Chapter 51.1
“ဝေစုခွဲခြင်း”
အစောဆုံးအသုတ်တွင် ကြက်မတစ်ဝက်နှင့် ကြက်ဖတစ်ဝက်ရှိသည်။ ကြက်ဖအနည်းငယ်ကိုခွဲထုတ်ထားပြီး ကျန်တာက မသဲကွဲသောအမျိုးစားဖြစ်၏။ ယခု တစ်ကောင်လျှင် လေးပေါင်ခန့်အလေးချိန်ရှိသည်။ နေ့လည်စာစားပြီးနောက် ထန်ချွန်းမင်နှင့် လီဖုန်းက ထန့်ယွီနှင့် ဆိုင်ရှင်ချီကို အနောက်တောင်ရှိ ကြက်ခြံသို့ခေါ်သွားခဲ့သည်။ အပြင်ဘက်လယ်ကွင်များတွင် အစာရှာနေသော ကြက်များက စွမ်းအင်ပြည့်ဝနေပြီး တောက်ပသောအမွေးများရှိသည်။ သူတို့က အင်မတန်ကျန်းမာပုံပေါ်သည်။
နောက်ပိုင်းမှာဖမ်းမိခဲ့သော ကြက်အသုတ်ကို ဤနေရာသို့ပြောင်းရွှေ့ခဲ့သည်။ သူတို့ထဲကအများစုမှာ ဦးလေးထျဲဆီသွားပြီး ကျန်အနည်းငယ်ကို ဤနေရာမှာထိန်းသိမ်းထားသည်။
ယခုမူ ခြံထဲမှာ ကြက်ပေါက်အသစ်တစ်သုတ်ရှိနေ၏။ ဤအကောင်ပေါက်လေးများကိုရှာရန် အများကြီးကြိုးစားခဲ့ရသည်။ တချို့ကို ကြက်ရောင်းသည့်မိသားစုထံမှဝယ်ပြီး တချို့ကတော့ ရွာထဲရှိ ကြက်ဖမွေးသော မိသားစုမှ အကောင်ပေါက်လေးများဖြစ်သည်။ သူတို့က ဥပေါက်နိုင်သည့် ကြက်အကောင်ပေါင်းများစွာ စုဆောင်းနိုင်ခဲ့သည်။ သူတို့ဆီမှ ကြက်ပေါက်များ အဆက်မပြတ်ထွက်လာမည်ဖြစ်သည်။
ထန်ချွန်းမင်က ယခုနှစ်တွင် ကုန်ရောင်းချဖို့ အသင့်ရှိနေစေရန် ကြက်ပေါက်အရေအတွက်ကို ဆက်လက်တိုးမြှင့်ခဲ့သည်။ သို့ဖြစ်၍ သူတို့က တခြားလယ်ကြက်များထက် ကြီးထွားတာပိုမြန်သည်။ ယခုမူ သူ ၎င်းတို့ကို အစာကောင်းကောင်းကျွေးနေ၍ ကြီးထွားနှုန်းပိုမြန်သည်။ တခြားသူတွေက ၎င်းကိုနားမလည်ပေမယ့် ကြက်ရောင်းချလို့ရသည်နှင့် သူတို့စောဒကတက်နိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် ကြက်မွေးသည့်လယ်သမားများက ယုံကြည်ရတာကြောင့် သူတို့က အတင်းအဖျင်းပြောမှာမဟုတ်ပေ။
ထန်ချွန်းရုံကလည်း လိုက်သွားကာ သူ့အစ်ကို၏ အိမ်နောက်ဘက်က တောင်ကြီးမှာ ပိုမိုသက်ဝင်လှုပ်ရှားလာသည်ကိုမြင်လျှင် သူပျော်သွားတော့သည်။
“နေ့စဥ် ဥပြတ်လတ်မှာမဟုတ်လို့ ငါအဲ့ဒါတွေကိုယူသွားလိုက်မယ်။” ထန့်ယွီက ဆိုင်ရှင်ချီ၏အမြင်ကိုမေးပြီး ချက်ချင်းဆုံးဖြတ်ခဲ့သည်။
