Chapter 37.2
Viewers 21k

Chapter 37.2




လီဖုန်း၏နားရွက်က အနည်းငယ်ရွေ့လျားသွားကာ သူ သတိမထားမိလိုက်ပါပဲ ရှက်သွေးဖြာသွားခဲ့သည်။ သို့ပေမယ့် သူက လေးလေးနက်နက်ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။ “အဲ့ဒါက အတွင်းအား…ဒါပေမယ့် လူတစ်ဦးတစ်ယောက်စီရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီး မင်းရဲ့အတွင်းအားကို တိုးတက်အောင်လုပ်လို့ရတယ်။ လူတိုင်းမှာ ဒီအရည်အချင်းမရှိဘူး။”

  

“ကျွန်တော်ကရော? လေ့ကျင့်လို့ရလား?” ထန်ချွန်းမင်က မေးခွန်းကိုအာရုံစိုက်ပြီး လီဖုန်း၏ မျက်နှာသေအမူအရာကို ကြည့်လိုက်သည်။

 

“မရဘူး။ မင်းအသက်ကြီးလာရင် ခန္ဓာကိုယ်ထဲက သွေးပြန်​ကြောတွေက ပြုပြင်ပြီးသားဖြစ်သွားလိမ့်မယ်။” လီဖုန်းက သူ့အမူအရာကို အာရုံစိုက်နေပြီး ရုတ်တရက်စိတ်တိုလာခဲ့သည်။ အစောပိုင်းက မင်ကောအာသည် ရွာထဲမှာ ပြသခဲ့သည့် ယွိမု၏စွမ်းရည်ကို သဘောကျခဲ့သည်။ သူ ရုတ်တရက်နောင်တရမိသည်။ အဲ့တုန်းက ယွိမုကို ဘာလို့ဦးဆောင်ခိုင်းခဲ့တာလဲ? ထိုသို့မလုပ်ခဲ့လျှင် မင်ကောအာက သူ့ကိုသာမြင်နိုင်လိမ့်မည်။ မင်ကောအာ၏ စိတ်ပျက်နေသော အမူအရာကို မြင်လိုက်ရတော့ လီဖုန်းက ကမန်းကတန်းပြောလိုက်သည်။ “ဒါပေမယ့် မင်းခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်လို့တော့ရတယ်။ မင်းကလေးမွေးပြီးမှ လေ့ကျင့်ချင်တယ်ဆိုရင် ငါမင်းကိုသင်ပေးမယ်။”

  

“ကောင်းပါပြီ” တကယ်တော့ ထန်ချွန်းမင်က စိတ်ပျက်နေသော်လည်း လီဖုန်း သူ့အား စိတ်အားထက်သန်စွာ ကြည့်နေသည်ကို မြင်သောအခါ သူက ချီတုံချတုံလက်ခံလိုက်ရသည်။ “အချိန်တန်မှပြောရအောင်။” သူက အသက်ကြီးနေပြီဆိုတော့ ဘယ်ချိန်တည်းက စလေ့ကျင့်ခဲ့တာလဲ? သူ ဖျင်ရှန်ရွာကနေ ထွက်သွားခဲ့ရသည့်အချိန်မှာ ဆယ်ကျော်သက်အရွယ်ပဲရှိလိမ့်မည်။ ထန်ချွန်းမင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်တုန်းက ​လေ့ကျင့်ခဲ့တာလဲ? ခင်ဗျားရဲ့စွမ်းရည်က ယွိမုနဲ့တူတူပဲလား? ဘယ်သူကပိုကောင်းလဲ?”

