချောင်းတစ်ခုရှိတယ်လို့ မှန်းဆခဲ့တာ။ ရှိတော့ရှိတယ်။ ဒါပေမယ့် အရွယ်အစားကြီးတယ်။”
စိမ့်စမ်းရေက ကြည်လင်ပြီး မျက်စိပသာဒဖြစ်စေသည်။ ထန်ချွန်းမင်က ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရေတစ်ဆုပ်စာခပ်ပြီး သောက်လိုက်သည်။ ၎င်းက သူ့နေရာလွတ်ထဲရှိ စမ်းရေအရသာနှင့် မယှဥ်နိုင်သော်လည်း မြစ်ရေထက် အများကြီးသာသည်။ သူကမော့ကြည့်ကာပြောလိုက်သည်။ “သမားတော်ဟဲ စစ်ဆေးလို့ရအောင် တစ်ဘူးယူသွားလိုက်မယ်။ လက်ဖက်ရည်သောက်တဲ့လူတွေက လက်ဖက်ရည်ဖျော်ဖို့သုံးတဲ့ စမ်းရေကိုဂရုစိုက်ကြတယ်။ သူ ဒီစမ်းရေကိုဘယ်လိုမြင်လဲ မေးကြည့်ရအောင်။”
“ဟုတ်ပြီ။” လီဖုန်းက ထန်ချွန်းမင် ကမ်းပေးသော ရေဘူးကိုယူလိုက်ပြီး စမ်းရေဖြည့်လိုက်သည်။ ထို့နောက် နေရာလွတ်ထဲမှစမ်းရေကို ကန်ထဲသို့လောင်းထည့်နေသော ထန်ချွန်းမင်၏ဘေးမှာ သူရပ်ကြည့်နေလိုက်သည်။ သူက ၎င်းကို ယခင်ကမြင်ဖူးပေမယ့် သူ့ကိုအချိန်တိုင်း အံ့အားသင့်စေသည်။ မင်ကောအာက ဘုရားသခင် သူ့အတွက် စေလွှတ်ပေးခဲ့သည့် လက်ဆောင်တစ်ခုလို့ လီဖုန်းထင်မိသည်။
နေရာလွတ်စမ်းရေဖြည့်ပြီးနောက် ထန်ချွန်းမင်က စမ်းရေကို ထပ်သောက်ကြည့်ပြီး အရသာပိုကောင်းနေတာကို တွေ့ခဲ့ရသည်။ ဤတောင်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းရည်ကို စုဆောင်းထားပြီး နေရာလွတ်နီးပါး တန်ခိုးကြီးသည်ဟု သူထင်မိသည်။
စမ်းချောင်းကိုစစ်ဆေးပြီးနောက် ထန်ချွန်းမင်က စိတ်ကျေနပ်သွားသည်။ သူက လီဖုန်းကိုမေးလိုက်သည်။ “ဒိတောင်ပေါ်မှာ ရေပူစမ်းရှိမယ်ထင်လား? စမ်းချောင်းလိုမျိုး ရှာတွေ့ခဲ့ရင်ကောင်းမှာပဲ။ တစ်ခုရှာတွေ့ခဲ့ရင် အေးတဲ့ရက်တွေမှာ ဝင်စိမ်လို့ရတယ်။ အိုး.. ဘယ်လောက်တောင် ကောင်းလိုက်မလဲ!”
