Chapter 8
Viewers 2k

Chapter 8


ယောလ်တစ်ယောက် ဗိုက်ဆာခြင်းကို ဖြည့်ရန်အတွက် စားပွဲဝိုင်းအပေါ်တွင် တစ်ယောက်တည်း ဟိုပြေးဒီပြေးနှင့် အလုပ်ရှုပ်နေခဲ့သည်။ သူသည် အလွန်ပင် ဗိုက်ဆာနေသောကြောင့် ဤနေရာသည် စွဲလမ်းစိတ်ရှိသူတစ်ဦး၏ နေရာဖြစ်ကြောင်းနှင့် ထိုသူ၏ အစားအစာများကို စားနေမိသည်ကိုပင် သတိမရတော့ချေ။

 

ဘာတွေဖြစ်လာမည်ကို မသိဘဲ အစားအသောက်ပေါ်သာ အာရုံစိုက်နေသော ယောလ်သည် မြေအောက်ကမ္ဘာမှ Hades ၏ သလဲသီးကို စားမိသော Persephone ကဲ့သို့ပင်ဖြစ်သည်။


( N- Persephone (ပါးစဖုန်း) ဆိုတာ နွေဦးရာသီရဲ့ မြေဆီလွှာနတ်ဘုရားမ။ Hades (ဟေဒီးစ်) က မြေအောက်လောက က ဝိညာဥ်‌တွေကို ထိန်းချုပ်တဲ့ နတ်ဘုရား။ မြေဆီလွှာ နတ်ဘုရားမကို အလိုမတူပဲ သိမ်းပိုက်ထားလို့ နွေဦးရာသီမှာပဲ အဲနတ်ဘုရားမက ကမ္ဘာမြေပေါ်ကို ပြန်လာနိုင်တာ။ သူလာရင် သီးနှံ‌တွေဖြစ်ထွန်းတယ်တဲ့)

 

သူသည် ယနေ့မစားရပါက သေမည်အတိုင်းပင် စပျစ်သီးနှစ်လုံးကို စားခဲ့ပြီး လက်ညှိုးအရွယ် ပေါင်မုန့်တစ်လုံးကိုလည်း စားခဲ့သေးသည်။ 

 

ထို့မျှမကသေး အတုံးလိုက်လှီးထားသော မကျက်တကျက် ချက်ပြုတ်ထားသည့် အသားကင်တစ်ဖဲ့ကိုလည်း စားခဲ့သည်။

 

"အား၊ နောက်ဆုံးတော့ အသက်ရှင်နိုင်ခဲ့ပြီ" 

 

နောက်ဆုံးတွင် သံပရာရည်ကို သောက်ပြီးနောက် ယောလ်လေးသည် ပန်းကန်လုံးကြီးတစ်လုံးထဲတွင် လဲလျောင်းနေလိုက်သည်။

 

သူသည် အဝတ်စများ၊ ဝါဂွမ်းလုံးများဖြင့် ပြုလုပ်ထားသောကြောင့် အစားအစာများကို စားပြီး မည်သို့ ချေဖျက်နိုင်ခဲ့ပါလိမ့်ဟု သူ့ကိုယ်သူ သံသယဝင်မိသော်လည်း မည်သို့ပင်ဖြစ်စေ သူ့ပါးစပ်ထဲသို့ ရောက်ရှိသွားကာ ဗိုက်ပြည့် သွားသည်ကို ခံစားမိ၏။

 

ယောလ်တစ်ယောက် ဝါဂွမ်းများဖြင့် ပြည့်နေသော သူ၏ ဗိုက်ပူပူလေးကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးပြလိုက်သည်။

 

"မင်း တစ်ချိန်လုံး ဗိုက်ဆာနေတာလား" 

 

မိုက်ကီရယ် အသံကို ကြားရသောအခါ သူ မော့ကြည့်မိ၏။ မိုက်ကီရယ်၏ မျက်လုံးနီနီများမှာ သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး သူသည်  သူဖုန်းစားတစ်ယောက်ကဲ့သို့ အစာကို အငမ်းမရ စားနေသည်ကို မြင်သွားသည်ဟု တွေးမိကာ အနည်းငယ် ရှက်ရွံ့မိသွားလေသည်။

 

"အင်း ဟုတ်တယ်လေ၊ ဘာမှ မစားရသေးတာကို" 

 

ယောလ်လေးသည် ရှက်ရွံ့နေသော်လည်း ပြန်ဖြေ၍ မော့ကြည့်လိုက်သည်။

 

ယခင်က သူသည် အလွန်ဆာလောင်နေသောကြောင့် အစားအသောက်ကိုသာ အာရုံစိုက်နေခဲ့သော်လည်း စားသောက်ပြီးသည့်အခါ မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ငိုင်နေမိသည်။

