Chapter 44.3
Viewers 21k

Chapter 44.3





“အခုကျောက်မိသားစုက ရှန်းမိသားစုရဲ့ဖိအားကြောင့် ပုန်းအောင်ချင်တဲ့အဆင့်ထိရောက်နေပြီ။ ဒါရှန်းမိသားစုက ပစ္စည်းရိုက်ခွဲဖို့လာတဲ့ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး။”

 



ဟွမ်မိသားစုက ထွက်မသွားချင်တာကြောင့် ရွာလူကြီးက သူတို့ကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ခဲ့သည်။ 

      

လီဖုန်းကြောင့်ကျိုးထားသော ဟွမ်စစ်ကုံး၏ခြေထောက်နှင့် ပတ်သက်ပြီး ဟွမ်မိသားစုက ပုံကြီးချဲ့ချင်ကြသည်။ သို့သော် လီဖုန်းက ဟွမ်စစ်ကုံးဆီ တိတ်တဆိတ်လျှောက်သွားသဖြင့် ဟွမ်စစ်ကုံးက ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားပြီး အသနားခံကာ ထပ်ခါထပ်ခါအော်ဟစ်နေ၏။ တစ်ချက်ထိလိုက်ရုံဖြင့် ခြေထောက်အဆစ်လွဲသွားကာ ဟွမ်စစ်ကုံးက နာကျင်မှုကြောင့် မေ့လဲတော့မတတ်ပင်။ 

 

လီဖုန်းကခြိမ်းခြောက်လိုက်တော့သည်။ “နောက်တစ်​ကြိမ် မင်းကိုတွေ့ရင် လက်ဖြတ်ပစ်မယ်!”

 

ဟွမ်မိသားစုက ဖျင်ရှန်ရွာမှ မောင်းထုတ်ခံလိုက်ရပေမယ့် ကိစ္စက ဤနေရာမှာတင် မပြီးပေ။

 

ရွာလူကြီးက ကျန်းလန်ဟွာ၏ခင်ပွန်းကိုခေါ်ကာ ဤကိစ္စမှာ သူ့ဇနီးပါဝင်ပတ်သက်နေကြောင်း ပြောခဲ့သည်။ ဟွမ်စစ်ကုံး၏ ဝန်ခံချက်အရ သူ့တွင် ထိုကဲ့သို့ မကောင်းသောရည်ရွယ်ချက်ရှိနေခြင်းက ကျန်းလန်ဟွာ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။

 

ဟွမ်စစ်ကုံးက ကျန်းလန်ဟွာကို အမြဲတမ်းမက်မောခဲ့ပြီး သူ့ကို အခွင့်အရေးယူချင်ခဲ့ပေမယ့် ကျန်းလန်ဟွာက ဟွမ်စစ်ကုံးကို အမြဲတမ်းရှောင်ဖယ်ခဲ့သည်။ အ​ကြောင်းမှာ သူ့ခင်ပွန်းက အင်မတန်သဝန်တိုပြီး သူ တ​ခြားသူများနှင့် ပရော်ပရည်လုပ်တတ်ကို သည်းမခံနိုင်လို့ဖြစ်သည်။

    

သူသိလျှင် သေအောင်ရိုက်နှက်ခံရမှာဖြစ်၍ သူက ဟွမ်စစ်ကုံးကို အမြဲတမ်းရှောင်ခဲ့သည်။ ကျန်းလန်ဟွာက ဟွမ်စစ်ကုံးကို ယခင်က ခံစားချက်ရှိခဲ့သော်လည်း သူ့ဘဝက ပိုဆိုးယု​တ်လာတာကိုတွေ့လျှင် သူ၏ယခင်လက်ခံနိုင်လောက်သော အသွင်အပြင်ကပင် သူ၏စိတ်ထားကြောင့် စက်ဆုပ်ဖွယ်ဖြစ်လာခဲ့သည်။

    

ကျန်းလန်ဟွာ၏ခံစားချက်က ပျောက်ကွယ်သွားတာကြာပြီဖြစ်၍ ဟွမ်စစ်ကုံးက သူနဲ့နီးစပ်ဖို့ကြိုးစားတိုင်း သူက ရှောင်ဖယ်ခဲ့ပါ၏။



