Chapter 23
Viewers 2k

Chapter 23


"အား”


ငါ့ခေါင်း၊ ငါ့ခေါင်း ကွဲတော့မယ် ထင်တယ်။ ဒါမှမဟုတ် ကွဲပြီးနေပြီလား မသိဘူး။


ယောလ်သည် မျက်လုံးများ မဖွင့်နိုင်ခင်ကပင် ခံစားလိုက်ရသည့် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကြောင့် နာကျင်မှုဖြင့် ညည်းညူလိုက်မိသည်။ ခါးသီးသော အရက်နာကျခြင်းနှင့်အတူ ဤနေရာသည် သက်ရှိလောကလား၊ သေဆုံးပြီး လူများရောက်သည့် တမလွန်လောကလား ဟုပင် မဝေခွဲနိုင်ပဲ စိတ်ရှုပ်ထွေးနေလေ၏။


သူသည် မျက်လုံးများကို အတင်းအကြပ် ဖွင့်ကြည့်လိုက်သည်။ မိုက်ကီရယ်၏ အခန်းထဲရှိ ခမ်းနားသော မျက်နှာကျက်သည် သူ့မျက်လုံးထဲသို့ ဝင်လာရောက်သည်။ အရက်နာကျခြင်းကြောင့် ထင်သည်။ ရောင်စုံမျက်နှာကျက် ပုံစံသည် မှော်မျက်လုံးတစ်လုံးကဲ့သို့ တဖျပ်ဖျပ် လှုပ်ယမ်းနေသည်။


"အွတ်စ်”


ကယ်ကြပါဦး ၊ ကယ်တော်မူကြပါဦး။


တစ်စုံတစ်ဦးကို အကူအညီတောင်းသော စကားလုံးများက ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာသည်။ ယောလ်သည် သူ့ ခေါင်းတစ်ဝိုက်တွင် နာကျင်နေကာ စိတ်နှင့်ကိုယ်မကပ်ဘဲနှင့် မနေ့က သူ့ကိုယ်သူ ခဏ ခဏ ပစ်ပေါက်နေမိခဲ့သည်ကို ကျိန်ဆဲလိုက်မိသည်။


"ငါ့လက်တွေ ဘာလို့ ဒီလောက်လေးနေရတာလဲ၊ ဒါက ဘာလဲဟ"


ကလစ်!


အရက်နာကျခြင်းကြောင့် ဖြစ်မည်ဟု ထင်လိုက်ပြီး ပုံမှန်ထက် လေးလံနေသည့် သူ့၏ ညာဘက်လက်မောင်းကို ခက်ခက်ခဲခဲ ဆွဲတင်လိုက်သည်။ သူ့လက်ဖျံသေးသေးလေးတွင် ရစ်ပတ်ထားသော သံကြိုးကို တွေ့လိုက်ရသောကြောင့် ယောလ်၏ မျက်လုံးလေးများမှာ ဝိုင်းစက်သွားခဲ့သည်။


ယောလ်မှာ ကြိုးတစ်လျှောက်သို့ အကြည့်ရွှေ့လိုက်စဉ် လှပသော ကုတင်၏ ခေါင်းရင်းတွင် ချည်နှောင်ထားသော သံကြိုးကို တွေ့လိုက်ရသည်။ ဘာတွေ ဖြစ်နေသည်ကို မသိသေးခင် ခဏမျှ တင်းကြပ်စွာ ချည်နှောင်ထားသော သံကြိုးများကို ကြောင်အ,၍ စိုက်ကြည့်နေမိ၏။


"ဘာ ဘာ ဒါက ဘာကြီးလဲ၊ မိုက်ကီရယ် မိုက်ကီရယ်ရေ!”