လီဖုန်းက ကျေကျေနပ်နပ် ပြုံးလိုက်သည်။ “အချိန်ရရင် တောင်တွင်းထဲ ဝင်ရှာပေးပါမယ်။ ဒီလိုရေပူစမ်းမျိုးကို ကြားဖူးတယ်။” သို့သော် သူသေချာတွေးကြည့်လိုက်တော့ သူက မျက်လုံးလွှဲလိုက်ရပြီး တံတွေးမျိုချလိုက်မိသည်။ မင်ကောအာက တစ်ခုခုပဲ.. သူ မသိလိုက်ခင်မှာ သူ့အတွေးများက လမ်းလွဲသွားခဲ့သည်။
သို့သော် ၎င်းက မကြာလိုက်ပေ။ ယခုရက်ပိုင်းတွင် ချမ်သဲဖူ၏မိသားစုအတွင်း သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များအကြောင်း တခြားသူများပြောနေသည်ကို သူကြားခဲ့ရသည်။ သိပ်မကြာခင်မှာ ရွာသားတွေက မပြီးဆုံးသေးသည့် ပြဇာတ်ကို လာကြည့်ကြလိမ့်မည်။ ၎င်းကိုတွေးရင်း သူက စိတ်လှုပ်ရှားနေပြီး သူ့အကြည့်က မင်ကောအာ၏ တောက်ပသော အပြုံးမျက်နှာပေါ်သို့ ရောက်သွားပြန်သည်။ သူ့မျက်လုံးထဲတွင် မည်သူကမျှ မင်ကောအာလောက် ကြည့်မကောင်းပေ။
တောင်ပေါ်ကဆင်းလာသောအခါ သူတို့က ဦးလေးတာ၏နေရာတွင် ရပ်ခဲ့သည်။ ယခုဆိုလျှင် သိုးများအားလုံးက တခြားအစာများနှင့် ရောစပ်ထားသော မွေးမြူရေးစာကို စားသုံးနေပြီး အဆင်မပြေသည့် လက္ခဏာရပ်များ မပြခဲ့ပေ။ ကျင်းဖုန်းပင်လျှင် ၎င်းကိုစားခဲ့သည်။ သိုးခြံထဲရှိ သိုးအရေအတွက် တိုးလာပြန်သည်။ ယခင်က ကျန်းချန်မင်ဖြန့်ခဲ့သော ကောလာဟလကြောင့် ထန်ချွန်းမင် သိုးတွေဝယ်ယူနေတာကို လယ်သမားအားလုံးသိသွားခဲ့သည်။ ဆောင်းရာသီမှာ သိုးအရေအတွက်လျှော့ချဖို့ ပြင်ဆင်နေသူများက သူတို့၏သိုးများကို ဤနေရာသို့ပိုခဲ့သည်။ ထို့အပြင် ထန်ချွန်းမင်ပေးသော စျေးနှုန်းသည် စျေးကွက်ပေါက်စျေးထက် မနည်းတာကြောင့် ထိုမိသားစုများက ဝမ်းသာအားရ ရောင်းခဲ့ကြသည်။
ကျန်းချန်းမင်က ဤရက်ပိုင်းတွင် အပြင်မထွက်တော့ပေ။ သူသည်လည်း ထက်မြက်သူဖြစ်သည်။ ဆောင်းဦးရာသီရိတ်သိမ်းပြီးနောက် သူက ထန်ချွန်းမင်မှတစ်ဆင့် ထန့်ယ်ွီကိုချဥ်းကပ်ကာ ထင်ကျင့်စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ်လုပ်ကိုင်ပြီး အတွေ့အကြုံယူရန် အခွင့်အရေးရခဲ့သည်။ မူလကတော့ သူသည် မည်သည့်အခကြေးငွေကိုမျှ မယူဘူးလို့ပြောခဲ့သော်လည်း ထန်ချွန်းမင်နှင့် ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားသော ထန့်ယွီက သူ့ကို တခြားစားပွဲထိုးများ၏ လုပ်ခလစာအတိုင်းပေးခဲ့သည်။ ယခုအခါ ခရိုင်မြို့ရှိ ဆိုင်အား ပြုပြင်လျက်ရှိသည်။ ၎င်းက ရေခဲဆိုင်နှင့်မတူတော့ပေ။ ထန်ချွန်းမင်နှင့် လီဖုန်းနှစ်ယောက်လုံးက ဤကိစ္စကိုကိုင်တွယ်ရန် အချိန်မပေးနိုင်တာကြောင့် ထန့်ယွီ့အား ကြီးကြပ်ပေးရန် လွှဲအပ်ခဲ့သည်။
