Chapter 56.2
ထန်ချွန်းမင်က ချမ်မိသားစုနှင့် ဘာမှမသက်ဆိုင်ပေမယ့် ယခင်ဇနီးဟောင်း၏ ကွာရှင်းပြတ်ဆဲမှုက သူနဲ့ဆိုင်နေတာကြောင့် ချမ်မိသားစုက သူ့ကိုဖိတ်ခဲ့သည်။ အထူးသဖြင့် သူက ဝတ်ပြုဆုတောင်းကာလမပြီးသေး၍ ထိုပွဲမျိုးကိုတက်ခွင့်မရှိလို့ပင်။ ထန်ချွန်းမင်ကိုယ်တိိုင်ကလည်း ရုန်ရင်းဆန်ခတ်ပွဲကို စိတ်ဝင်စားမှုလျော့ပါးနေသည်။ သူ မင်္ဂလာပွဲကြည့်ချင်လျှင် ကိုယ့်မင်္ဂလာပွဲအထိ စောင့်လို့ရသည်။
အသေးစိတ်အချက်အလက်များကို ဘယ်သူဖြန့်လိုက်လဲမသိပေမယ့် ဤကောလေး၏မျိုးရိုးနာမည်က စွင်းဖြစ်ပြီး သူ၏မူလခင်ပွန်းနာမည်ကတော့ ချင်ဖြစ်သည်။ စွင်းကောအာက နောက်အိမ်ထောင်ပြုတော့မှာဖြစ်၍ ချင်မိသားစုက သူတို့မြေကိုပြန်တောင်းခဲ့သည်။ သူတို့က စွင်းကောအာ၏ ခြောက်နှစ်အရွယ်သားလေးကိုလည်း ချင်မိသားစု၌ စောင့်ရှောက်ထားပြီး သူကြီးပြင်းလာမှ လယ်မြေကိုပြန်လည်အပ်နှံဖို့ ရည်ရွယ်ခဲ့သည်။ မိသားစု၏စံနှုန်းအရ ဤအပြုအမူက မတရားတာမျိုးမဟုတ်ပေမယ့် စွင်းကောအာက လက်မခံခဲ့ပေ။ သူက မျိုးနွယ်စုကိုမယုံလို့ သူ့သားကို ကိုယ်တိုင်ပျိုးထောင်မည်ဟု ပြောခဲ့သည်။
ထိုသို့ဖြင့် နှစ်ဖက်က စာရွက်စာတမ်းမှာ လက်မှတ်ထိုးပြီး ညှိနှိုင်းမှုတစ်ခုပြုလုပ်ခဲ့သည်။ ကောင်လေး ဆယ့်ရှစ်နှစ်မပြည့်ခင် လယ်မြေကို ချင်မိသားစုနဲ့ စွင်းကောအာက ပူးတွဲအုပ်ချုပ်ပြီး ပြည့်ပြီးနောက်မှာတော့ ၎င်းက ကောင်လေးအမည်ဖြင့် တရားဝင်လွှဲပြောင်းပေးမည်။ ထိုမှသာ စွင်းကောအာက စိတ်အေးသွားခဲ့သည်။
ဆိုလိုတာက စွင်းကောအာ ဖျင်ရှန်ရွာသို့ ပြောင်းလာစဥ် သူနဲ့အတူ မြေယာတချို့ ယူဆောင်လာခဲ့သည်။ ချမ်သဲဖူကလည်း သူ့ကို တင်တောင်းငွေ ဆယ့်ငါးပြားပေးခဲ့သည်။ ထို့အပြင် ချမ်သဲဖူက မိဘတွေနဲ့ လမ်းခွဲခဲ့ပြီးဖြစ်၍ ဇနီးမောင်နှံအသစ်က သူ့အားမူ၏ထိန်းချုပ်မှုအောက်မှာမရှိပေ။ ရွာထဲက သူတို့ဘဝမှာလည်း သက်တောင့်သက်သာရှိလှသည်။
သို့သော် အချိန်ပြောင်းလဲသွားပြီဖြစ်၏။ တချို့ရွာသားတွေက အားကျနေသော်လည်း လူအများကတော့ မပြီးဆုံးသေးသော ပြဇာတ်ကိုစောင့်ကြည့်နေသည်။ စွင်းကောအာက ကျန်းလန်ဟွာထက် လုပ်ရည်ကိုင်ရည်ပိုရှိပုံရသည်။ ချမ်မိသားစုကို မဝင်ခင်မှာပင် သူက ချမ်သဲဖူကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။