ခဏအကြာတွင် ယောလ်သည် သူ့၏ ညာဘက်လက်ကို ကုတင်တွင် တင်းကြပ်စွာ ချည်နှောင်ထားကြောင်း သဘောပေါက်သွားပြီး မိုက်ကီရယ်ကို အလျင်အမြန် အော်ခေါ်လိုက်တော့သည်။


မည်သည့်အရာများ ဖြစ်နေသည်ကို လုံးဝ မသိဘဲ ဤခက်ခဲသောအခြေအနေကို ဖြေရှင်းနိုင်မည့် တစ်ဦးတည်းသောသူမှာ ယခုအချိန်တွင် မိုက်ကီရယ် တစ်ဦးတည်းသာရှိသည်။ 


ထို့အတူ သူ့၏ ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ရှိ သံကြိုးများကို ဖြည်ရန် ကြိုးစားနေခဲ့သည်။ ယောလ်တွင် လက်ချောင်းများ ရှိနေလျှင်တောင် သံကြိုးကို ဖြည်နိုင်မည် မဟုတ်ပေ။ သို့သော် အာရုံပျံ့လွင့်နေသဖြင့် ထိုအကြောင်းကိုပင် ယောလ်တစ်ယောက် မတွေးနိုင်ခဲ့ချေ။


"မိုက်ကီရယ် ကယ်ပါဦး၊ မိုက်ကီရယ်လို့ ရား!"


သူ မိုက်ကီရယ်ကို အသည်းအသန် ရှာဖွေနေရင်းဖြင့် အော်ခေါ်လိုက်သည့်အခါ ရေချိုးခန်းတံခါးမှာ ပွင့်လာခဲ့သည်။ ယောလ်သည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း ယခုအကယ်ခံရပြီဟု ခံစားလိုက်ရကာ  မိုက်ကီရယ် ထွက်လာပြီး သူ့ကို ကယ်တင်ရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။


အချိန်အတော်ကြာပြီးနောက် မိုက်ကီရယ်သည် ခါးအောက်ပိုင်းတွင် ပုဝါ ပတ်လျက် ရေချိုးပြီးခါစ ပုံစံဖြင့် ပေါ်လာခဲ့သည်။ 


သူ၏ မည်းနက်သော ဆံပင်များသည် စိုစွတ်နေပြီး နက်နဲလှသော ချောက်ကဲ့သို့ မဲမှောင်နေ၏။ စိုစွတ်ပြီး ဖြူဖျော့သော အသားအရေသည် စကျင်ကျောက်ကဲ့သို့ တောက်ပနေသည်။


ယောလ်သည် မိုက်ကီရယ်၏ ကျယ်ပြန့်သော ရင်ဘတ်နှင့် ပခုံးများကို မြင်လိုက်သောအခါ မိမိ၏ အခြေအနေကိုပင် မေ့သွားပြီး မနာလိုစိတ်ဖြင့် မျက်လုံးအိမ်များကို ကျုံ့လိုက်မိသည်။ 


"မင်း နိုးနေပြီပဲ"  


မိုက်ကီရယ်သည် သူ၏ ဆံပင်များကို ဖြီးရင်း ပြောလိုက်၏။ အေးစက်သော အသံသည် ဓားတစ်ချောင်းကဲ့သို့ ထက်ရှနေသည်။ သူ၏ တောက်ပသော မျက်လုံးနီနီများမှာ သဘာဝအတိုင်း ကျနေသော လှိုင်းတွန့်ဆံပင်နက်များကြားမှ တောက်ပစွာ ထင်ပေါ်နေ၏။


ထိုအချိန်တွင် တစ်စုံတစ်ရာ ထူးဆန်းသည်ကို သတိထားမိလိုက်သော ယောလ်သည် သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ 


တွေးကြည့်လိုက်သောအခါ ဤသည်မှာ သူ၏ အခန်းပင် ဖြစ်သည်။ အနည်းဆုံးတော့ သူ ဘယ်သူလဲဆိုတာ လူအနည်းငယ်သာ သိသည်။ ထို့အပြင် သူ၏ နောက်ဆုံး မှတ်ဉာဏ်မှာ မနေ့က မိုက်ကီရယ်၏ အခန်းထဲတွင် အရက် သောက်ခဲ့ခြင်းပင် ဖြစ်သည်။


အခြေအနေအာလုံးကို ပေါင်းစပ်လိုက်သောအခါ သူ့ကို ချည်နှောင်ထားသူမှာ မိုက်ကီရယ် ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ 


ယောလ်တစ်ယောက် လန့်သွားပြီး သူ၏ ဘယ်ဘက်လက်ဖြင့် ပါးစပ်ကို ဖုံးအုပ်ထာလိုက်သည်။ ဤအရူးကောင်ကြီးသည် နောက်ဆုံးတော့ ရူးသွားပြီဟု သူ တွေးလိုက်မိသည်။