ထန်ချွန်းမင် သိုးသားစားသောက်ဆိုင်ဖွင့်တော့မည်ဟု ကြားသိရသောအခါ သိုးသားသိပ်မကြိိုက်သော ထန့်ယွီက ထန်ချွန်းမင်၏ ယုံကြည်မှုလွန်ကဲနေပုံကိုကြည့်ပြီး အောင်မြင်မည်ဟု ခံစားမိခဲ့သည်။ သို့ဖြစ်၍ သူက ဆိုင်တွင် ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့သည်။ အမှန်တော့ သူ့ထင်မြင်ချက်အရ ဤဝေစုကို ရေထဲပစ်ချရမည်ဆိုလျှင်ပင် သူဟာ သူနှင့် ထန်ချွန်းမင်၏ ဆက်ဆံရေးကို ခိုင်မြဲစေရန် ပူပေါင်းဆောင်ရွက်ဦးမှာဖြစ်သည်။
ထန််ယွီ၏အစီအစဥ် မည်သို့ပင်ရှိစေကာမူ ထန်ချွန်းမင်က သူ၏ပါဝင်လာမှုကို ကြိုဆိုလိုက်သည်။ ကျန်းချန်မင်က ဆိုင်၏အရေးကိစ္စအားလုံးကို တစ်ယောက်တည်းစီမံနိုင်မည်မဟုတ်ပေ။ ထန့်ယွီ၏ညွှန်ကြားချက်အောက်မှာ ကျန်းချန်မင်က ပိုမိုလျင်မြန်စွာ သင်ယူနိုင်လိမ့်မည်။ ထို့အပြင် မြို့တွင်းရှိအလုပ်သမားများနှင့် စားဖိုမှုးများငှားရမ်းရာတွင် အတွေ့အကြုံရှိသော ထန့်ယွီ၏အကူအညီလိုအပ်ပေမည်။ ထန်ချွန်းမင်က ဟင်းချက်နည်းကိုသာ ထောက်ပံ့ပေးနိုင်ပြီး ဆိုင်ကို ကိုယ်တိုင်ဂရုစိုက်ဖို့ မဖြစ်နိုင်ပေ။
ဆိုင်ကို တခြားသူများ လိုချင်တပ်မက်မှုရှိမရှိနှင့် ပတ်သက်၍ ထန်ချွန်းမင်က စိတ်မပူပေ။ သူဖွင့်ထားသော စားသောက်ဆိုင်၏ အဓိကသော့ချက်မှာ သူကိုယ်တိုင်မွေးမြူထားသော သိုးအရင်းအမြစ်များဖြစ်သည်။ သူနဲ့အချိန်အတော်ကြာအောင် အလုပ်တွဲလုပ်ခဲ့သော ထန့်ယွီက ချိန်ခွင်သဘောတရားကို နားလည်သည်။ ထို့ကြောင့် ထန်ချွန်းမင်က ဆိုင်ကိုလည်ပတ်ရန် တခြားသူများအား စိတ်လိုလက်ရပုံအပ်ခဲ့သည်။
ထန်ချွန်းမင်သည် ထိုနေ့က စွင်းဟုခေါ်သော ကောအာနှင့်တွေ့ဆုံမှုကို အမြန်မေ့သွားခဲ့သည်။ သူက လီဖုန်းမှလွဲ၍ တခြားသူများကို ၎င်းကိစ္စမပြောပြခဲ့ပေ။ ထိုကာလမှာ သူက ဝိုင်ချက်ဖို့ အာရုံစိုက်လိုက်သည်။ တခြားသူများ၏ဝိုင်ချက်နည်းနှင့်မတူစွာ သူ၏ဝိုင်ပြုလုပ်နည်းက စော်ဖောက်ခြင်းအဆင့်များစွာ လိုအပ်ပြီး တစ်ဆင့်ချင်းမှာ ရောစပ်ရသည့် တစေးကလည်း မတူညီပေ။ အပူချိန်အဆက်မပြတ်ကျဆင်းနေသောကြောင့် စော်ဖောက်ရန်လိုအပ်သော အပူချိန်ကိုထိန်းသိမ်းရန် ဝိုင်ချက်သည့်အခန်းတွင် မီးလင်းဖိုများထားရှိခဲ့သည်။