အဝတ်အစားသစ်ဝတ်ထားသော ချမ်သဲဖူက ကံဆိုးခြင်းအားလုံးကို ဆေးကြောပစ်နိုင်ခဲ့သလို ပျော်ရွှင်နေသည်။ ကျန်းလန်ဟွာ၏ အရှက်မဲ့သည့်လုပ်ရပ်က ကွာရှင်းပြတ်ဆဲခြင်းသိို့ ဦးတည်ခဲ့ပြီး ချမ်သဲဖူကိုလည်း အရှက်ရစေခဲ့သည်။ ဖျင်ရှန်ရွာမှ ခေတ္တထွက်သွားခြင်းက သူ၏တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ခဲ့သည်။
သူ့စိတ်ထဲတွင် ထန်ချွန်းမင်နှင့်လီဖုန်းတို့ကို ဒေါသထွက်ခဲ့သော်လည်း ချမ်သဲဖူက သူတို့ကို အပြစ်တင်လို့မရပေ။
ကျန်းလန်ဟွာ၏အသွင်အပြင်က အစပိုင်းမှာ သူ့ကိုစိတ်ကျေနပ်စေခဲ့သော်လည်း ချမ်သဲဖူ၏ဇနီးအသစ်က ရုပ်ရည်လှသည့်အပြင် လက်ခံနိုင်လောက်သည့် စိတ်ထားလည်းရှိသည်။ သူက အင်မတန်နွေးထွေးပြီး စာနာတတ်သလို ကိုယ့်ကိုယ်ကိုလေးစားမှုလည်းရှိသည်။ ရုပ်ရည်၊ အကျင့်စရိုက်နှင့် ကလေးရှိခြင်း စသည်တို့၌ သူ့ဇနီးသစ်လေးက ထန်ချွန်းမင်ထက် သာလွန်သည်ကို ရွာထဲကတခြားသူများ မကြာခင်မြင်လာလိမ့်မည်။
ထို့အပြင် ကလေးရှိခြင်းက ချမ်သဲဖူကို ပို၍ပင် ပျော်ရွှင်စေ၏။ နှစ်ပေါင်းများစွာ ကလေးမရနိုင်ခဲ့သော ကျန်းလန်ဟွာနှင့်ယှဥ်လျှင် စွင်းကောအာက ဆုမွန်ကောင်းတစ်ခုလိုပင်။ အတိတ်မှာ ချမ်သဲဖူက ကလေးအဖေမဖြစ်နိုင်၍ လှောင်ပြောင်ခံခဲ့ရပေမယ့် ယခုမူ သူကံကောင်းမည့်အလှည့် ရောက်လာခဲ့ပြီဖြစ်၏။
“သတို့သမီးအသစ်ကိုသွားကြည့်မယ်!!” ရွာရှိကလေးများက လူကြီးတွေရဲ့ကိစ္စကို ဂရုမစိုက်ပဲ ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ရဖို့သာ စိတ်ဝင်စားသည်။ သူတို့က သတို့သမီးကိုကြည့်ရန် သတို့သမီးခန်းမကို ပြေးသွားကြသည်။ အရွယ်ရောက်ပြီးသား ကောင်လေးတွေကလည်း လူအုပ်ကြီးနဲ့လိုက်သွားခဲ့ပြီး ချမ်သဲဖူ၏နှလုံးသားကို အမြန်ရခဲ့သည့် ထိုလူကို တွေ့ချင်ကြသည်။