“ခင်ဗျားစျေးပေးသရွေ့ ကိစ္စမရှိပါဘူး။” ထန်ချွန်းမင်က လက်ဝေ့ယမ်းပြပြီး စကားပြောရလွယ်ပုံပေါ်ပေမယ့် သူပြောသမျှက ငွေအကြောင်းဖြစ်၍ ထန့်ယွီနှင့် ဆိုင်ရှင်ချီ၏ နှုတ်ခမ်းများတွန့်ကွေးသွားလေသည်။
သူတို့ နေ့လည်တုန်းက အရိုးရှင်းဆုံးမွေးထားသည့် ကြက်ဥကိုလည်းစားဖူး၍ ယခု ၎င်းကို နားမလည်ပဲနေမည်လား..ထန်ချွန်းမင်က သူတို့ကို ဤနေရာမှာစောင့်နေခဲ့တာပင်။
“ကောင်းပြီ. အပြင်မှာ ကြက်ဥတစ်လုံးက တစ်ဆင့်.. ငါ မင်းကို နှစ်ဆင့်ပေးရင်ရော?” ထန့်ယွီက ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။
“ဟားဟား… ရပါတယ်။ သူဌေးထန့်က ရိုးသားတဲ့လူပဲ။ ပစ္စည်းလာယူဖို့ ဆိုင်ရှင်ချီကို လူလွှတ်ခိုင်းလိုက်မယ်။” ထန်ချွန်းမင်က ရယ်မောလိုက်ပြီး ခဏကြာတော့ သူက ထန့်ယွီ၏လက်မောင်းကို နှစ်ကြိမ်ပုတ်လိုက်လေသည်။ ထန့်ယွီက အရပ်မပုတာကြောင့် သူ့ပခုံးကိုပုတ်ဖို့ အဆင်မပြေပေ။
ထန့်ယွီ၏ခန္ဓာကိုယ်က တခဏမျှတောင့်တင်းသွားပြီး လီဖုန်းက ပို၍လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ထန်ချွန်းမင် တတိယအကြိမ် ပုတ်ခါနီးတွင် သူက သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။ စိတ်လှုပ်ရှားမှုရပ်တန့်သွားသော ထန်ချွန်းမင်က လီဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး သူ၏နက်မှောင်သောမျက်နှာကို မြင်သောအခါ သူ့ကိုယ်သူ သုံးသပ်မိသွားသည်။ သူ လွန်လွန်ကဲကဲ ဘာမှမလုပ်ခဲ့ဘူးမလား……
ထန်ချွန်းမင်၏ သတိမထားမိလိုက်သော ပုံံစံကိုကြည့်ကာ ထန့်ယွီက ရယ်လိုက်လေသည်။ သူ ထန်ဖူလန်ကို သာမန်ကောတစ်ယောက်လို မဆက်ဆံခဲ့သင့်ပေ။ သူကိုယ်တိုင်လည်း ဤကိစ္စကို သတိမထားမိသလိုပင်။ လီဖုန်းက အနာဂတ်မှာ သူ့အတွက် စိတ်ပူနေရတော့မည်။
“အစ်ကိုကြီး.. ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့…အားဖုန်းနဲ့ ကျွန်တော်က တခြားနေရာတွေကို သွားလိုက်ဦးမယ်။” ထန့်ယွီကိုတွေ့ပြီး စိတ်မသက်မသာဖြစ်နေသော ဦးလေးလျို၏သားဖြစ်သူအား ထန်ချွန်းမင်က သူတို့ကိုအဖော်မပြုပေးပဲ အလုပ်ဆက်လုပ်ဖို့ပြောလိုက်သည်။ သူ အခုမှ လှောင်အိမ်ထဲကထွက်လာတာမို့ ဘယ်လိုမြန်မြန်ပြန်နိုင်မှာလဲ? ထို့အပြင် တောင်ဝယ်ပြီးနောက် ကလေးမမွေးမီ တောင်ခြေနှင့် အနီးနားပတ်ဝန်းကျင်ကိုသာ လည်ပတ်ခဲ့ပြီး တောင်အမြင့်တစ်နေရာသို့ မရောက်ဖူးပေ။