မိုက်ကီရယ်သည် မည်သည့်စကားမျှမဆိုဘဲ သူ့၏ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။  ခိုင်မာပြီး ကျယ်ပြန့်သော ရင်ဘတ်သည် အဖြူရောင် ရှပ်အင်္ကျီအောက်တွင် ဖြည်းညှင်းစွာ ဖုံးကွယ်သွားခဲ့သည်။


ယောလ်သည် မိုက်ကီရယ်အား တိတ်တဆိတ် ကြည့်နေခဲ့ပြီး တံတွေး မြိုချလိုက်သည်။ သူလုပ်မိသည့်အရာကို သဘောပေါက်သွားသောအခါ သူ ပြုလုပ်ခဲ့သော လုပ်ရပ်တိုင်းဟာ အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရသည်။


သူ မနက်ကမှ နိုးလာခြင်းကြောင့်လား သို့မဟုတ် အရမ်းသောက်ခဲ့၍လား မသိပေ မနေ့က ကိစ္စများ ပျောက်ကွယ်သွားသလို ခံစားရသည်။


မှန်ပေသည်။ မိုက်ကီရယ်ဟာ အရူးတစ်ယောက်ဖြစ်သည်။သို့သော် ကောင်းမွန်သောအခြေအနေဖြင့် ညစာစားနေသော ထိုသူသည် အကြောင်းပြချက်မရှိဘဲ သူ့ကို ချည်နှောင်လိမ့်မည် မဟုတ်ချေ။


ထို့နောက် သူ သောက်ခဲ့ပြီး တစ်စုံတစ်ခု လုပ်ခဲ့သည်။ ဘာဖြစ်ခဲ့သည်ကို လုံးဝ မသိဘဲ ယောလ်သည် သတိထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ 


ခဏတာ တွန့်ဆုတ်ပြီးနောက် ယောလ်သည် ပါးစပ်ဖွင့်ရန် သတ္တိ‌မွေးလိုက်သည်။ သို့သော် ပြန်ရလာသော အဖြေဟာ သူ မမျှော်လင့်ထားခဲ့သောအ‌ဖြေ ဖြစ်နေသည်။


"ကျွန်တော်၊ မိုက်ကီရယ် ခင်ဗျားကို တစ်ခုလောက် မေးလို့ရလား"


"ငါ အရင်မေးမယ်"


သူသည် ယောလ်ကိုပင် မကြည့်ဘဲ အဝတ်အစား လဲလိုက်သည်။ ယောလ်သည် သူ၏ မျက်လုံးကြီးများဖြင့် အေးစက်စက် အသံအား ထိတ်လန့်စွာ မှိတ်တုတ်မှိတ်တုတ် ကြည့်လိုက်၏။ 


"ဘာ-ဘာ သိချင်လို့လဲ ဟင်"


"အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်(Gwanggong) ဆိုတာ ဘာကို ပြောတာလဲ”


ဟစ်!


ယောလ်သည် မိုက်ကီရယ်၏ စကားများကြောင့် အသက်ပြင်းစွာ ရှူရှိုက်လိုက်သည်။ ထိုစကားလုံးသည် သူ၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ခဲ့ပေ။


မပြောသင့်သော စကားလုံးဖြစ်သည်။ ထိုစကားမှာ အစွဲအလမ်းကြီးသောအထက်ပုဂ္ဂိုလ် ဟူသော စကားလုံးပင် ဖြစ်သည်။


ထိုသူသည် အဘယ့ကြောင့် ရုတ်တရက် ထိုသို့ မေးသည်ကို အတိအကျ နားမလည်နိုင်ခဲ့ပေ။ သို့သော် ချည်နှောင်ခံထားရသည့် သူ့ကိုယ်သူ မြင်လိုက်သောအခါ အခြေအနေကို ယောလ် အကြမ်းဖျင်း သဘောပေါက်လိုက်သည်။ မနေ့က ယောလ်၏ အရူးဘက်အခြမ်းသည် အရက်သောက်ရင်းဖြင့် မပြောသင့်သော အကြောင်းအရာများကို ပြောဆိုခဲ့ပုံရ၏။


"ပြောနေတာ မကြားရဘူးလား"


ဂလု!


တံတွေးတစ်ချက်မြိုချလိုက်ရင်း သူ့၏ ခြောက်သွေ့သောလည်ချောင်းငယ်လေး တစ်လျှောက်သို့ စီးဆင်းသွာစေးခဲ့သည်။ 


"ငါ မေးနေတာက အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်ဆိုတာ ဘာလဲလို့"


"......."