တာမောင်းနှင့်အာမောင်းက ချမ်မိသားစု၏ မင်္ဂလာဆောင်ကို ပါဝင်ဆင်နွှဲခဲ့ကြပေမယ့် ထန်ချွန်းမင်က အားလင်းကို အိမ်မှာနေခိုင်းကာ ဤအရာတွေမှာ ပါဝင်ဖို့ သူ့သားလေးက ငယ်သေးသည်ဟု ခံစားရသည်။ ထိုအစား ထန်ချွန်းမင်က သူ့ကို ညီလေးဖြစ်သူအား စောင့်ရှောက်ရမည့် ကြီးမားသောတာဝန်ပေးခဲ့သည်။
ကောင်လေးနှစ်ယောက် ပြန်ရောက်လာသောအခါ သူတို့က ချမ်မိသားစု၏အခြေအနေကို ကွက်ကွက်ကွင်းကွင်း ပြောပြခဲ့သည်။ သူတို့က ထိုကောကို အထင်သိပ်မကြီးပေမယ့် သူနဲ့အတူလိုက်ပါလာသော ချင်မိသားစု၏ကောင်လေးနဲ့ ပတ်သက်ပြီး အများကြီးပြောစရာရှိနေသည်။ ခြောက်နှစ်အရွယ်ကလေးထက် နှစ်နှစ်ကြီးသော တာမောင်းက တည်ငြိမ်ပေမယ့် တစ်နှစ်ကြီးသော အာမောင်းက မိတ်ဖွဲ့ပြီး နောင်မှာ အတူတူကစားလို့ရအောင် သွားကြည့်ချင်ခဲ့သည်။ သို့သော် သူက ချဥ်တူးသော အမူအရာဖြင့် ပြန်လာခဲ့ရသည်။ ထန်ချွန်းမင်က သူ့ကို သစ်သီးယိုတစ်ခွက် ဖျော်ပေးလိုက်မှသာ အာမောင်းက ပြုံးပြခဲ့သည်။
“မင်အားမော့.. အဲ့ဒီကောင်လေးက သားတို့ကို ဘာမှမကျွေးဘူး။” အာမောင်းက တိုင်ပြောလိုက်သည်။ “အဲ့ဒါတွေက သူတို့မိသားစုပိုင်တာမို့ ယူစားဖို့ကြိုးစားရင် ရိုက်ပစ်မယ်တဲ့။” အာမောင်းက အားလင်းအတွက် မုန့်ယူလာပေးမယ်လို့ ကတိပေးထားပေမယ့် ယခုတော့ လက်ဗလာနဲ့ပြန်လာခဲ့ရသည်။
ဓလေ့ထုံးတမ်းအရ သတို့သမီးအသစ်က မိသားစုတစ်ခုထဲ ဝင်လာသောအခါ ကလေးများကို နေကြာစေ့၊ သစ်သီးနှင့် အဆာပြေမုန့်ကလေးများ ကျွေးရသည်။ သို့ပေမယ့် သတို့သမီးအသစ်ကိုကြည့်ရန် အပြေးသွားခဲ့သော ထိုကလေးများက စိတ်ပျက်လက်ပျက်ပြန်လာခဲ့ရသည်။
“ဟုတ်ပါပြီကွာ… အပြင်ထွက်ပြီးသွားဆော့တော့။ မင်းတို့မင်အားမော့မှာ မုန့်တွေအများကြီးရှိတာပဲကို” သူက ကလေးတွေကို အပြင်မှာကစားဖို့ နှင်ထုတ်လိုက်သည်။
“ခင်ဗျားရောက်နေတာလား? ချမ်မိသားစုပွဲကို မတက်ဘူးလား?” ထန်ချွန်းမင်က အံ့အားသင့်စွာ မေးလိုက်သည်။ မိသားစုနှစ်ခုကြားရှိ ဆက်ဆံရေးကို ဂုဏ်ပြုပေးရန် ရှန်းဖူလန်က အထူးဖိတ်ကြားခံခဲ့ရသည်။ ထန်ချွန်းမင်နှင့် ကျန်းရှို့က ယနေ့မှာ ရှန်းဖူလန် တစ်နေကုန်အလုပ်ရှုပ်နေမယ်လို့ ထင်ခဲ့သည်။