သို့သော် သူ ဟွမ်စစ်ကုံးဆီက ပုန်းလေလေ ထိုလူက ပိုပြီးဂုဏ်ယူလေဖြစ်သည်။ ကျန်းလန်ဟွာ၏ ဖြူဖွေးသောမျက်နှာကိုမြင်ရတိုင်း သူ့စိတ်ထဲတွင် ယားယံလာပြီး သူက ကျန်းလန်ဟွာအား ခြိမ်းခြောက်ရန် အတိတ်ဖြစ်ရပ်များကို အသုံးချခဲ့သည်။ ထို့ကြောင့် ကျန်းလန်ဟွာက အတိတ်မှာ သူ့အပေါ်ထားရှိခဲ့သော ခံစားချက်များကို မေ့ပျောက်ကာ ဤလူဆိုးကိုလည်း မုန်းတီးလာခဲ့သည်။



    

သူ့ခင်ပွန်းက အတိတ်ကဖြစ်ရပ်များကို မှတ်မိနေသေးကြောင်း သူသိသည်။ သူ့လူဆီက နောက်တစ်ကြိမ်ရိုက်နှက်ခံရပြီးနောက် သူက ဟွမ်စစ်ကုံး၏ပြဿနာကို အပြီးတိုင်ဖြေရှင်းရန် စိတ်ဆုံးဖြတ်ခဲ့သည်။

 

ယခင်တစ်ခေါက်က သူနဲ့ဟွမ်စစ်ကုံး၏ တွေ့ဆုံမှုအကြောင်းကို ကျန်းရှို့​ပြောခဲ့စဥ် သူ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ကျန်းရှို့တစ်ခုခုကို ရှာတွေ့သွားပြီထင်၍ သူက ကျန်းရှို့တင်မဟုတ်ပဲ ထန်ချွန်းမင်ကိုပါ မုန်းတီးခဲ့သည်။ ထန်ချွန်းမင်က တခြားမုဆိုးဖိုများလို ပူဆွေးနေခြင်းမရှိပဲ ပိုကောင်းသောဘဝမှာနေထိုင်ကာ အချိန်တိုအတွင်းမှာ လူလွတ်အမျိုးသားတစ်ယောက်နှင့်ပင် ချစ်ကြိုက်ခဲ့သေးသည်။

 

အပြင်မှာ ကောလာဟလများထွက်နေပြီး လီဖုန်းက ကြမ်းတမ်းသည့်အသွင်ရှိသော်လည်း သူ့ကောကိုချစ်​ကြောင်း ကျန်းလန်ဟွာ သိခဲ့ရသည်။ ကျန်းလန်ဟွာ​က သူ့အခြေအနေကိုပြန်တွေးခဲ့သည်။ သူတွေ့ဆုံခဲ့ရသည့် အမျိုးသားနှစ်ယောက်လုံးက လူယုတ်မာတွေဖြစ်ပြီး သူ့ခင်ပွန်းဆိုလျှင် သူ့ကို အိပ်ရာမထနိုင်လောက်အောင် ရိုက်နှက်လေ့ရှိသည်။ ထန်ချွန်းမင်က ဘာလို့သူ့ထက် ကောင်းကောင်းနေနေရတာလဲ? ကျန်းလန်ဟွာက ဘာလို့သူ့ထက်ပိုဆိုးနေရတာလဲ? သူလည်းပဲ ရွာ၏အထူးချွန်ဆုံး ကောတစ်ယောက်ဖြစ်သည်လေ…

.