လီဖုန်းက သူမှာထားသော ဝိုင်လုပ်ကိရိယာများကို ယူလာခဲ့သည်။ ထန်ချွန်းမင်၏ ဝိုင်ချက်ခန်းက နောက်ဖေးရှိ အသစ်ဆောက်လုပ်ထားသော အိမ်ဘေးရှိ နေရောင်ရသောအခန်းပိုဖြစ်သည်။ ဝိုင်ပြုလုပ်မည့် ကိရိယာအရွယ်အစားအရ လီဖုန်းသည် မီးဖိုတစ်ခုဆောက်လုပ်ခဲ့ပြီး ဝိုင်အိုးအများအပြားကို ယူဆောင်လာခဲ့သည်။
ထန်ချွန်းမင် အလုပ်ရှုပ်နေတိုင်း သမားတော်ဟဲက သူ့နောက်လိုက်လေ့ရှိသည်။ ထန်ချွန်းမင်၏ ဝိုင်ပြုလုပ်နည်းကို သူစိတ်ဝင်စားလို့မဟုတ်ပဲ ဝိုင်ရနံ့ကို ရှူရှိုက်ရန် အခွင့်အရေးလိုချင်လို့ဖြစ်သည်။ အနံ့ကပိုမွေးလာသည်နှင့်အမျှ သူမစောင့်နိုင်ဖြစ်လာခဲ့သည်။ သမားတော်ဟဲက သမားတော်ဟောင်းတစ်ယောက်ဖြစ်ပြီး ဆေးဖက်ဝင်အပင်များနှင့် အလွန်ရင်းနှီးသည်။ သို့ဖြစ်၍ ဆေးပညာမကျွမ်းကျင်သည့် ထန်ချွန်းမင်က ရှုပ်ထွေးသာ ပါဝင်ပစ္စည်းများကို သိနေသဖြင့် သူအံ့သြခဲ့ရသည်။
သမားတော်ဟဲက ပါဝင်ပစ္စည်းကို စိတ်မဝင်စားပဲ ဝိုင်ကိုသာစိတ်ဝင်စားသည်။ ဘာပဲဖြစ်ဖြစ် သူက ဤနေရာမှထွက်သွားမည်မဟုတ်ပေ။ သူက ဝိုင်ဝေစုကို အမြဲရနေစေရန် ဖုန်းရှောင်ကျစ်နှင့် ထန်ချွန်းမင်တို့ ဘယ်သွားသွား နောက်ကလိုက်နေမည်ဖြစ်သည်။
အိမ်နောက်ဖေးမှာ ပရိဘောဂဆောက်လုပ်နေသော လက်သမားက အိမ်ရှင်ဘာလုပ်နေလဲ စိတ်မဝင်စားပေ။ အနောက်တောင်၏ကိစ္စရပ်များအပြင် လီဖုန်းက မင်္ဂလာပွဲအတွက် လိုအပ်သောပစ္စည်းများကို ပြင်ဆင်ရသည်။ ထန်ချွန်းမင်၏ လျှို့ဝှက်ချက်ကိုသိပြီးနောက်တွင် ထန်ချွန်းမင် ပန်းမထိုးချင်ကြောင်း သူသိခဲ့သည်။ သူတို့၏ မင်္ဂလာဝတ်စုံကိုပင် ခရိုင်မြို့မှ မှာခဲ့တာကြောင့် လက်ချုပ်အဝတ်အစား မဝတ်ချင်သော ထန်ချွန်းမင်က အလွန်ပျော်ရွှင်သွားခဲ့သည်။ ထိုနေ့မှာ လီဖုန်းက သူတို့၏မင်္ဂလာဝတ်စုံများကိုယူရန် မြို့ပေါ်သွားခဲ့သည်။
ထန်ချွန်းမင်ကို အရှေ့ခြံမှာ ရှာမတွေ့ခဲ့သော ကျန်းရှို့က သူ အနောက်ခြံမှာ ရှိနေမှန်းသိလိုက်သည်။ စင်္ကြလမ်းကို ဖြတ်လျှောက်လာရင်း သူက အရံခန်းမှထွက်လာသော ထန်ချွန်းမင်ကိုတွေ့လိုက်ရသည်။ လေထုက ဝိုင်ရနံ့သင်းနေ၏။ အစောပိုင်းက ထန်ချွန်းမင် ရေးဆွဲခဲ့သောပုံကို သူသိထားပြီးဖြစ်သည်။ မင်ကောအာ ဘယ်လောက်ထိသိလဲဆိုတာကို သူနားမလည်နိုင်သော်လည်း အနည်းငယ်အားကျမိသည်။ သူ့သားနှစ်ယောက်ကို ကျောင်းပို့ခဲ့သည့် ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ သူပိုပိုပြီး ခံစားလာရသည်။ ယင်းက စာဖတ်ရင်း အသိပညာတိုးပွားလာသည့် ထန်ချွန်းမင်ကြောင့်လို့ သူ့မသိစိတ်က သတ်မှတ်ခဲ့သည်။