 

လီဖုန်းက ​နောက်တစ်ကြိမ်မနာလိုဖြစ်သွားပြီး သူ့မူလဆုံးဖြတ်ချက်ကို နောင်တရပေမယ့် သူက မေးခွန်းအားလုံးကို ဖြေပေးလိုက်သည်။ “ငါ ဒီကထွက်သွားတော့… တစ်လမ်းလုံးနေမကောင်းဖြစ်ပြီး ခရီးကိုနှောင့်နှေးစေခဲ့တယ်။ လမ်းတစ်လျှာက်လုံးမှာ သမားတော်တစ်ယောက်က ငါကို စောင့်ရှောင့်ပေးခဲ့တာ။ ပြန်ကောင်းလာပြီးနောက်မှာ ခန္ဓာကိုယ်ကိုသန်မာစေဖို့အတွက် အတွင်းအားစုပ်ယူနည်းတွေ သင်ခဲ့ရတယ်။ နောက်တော့ စစ်တပ်ထဲက တ​ခြားသူတွေဆီက နည်းနည်းသင်ယူပြီး အခုလိုဖြစ်လာခဲ့တာ။ ယွိမုရဲ့အခြေအနေက ငါနဲ့ကွာတယ်… အဲ့ဒါက သာမန်ရက်စက်တဲ့ခွန်အားပဲ။”

 

ထန်ချွန်းမင်က လီဖုန်း၏အေးဆေးတည်ငြိမ်သော အမူအရာအောက်ရှိ ဖုံးကွယ်ထားသော အမူအရာတချို့ကို မြင်ခဲ့ရသည်။ ၎င်းက ကြွားနေသလိုပင် သူ့အမူအရာက ‘ငါ့ကိုချီးကျူးပေးပါ…ငါ့အရမ်းတော်​ပါတယ်” လို့ပြောနေသည်။ ထန်ချွန်းမင်က သူ့မျက်နှာကို အုပ်ထားလိုက်ချင်သည်။ ထိုလူက ထန်ချွန်းမင်၏အကြည့်ကို မခံနိုင်လို့ဖြစ်မည်။ နေရခက်နေသော လီဖုန်းက ဆင်ခြေပေးပြီး အပြင်ထွက်သွားခဲ့သည်။ “ငါ အပြင်မှာ အပင်ရေလောင်းလိုက်ဦးမယ်။ အားလင်းက မင်းဖေဖေကို လိမ်လိမ်မာမာ အဖော်ပြုပေးလိုက်နော်။”

  

“ဦးလေးဖုန်း….အားလင်းက ဖေဖေ့ကို ဂရုစိုက်လိုက်ပါ့မယ်။” အားလင်းက ဦးလေးဖုန်း၏လက်ဖဝါးကြီးကို သူ့ခေါင်းနှင့်ပွတ်ကာ စကားနားထောင်လိုက်သည်။

 

လီဖုန်းက တံခါးဝရောက်သွားပြီး ရပ်လိုက်ကာ ခန်းပေါ်က ထန်ချွန်းမင်ကို လှည့်ကြည့်လိုက်သည်။ “အတိတ်မှာဘာတွေဖြစ်ခဲ့လဲ မင်းသိချင်ရင်.. ငါ ဖြည်းဖြည်းချင်းပြောပြပါ့မယ်။ မင်းစိတ်ပူနေတဲ့အရာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး။”

   

ထိုစကားပြောပြီးနောက် သူထွက်သွားခဲ့သည်။ အံ့အားသင့်နေသော ထန်ချွန်းမင်က ဤလူ၏စကားကိုတုံ့ပြန်ရန် အချိန်အတော်ယူခဲ့ရသည်။ သူ ရှန်းဖူလန်ကို ပြောလိုက်မိသည့်စကားကြောင့် ဒီလူက သူ့ကို ကတိပေးခဲ့တာလား?”

 

ထန်ချွန်းမင် တုံ့ပြန်လာသည့်အချိန် သူက နည်းနည်းလေး ဒေါသထွက်သွားခဲ့သည်။ ဒီလူက သူ့ကိုအနိုင်ယူဖို့ ဆုံးဖြတ်ထားတာလား? သို့သော် သူ အားလင်း၏တောက်ပသော မျက်လုံးများကို မြင်လိုက်ရသောအခါ အားလင်းက သူ၏ဦးလေးလီဖုန်းအပေါ် မတူညီကွဲပြားသော သဘောထားတစ်ခုရှိနေခဲ့သည်။ အကယ်၍ ဦးလေးဖုန်းက ဦးလေးမဖြစ်ချင်ပဲ ပထွေးဖြစ်ချင်နေတာကို အားလင်းသိရင် လက်ခံပါ့မလား?