“ငါပွဲမကြိုက်ဘူးလေ။ ငါ့ခင်ပွန်းလည်းရှိနေတော့ ခိုးထွက်လာတာ။” ရှန်းဖူလန်က ဘာသိဘာသာပြောလိုက်သည်။ အတင်းအဖျင်းအများကြီးကို ကြားခဲ့ရ၍ သတို့သမီးအသစ်နဲ့ ပတ်သက်ပြီး သူသိပ်သဘောမကျပေ။
“ခင်ဗျားတွေ့ခဲ့လား? သူကဘယ်လိုမျိုးလဲ? ပြောပါ.. အားလုံးပြောသလို အရမ်းချောတာလား?” ကျန်းရှိုက စိတ်လှုပ်ရှားစွာမေးလိုက်သည်။ ချမ်မိသားစုအပေါ်ထားရှိသည့် သူ၏ရှုပ်ထွေးသော ခံစားချက်ကြောင့်သာမဟုတ်ပါက သူကိုယ်တိုင်သွားကြည့်ခဲ့မှာဖြစ်သည်။
“လူတွေပြောသလောက်မလှပါဘူး။ မင်းမကြာခင်တွေ့မှာပါ။ သူက အသားအရေလှပြီး စကားချိုပေမယ့် ငါသဘောကျတဲ့ပုံတော့မဟုတ်ဘူး။” ရှန်းဖူလန်က သူ့လက်မောင်းသူဖက်ပြီး တုန်ယင်သလို လုပ်ပြလိုက်သည်။ “ဒါက ယောကျာ်းတွေကြိုက်တဲ့ပုံမျိုးပဲ။ ဒါပေမယ့် ငါက မင်းတို့နှစ်ယောက်နဲ့ နေရတာပဲ သက်တောင့်သက်သာရှိတယ်။”
ကျန်းရှို့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “သူ့ကိုကြည့်ပါဦး မင်ကောအာရယ်။.. စွင်းကောအာ ဘယ်လိုပုံစံလဲ ငါအခုသိသွားပြီ။ နောင်မှာ ဝေးဝေးနေနိုင်ရင် ပိုကောင်းတယ်။”
ထန်ချွန်းမင်ကလည်း ရှန်းဖူလန်၏ တုံ့ပြန်မှုကြောင့် ရယ်မောလိုက်သည်။ သူ၏ဖော်ပြချက်အရ ဤစွင်းကောအာက မိန်းမဆန်ပုံရသည်။ ဒါကြောင့် ရှန်းဖူလန်ကပင် အတုယောင်ဆန်တယ်လို့ ခံစားခဲ့ရတာဖြစ်မည်။
ထန်ချွန်းမင်က ထိုကောအာနှင့် မကြာခင် တွေ့ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ အဝတ်လျှော်ဖို့ မြစ်ဆိပ်မှာ လူစုလေ့ရှိသော တခြားကောများနှင့်မတူစွာ ထန်ချွန်းမင်က အိမ်ကတွင်းရေကိုသာ သုံးလေ့ရှိသည်။ သားဖြစ်သူကို ပြုစုစောင့်ရှောက်ခြင်း သို့မဟုတ် အနောက်တောင်ပေါ်ကိုသွားခြင်းမှလွဲ၍ သူက အနီးနားရှိ မိသားစုများနှင့်သာ ပြောဆိုဆက်ဆံလေ့ရှိသည်။
ထိုနေ့တွင် နေ့လည်စာချက်ပြုတ်ပြီးနောက် ထန်ချွန်းမင်က လီဖုန်းပြန်မလာသေးတာကို သတိထားမိလိုက်သည်။ အနောက်တောင်မှာ အလုပ်နောက်ကျနေတယ်လို့ယူဆပြီး ထန်ချွန်းမင်က စားစရာတွေကို ခြင်းတောင်းထဲထည့်ကာ သူ့ဆီယူသွားပေးဖို့ ဆုံးဖြတ်လိုက်သည်။ အားစန်းလေးက သိုးနို့သောက်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။ အားလင်းက သူ့အဘိုးဖြစ်သူနဲ့ နေ့လည်စာစားရန် အိပ်မှာနေခဲ့သည်။ ထန်ချွန်းမင်က ခြင်းတောင်းကိုယူကာ ထွက်သွားခဲ့သည်။