ထန်ချွန်းမင်သာ ကျန်းရှို့၏တွေးခေါ်ပုံကို သိပါက သူရယ်မိသွားလိမ့်မည်။ တကယ်တော့ သူက ဖျင်ရှန်ရွာတွင် ပညာသင်ကြားခွင့်ရခဲ့သော တစ်ဦးတည်းသူမဟုတ်ပေ။ ဥပမာအားဖြင့် ကျောက်လောင်စန်းသည်ပင် ပညာရှင်ဖြစ်လာခဲ့ပေမယ့် ငွေရှာနည်းများကိုတော့ လုံးဝမသိပါပေ။
“အနံ့ကောင်းလိုက်တာ။” ထန်ချွန်းမင် အနားရောက်လာသည်နှင့် ကျန်းရှို့ကပြောလိုက်သည်။
“ပြီးခါနီးပြီ။ နည်းနည်းပဲစောင့်ရမယ်။ ဝိုင်ကအဆင်သင့်ဖြစ်နေပြီ။ သောက်လို့ရပြီဆိုမှ ကျွန်တော့်ရဲ့ဝိုင်ကို မြည်းစမ်းကြည့်လိုက်။” ထန်ချွန်းမင်က ခန္ဒာကိုယ်အသစ်ထဲရောက်နေသော်လည်း သူ၏ကျွမ်းကျင်မှုများ မပျောက်သွားသဖြင့် ရွှင်ပြပြဖြေလိုက်လေသည်။
“ငါစောင့်နေပါ့မယ်။”
သူတို့နှစ်ယောက်က စကားစမြည်ပြောကာ ရယ်မောရင်း အိမ်ရှေ့ခြံဝင်းကို ပြန်သွားခဲ့ပြီး သမားတော်ဟဲ၏အခန်းမှ အားစန်းကိုသွားကြည့်ခဲ့သည်။ အားစန်းလေးက ကျယ်လောင်စွာ ဟောက်နေပြီး ခြေကားယားအိပ်နေသည်။ ကျန်းရှို့က ချစ်မြတ်နိုးစွာကြည့်ပြီး မေးလိုက်သည်။ “အားလင်းနဲ့ အာမောင်းဘယ်မှာလဲ?”
“သူတို့အနောက်တောင်မှာ မြင်းပေါက်လေးနဲ့ လမ်းလျှောက်ထွက်နေတာဖြစ်မယ်။ ဒီကလေးတွေက မြင်းပေါက်လေးကို အရမ်းဂရုစိုက်တာ။” ပထမတော့ သူတို့လေးတွေက ရိုးသွားမယ်လို့ သူထင်ခဲ့ပေမယ့် လီဖုန်းနှင့် ကျင်းဖုန်းထက်၏ဆက်ဆံရေးထက်ပင် သူတို့နဲ့မြင်းပေါက်လေး၏ ဆက်ဆံရေးက ပိုကောင်းနေခဲ့သည်။ ယခုချိန်မှာ တာမောင်းမရှိလျှင်ပင် ကလေးနှစ်ယောက်က မြင်းပေါက်လေးနှင့်အတူ လမ်းလျှောက်ထွက်နေနိုင်သည်။ ကလေးနှစ်ယောက်က မြင်းပုလေးထက်အရပ်မရှည်တာကြောင့် လုံခြုံရေးအတွက် စိတ်ပူစရာမလိုခဲ့ပေ။
ကျန်းရှို့က သက်ပြင်းချကာ တခြားကိစ္စတစ်ခုပြောလိုက်သည်။ “မင်း အဲဲဒီစွင်းမိသားစုက ကောကို ေတွေ့ပြီးပြီလား? မြစ်ဆိပ်မှာ လူတစ်ယောက်က မင်းတို့နှစ်ယောက် ရင်းနှီးလားလို့ လာမေးလို့ ငါဘာပြန်ပြောရမလဲမသိဖြစ်သွားတယ်”
ထန်ချွန်းမင်က ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။ မျိုးရိုးနာမည်စွင်းနဲ့ ဘာလ်ု့ရင်းနှီးရမှာလဲ? စကားနည်းနည်းလေးဖလှယ်တာကို ခင်တယ်လို့ သတ်မှတ်လျှင်ပင် စွင်းက စာရင်းထဲတွင် ပါလာမည်မဟုတ်ချေ။ “ပြောတာကတစ်ယောက်တည်းလား တစ်ရွာလုံးလား? အရင်ရက်အနည်းက ကျွန်တော် သူနဲ့လမ်းမှာဆုံခဲ့တယ်။ အားဖုန်းကို စားစရာသွားပို့တဲ့နေ့မှာပဲ။ သူ့ကို စကားလည်းသိပ်မပြောခဲ့ဘူး။ ဒီတိုင်းဖြတ်ကျော်သွားတာ။ အဲ့ဒီတည်းက ကျွန်တော်တို့ထပ်မတွေ့ဖြစ်ဘူး။”
.