အမှန်တိုင်းဆိုရလျှင် ကော၏ မနာလိုဖြစ်မှုက တကယ်ကို အခြေအမြစ်မရှိပေ။ သူက ထန်ချွန်းမင်လုပ်ခဲ့တာကိုကြားလေ သူက သူ့ကို ပို၍ပင် ဖျက်စီးချင်လာလေဖြစ်၏။ သို့ဖြစ်၍ ဟွမ်စစ်ကုံး သူ့ဆီကိုလာသောအချိန်တွင် သူက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်သုံးကောင်ပစ်ဖို့ ဟွမ်စစ်ကုံးအား အကြံတစ်ခုပေးခဲ့သည်။ ဟွမ်စစ်ကုံးလုပ်နိုင်လျှင် တခြားကောတွေ သူ့ကိုလက်မထပ်မှာကို စိတ်ပူစရာမလိုတော့ပဲ ကျန်းလန်ဟွာသည်လည်း ငွေအများကြီးကို သူ့စိတ်ကြိုက်သုံးစွဲနိုင်လိမ့်မည်။ 

   

ယင်းမှာ ထန်ချွန်းမင်၏အိမ်ထဲကို ညသန်းခေါင်မှာခိုးဝင်၍ ထန်ချွန်းမင်အား မတော်မတရားပြုကျင့်ခြင်းဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ထန်ချွန်းမင်နှင့် လီဖုန်းက တရားဝင်လက်ထပ်​ခြင်းမရှိသေး၍ အပြင်လူတွေ ဘယ်လိုဖွဖွ ထန်ချွန်းမင်ကိုယ်တိုင် ဝန်ခံခြင်းလောက် ကောင်းမွန်ခြင်းမရှိပါပေ။

 

ထိုအချိန်တွင် ထန်ချွန်းမင်က ရွေးချယ်စရာမရှိပဲ ဟွမ်စစ်ကုံးကို အညံ့ခံရလိမ့်မည်။ ကျန်းလန်ဟွာသည်လည်း ဟွမ်စစ်ကုံး၏ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထို့အပြင် သူ​က ထန်ချွန်းမင်၏ကြွယ်ဝချမ်းသာမှု လျှို့ဝှက်ချက်ကို ဟွမ်စစ်ကုံးထံမှ ရယူမည်။ ထန်ချွန်းမင် သေဆုံးသည်ဖြစ်စေ ရှင်သန်သည်ဖြစ်စေ ကျန်းလန်ဟွာနှင့်ဆိုင်တော့မှာမဟုတ်ပေ။

 

ဟွမ်စစ်ကုံး ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် သူက ဟွမ်စစ်ကုံးအား ထန်ချွန်းမင်ခြံထဲက အခြေအနေကို ပြောပြလိုက်သည်။ ကျန်းလန်ဟွာက ဘယ်လိုသိတာလဲ? လီဖုန်းမြင်းပေါက်လေးဝယ်လာသည့်နေ့မှာ လူအများစုက သူ့ခြံထဲကိုဝင်သွားခဲ့ပြီး ကျန်းလန်ဟွာလည်း ပါဝင်ခဲ့သည်။ ခြံဝင်းနှစ်ခု၏မြင်ကွင်းက သူ့ကို ပိုလို့တောင် မနာလိုဖြစ်စေခဲ့သည်။

 

ကျန်းလန်ဟွာက သူ့ကို သွေးထိုးလှုံ့ဆော်နေစဥ် ဟွမ်စစ်ကုံးက လီဖုန်းကိုကြောက်ဖို့ မေ့သွားခဲ့သည်။ အကန့်အသတ်မဲ့သော ငွေပမာဏနဲ့ယှဥ်လျှင် လီဖုန်းက ဘာမှမဟုတ်ပေ။ ထို့အပြင် သူက ညသန်းခေါင်မှာ ထန်ချွန်းမင်၏ခြံထဲကို ဝင်သွားခဲ့သည်။ ထန်ချွန်းမင်က သူနဲ့ဆက်ဆံရေးကိုငြင်းလျှင် ရွာပြင်ထုတ်ခံရမှာဖြစ်၏။ သူလည်းပဲ ကျန်းလန်ဟွာလိုပင် တွေးခေါ်ခဲ့သည်။



  

ဘယ်ကောကမှ သူတို့၏ဂုဏ်သိက္ခာကြောင့် ထိုအ​ခြေအနေကို ဝန်ခံမှာမဟုတ်ပေ။ သူ့ကိုသိမ်းပိုက်ပြီးလျှင် လီဖုန်း ဘယ်ကိုမှသွားနိုင်တော့မှာမဟုတ်ပေ။