တောင်ပေါ်တက်ဖို့ ရွာကိုဖြတ်စရာမလိုပေ။ ထိုအစား သူတို့ခြံအပြင်ဘက်မှ ထောင့်တစ်ခုကို ကွေ့ချိုးလိုက်ဖို့သာလိုသည်။ လမ်းတစ်လျှောက်မှာ အနီးနားရှိလယ်ကွင်းများ၌ အလုပ်လုပ်နေသော လူတွေကို ရံဖန်ရံခါ တွေ့ခဲ့ရပေမယ့် မွန်းတည့်နေပြီဖြစ်၍ လယ်ကွင်းထဲမှာ လူသူကင်းမဲ့နေ၏။ ထန်ချွန်းမင်က လက်ထဲမှာ ခြင်းတောင်းကိုကိုင်ထားပြီး လမ်းလျှောက်လာခဲ့သည်။ စားစရာတွေကိုတော့ ပူနွေးနေအောင် သူ၏နေရာလွတ်သိုလှောင်ရုံထဲ ရွှေ့ထားခဲ့သည်။ သူကိုင်ထားသော ခြင်းတောင်းတွင် အပေါ်မှဖုံးအုပ်ထားသော အဝတ်စတစ်ခုရှိသဖြင့် အောက်မှာဘာရှိလဲ မည်သူမျှမမြင်နိုင်ချေ။
သို့သော် လမ်းမှာ လူတစ်ယောက်က ရုတ်တရက်ပေါ်လာ၍ ထန်ချွန်းမင်ကိုလန့်သွားစေသည်။ သူဘာမှမပြောနိုင်ခင် ထိုလူက အရင်ပြောလာသည်။ “မင်းက အဲ့ဒီအိမ်က မင်ကောအာမလား? လတ်တလော လူတွေ မင်းအကြောင်းပြောနေတာကို ခဏခဏကြားခဲ့ရတယ်။ ငါ လာလည်မလို့စီစဥ်ထားပေမယ့် မင်းကိုဒီမှာတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။”
ထိုလူသည် ရိုးရှင်းသော ချည်သားဝတ်စုံနှင့် ပန်းပွင့်ဒီဇိုင်း စကတ်ကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူ့တွင် သေးသွယ်လှပသော အသွင်အပြင်နှင့် ဖြူဖွေးနူးညံ့သော မျက်နှာရှိသည်။ သူက သာမန်ကျေးလက်သားကောများနှင့် မတူဘူးဆိုတာ အမှန်ပင်ဖြစ်၏။ ရှန်းဖူလန်၏ဖော်ပြချက်နှင့် အလွန်ဆင်တူသည်။ ဤသည်မှာ ချမ်သဲဖူ၏ အိမ်ထောင်ဖက်အသစ်ဖြစ်သည်။ အထူးသဖြင့် သူစကားပြောပြီးနောက်မှာ သူ၏နူးညံ့သိမ်မွေ့သောအသံက ထန်ချွန်းမင်အား မသိမသာ တုန်ယင်သွားစေသည်။ ၎င်းက စိတ်မသက်မသာဖြစ်ကာ ရှုပ်ထွေးစေသည်။ ဒီလူကို ကြည့်ရတာ တစ်ခုခုလွဲနေသလိုပင်။