အခြေအနေကို ပိုသတိပြုမိသော ကျန်းရှို့ကပြောလိုက်သည်။ “အဲ့ဒီကောလေးက ကျန်းလန်ဟွာထက် ထက်မြက်ပုံရတယ်။ သူ အဲ့ဒီမိသားစုမှာ လက်ထပ်ပြီးတော့ မင်းအကြောင်းတွေအများကြီးကြားခဲ့ရလို့ မင်းကိုရင်းနှီးချင်တာဖြစ်မယ်။ အဲ့ဒါက ထင်သလောက် မရိုးရှင်းဘူးထင်တယ်။”
တခြားနေရာမှာဆုံခဲ့လျှင် နားလည်နိုင်ပေမယ့် မင်ကောအာ၏ အနောက်တောင်မှာ တွေ့ခဲ့ရခြင်းသည် သူဟာ မင်ကောအာကို ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေသည်ဟု ဆိုလိုသည်။ သူက မင်ကောအာနှင့် ရင်းနှီးခွင့်ရရန် အခွင့်အရေးရှာခဲ့သဖြင့် ထိုလူငယ်လေးက လူကောင်းတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။ သို့သော် အပြင်မှာ ပြဿနာရှာလေ့ရှိသည့် ကျန်းလန်ဟွာနှင့် မတူစွာပင် လွန်ခဲ့သည့်ရက်အနည်းငယ်မှာ ဘယ်သူကမှ ထိုကော၏မကောင်းကြောင်းကို မပြောခဲ့ကြပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?” ထန်ချွန်းမင်က အံ့အားသင့်သွားသည်။ ဒီကောလေးက သူ့အိမ်ကိုတောင် ရောက်လာနိုင်တယ်လို့ ကျန်းရှို့က အရိပ်အမြွက်ပေးနေတာလား?
“ငါက ခန့်မှန်းမိရုံပဲ။ ငါမှားနေရင်တော့ ကောင်းတာပေါ့။” ကျန်းရှို့က သူ့ကိုနှစ်သိမ့်လိုက်သည်။ လျှို့ဝှက်အကြံအစည်ရှိသော လူများနှင့် မည်သူကမျှ မဆက်ဆံချင်ကြပေ။ “မင်းက ငါတို့နဲ့အဆင်ပြေတယ်ဆိုတာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပေါင်းသင်းဆက်ဆံကြလို့ပဲ။”
ကျန်းရှို့၏စကားလုံးများက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ထန်ချွန်းမင်က နားလည်သွားခဲ့သည်။ ခဏအကြာတွင် အားစန်းလေးနိုးလာပြီး ထန်ချွန်းမင်က သူ့ကိုအစာကျွေးလိုက်သည်။ ကျန်းရှို့က ခြံတံခါးဖွင့်ပြီး လူနှစ်ယောက်ကို ခေါ်လာခဲ့သည်။ ထန်ချွန်းမင် မော့ကြည့်ပြီး လာလည်သူကို တွေ့လိုက်ရတော့ သူက ကျန်းရှို့ကို ချက်ချင်းလှည့်ကြည့်ကာ ရေရွတ်လိုက်သည်။ “ခင်ဗျားက စကားလုံးတွေနဲ့ ကျိန်စာတိုက်လိုက်တာပဲ!”