 

သူတို့အားလုံးက ၎င်းကို မိုက်မဲသောအခွင့်အရေးလို့ ထင်ခဲ့ပေမယ့် မထင်မှတ်ထားသည်မှာ သူတို့ခြံဝင်းထဲဝင်သွားနဲ့ ထောင်ချောက်ထဲပြုတ်ကျသွားခဲ့သည်။ ဟွမ်စစ်ကုံးက လီဖုန်းဘယ်လောက်တောင် ဗီလိန်ဆန်လဲ သိခဲ့ရသည်။ သူ့မှာ​နောက်တစ်​ကြိမ် အခွင့်အရေးရှိလျှင် ကျန်းလန်ဟွာ၏ သွေးထိုးလှုံ့ဆော်မှုကို သူဘယ်တော့မှနားထောင်ခဲ့မှာမဟုတ်ပေ။

 

အထက်ပါအချက်များမှာ ရွာလူကြီးနှင့် အကြီးအကဲတို့က ညဘက်ကြီး ဟွမ်စစ်ကုံးအား စစ်ဆေးခဲ့ခြင်းရလဒ်ဖြစ်၏။ ထန်ချွန်းရုံက ကျောင်းသားတစ်ယောက်ဖြစ်၍ အင်မတန်ဒေါသထွက်​ကာ ကျန်းလန်ဟွာကို ဖမ်းပြီးသတ်ချင်နေသည်။ သို့သော် ဤနည်းဖြင့် ဖြေရှင်းလို့မရနိုင်​ကြောင်း ရွာလူကြီးက သူ့ကို ဖျောင်းဖျခဲ့သည်။ မဟုတ်ပါက ထန်ချွန်းမင်၏ဂုဏ်သိက္ခာ ထိခိုက်သွားမည်ဖြစ်သည်။ ဟွမ်စစ်ကုံးကိုသာ အပြစ်ပေးဖို့ကောင်းသည်။

 

ကျန်းလန်ဟွာလို ရက်စက်ယုတ်မာသော ကောတစ်ယောက်ကို လွှတ်ပေးထားလို့မရပေ။ ဤကိစ္စကို သူ့ခင်ပွန်အားပြောလိုက်လျှင် ကျန်းလန်ဟွာက အဆုံးသတ်ကောင်းတော့မှာမဟုတ်ပေ။

 

သတ်မည့်အကြောင်းပြောသည့်အခါ ဘယ်သူကမှ လီဖုန်းနှင့်မယှဥ်နိုင်ပေ။ မူလက သူသည် ဟွမ်စစ်ကုံး ပိုက်ဆံခိုးချင်တယ်လို့သာ တွေးထားသော်လည်း သူက ပိုက်ဆံရောလူပါ သိမ်းပိုက်ချင်မယ်လို့ မထင်ထားခဲ့ပေ။

  

မင်ကောအာကြုံတွေ့ရနိုင်သည့်အရာကို စဥ်းစားလိုက်တိုင်း သူ​က ဟွမ်စစ်ကုံးကို အပိုင်းပိုင်းဖြတ်တောက်ချင်မိသည်။ သို့သော် ရွာလူကြီးနှင့် ရှန်းဖူလန်အကြံပေးသည့်အတိုင်း မင်ကောအာ၏ဂုဏ်သတင်းအတွက် သူ ဤကိစ္စကို လူသိရှင်ကြားဖြစ်အောင် လုပ်လို့မရပေ။ လူသိရှင်ကြားဖြစ်သွားသည့်တိုင် ဟွမ်စစ်ကုံးက ပြစ်ဒဏ်ပိုပေးခံရမှာမဟုတ်သော်လည်း မင်ကောအာကတော့ ငြိစွန်းသွားလိမ့်မည်။

    လီဖုန်းက မင်ကောအာငြိစွန်းခြင်းထက် လူသတ်သမား ဂုဏ်သိက္ခာကိုသာ ခံယူနိုင်သည်။ မင်ကောအာကိုယ်တိုင်က ဂရုမစိုက်သော်လည်း သူကတော့ ထည့်စဥ်းစာရမည်။

 