ထန်ချွန်းမင်က သက်ပြင်းချကာ လီဖုန်းထိသွားခဲ့သည့် အားလင်း၏ခေါင်းကို သူ့လက်ဖြင့်ထိကာ ခံစားချက်များ ရောထွေးနေသည်။ ခေတ်သစ်ကမ္ဘာက လူသားတစ်ဦးအဖြစ် ဤအမျိုးသားများပြည့်နေသော ကမ္ဘာကို သူရောက်လာသောအခါတွင် တခြားသူများ၏ ထူးဆန်းသောအကြည့်များနှင့် ရှောင်ဖယ်မှုများကို စိုးရိမ်းစရာမလိုပဲ ယောကျာ်းတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ရှာနိုင်တာကြောင့် သူ့ရင်ထဲ၌ ပျော်ရွှင်မှုတစ်ခုကို ခံစားခဲ့ရသည်။







ထန်ချွန်းမင်က ကမ္ဘာပါ်တွင် လက်တွဲဖော်ရှာဖို့ မကြိုးစားခဲ့ဖူးပေ။ သူနဲ့ သူ့ပါတနာက တိတ်တိတ်လေးတွဲနေပြီးမှ လက်တွေ့ကိုရင်ဆိုင်ရသည့်အခါ လမ်းခွဲခြင်းနှင့်အဆုံးသတ်မည့်အစား တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ဖို့သာ မျှော်လင့်ခဲ့သည်။

 

သို့သော် သက်တောင့်သက်သာရှိပြီး တည်ငြိမ်သောဘဝက သူ့ရှေ့မှာပေါ်လာသည့်အခါ သူသည် အကြောင်းတချို့ကြောင့် ချီတုံချတုံဖြစ်နေခဲ့သည်။

  

“ဖေဖေ. ..” အားလင်းက ထန်ချွန်းမင်၏လက်ကိုဆုပ်ကိုင်ကာ ပွတ်သပ်လိုက်ပြီး ထန်ချွန်းမင်၏ဗိုက်ပေါ်ကို သူ့လက်သေးသေးလေးတင်လိုက်သည်။ မကြာသေးမီက သူက ကစားနည်းအသေးလေးများကို ကစားလေ့ရှိပြီး အထဲက အသေးလေးက သူ့ကို ရံဖန်ရံခါတုံ့ပြန်လေ့ရှိသည်။ “ညီလေး”

 

နောက်တစ်ကြိမ်ဖြစ်ပြန်ပြီ။ ထန်ချွန်းမင်က ညည်းချင်နေပြီး တုံ့ပြန်မှုကို ရရှိပြီး​နောက် အားလင်း​က ပြုံးဖြဲပြပြီး ဝမ်းသာအားရပြောလာသည်။ “အဲ့ဒါ.. အားလင်းရဲ့ ညီလေး…”

 

ထန်ချွန်းမင်က ရွေးချယ်စရာမရှိတော့ပဲ သူ့အသား၏အပြုံးကြောင့် အလျှော့ပေးခဲ့ရသည်။ “ဟုတ်တယ်…အားလင်းရဲ့ညီလေး….”

 

ထန်ချွန်းမင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသူများသည် လီဖုန်းနှင့် သူ၏ဆက်ဆံရေးအတွက် ဝမ်းသာနေပုံရသည်။ လီဖုန်းက သူ့ကို အိမ်အလုပ်ကူပေးနေစဥ် ဝမ်မော့က တစ်ချက်လာကြည့်ပြီး လက်မထောင်ပြသွားခဲ့သည်။ ထန်ချွန်းမင်က သူ့နဖူးသူရိုက်ကာ သက်ပြင်းချလိုက်သည်။ သူ အကြင်နာကင်းမဲ့သူမဖြစ်ချင်ရင် တစ်နည်းသာရှိပြီး ယင်းမှာ ဝတ်ပြုဆုတောင်းကာလပြီးရင် လက်ထပ်ဖို့ဖြစ်သည်။

 

ဦးလေးကျောက်လျိုက ထန်ချွန်းမင်ကိုတွေ့တော့ လီဖုန်းက လူကောင်းတစ်ယောက်ပါလို့ပြောပြီး အပြုံးတစ်ခုဖြင့် ချီးကျူးဂုဏ်ပြုခဲ့သည်။

     



အန္တရာယ်များလိုက်တဲ့လီဖုန်း….