ကျန်းရှို့က ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပဲ သူ့လိုပင် ကျဥ်းထဲကျပ်ထဲရောက်နေသော ဝမ်မော့ကို ကြည့်လိုက်သည်။ ဝမ်မော့က ထိုလူကို ဘယ်လိုငြင်းရမလဲမသိ၍ ခေါ်လာခဲ့တာဖြစ်၏။
“အွန်း… ရှို့ကောအာ.. စွင်းကောအာက ဒီဇိုင်းတချို့ ချေးငှားချင်လို့ပါ။ သူက မင်းကိုအိမ်မှာမတွေ့လို့ မင်ကောအာဆီမှာ လာရှာတာ။” ဝမ်မော့က ရှင်းပြလိုက်သည်။ ဝမ်မော့က ခရိုင်တွင် အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရသော်လည်း သူ၏ ရှိရင်းစွဲစိတ်ထားက ရိုးရှင်တာကြောင့် ငြင်းဆန်ရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ချေ။
“အို . ဒီတော့ ငါ့ဆီလာတာလား? မင်းစောစောထဲက ပြောခဲ့သင့်တယ်။ ဒီဇိုင်းတွေက ငါ့အိမ်မှာရှိတယ်။ မင်းမသိပါဘူး။ မင်ကောအာမှာ ကလေးနှစ်ယောက်ရှိလို့ အလုပ်တွေရှုပ်နေတာ။ သူက အဲ့အလုပ်တွေကို လွှတ်ချလိုက်လို့ ဒီဇီုင်းတွေအကုန် ငါ့ဆီရောက်နေတာလေ။ သွားမယ်လာ… မင်ကောအာ.. ငါအိမ်ပြန်လိုက်ဦးမယ်နော်။ သူတို့ကိုပါ ခေါ်သွားလိုက်မယ်။” ကျန်းရှို့က စကားဖြတ်ပြောပြီး ချက်ချင်းတုံ့ပြန်ခဲ့သည်။ စွင်းကောအာက ဘယ်လိုလူပဲဖြစ်ဖြစ် မင်ကောအာနဲ့ ဝေးဝေးမှာထားတာ ပိုကောင်းမည်။ သို့ဖြစ်၍ သူက စကားပြောပြီးသည်နှင့် အိမ်ကို ချက်ချင်းထပြန်သွားခဲ့သည်။
“အကောင်းဆုံးပဲ။ ငါ အဲ့ဒါတွေအားလုံးကိုယူသွားဖို့ တွေးနေတာ။” ဝမ်မော့က ထပ်ပြောလိုက်သည်။
“သွားကြတော့.. ဒီလူယုတ်မာလေးရှိနေတော့ ခင်ဗျားတို့ကို ဧည့်ခံပေးဖို့အဆင်မပြေဘူး။” ထန်ချွန်းမင်က လက်ဝေ့ယမ်းပြလိုက်သည်။ သူရပ်သွားသည်နှင့် အားစန်းလေးက ပါးစပ်ဖွင့်ပေးလာပြီး နို့သောက်ချင်တာကို အချက်ပြသလို အော်ငိုနေခဲ့သည်။ ထန်ချွန်းမင်က ဤလူယုတ်မာလေးကို ဆက်လက်အစေခံရန် ကမန်းကတန်းပြန်လှည့်လိုက်လေသည်။
“ကြည့်.. ငါမင်းကို အိမ်ခေါ်သွားပေးမယ်။ စွင်းကောအာက မရောက်ဖူးသေးဘူးမလား.. ဒါကရင်းနှီးအောင်လုပ်ဖို့ အခွင့်အရေးပဲ။” ကျန်းရှို့ကရယ်မောလိုက်သည်။
“ငါ အချိန်မှားရောက်လာတာထင်တယ်” နောက်ဆုံးမှာ စွင်းကောအာက စကားပြောဖို့ အခွင့်အရေးရခဲ့ပြီး သူက သူ့လက်ကိုင်ပုဝါကိုညှစ်ပြီး အတင်းပြုံးပြလိုက်သည်။ သူက ကျန်းရှို့နဲ့အတူလျှောက်သွားပြီး ခြံထဲကြည့်ကာ မေးလိုက်လေသည်။ “မင်ကာအာက မင်္ဂလာပွဲအတွက် ပန်းထိုးဝတ်စုံဝတ်ရမှာမလား? ဘာလို့ ပန်းမထိုးတော့တာလဲ?”