လီဖုန်းက ထန်ချွန်းမင်၏လက်ကို လွှတ်မပေးပဲ နှစ်ယောက်သားက ထန့်ယွီနှင့် တခြားသူများဘေးတွင် လက်တွဲလျှောက်လာသည်။ ဆိုင်ရှင်ချီက သူတို့ကို ခိုးကြည့်နေသည်။ သူ့သခင်လေးက ဘယ်တော့လက်ထပ်မှာလဲ? ထန်ဖူလန်က မကြာခင်လက်ထပ်တော့မှာ။
ထန်ချွန်းရုံက ရှုပ်ထွေးသွားသည်။ သူ့အစ်ကိုပျော်နေတာကို ဝမ်းသာပေမယ့် တစ်ယောက်ယောက်က သူ့အစ်ကိုကိုလုယူသွားသလို ခံစားရသည်။ ထို့အပြင် လူငယ်တစ်ယောက်အနေဖြင့် သူ ဤမြင်ကွင်းကိုကြည့်ရတာ ရှက်သည်။ သူက ခေါင်းကို တခြားတစ်ဖက်သို့ တိတ်တဆိတ်လှည့်လိုက်ပြီး သူ့နားရွက်က နီရဲလာခဲ့သည်။
ကြက်လှောင်အိမ်နှစ်ခုကြားက ရေကန်မှာ အကျယ်အဝန်းတစ်ဧကဖြင့် တူးဖော်ပြီးစီးသွားခဲ့သည်။ ၎င်းက လီဖုန်းလုပ်ခဲ့တာပင်။ ထန်ချွန်းမင်၏ညွှန််ကြားချက်အရ ရေမထည့်မီ ပိုးသတ်ဆေးဖြန်းထားခဲ့သည်။ ရေဖြည့်သည့်နေ့မှာ ထန်ချွန်းမင်က လမ်းလျှောက်ထွက်ပြီး နေရာလွတ်စမ်းရေရောဖို့ အခွင့်အရေးယူခဲ့သည်။ လက်ရှိတွင် ငါးနှင့်ပုဇွန်ကို ရေကန်ထဲထည့်ထားပြီး ဘဲပေါက်လေးနှစ်ရာ ဖမ်းမိခဲ့သည်။
ငါးနှင့်ပုဇွန်အချို့ကို စျေးမှဝယ်ခဲ့တာဖြစ်ပြီး အချို့ကတော့ ရွာရှိကလေးများထံမှ ဝယ်ယူကာ တချို့ကိုတော့ ဆိုင်ရှင်ချီက ဝယ်ယူသွားခဲ့သည်ဟုဆိုသည်။ မိုးမခအကိုင်းအခက်များက ရေကန်ထိပ်တွင် စိုက်ထားသည်။ လောလောဆယ် လှနေပုံမပေါ်ပေမယ့် နောက်နှစ်မှာ ကွာခြားသွားလိမ့်မည်။
ရှေ့တွင် အသစ်ဆောက်ထားသော သိုးခြံအတန်းလိုက်ရှိပြီး သိုးအသစ်များ ရွှေ့ပြောင်းလာဖို့ စောင့်ဆိုင်းနေသည်။ ထန့်ယွီက ထန်ချွန်းမင်၏ မွေးမြူခြင်းဆိုင်ရာ စိတ်အားထက်သန်မှုကို နားမလည်ပေ။ သိိုးခြံကမသေးတော့ သိုးအရေအတွက်ကလည်း နည်းမှာမဟုတ်ပေ။ သူက တောင်ကုန်းပေါ်ကို လက်နောက်ပစ်ကာ လျှောက်သွားပြီး စိတ်ဝင်တစားမေးလိုက်သည်။ “ထန်ဖူလန်… သိုးမွေးရတဲ့ရည်ရွယ်ချက်ကဘာလဲ?”