တခြားသူများ၏ပြောစကားကြောင့် သူ့ရင်ထဲမှာ ကြိုတင်မှန်းဆထားသည့် အမြင်တစ်ခုရှိနေ၍ ချမ်မိသားစုနဲ့ မပတ်သက်လိုသော်လည်း ထန်ချွန်းမင်က တစ်ဖက်လူကို ယဥ်ယဥ်ကျေးကျေးဆက်ဆံဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့ကိုယ်သူ ရင့်ကျက်သော ယောကျာ်းတစ်ယောက်ဟု တွေးထားသဖြင့် ထိုကဲ့သို့မိန်းမဆန်သည့် အမျိုးအစားနဲ့ ဆက်ဆံဖို့ရန် ပုံကြီးမချဲ့ချင်ပေ။ သို့ဖြစ်၍ သူက ခေါင်းညိတ်ကာပြောလိုက်သည်။ “ငါက ဟိုနားကအိမ်က ထန်ချွန်းမင်ပါ။” အစောပိုင်းကတစ်ဖက်လူ ညွှန်ပြသည့် သူ့အိမ်လမ်းကြောင်းကို လက်ညိုးထိုးပြလိုက်သည်။ “မင်းက ချမ်မိသားစုက စွင်းကောအာဖြစ်မယ်။ ငါက တောင်ပေါ်က လူတစ်ယောက်အတွက် စားစရာသွားပို့ဖို့လေ။ ဒီတော့ ငါသွားလိုက်ပါဦးမယ်။” ထိုစကားပြောပြီးနောက် ထန်ချွန်းမင်က ထွက်သွားဖို့ပြင်လိုက်သည်။ ကျန်းရှို့ပြောသလိုပင် သူနဲ့ကိုယ်က တူညီတဲ့လူမဟုတ်လို့ မလိုအပ်တာတွေ စကားစမြည်ပြောစရာမလိုပေ။
သို့ပေမယ့် တစ်ဖက်လူက အရိပ်အမြွက်ကို သဘောမပေါက်ပုံရသည်။ စွင်းကောအာက သူနဲ့အတူလိုက်လာပြီး တိုးလျသိမ်မွေ့သော လေသံဖြင့် ပြောလာသည်။ “မင်ကောအာက ကြည့်ကောင်းတယ်လို့ အားလုံးကပြောကြတယ်။ ဒါပေမယ့် ငါအခုတွေ့တော့မှပဲ သူတို့ပြောတာမလုံလောက်ဘူးလို့ ငါခံစားရတယ်။ တစ်ချက်ကြည့်ရုံနဲ့ မင်းက မြို့သားကောအာလေးလို့ ထင်ရတယ်။ ပြီးတော့ မင်းအိမ်ရဲ့ပုံစံကလည်း မြို့ထဲမှာပဲတွေ့နိုင်တာ။ မင်းရဲ့လူကလည်း အရမ်းတော်တယ်လို့ ငါကြားခဲ့တယ်။ မင်းက တကယ်ကိုကံကောင်းတာပဲ။”
သူ၏နှေးကွေးသော စကားလုံးများနှင့် ညင်သာသောခြေလှမ်းများက ထန်ချွန်းမင်၏စိတ်ရှည်သည်းခံမှုကို စမ်းသပ်နေသည်။ ထန်ချွန်းမင်က လမ်းလျှောက်တာရပ်ပြီး သူ့ဘက်လှည့်ကာ မေးလိုက်သည်။ “စွင်းကောအာက တောင်ပေါ်သွားမှာလား?”
ယင်းက သူ့မိသားစုပိုင်နယ်မြေဖြစ်သည်။ နယ်နိမိတ်မျဥ်းဆွဲပြီးကတည်းက ရွာသားတွေလာတာရှား၏။ ပုဂ္ဂလိကပိုင်နယ်မြေက ပိုင်ရှင်မဲ့လွင်တီးခေါင်မြေနဲ့ မတူဘူးဆိုတာ အားလုံးသိကြသည်။
ဤစကားများက ရှင်းလင်းထင်ရှားပြီး တည့်တိုးဆန်တာကြောင့် ထိုကောက သူ့လက်ကိုင်ပုဝါကိုဆုပ်ကိုင်ပြီး သတိရှိသော အမူအရာဖြင့် ရှက်ကိုးရှက်ကန်း ပြောလာသည်။ “ငါ မင်ကောအာနဲ့ စကားပြောချင်ရုံပါ။ တကယ်တော့ ငါတို့နှစ်ယောက်က တခြားရွာကလာပြီး ဒီနေရာမှာ အိမ်ထောင်ကျခဲ့တဲ့ ကောတွေဆိုတော့….”