 

သူလုပ်စရာ ဘာမှမရှိသည်မှာ သေချာသည်။ မိုက်ကီရယ်လည်း သူ့ကို အလုပ်ပေးမည့်ပုံ မပေါ်ပေ။


ဟုတ်တာပေါ့၊ ဟုတ်တာပေါ့လေ၊ ဒီလို အရုပ် သေးသေးလေးကို သူဘယ်နေရာမှာ သုံးလို့ရမှာလဲ။

 

ဤအချက်အထိ တွေးတောနေခဲ့သော ယောလ်လေးသည် မိုက်ကီရယ်၏ မျက်နှာကို သေချာစွာ စူးစမ်းရင်း သူ့ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

 

"ဒါနဲ့လေ ခင်ဗျား တကယ် ကျွန်တော့်ကို လွှတ်မပေးတော့ဘူးလားဟင်"

 

"နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်၊ငါ့လက်ထဲရောက်လာတဲ့ အရာမှန်သမျှ ဘယ်အရာမှ ပြန်မပေးချင်ဘူး၊ အဲဒါကြောင့် အဲစကားကိုပဲ ထပ်ခါတလဲလဲ မပြောခိုင်းနဲ့တော့"

 

"သိပါပြီ”

 

နောက်ဆုံးတွင် မိုက်ကီရယ်၏ စကားများသည် စွဲလမ်းစိတ်ရှိသော လူတစ်ဦး၏  ပိုင်ဆိုင်လိုစိတ်ကို ထင်ဟပ်နေလေသည်။ မိုက်ကီရယ်၏ တည်ငြိမ်သောအသံကို တုံ့ပြန်သည့်အနေဖြင့် ယောလ်လေးသည် သူ့ခေါင်းကြီးကို ငြိမ့်ပြကာ အလျင်အမြန် တုံ့ပြန်လိုက်၏။

 

သူသည် ရွေးချယ်ခွင့်ပင် မပေးသော လူတစ်ယောက်နှင့် တူနေ၏။ ဟုတ်ပါတယ်လေ။ အဲဒါကြောင့်ပဲ သူ့စရိုက်က စိတ်မမှန်တဲ့ လူတစ်ယောက်ဖြစ်နေတာကို။ သေစမ်း!

 

ယောလ်တစ်ယောက် သူ့နှလုံးသားထဲမှနေ၍ တီးတိုးညည်းလိုက်ကာ နှုတ်ခမ်းဆူလိုက်သည်။ သူ့နှုတ်ခမ်းသေးသေးလေးများမှာ အရှေ့သို့ ဆူထွက်လာ၏။ အရေးမပါသော အသွင်အပြင်ကို ဘာမျှ မသိသော ယောလ်လေးသည် သူ့ခေါင်းကို မျက်နှာကျက်ဘက်သို့ လျင်မြန်စွာ လှည့်လိုက်ပြီး မိုက်ကီရယ်အား ဆန္ဒပြသည့်အလား လက်ပိစိလေးများကို ပိုက်ထားလိုက်သည်။

 

ဟုတ်ပါသည်။ သူ့လက်တိုတိုလေးများဖြင့် လက်ပိုက်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။ သူသည် လက်များကို တစ်ခုပေါ်တစ်ခု ထပ်တင်ထားသည် ဆိုရုံမျှသာ တတ်နိုင်ပေသည်။

 

"အာ...ဟုတ်သားပဲ"

 

'ဟုတ်သားပဲ' ဆိုတာ ဘာ 'ဟုတ်သားပဲ' လဲ၊ အခုဘာတွေပြောနေတာလဲ။

 

မိုက်ကီရယ်၏ ခပ်တိုးတိုးစကားသံကြောင့် ယောလ်တစ်ယောက် ကျယ်လောင်စွာ မပြောနိုင်ဘဲ သူ့စိတ်ထဲတွင်သာ တီးတိုးရေရွတ်နေမိသည်။ ယောလ်လေးသည် သူ့ကိုယ်သူ မရေမရာ ပြောဆိုနေသည်ကိုပင် မေ့လျော့သွားကာ မိုက်ကီရယ်သည် အရူးတစ်ယောက်ကဲ့သို့ စကားပြောသည့် ပါရမီရှင်တစ်ဦးဟု တွေးမိနေသည်ပင်။

 

"ဆီလက်ဖ်ကပြောတယ်၊ မင်း လက်စွပ်ဝတ်ထားတယ်တဲ့"

 

အို..