"ဖြေ‌လေ  ယူရီ"


မိုက်ကီရယ်၏ မျက်လုံးနီနီများက ယောလ်ကို စိုက်ကြည့်နေသည်။ ယောလ်သည် မီးရှူးမီးပန်းများကဲ့သို့ တောက်ပနေသော သူ၏ မျက်လုံးများရှေ့တွင် အေးခဲသွားခဲ့သည်။ 


ဘာပြောရမလဲ ၊ ဘယ်လို ဖြေရမလဲ သူ မသိတော့။ 


ယောလ်၏ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်သွားခဲ့သည်။


"ငါက စိတ်သိပ်ရှည်တဲ့သူ မဟုတ်ဘူးနော် နောက်ဆုံးတစ်ကြိမ် ပြောမယ်၊ အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်ဆိုတာ ဘာလဲ ပြော"


အ့ သွားပါပြီကွာ သေတာပဲ၊  တကယ်သေတာပဲ ၊ ဒုက္ခတော့ရောက်ပါပြီ ၊ တခြားဘာတွေ ဖြစ်သွား..လာမပြောနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးသွားပြီပဲ။


ယောလ်၏ သေးငယ်သော ဝါဂွမ်းလုံးခေါင်းလေးထဲတွင် စိတ်ပျက်အားငယ်မှုသာ ပြည့်နှက်နေသည်။ သို့သော် ယောလ်သည် ထိုအရူးကောင်မှာ နောက်ထပ် ဘာတွေလုပ်မည်ကို မသိသောကြောင့် စိုးရိမ်စိတ်ဖြင့် မှတ်မိသမျှ ထစ်ထစ်အအ ပြောလာခဲ့သည်။


"အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ်ဆိုတာက အရူးကုန်းလေ"


အများကြီး ပြောမိမှာ ကြောက်ရွံ့သဖြင့် ယောလ်သည် အစွဲအလမ်းကြီးသော အထက်ပုဂ္ဂိုလ်ဆိုတာ ကို တိုက်ရိုက် ဘာသာပြန်ပြလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူ ဘာလဲဟု မေးမြန်းခြင်းမှာ ပြဿနာ မရှိပေ။ တကယ့် မေးခွန်းမှာ မည်သည့် အကြောင်းအရာနှင့် ပတ်သက်၍ အစွဲအလမ်းကြီးသော အထက်ပုဂ္ဂိုလ်ဆိုတာ ဆိုသည်မှာ ဘာလဲဟု သူ မေးခဲ့ခြင်းပင် ဖြစ်သည်။


မိုက်ကီရယ်က အစွဲအလမ်းကြီးသော အထက်ပုဂ္ဂိုလ်ဆိုတဆိုသည်မှာ ဘာလဲဟု အေးစက်စွာ မေးနေရသည်အထိ သူ ဘာတွေလုပ်မိခဲ့သနည်း။ ယောလ်သည် စိတ်ထဲသို့ မပေါ်လာသော မှတ်ဉာဏ်များကို တစ်နည်းနည်းဖြင့် ရှာဖွေရန် ရုန်းကန်နေခဲ့သည်။ မကြာမီပင် မှတ်မိတော့မည့်အတိုင်း ဝိုးတဝါး ပုံရိပ်တစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။


"အရူးကုန်း ဟုတ်ပြီ၊ ဒါဆို နောက်ထပ် မေးခွန်းတစ်ခုကို ဆက်သွားရအောင်"


"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပြောပါ "


ယောလ်သည် စကားလုံးများကို ကြက်သီးထ ခြင်းနှင့်အတူ ဂရုတစိုက် နားထောင်ခဲ့သည်။ သူ၏ ရင်ဘတ်မှာ တင်းကြပ်လာပြီး အသက်ရှူရ ခက်ခဲလာသည်။ 


"အခု ဒီလို ချည်နှောင်ခံထားရတာဆိုတော့ ဘယ်လို လွတ်အောင် လုပ်မှာလဲ"


အေးစက်သော မေးခွန်းကြောင့် မနေ့က မှတ်ဉာဏ်များမှာ ယောလ်၏ ဦးခေါင်းငယ်လေးထဲသို့ ရေလှိုင်းပမာ တိုးဝင်လာခဲ့သည်။