“သိုးလား? သိုးသားပဲရောင်းတဲ့ စားသောက်ဆိုင်ဖွင့်ရင်ရော?” ထန်ချွန်းမင်က စကားပြောနေရင်း သွားရည်ကျလာတော့မလို ခံစားလိုက်ရသည်။ လီဖုန်းက မင်ကောအာ၏အမူအရာကိုကြည့်ပြီး ပြုံးလိုက်ကာ သူ့လက်ကို ညှစ်လိုက်လေသည်။
“သိုးစားသောက်ဆိုင်?” အဲ့ဒါဘာလဲ? သိုးသားရောင်းမှာလား?” ဆိုင်ရှင်ချီက မေးလိုက်သည်။ သိုးသားက အနံ့ပြင်းတာကြောင့် လူအများစုက မစားကြပေ။
“ဟုတ်တယ်…ဝေါင်း! ဘယ်လောက်အရသာရှိလိုက်မလဲ.. စောင့်ကြည့်တာပေါ့။ အေးလာရင် ကျွန်တော် သိုးတစ်ကောင်သတ်ဖို့ပြောလိုက်မယ်။ ပြီးရင် ခင်ဗျားတို့လာမြည်းလှည့်… စားပြီးရင် မပြန်ချင်တော့ဘူးဖြစ်သွားမှာ အာမခံတယ်။” ထန်ချွန်းမင်က အရသာကို အာရုံခံလိုက်သည်။
“ဟားဟား…လောင်ချီနဲ့ ငါစောင့်မျှော်နေမယ်။” ထန့်ယွီက အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။
ဆိုင်ရှင်ချီ၏နှုတ်ခမ်းတွန့်ကွေးသွားသည်။ ထန်ချွန်းမင်က သူ့ဗိုက်သူဖြည့်ဖို့ ငွေရှာနည်းများစွာကို တီထွင်ခဲ့တယ်လို့ သူခံစားလိုက်ရသည်။
သိုးခြံအပြင်မှာ အလုပ်ရှုပ်နေသော အမျိုးသားတွေရှိသည်။ ထန့်ယွီက သူတို့ဘာလုပ်နေလဲ စပ်စုနေသည်။ လီဖုန်းက သူတို့ကိုကြီးကြပ်နေခဲ့တာကြောင့် အားလုံးကို အတွင်းကျကျသိသည်။ သူကဖြေလိုက်သည်။ “ကြက်လှောင်အိမ်အပြင်ဘက် ခြံစည်းရိုးပေါ်ကအတိုင်း ကိုးချီဘယ်ရီသီးစိုက်ထားတာ။”
“ကိုးချီဘယ်ရီသီး? ထန်ဖူလန်က ဆေးဖက်ဝင်အပင်တစ်ချို့ စိုက်ချင်တာလား?” ထန့်ယွီက ထန်ချွန်းမင်၏အတွေးကိုမသိပေ။ လီဖုန်းပြောလို့ပြီးတော့ သူသည်လည်း ကြက်လှောင်အိမ်အပြင်ဘက်မှာ မြင်ခဲ့ရသော ချုံပုတ်ကျဲကျဲကြီးများကို စဥ်းစားမိလိုက်သည်။
ထန်ချွန်းမင်က လက်ခါယမ်းကာပြောလိုက်သည်။ “အဲ့ဒါက နေရာအပြည့်အဝအသုံးချရုံပါ။ ဆေးဖက်ဝင်အပင်တွေစိုက်ပျိုးဖို့ မရည်ရွယ်ထားဘူး။ ဒါပေမယ့် ကိုးချီဘယ်ရီကကောင်းတယ်။ သူ့ကိုဆေးအဖြစ်သုံးစရာမလိုဘူး။”
“လက်ဖက်ရည်ဖျော်လို့ရတယ်။ စွပ်ပြုတ်လုပ်လို့ရတယ်။ ကိုးချီဘယ်ရီသီးက ဟင်းချက်ရင်လည်း သုံးလို့ရတယ်။ ဒီကိုးချီဘယ်ရီတွေက တောင်ပေါ်မှာတွေ့ခဲ့တာ။ သူတို့က ကြီးထွားတာမြန်တယ်။ သူတို့ကိုစိုက်ပျိုးဖို့ နည်းနည်းလေးပဲ အားထုတ်ဖို့လိုတယ်။”
“တခြားရောရှိသေးလား?” ထန့်ယွီက ထပ်ရှိသေးတယ်ထင်၍ မေးလိုက်လေ၏။
ထန်ချွန်းမင်က ရှင်းပြလိုက်သည်။ “ဒါပေါ့…ရှိသေးတယ်။ ရက်စ်ဘယ်ရီသီးတွေလည်းရှိသေးတယ်။ ကျွန်တော် တချို့ကိုအစားထိုးစိုက်ပျိုးဖို့ ပြင်ထားပြီး ကလေးတွေကို အစာအဖြစ်ကျွေးမယ်။ ကျန်တာကိုတော့ ကြက်ပေါက်နဲ့ဘဲပေါက်လေးတွေ စားလို့ရတယ်။” သူ့အမြင်မှာ အတိုင်းအတာတစ်ခုရဖို့ နောက်ထပ်နှစ်နှစ် သုံးနှစ် အချိန်ယူရမှာဖြစ်ပြီး ထိုအချိန််ရောက်လျှင် ကြက်သားက အရသာပိုကောင်းလာလိမ့်မည်။