ယောလ်၏ ကျောပြင်သေးသေးလေးမှာ ကြက်သီးမွေးညင်းများ ထလာ၏။ ကြောက်လန့်သွားသော ယောလ်လေးသည် သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ မျက်လုံးတစ်လုံး အရွယ်ရှိသော စိန်လက်စွပ် ဝတ်ဆင်ထားသော လက်ကို မိုက်ကီရယ်အား ကြည့်ခိုင်းသည့်အလား ဂုဏ်ယူစွာ လက်ပိုက်ထားသည်ကို မြင်လိုက်ရသည်။

 

တံတွေးမျိုချလိုက်ပြီး သူသည် သူ့လက်များကို ဖြည်းညှင်းစွာ ဖြေချကာ လက်စွပ်ဝတ်ထားသော လက်ကို သူ့နောက်ကျောတွင် ဖွက်ထားလိုက်၏။

 

"လယ်ဗီ"

 

"ဟုတ်ကဲ့"

 

"ဧကရာဇ်ဥပဒေအရ ခိုးမှုအတွက် ပြစ်ဒဏ်တွေက ဘာတွေလဲ"

 

"ငွေပမာဏနဲ့ ပြစ်မှုအကြိမ်ရေပေါ်မူတည်ပြီး ကွဲပြားပေမဲ့ အခြေခံအားဖြင့်တော့ ကြိမ်ဒဏ်နဲ့ အုပ်ချုပ်တာပါ၊ ပြစ်ဒဏ်က အချက် ၃၀ ကနေ စပြီး ၁၀၀ အထိ ဆက်တိုက်ရှိနိုင်ပါတယ်၊ ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်သူတွေတောင် ခိုးယူတဲ့ပမာဏများရင် လက်ကောက်ဝတ်ဖြတ်တာမျိုး ပြစ်ဒဏ်တွေ ထပ်ပေါင်းထည့်နိုင်ပါတယ်" 


ဟူ၍ လယ်ဗီက ရှင်းပြလေသည်။

 

လယ်ဗီ၏ ကြင်နာပြီး စိတ်ရှည်စွာ ရှင်းပြချက်ကို ကြားရသောအခါ ယောလ်၏ ပဲစေ့တစ်စေ့အရွယ် နှလုံးသားလေးမှာ ခဲသွားသကဲ့သို့ ခံစားရသည်။ သူ့လက်ပေါ်တွင် ဝတ်ထားသော စိန်လက်စွပ်သည် လက်ထိပ်နှင့် တူနေပြီး သူ့ကိုယ်သူ ထိုကဲ့သို့ ဆွဲခေါ်ကာ ကြိမ်ဒဏ်ပေးခံရမည့် ပုံရိပ်သည် သူ့စိတ်ထဲတွင် ပေါ်လာလေသည်။

 

"လယ်ဗီ၊ မြို့စား ဝေလ်ဆန် ပို့လိုက်တဲ့ စိန်လက်စွပ်က ဘယ်လောက်လဲ"

 

"အိမ်တော်ထိန်းပြောတာကတော့ ၃၅၀,၀၀၀ ဘာ့ဂ်ပါ"

 

"ဪ... အဲလိုကိုး"

 

ယောလ်တစ်ယောက် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ လက်စွပ်ဝတ်ထားသော လက်သည် သူ့နောက်ကျောတွင် ကွယ်ဝှက်ထားခံရဆဲပင်။

 

ယောလ်လေးသည် သူ့မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မိုက်ကီရယ်နှင့် လယ်ဗီတို့ကို တစ်လှည့်စီ ကြည့်လိုက်လေ၏။

 

ယောလ်လေးသည် "ဘာ့ဂ်" ၏ ယူနစ်တန်ဖိုးကို မသိသော်လည်း မြို့စား၏ မိသားစုမှ ပေးထားသော စိန်လက်စွပ်ဖြစ်သည့်အတွက် တန်ဖိုးနည်းသော ပစ္စည်းမဟုတ်သည်ကို သိရှိနေ၏။ ထိုကဲ့သို့သော အရာမျိုးကို ခိုးယူရန် ကြိုးစားခဲ့မိသည့်အတွက် ပြစ်ဒဏ်မှာလည်း သာမန်ဖြစ်မည် မဟုတ်ပေ။ အစားကောင်းတွေ စားခဲ့ပြီးနောက် ယခုမှ အစာမကြေဖြစ်သလို ခံစားနေရသည်။

 

"ဒါဆို လယ်ဗီ၊ ဘာ့ဂ် ၃၅၀,၀၀၀ ခိုးတဲ့ သူခိုးတစ်ယောက်ရှိတယ်လို့ ယူဆပါစို့၊ အဲသူခိုး ဘယ်လောက်အထိ အပြစ်ပေးခံရမလဲ" 

"ဒီလောက်များတဲ့ ပိုက်ဆံကို သူ ခိုးနိုင်မှာ မဟုတ်ပါဘူး" 

 

"ခိုးနိုင်တယ်ပဲ ထားပါတော့"

 