*

*


"အခု သောက်တာ ရပ်တော့"


"ဘယ်လိုလုပ် ရပ်ရမှာလဲ နောက်ထပ် သောက်ဦးမယ်၊ နောက်ထပ်"


မိုက်ကီရယ်၏ စကားများကြောင့် ယောလ်သည် သူ၏ မျက်လုံးတစ်ဝက်ကို ပြတ်သားစွာ ဖွင့်လိုက်သည်။ အမြင်အာရုံက ဝေဝါးနေပြီး မျက်လုံးများဟာ အဓိပ္ပာယ်မရှိသော အရုပ်မျက်လုံးများ ဖြစ်နေသဖြင့် ခြိမ်းခြောက်မှုတော့ ရှိမနေခဲ့ပေ။


မိုက်ကီရယ်သည် စကားသံ ပိစိလေးများကို ကြားလိုက်ရစဉ် ရယ်မောလိုက်သည်။ ဝိုင်တစ်ငုံ၊ နှစ်ငုံ သောက်ပြီးနောက် သူလည်း မူးနေပြီဟု ထင်လိုက်သည်။


သူသည် အဓိပ္ပာယ်မဲ့သော အရုပ်ကလေး တောင်းဆိုသည်ကို လိုက်လျောမိသည့်အတွက် အပြစ်ပင် ဖြစ်လိမ့်သည်။ ထိုအရုပ်လေးအရက်မူးလျှင် မည်သည့်အရာမျှဖြစ်မှာ မဟုတ်ဘူးဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ထို မောက်မာသော စကားလုံးများနှင့် လုပ်ရပ်များကို သည်းခံရမည်ဟု တွေးလိုက်သောအခါ၌ သူသည် ယောလ်အား နောက်တစ်ကြိမ် အရက်မသောက်ရန် ပြောဖို့ စဉ်းစားနေခဲ့သည်။


"ကီရယ်-အာ ကီရယ်-အာ၊ ခင်ဗျား ပေးတဲ့ အရက်ကလည်း နည်းနည်းလေးပဲလား"


မိုက်ကီရယ်၏ မျက်လုံးများဟာ ကျဉ်းမြောင်းသွားခဲ့သည်။ ယောလ်သည် သူ၏ လက်သေးသေးလေးကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ ဘယ်လောက်ပဲ မူးနေပါစေ ‘ကီရယ်-အာ ကီရယ်-အာ' ဟု ခေါ်နေသည်ကို သည်းခံရမည်ဟု သူ တွေးလိုက်မိသည်။


ထိုအချိန် အတွင်းပင် ယောလ်သည် ထူးဆန်းသော စကားလုံးများ ပြောဆိုရန် သူ၏ လျှာကို လှုပ်ရှားလာခဲ့သည်။


 "ကျွတ်စ်၊ ဘာလို့ ခင်ဗျားလို အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ် က ဒီလောက်တောင် ကပ်စေးနည်းနေရတာလဲ  ဟမ်"


"အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ် ဟုတ်လား ၊ အဲဒါ ဘာလဲ”


ထိုစကားများအား သူ ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ ခေါင်းကို စောင်းလိုက်သည်။ သို့သော် ယောလ်သည် မိုက်ကီရယ်၏ မေးခွန်းကို ဖြေဆိုရန် ရည်ရွယ်ချက်ရှိပုံ မရပေ။ အဘယ်ကြောင့်ဆိုသော် နားမလည်နိုင်သော စကားလုံးများကို စတင် စီတန်းပြောဆိုလာသောကြောင့်ပင် ဖြစ်သည်။