ထို့​ကြောင့် လီဖုန်းက သူ၏အမုန်းတရားကို ဖိနှိပ်ခဲ့သော်လည်း ဟွမ်စစ်ကုံးကို အလွယ်တကူမလွှတ်ပေးနိုင်ပေ။ ဟွမ်စစ်ကုံးအား ရွာမှနှင်ထုတ်ခြင်းက အပေါ့ဆုံးပြစ်ဒဏ်ဖြစ်ပေမည်။ ဖျင်ရှန်ရွာမှ ထွက်လာမှသာ သူ၏ဒုက္ခများစတင်ပြီလို့ သိထားသင့်သည်။

 

တစ်ချိန်တည်းမှာ သူက မင်​ကောအာကို အမှန်တရားမပြောပြဖို့ ဆုံးဖြတ်လိုက်သည်​။ မင်ကောအာက ထိုညစ်ညမ်းသောအတွေးများကို သိစရာမလိုတာ​ကြောင့် ဟွမ်စစ်ကုံးကို ညလယ်ခေါင်မှာ သူခိုးမှုကျူးလွန်တယ်လို့သာ နာမည်တပ်လိုက်မည်။

 

ကျန်းလန်ဟွာ၏ခငပွန်းဖြစ်သူက ရွာလူကြီးအိမ်မှ ထွက်သွားသောအခါ သူသည် တစ်စုံတစ်ယောက်အား စားချင်နေသော အသွင်ရှိတာကို လူတိုင်းမြင်နိုင်သည်။ သူ့ခြေလှမ်းများကလည်း လေးလံနေပြီး သူက အိမ်ကို ဒေါသတကြီး​ပြေးသွားတာကြောင့် မြင်သမျှလူတိုင်းက ရွာလူကြီး သူ့အား ဘာပြောလိုက်သည်ကို သိချင်နေ​ကြသည်။

    

သူ၏ဒေါသက သူ့ကောနှင့် ပတ်သက်နေသလား.

သူ့ကောက ဟွမ်စစ်ကုံးကိစ္စမှာ ပါဝင်ပတ်သက်နေသလား?

 



ထန်ချွန်းမင်နိုးလာတော့ လီဖုန်းက ခန်းကုတင်ဘေးမှာထိုင်ပြီး သူ့ကို သေချာစိုက်ကြည့်နေသည်။

 

ထန်ချွန်းမင်က အပြင်က ရာသီဥတုကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ရှက်သွားခဲ့သည်။ သူက ခေတ်သစ်တွင် ဆယ်နာရီထိအိပ်သည်။ သူက သူ့နဖူးကိုထိကာ မေးလိုက်လေသည်။ “အားရုံကျောင်းသွားပြီလား? ဒါနဲ့…. ရွာလူကြီးက ဟွမ်စစ်ကုံးနဲ့ပတ်သက်ပြီး ဘာပြောလိုက်လဲ? ခြံထဲက ဟင်းသီးဟင်းရွက်တွေ မနေ့ညက တက်နင်းမိသေးလား?”

  

“စိတ်မပူပါနဲ့။” လီဖုန်းက မင်ကောအာ၏လက်ကိုထိကာ ပြောလိုက်သည်။ သူက ဤနေရာမှာ တစ်နေကုန်ထိုင်နေသည့်တိုင် ကြောက်နေသေးသည်။ ကျင်းဖုန်း၏လိမ္မာပါးနပ်မှုနှင့် ထက်မြက်မှု​ကြောင့်သာ မဟုတ်လျှင် မင်ကောအာ ဘာဖြစ်သွားမလဲ သူမသိနိုင်ပေ။ သူပိုတွေးလေ ဟွမ်စစ်ကုံးကို လွယ်လွယ်နဲ့ လွှတ်မပေးနိုင်လေဖြစ်၏။

      