“ဟင့်အင်း..” ထန်ချွန်းမင်က လက်ဝှေ့ယမ်းပြပြီး “အခုစကားပြောရမယ့် အချိန်မဟုတ်လို့ပါ။ အပူချိန်မြင့်မနေဘူး။ ပြီးတော့ စားစရာကလည်း စောင့်လို့မရဘူး။ ငါ အမြန်သွားရမှာမို့ မင်းကိုမစောင့်တော့ဘူးနော်။” ထိုသို့ပြောပြီးနောက် ကောလေး၏အမူအရာကိုမကြည့်ပဲ သူလှည့်ထွက်လာခဲ့သည်။
ထန်ချွန်းမင်က ထိုကော၏အမူအကျင့်နှင့်မတူစွာ ကြမ်းကြမ်းတမ်းတမ်း မြန်မြန်ဆန်ဆန် လျှောက်သွားခဲ့သည်။ သူ့စကားများက အလွန်တည့်တိုးဆန်နေ၍ အနောက်က ကောအာလေးက အရေထူနေလျှင်ပင် ဆက်လိုက်လို့မရတော့ပေ။ လက်ထဲက လက်ကိုင်ပုဝါကိုညှစ်လိုက်ရင်း ထိုကော၏မျက်နှာမှာ အကျည်းတန်သော အမူအရာ ထွက်ပေါ်လာခဲ့သည်။ ဖျင်ရှန်ရွာမှာ လက်ထပ်ပြီးကတည်းက သူက ဘယ်လိုကျင့်ကြံနေထိုင်ရမလဲ တွက်ချက်ခဲ့သည်။ သူ့နောက်ကွယ်မှာ လူတွေဘာပြောပြော ဘယ်သူကမှ သူ့ကို ယခုလိုမျိုး အရှက်ရအောင် မလုပ်ခဲ့ဖူးပေ။
ဖျင်ရှန်ရွာမှာ အိမ်ထောင်မပြုမီက မည်သည့်မိသားစုက ချမ်းသာပြီး အာဏာရှိသည်ကို သူစုံစမ်းမေးမြန်းခဲ့သည်။ သူအများဆုံးကြားခဲ့ရသည့် ဤမိသားစုမှာ သူ့လိုပင် ခင်ပွန်းဖြစ်သူဆုံးပါးသွား၍ ကလေးတစ်ယောက်အဖေ မုဆိုးဖိုရှိနေခဲ့သည်။ တကယ်တော့ သူ ချမ်မိသားစုမှာ လက်ထပ်နိုင်ခဲ့တာ ထိုကောကြောင့်ဖြစ်သည်။ သူ အသေးစိတ်မသိပေမယ့် ယခင်ကောနှင့် ကွာရှင်းပြတ်စဲမှုက ထိုအိမ်ထောင်စုနဲ့ ပတ်သက်နေ၏။ ထို့အပြင် ထန်ချွန်းမင်နှင့်ပတ်သက်၍ အတင်းအဖျင်းများစွာရှိခဲ့သည်။ သူက သူ၏ဝတ်ပြုဆုတောင်းကာလမှာ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့ရုံတင်မကပဲ သူ့ကိုလက်ထပ်ဖို့ ကမ်းလှမ်းခဲ့သည့် လူများစွာလည်းရှိခဲ့သည်။ စွင်းကောအာ၏အမြင်အရ သူတို့နှစ်ယောက်က အများကြီးတူသည်။ သူ့အစွမ်းအစဖြင့်ဆိုလျှင် ထန်ချွန်းမင်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ဖို့က လွယ်ကူသည်။ သို့ပေမယ့် စကားနည်းနည်းလောက် မပြောနိုင်ခင်မှာပဲ ဤကဲ့သို့ အရှက်ခွဲခံရမယ်လို့ မထင်ထားခဲ့ပေ။