"ကီရယ်-အာ ခင်ဗျား သိလား၊ အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ် အကြောင်း ပြောရရင်ပေါ့ ခင်ဗျား စားစရာကို ဒီလိုလုပ်လို့ မရဘူးလေ ဒါက အစွဲအလမ်းကြီးတဲ့ အထက်ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ အရည်အချင်း လုံးဝ မပြည့်မှီတာပဲ ၊ ခင်ဗျား လုပ်လို့ မရဘူး  လုပ်လို့ မရဘူး ကျွန်တော် ဒါကို ပြောဖို့ ရောက်လာတာ၊ ဒါပေမဲ့ ကျန်တာ အားလုံးကိုတော့ ကျွန်တော် သည်းခံနိုင်တယ် ဟုတ်ပြီလား၊ ကောင်းပြီ လယ်ဗီကို ချည်နှောင်တာ ဒါမှမဟုတ် ရိုက်နှက်တာ၊ မုန်လာဥနီ ထိုးထည့်… မင်း ဘာလို့ မုန်လာဥနီတွေကို ဒီလိုလုပ်ရတာလဲ၊ မုန်လာဥနီတွေမှာ ဘာအပြစ်ရှိလို့လဲ ၊ ခရမ်းသီး ထည့်တာ ပိုမကောင်းဘူးလား ခရမ်းသီးက အရသာမရှိဘူးလေ၊ အဲတော့ ထားပါတော့ မုန်လာဥနီကိတ်တွေက အရသာရှိတယ်လို့"


ယောလ် ပြောလိုက်သည်မှာ အဓိပ္ပာယ်မရှိသော စကားများ ဖြစ်သည်။


သူ လယ်ဗီကို စော်ကာတယ် ဆိုတာက ဘာကိုဆိုလိုတာလဲ။


မိုက်ကီရယ်သည် လယ်ဗီကို သိပ်ပြီး သဘောကျခဲ့ခြင်း မရှိခဲ့‌ချေ။ သို့သော် လယ်ဗီ၏ အလုပ် လုပ်ခြင်းအပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက် ရှိခဲ့သည်။ ထို့ကြောင့် သူ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့လျှင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု မြင်နိုင်သည်။ သို့သော် ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့သည်ဟူ၍ တစ်ခါမျှ မရှိခဲ့ပေ။


ထို့ကြောင့် ယောလ် ပြောခဲ့သည့်အတိုင်း လယ်ဗီကို စော်ကားရန် လုံးဝ မလိုအပ်ချေ။ သို့သော် ယောလ်သည် ဖြစ်ပျက်ပြီးသားကဲ့သို့ပင် ပုံမှန်အတိုင်း ပြောနေခဲ့သည်။


"ငါက လယ်ဗီကို အဲလို လုပ်ခဲ့တာလား"


သူ အရက်မူးပြီး ဂမူးရှူးထူး ပြောနေသော်လည်း ထူးဆန်းသည်ဟု ခံစားရသည့် မိုက်ကီရယ်က တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။


"ဟူး၊ ဘာမှ မပြောနဲ့တော့၊ ဖတ်နေရင်း အအန်လွန်ပြီး သေတော့မယ်လို ထင်ခဲ့တာ အွတ်၊ အခုထိ အန်ချင်နေတုန်းပဲ မဟုတ်ဘူး ဒါက အရက်ကြောင့်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားကြောင့်ပဲ ကီရယ်၊ ခင်ဗျား ဒီလိုဘဝနဲ့ အသက်ရှင်လို့ မရဘူး"


ဖတ်တယ် ဟုတ်လား။ သူ ဘာကို ဆိုလိုတာလဲ။ 


ထိုစကားသည် အရက်ကြောင့် ပြောသည်ဟု ရိုးရှင်းစွာ လျစ်လျှူရှုရန် ခက်ခဲလွန်းသည့် စကားလုံးပင် ဖြစ်သည်။


မိုက်ကီရယ်သည် ယောလ်ပြောသော စကားလုံးများ၏ အဓိပ္ပာယ်ကို တွေးတောနေစဉ် ယောလ်က ရုတ်တရက် ထရပ်လိုက်သည်။ 


"ကျစ်၊ ကျစ်၊ ကျစ်၊ ဒီလို လုပ်နေလို့ မဖြစ်တော့ဘူး ငါတို့ ကီရယ် အရူးမဖြစ်ခင် ပြေးမှရမယ် ၊ သူ နိုးလာရင် မီးတောက်တွေ ထွက်လာတော့မှာ"


"မင်း ထွက်ပြေးတော့မလို့လား"


"ရား၊ ဒါနဲ့ ကီရယ်-အာ ခင်ဗျားရဲ့ လက်စွပ်လေး ပေးလို့ရမလား"


ယောလ်သည် မူးယစ်နေသော လေထဲတွင် မိုက်ကီရယ်၏ အေးစက်သော အမူအရာကို မသိဘဲနှင့် ဆိုးသွမ်းစွာ ပြုံးလိုက်တော့သည်။