သူ့ကိုရွာကနေ နှင်ထုတ်လိုက်တာက ပေါ့ပါးသောပြစ်ဒဏ်တစ်ခုဖြစ်သည်။ မင်ကောအာ၏ ရှုပ်ထွေးနေသော အမူအရာကိုတွေ့သောအခါ သူ့စိတ်က ပျော့ပျောင်းသွားသည်။ “ကိုယ် အားရုံကို ကျောင်းလိုက်ပို့ပေးထားတယ်။ သူက မင်းနဲ့နေချင်တာ။ ကိုယ်ပြောပြရင် မင်းစိတ်မကောင်းဖြစ်လိမ့်မယ်။ ဟွမ်စစ်ကျိုးနဲ့ သူ့မိသားစုကို ရွာလူကြီးကိုယ်တိုင် မောင်းထုတ်လိုက်ပြီ။”

 

“ဒီဖြစ်ရပ်ပြီးရင် ထပ်ပြီး​ဖောက်ထွင်းခံရမှာကို စိတ်ပူစရာမလိုတော့ဘူ ဒါပေမယ့် ကျင်းဖုန်းက ခြံထဲက ဟင်းသီးဟင်းရွက်တွေကို တက်နင်းခဲ့တယ်။ မင်း သူ့ကိုအပြစ်တင်မှာလား?”

 

လီဖုန်း မနက်ကလုပ်ခဲ့သည်မှာ မျောက်တွေကို ခြောက်လှန့်ဖို့ဖြစ်သည်။ သူရဲ့ ရက်စက်မှုကိုမြင်ပြီးရင် ဘယ်သူက ထပ်ပြီး အကြံထုတ်ဝံ့မှာလဲ? လူတွေ သူ့ကို​ကြောက်နေအောင် လူဆိုးတစ်ယောက်လို့ သတ်မှတ်လိုက်တာပိုကောင်းသည်။

 

ဤသည်မှာ သူ့ကို ကျီစယ်နောက်ပြောင်ဖို့ ဖြစ်နိုင်သည်။ ထန်ချွန်းမင်က လီဖုန်း မကြာခဏ ကျီစယ်တတ်လာတာကို သတိထားမိတာကြောင့် ပြောလိုက်လေသည်။ “ကျင်းဖုန်းက အကြီးမားဆုံးကျေးဇူးရှင်ပါ။ သူ့ကို ဘယ်လိုအပြစ်တင်ရမှာလဲ? ဒါတင်မကဘူး။ သူ့ကိုဆုချသင့်တာ။ ခင်ဗျားဖယ်တော့ ကျွန်တော် ထတော့မယ်။”

 

ညက အဖြစ်အပျက်များအား မင်ကောအာ စိတ်ထဲမထားသည်ကိုတွေ့လျှင် လီဖုန်း စိတ်သက်သာရာရသွားခဲ့သည်။ သူက မင်ကောအာကို အဝတ်အစားလဲရန် တစ်ယောက်တည်းထားခဲ့ကာ သူ့အတွက်မနက်စာပြင်ပေးရန် အပြင်ထွက်သွားခဲ့သည်။ အကြာကြီးအိပ်ထားလို့ ဗိုက်ဆာနေလောက်သည်။ 



ထန်ချွန်းမင်က ဗိုက်ဖြည့်ပြီးမှသာ ခြံထဲသွားဖို့ ခွန်အားပြည့်လာခဲ့သည်။ ကံအားလျော်စွာ ဟင်းသီးဟင်းရွက်အားလုံး မပျက်စီး၍ ပြန်လည်စိုက်ပျိုးလို့ရခဲ့သည်။ ထန်ချွန်းမင်က ဗိုက်ဖောင်းဖောင်းဖြင့် ကျင်းဖုန်းထံသို့​ပြေးသွားပြီး မြင်းနောက်ကျောကို ပုတ်ကာ ချီးကျူးလိုက်လေသည်။

    

ဟုတ်ပါ၏။ ရှောင်ဟွာလည်းရှိသေးသည်။ ရှောင်ဟွာက လူယုတ်မာ၏တင်ပါးကို ကိုက်ဖဲ့ခဲ့ပြီး ဤအဖြစ်အပျက်၏ သူရဲကောင်းလည်းဖြစ်သည်။ ထန်ချွန်းမင်က ရေမရောထားသော စမ်းရေကို နောက်ရက်အနည်းငယ်မှာ ဆုအဖြစ်တိုက်ကျွေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