     

ဟုတ်သည်။ သူ့ဘဝက ဤရက်ပိုင်းမှာ ပိုမိုသက်တောင့်သက်သာရှိလာသည်ဟု သူဝန်ခံရမည်။ လီဖုန်းနဲ့ဆိုလျှင် သူ အချက်အပြုတ်ကလွဲရင် ကျန်တာဘာမှမလုပ်ရပေ။

   



ထန်ချွန်းမင်က နေရာလွတ်စမ်းရေကို ရေတွင်းထဲသို့ မဝံ့မရဲလောင်းထည့်ခဲ့သည်။ သူဟာ သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုသည်။ သူ ရေမလောင်းနိုင်ရင် လယ်ကွင်းထဲက ဟင်းသီးဟင်းရွက်တွေ ဘာဖြစ်သွားမလဲ? အရသာမကောင်းရင် ဘယ်လိုလုပ်မလဲ? စမ်းကြည့်ပြီး​နောက် ရလဒ်သည် အလွန်ကျေနပ်စရာကောင်းသည်။ တွင်းရေက စမ်းရေနှင့်ယှဥ်လျှင် အရောင်ဖျော့ပြီး ဖော်ပြရခက်လေသည်။

 

ထို့ကြောင့် သူက သူ၏လယ်ကွင်းများကို ရေကူလောင်းပေးနေသော လီဖုန်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုလယ်ဧကအနည်းငယ်အတွက်ပင် သူက လီဖုန်းကို ရေတွင်းထဲကရေသုံးဖို့ပြောခဲ့သည်။ လီဖုန်းက အမေးအမြန်းမရှိ လုပ်ပေးခဲ့သည်။

 

ထန်ချွန်းမင်က စိတ်​အေးနေသော်လည်း သူ့မှာ အဆင်မပြေမှုများလည်းရှိခဲ့သည်။ နေရာလွတ်ထဲက တစ်ခုခုကိုယူလိုက်တိုင်း ထန်ချွန်းမင်က သတိပြုမိသွားမှာကို စိုးရိမ်နေခဲ့သည်။ သူ အားလင်းကို နေရာလွတ်ဆီ ခေါ်ဆောင်သွားနိုင်သော်လည်း သူ လီဖုန်းကိုတော့ ယုံလို့မရပေ။ သို့သော် သူတို့အတူနေလျှင် သူ ဤနေရာလွတ်ကို တစ်သက်လုံးဖုံးကွယ်ထားလို့ရမယ်လို့ ယုံကြည်ချက်မရှိပေ။

 

မူမမှန်မှုကို အချိန်ကျလာမှ သိရှိစေရန် သူက တတ်နိုင်သလောက် နှောင့်နှေးအောင်လုပ်ရလိမ့်မည်။

 

လီဖုန်းက မနက်စောစောတွင် ဟင်းသီးဟင်းရွက်များကိုခူးပြီး ကျင်းစားသောက်ဆိုင်က လာယူမှာကို စောင့်မျှော်​နေသည်။ ထန်ချွန်းမင်က သိုးနို့ကျိုပြီး အားလင်းကို မနက်စာစားဖို့ခေါ်ခါနီးတွင် လီဖုန်း​နောက်ကလိုက်လာသော ကျင်းကျိစားသောက်ဆိုင်၏ ရှောင်ရွှင်းကျိနှင့် ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။ 



 

ဆိုင်ရှင်ချီက ခြံထဲ၌ အလုပ်ရှုပ်နေသော လီဖုန်းကိုမြင်သောအခါ နှုတ်ခမ်းတွန့်ကွေးသွားပြီး အားပါးတရနှုတ်ဆက်လိုက်သည်။ သူက သူ့သခင်လေးကို စာပို့တော့မယ့်ပုံပင်။ ထန်ချွန်းမင်က ဝတ်ပြုဆုတောင်းကာလပြီးသွားလျှင် ဤအမျိုးသားကို လက်ထပ်မှာပင်။ သူတို့လက်မထပ်ရသေးပေမယ့်လည်း သူက ထိုအမျိုးသားကို အိမ်ထဲသို့ ပွင့်ပွင့်လင်းလင်း ဝင်ခွင့်ပေးထားပုံရသည်။

 

ဒါက ပြိုင်ဘက်ရဲ့နှောင့်ယှက်ခံရတာထက် ပိုကောင်းတယ်….