ကျန်းရှို့က သူ့ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးတွေက ဟိုဟိုသည်သည် လည်ပတ်နေတာကိုတွေ့တော့ ကျန်းရှို့ကပြောလိုက်သည်။ “ဖုန်းရှောင်ကျစ်က သူ့ကိုတကယ်ဂရုစိုက်တယ်လေ။ မင်ကောအာမှာ လုပ်စရာအများကြီးရှိတာကိုတွေ့တော့ ပန်းထိုးပြီး မျက်လုံးထိခိုက်မှာကို မလိုလားဘူး။ ဒါကြောင့် သူက မင်္ဂလာပွဲဝတ်စုံအတွက် ခရိုင်မြို့က ပန်းထိုးရုံကိုသွားခဲ့တယ်။ ဒါက ငါတို့ရွာမှာ ပထမဆုံးပဲဲ။ လူတွေသိသွားရင် မင်ကောအာကို အားကျနေတော့မှာ။ အခုတောင် အားလုံးက မင်ကောအာအကြောင်းပြောနေကြတာ။ မင်းသွားပြောလိုက်တာနဲ့ သူတို့က ကောလာဟလမျိုးစုံကို ဖန်တီးကြလိမ့်မယ်။”
စွင်းကောအာက သူ့လက်ထဲရှိ လက်ကိုင်ပုဝါကို အားဖြင့်ညှစ်လိုက်ပေမယ့် အပြုံးကိုတပ်ဆင်ထားဆဲပင်။ “တကယ်လား? အဲ့ဒါက အရမ်းအားကျစရာကောင်းတာပဲ။ ဒါပေမယ့် ပန်းထိုးမင်္ဂလာဝတ်စုံကို ကိုယ်တိုင်ချုပ်တာပိုကောင်းတယ်လို့ ငါထင်တယ်။”
“ကလေးကိုပြုစုပျိုးထောင်နေရတော့ သူ့မှာဘယ်လိုအချိန်ရှိမှာလဲ? အားမကျပါနဲ့.. စွင်းကောအာ မင်းလည်း သူနဲ့တူတူပါပဲ။ မင်းမိသားစုရဲ့ အိမ်ထောင်ဦးစီးက မင်းကိုချစ်လို့ တင်တောင်းငွေ ဆယ့်ငါးပြားပေးခဲ့တာမလား။ ဒါဖျင်ရှန်ရွာမှာ ပထမဆုံးတော့မဟုတ်ပေမယ့် ထိပ်တန်းစာရင်းဝင်ပါတယ်….” ထိုအသံများက ဝေးသထက်ဝေးလာသည်။ သူတို့၏စကားများကို ဂရုမစိုက်သော ထန်ချွန်းမင်က နှင်သာထုတ်ချင်နေသည်။ သူက အကြံအစည်ကြီးသော လူများနှင့်ဆက်ဆံဖို့ စိတ်မဝင်စား၍ ပြတ်သားလိုက်ချင်သည်။
“ကြည့်ပါဦး…မင်း.. လူယုတ်မာလေး.. မင်းက စားဖို့ပဲသိတယ်။ မင်းအစ်ကိုမရှိတုန်း ငါမင်းကို လူယုတ်မာလေးလို့ခေါ်မယ် ဟုတ်ပြီလား.. “ ထန်ချွန်းမင်က အားစန်းလေးကို အစာကျွေးရင်း ရေရွတ်လိုက်သည်။
“ဟား.. ငါကြားတယ်နော်!” ယခုလေးတင်ဝင်လာသော သမားတော်ဟဲက ရယ်မောလိုက်လေသည်။ သူက ဧည့်သည်တွေရောက်လာတော့ အဝေးကနေကြည့်ကာ သူတို့၏အကျင့်စရိုက်ကို အကဲဖြတ်နေခဲ့သည်။ သူက ထိုကောကိုနှုတ်ဆက်ဖို့ စိတ်မဝင်စားပေ။