 

ကျင်းဖုန်းက တခြားလူများအပေါ် မာန​ကြီးသော်လည်း သူ၏အနာဂတ်သခင် ထန်ချွန်းမင်အပေါ်တော့ မတူပါ။ သူလာတာတွေ့တိုင်း ခေါင်းကိုထုတ်ပြီး ဖြူစင်သော်မျက်လုံးတစ်စုံဖြင့် ကြည့်လာလေသည်။

  

ဤသည်မှာ ကျင်းဖုန်းနှင့်ရင်းနှီးချင်သော ကလေးများကိုပင် မနာလိုဖြစ်စေနိုင်ပေမယ့် သူတို့လုပ်နိုင်တာဘာမှမရှိပေ။ အကြောင်းမှာ ကျင်းဖုန်းက ဦးလေးဖုန်းမှမဟုတ်လျှင် သူတို့အားလုံးကို လျစ်လျူရှုထားလို့ဖြစ်၏။

 

ကျင်းဖုန်းက ဝိညာဥ်စွမ်းအားများပြည့်နှက်နေသည့် နေရာလွတ်ရနံ့ကိုရနေသည်ဟု ထန်ချွန်းမင် သံသယဖြစ်မိသည်။ ရှောင်ဟွာနှင့် တခြားသူများကလည်း နေရာလွတ်ထဲမှ အစားအစာများကို သဘောကျပြီး အစားအသောက် ချေးမများပေး။

 

တစ်ခါတစ်လေ ထန်ချွန်းမင်သည် ကျင်းဖုန်း၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် ရည်ရွယ်ချက်ရှိရှိ မကောင်းမှုများကို ပြုလုပ်တတ်သည်။ ကြည့်ပြီးနောက် သူက နေရာလွတ်ထဲရှိ အစားအစာကိုမကျွေးပဲ တမင်တကာ လှည့်ထွက်သွားလေ့ရှိသည်။

   

ဟုတ်ပါ၏။ သူထွက်မသွားနိုင်ခဲ့ပေ။ ကျင်းဖုန်းက သူ့အဝတ်အစားကို ကိုက်ဆွဲထားလို့ဖြစ်၏။ တစ်ခေါက်က လီဖုန်းတွေ့သောအခါ လန့်သွား၍ ကျင်းဖုန်းကိုဆူလိုက်ပေမယ့် ထန်ချွန်းမင်က မြင်း၏မျက်နှာပေါ်ရှိ မကျေမချမ်းအမူအရာ​ကို တွေ့လိုက်ရသည်။ သူ လွန်သွားတယ်လို့ ခံစားရ၍ မလုံမလဲဖြစ်သွားပြီး ထန်ချွန်းမင်က လီဖုန်းကို မောင်းထုတ်လိုက်ကာ ကျင်းဖုန်းအား နေရာလွတ်ထဲရှိ အသီးအနှံများ အမြန်ကျွေးမွေးခဲ့သည်။



 

အများကြီးကျွေးပြီးနောက် ထန်ချွန်းမင်က လီဖုန်းမမြင်သွားဘူးလို့ သူ့ကိုယ်သူလှည့်စားနေခဲ့သည်။ ထို့ကြောင့် လီဖုန်းသတိမထားမိဘူးလို့ ယူဆ၍ သူ့စိတ်ကြိုက်လုပ်ဆောင်နေခဲ့သည်။

 

ထမင်းနောက်ကျမှစားသော်လည်း ထန်ချွန်းမင်က ပုံမှန်တိုင်း နေ့လည်စာချက်နေဆဲဖြစ်၏​။ သူ စားပွဲပေါ်၌ နေ့လည်စာခင်းတော့မည့်ဆဲဆဲ အပြင်မှ ကြောင်နှင့်တူသော ကလေးငိုသံကိုကြားလိုက်ရသည်။ လီဖုန်းက အားလင်းကိုအပြင်ကနေ အထဲခေါ်လာခဲ့သည်။ သူက လက်ဆေးပြီး စားပွဲမှာထိုင်စားဖို့ အသင့်ဖြစ်နေခဲ့သည်။