ထန့်ယွီက ဆိုင်ရှင်ချီကိုကြည့်လိုက်သည်။ သူက ဤအရာများကို သိပ်မသိသလို ဆိုင်ရှင်ချီကလည်း ခေါင်းခါပြလိုက်သည်။ သခင်လေးမပြောနှင့်၊ သူသည်လည်း ဤအရာမျိုးမမြင်ဖူးပေ။ သို့သော် သူက စောင့်မျှော်နေသည်။ ကြက်တွေ ကောင်းကောင်းမွေးမြူနိုင်လျှင် သခင်လေး၏လယ်ကွင်းကလည်း အတုယူနိုင်လိမ့်မည်။ သူတို့က ထန်ချွန်းမင်၏လက်ရာကို မယှဥ်နိုင်သော်လည်း မူလမွေးမြူနည်းထက်တော့ သာသည်။
ထန်ချွန်းရုံကလည်း မျှော်လင့်နေသည်။ သူက သူ့သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်မှာ အသီးသွားခူးဖူးသည်။ သူကျောင်းတက်ပြီးသည့်နောက်ပိုင်း အခွင့်အရေးနည်းပါးလာခဲ့သည်။ သူက အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သော်လည်း ရံဖန်ရံခါမြည်းစမ်းကြည့်လို့ရပါသည်။ ဟုတ်တယ်…ဒါပါပဲ ..
တချို့လူတွေက ရှေ့တွင် ပေါင်းပင်များနှင့် အသုံးမဝင်သော သစ်ပင်များကို ခုတ်ထစ်ရှင်းလင်းနေပြီး တချို့အပင်များကိုတော့ ချန်ထားခဲ့သည်။ လီဖုန်းနှင့် ထန်ချွန်းမင် ရောက်လာတာကိုတွေ့တော့ အလုပ်သမားများက စိတ်အားထက်သန်စွာ နှုတ်ဆက်လာသည်။
ယခုရက်ပိုင်းတွင် ဆိုင်ရှင်ချီက ခဏခဏလာတတ်၍ သူက မြို့ပေါ်ရှိ ကျင်းကျိစားသောက်ဆိုင်၏ ဆိုင်ရှင်ဆိုတာ လူတိုင်းသိသည်။ သူ့ဘေးနားရှိ တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်လေးက အဆင့်အတန်းမြင့်ပုံရသည်။ ထို့ကြောင့် သူတို့ထွက်သွားလျှင် သူ့အကြောင်းမလွဲမသွေပြောကြတော့မှာဖြစ်၏။
“အစ်ကိုဖုန်းက ဒီတောရိုင်းသစ်ပင်တွေကို ဘာလုပ်ချင်တယ်လို့ထင်လဲ? ဒီသစ်ပင်တွေပေါ်က သစ်သီးက အရမ်းချဥ်စူးနေတာ ကလေးတွေလည်း ကိုက်နိုင်မှာမဟုတ်ဘူး။”
“ဟုတ်တယ်..ဒီရက်တွေမှာ အလုပ်လုပ်ပေးဖို့ ငါတို့ကိုငှားထားတဲ့ပိုက်ဆံတွေက နှမြောဖို့ကောင်းတယ်။” လူတစ်ဦးက တောရိုင်းသစ်ပင်အောက်ရှိ ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းနေပြီး ဘေးမှာပေါက်နေသော အကိုင်းအခတ်များကို ခုတ်ထွင်ရင်း လမ်းလျှောက်ထွက်သွားသော အဝေးမှပုံရိပ်များကို ကြည့်နေသည်။
“အလုပ်လုပ်ကြတော့။ ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာမှာ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းရှိတယ်။ သူတို့မှာ ငွေဘယ်လောက်ရှိရှိ ရေထဲပစ်ချမှာတော့မဟုတ်ဘူး။ တောင်ခြေက ကြက်တွေကလည်း အဆင်ပြေနေတယ်။ အရင်က ဘယ်သူကများ ကြက်ရာကျော်မွေးဖူးလို့လဲ? အနာဂတ်မှာ ဒီထက်ပိုရှိလာမယ်ထင်တယ်။”