  

“ထန်ဖူလန်.. ငါပြန်သွားတော့ အရင်တစ်ခေါက်ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သဲလွန်စတချို့ရခဲ့တယ်။ ရှောင်ရွှင်းကျိ သေချာမရှင်းပြနိုင်မှာစိုးလို့ မင်းစိတ်သက်သာရာရအောင် ငါကိုယ်တိုင်လာရှင်းပြတာ။” ဆိုင်ရှင်ချီက ထန်ချွန်းမင်ကို ပြောလိုက်သည်။

  

“အိမ်ထဲဝင်ပြီး စကားပြောရအောင်။ ဆိုင်ရှင်ချီ မနက်စာစားပြီးပြီလား?” မစားရသေးရင် အတူစားကြမယ်။” ထန်ချွန်းမင်က သူတို့ကို အိမ်ထဲဖိတ်ခေါ်လိုက်သည်။

  

“ကောင်းပြီ… ဒါဆိုရင် ငါအားမနာတော့ဘူး။ ရှောင်ရွှင်းကျိ…. မင်းက ဟင်းသီးဟင်းရွက်ကို အရင်ချိန်ပြီး ထန်ဖူလန်အတွက် ငွေတွက်ပေးလိုက်ပါ။” ဆိုင်ရှင်ချီက ​ရှောင်ရွှင်းကျိကို အလုပ်ပေးလိုက်သည်။ ရှောင်ရွှင်းကျိကမငြင်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်သွားသည့်အခါ ထန်ဖူလန်က မနက်စာထုပ်ပိုးပေးမှာဖြစ်၏။

  

လီဖုန်းက သူ့နောက်ကလိုက်လာသည်။ သူ နေ့တိုင်း အလုပ်လာလုပ်ကတည်းက ထန်ချွန်းမင်က တစ်​နေ့သုံးနပ်ကျွေးသည်။ ထန်ချွန်းမင်၏ညစာစားပွဲမှာ လူတစ်ယောက်တိုးလာခဲ့သည်။ လီဖုန်းက သူနဲ့အားလင်းထက် ပိုစားတာကြောင့် သူက ထမင်းတနပ်အတွက် အများကြီးပိုချက်လေ့ရှိသည်။ 

 


သိုးနို့၊ ကြက်ဥပန်ကိတ်၊ နူးညံ့ပြီးဝါးလိုကောင်းသည့် ဂျုံဆန်ပြုတ်၊ ထန်ချွန်းမင်၏ မှိုအရွက်ဟင်း….. မှိုများက လီဖုန်း ​တောင်ပေါ်သွားခဲ့စဥ် ယူလာပေးခဲ့တာဖြစ်ပြီး ကျန်းရှို့ပို့ပေးသော မျှစ်ချဥ်နှင့် အသားဟင်းလျာတစ်ချို့လည်း ပါရှိသည်။ စားပွဲပေါ်တင်ပြီးနောက် ကြည့်ရုံဖြင့် ဗိုက်ဆာလာနိုင်သည်။ ထို့အပြင် ရနံ့ကလည်း နှာခေါင်းထဲစိမ့်ဝင်သွားခဲ့သည်။ ဆိုင်ရှင်ချီက ဗိုက်မဆာစေရန် နည်းနည်းစားလာခဲ့ပေမယ့် ယခုမူ ​အစောပိုင်းက စားသောက်ဆိုင်မှ အထူးတလည်ပြင်ပေး​သော အစားအစာထက် ဤရိုးရှင်းသော အစားအစာများက ပို၍ပင် အရသာရှိသည်ဟု ထင်မိသည်။