ထိုကဲ့သို့ ဆွဲဆောင်မှုရှိသည့်မျက်နှာရှိသော်ငြား အလွန်ရိုင်းစိုင်းသည်။ စွင်းကောအာက သူ့ကိုအထင်သေးသွားခဲ့သည်။ ထိုလူက သူ့မျက်နှာကို သဘောကျတာဖြစ်လောက်ပေမယ့် ရုပ်လှခြင်းက ယောကျာ်းတစ်ယောက်ကို တစ်သက်လုံးချုပ်ကိုင်မထားနိုင်ပေ။ မဟုတ်ရင် ချမ်သဲဖူက ဇနီးဟောင်းကို ကွာရှင်းခဲ့ပါ့မလား? ယောကျာ်းတစ်ယောက်၏ နှလုံးသားက ခြေဦးတည့်ရာ လေလွင့်နေမှာပင်။ ငွေပြားတစ်ရာကို ပေါ့ပေါ့တန်တန် ထုတ်ပေးခဲ့သော မည်သူကမျှ သူ့လိုလူကို သစ္စာရှိမှာမဟုတ်ပေ။ ယောကျာ်းတွေအပေါ် နားလည်နိုင်စွမ်းနဲ့ ပတ်သက်လာလျှင် စွင်းကောအာက တခြားသူတွေထက် ပိုသိ၍ သူ့ကိုယ်သူဂုဏ်ယူသည်။
သို့သော် သူက ခါးသီးမှုတစ်ခုကို ခံစားလိုက်ရသည်။ အယုံကြည်ရဆုံးအရာမှာ လက်ထဲပိုက်ဆံရှိနေခြင်းဖြစ်သည်ဟု သူ့အတိတ်မှာဖြစ်ဖူးခဲ့သည့် အတွေ့အကြုံများက သူ့ကိုသင်ပေးခဲ့သည်။ ယောကျာ်းတွေက ဘယ်လောက်ပဲအပြောချိုနေပါစေ ယုံကြည်လို့မရပေ။ အရင်တုန်းက သူနောက်အိမ်ထောင်ပြုနိုင်ခဲ့ပေမယ့် သူက ရုပ်ဆိုးသူတွေကို မကြိုက်ခဲ့ပေ။ အဆုံးမှာ သူသည် ရုပ်သိပ်မဆိုးသည့်အပြင် ငွေရှိပြီး ချုပ်ကိုင်ရလွယ်ကူသည့် ချမ်သဲဖူလိိုလူမျိုးနဲ့ လက်ထပ်နိုင်ခဲ့သည်။
သူဟာ သူ့ကိုယ်သူ ထန်ချွန်းမင်နှင့် မနှိုင်းယှဥ်မိမချင်း အတော်လေး စိတ်ကျေနပ်ခဲ့သည်။ ထန်ချွန်းမင်၏လူက တောင်တစ်လုံးဝယ်ပေးခဲ့စဥ် ချမ်သဲဖူက သူ့ကို တင်တောင်းငွေဆယ့်ငါးပြားသာ ပေးခဲ့သည်။ စွင်းကောအာ နှုတ်ခမ်းကိုက်လိုက်မိသည်။ လူတွေကြားထဲမှာ ဘာလို့အဲ့လောက်ကွာခြားနေရတာလဲ? သူက သူ့ကိုယ်သူ မင်ကောအာထက် နိမ့်ကျတယ်လို့မထင်ပေ။ ထိုယောကျာ်းမျိုးနှင့် မဆုံနိုင်သည်အထိ ကံမကောင်းခြင်းသာဖြစ်သည်။ မဟုတ်ရင် အခုနေ ဘယ်သူက ပိုအားကျစရာကောင်းလဲ ပြောဖို့ခက်နေမှာမလား?