“မင်ကောအာက ကြက်မွေးမြူတာ ကျွမ်းကျင်တယ်။ နွေဦးပေါက်ကမွေးထားတဲ့ ကြက်တွေက တခြားမိသားစုမှာ တစ်ဝက်ပဲကြီးထွားသေးပေမယ့် မင်ကောအာရဲ့ကြက်တွေက ဥတောင်ဥနေပြီ။”
“ငါတို့ ကြက်အများကြီးမွေးရင်တော့ ကြက်တွေဖျားသွားမှာပဲ။”
“ဒါက တခြားမိသားစုကိစ္စပါ။ မင်ကောအာက ကြက်အများကြီးမွေးဖို့ မစဥ်းစားထားပေမယ့် အောက်က ကြက်တွေကိုကြည့်ပြီး ငါတို့အိမ်မှာမွေးတဲ့ကြက်တွေနဲ့ ယှဥ်ကြည့်လိုက်။”
“မင်ကောအာက ပညာတတ််မို့ ဗဟုသုတလည်းအများကြီးရှိတယ်။ အစ်ကိုလီဖုန်းလည်း အတူတူပဲ။ သူက ကမ္ဘာကြီးကိုမြင်ဖူးတယ်။ တခြားမိသားစုတွေက သူတို့ကောလေးတွေကို ဒီလိုလုပ်ခွင့်ပြုမှာမဟုတ်ဘူး။”
“ဒါနဲ့.. မင်းတစ်ခုခုကြားခဲ့သေးလား? ငါတို့ရွာမှာ နောက်နှစ်ဆိုရင် ကျောင်းဖွင့်တော့မယ်တဲ့။ ငါဒီနှစ် အစ်ကိုဖုန်းဆီမှာ ငွေရှာနိုင်တော့ နောက်နှစ်မှာ ငါ့ကလေးတွေကို ကျောင်းပို့လို့ရပြီ။”
“တကယ်လား?” လူတစ်ယောက်က အံ့အားသင့်သောပုံစံဖြင့် မယုံကြည်နိုင်စွာမေးလိုက်သည်။
“တကယ်ဆိုရင် ကောင်းမှာပဲ။ တခြားရွာမှာ ကျောင်းလခက များလွန်းတယ်။ ငါတို့ရွာမှာ သက်သာရင် ငါတို့ကလေးတွေ တစ်နှစ်၊နှစ်နှစ်လောက် စာသင်နိုင်လိမ့်မယ်။ သူတို့ အများကြီးသင်ယူစရာမလိုပါဘူး။ ငါတို့လိုပညာမဲ့ငကန်းတွေ မဖြစ်ဖို့ပဲလိုတာ။”
&&
“ဟား…ဟား..”
ထန်ချွန်းမင်နှင့် သူ့အဖွဲ့က လမ်းတစ်ဝက်မရောက်ခင် ပြန်လှည့်လာသည်။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက ပိုခက်ခဲလာပြီး မရှင်းလင်းလို့ဖြစ်သည်။ သို့သော် ထိုနေရာတွင် သစ်အယ်ပင်များရှိသည်ဟု လီဖုန်းကပြောလာသောအခါ ထန်ချွန်းမင်က ဝမ်းသာသွားခဲ့သည်။
သကြားနှင့်တို့စားရန် သစ်အယ်သီးများကောက်ယူဖို့ သူ ဤနေရာကို လာလို့ရသည်။ သူတို့က ပင်လုံးကြိုင်ပန်းတချို့ကိုလည်း ပြင်ဆင််ဖို့လိုအပ်သည်။ ထန်ချွန်းရုံက စိတ်အားထက်သန်နေသော်လည်း သူ့အစ်ကိုက သူ့နဖူးကိုပုတ်ကာ ပြောလာသည်။ “ ကျောင်းမှာကောင်းကောင်းနေ။ ပိတ်ရက်မှာပြန်လာခဲ့။ နည်းနည်းကျန်သေးရင် ငါမင်းအတွက်ချန်ထားပေးမယ်။”
(Osmanthus- တရုတ်ရေမွှေးပန်း - ပင်လုံးကြိုင်)
“သိပါတယ်… ကျွန်တော်ခွင့်ယူဖို့ မတွေးထားပါ့ဘူး။” တခြားလူတွေအရှေ့မှာ ဆူခံလိုက်ရသည့်အခါ ထန်ချွန်းရုံ၏မျက်နှာက နီရဲလာသည်။ သူ့အစ်ကိုကိစ္စကလွဲ၍ သူ ခွင့်ယူဖို့မတွေးထားပေ။ သူ့မှာလည်း သူ့ရည်မှန်းချက်တွေရှိသည်။