ယောလ်လေးသည် ခိုးယူ၍ပင် မရနိုင်သော ပမာဏဖြစ်ကြောင်း ကြားသိလိုက်ရသည့်အတွက် တကယ်ကို စိတ်ပျက်အားငယ်သွားလေသည်။ သူ့မျက်လုံးများသည် သူ အရုပ်တစ်ရုပ် ပိုင်ဆိုင်ထားကြောင်း သတိပြုမိသည့်အချိန်ကထက်ပင် ပိုမို မဲမှောင်သွားရလေသည်။

 

အနည်းဆုံးတော့ ယခင်က သူ့ကို ချက်ချင်းကြီး တစ်ခုခု ဖြစ်လာတော့မည်ဟု စိုးရိမ်ပူပန်ခြင်းမျိုး မခံစားခဲ့ရသေးပေ။ သို့သော် ယခုမူ သူသည် ကြိမ်ဒဏ်ပေးခံရရုံသာမက သူ့လက်များကိုပါ ဆုံးရှုံးရတော့မည်ဖြစ်၍ ပူပန်နေမိသည်။

 

"အင်း သေချာတာကတော့ ကြိမ်ဒဏ်အချက် ၁၀၀ တော့ ရှိမှာပေါ့၊ ပြီးတော့ သူ့လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်တွေကို ဖြတ်၊ ပြီးတော့ သူ့လည်ပင်းကိုရော ဖြတ်မှာမဟုတ်ဘူးလား၊ အိုး..မဟုတ်ဘူး အဲပမာဏနဲ့ဆို ခေါင်းဖြတ်တာ ဒါမှမဟုတ် ဖြေလျှော့ပေးပြီးနောက် မီးရှို့သတ်တာမျိုး ဖြစ်နိုင်တယ်၊ ဟုတ်တာပေါ့ ဒါက သူ့လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်တွေကို ဖြတ်ပြီးနောက်ပိုင်းပေါ့"

 

"ဟင့်"

 

လယ်ဗီ၏ စကားများကြောင့် ယောလ်တစ်ယောက် သူ့ဆန္ဒမပါဘဲ အော်ဟစ်ငိုယိုလိုက်သည်။

 

သူ့စကားကို နားထောင်ရင်း သူ့အတွက် ကြောက်မက်ဖွယ်ကောင်းသော အနာဂတ်တစ်ခု သူ့ဘာသာ ပေါ်လာတော့သည်။

 

သူ မသိခဲ့ပေ။ သို့သော် အကြိမ် ၁၀၀ ရိုက်နှက်ခံရပါက သူ့နောက်ကျောသည် စုတ်ပြဲသွားလိမ့်မည်မှာ သေချာ၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ့လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များကို ဖြတ်တောက်ခံရပြီး နောက်ဆုံးတွင် မီးပုံရှို့ခံရမည်ကို တွေးမိသည်နှင့်…

 

စိတ်ကူးယဉ်ရန်ပင် ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်တစ်ခုဖြစ်သည်။ လူတစ်ဦးကို သတ်ရန် အနာကျင်ဆုံးနည်းလမ်းမှာ မီးရှို့ခြင်းဖြစ်သည်ဟု ဆိုကြပြီး ထိုအရာသည် သူ့အပေါ် ဖြစ်လာတော့မည်ဖြစ်၍ ထိတ်လန့်နေမိသည်။

 

ယောလ်လေးသည် ငိုမဲ့မဲ့ မျက်နှာလေးဖြင့် မိုက်ကီရယ်အား မော့ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောချင်သော်လည်း မည်သို့ပြောရမည်ကို မသိတော့ဘဲ သူ့နှုတ်ခမ်းသေးသေးလေးများမှာ အကြိမ်ကြိမ် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေတော့သည်။

 

မိုက်ကီရယ်သည် ရူးသွပ်နေသကဲ့သို့ အသံမထွက်ည့် အရုပ်ကို စွပ်စွဲကာ တရားရုံးသို့ ခေါ်ဆောင်သွားနိုင်မည့် နည်းလမ်းမရှိခဲ့ပေ။ သို့သော် အပြစ်ရှိသော ယောလ်လေးသည် ထိုအကြောင်းကို မတွေးဘဲ သူ့အတွက် မှောင်မိုက်သော အနာဂတ်ကိုသာ စိတ်ကူးနေခဲ့သည်။

 

ဒါကြောင့် လူတွေ... မဟုတ်ဘူး၊ အရုပ်တွေက ကောင်းမွန်တဲ့ ဘဝကို ရှင်သန်သင့်တယ်။

 

"ဒါပေါ့၊ ယူရီ"

 

"ဟင့်... တောင်းပန်ပါတယ်! တောင်းပန်ပါတယ်! ကျွန်တော့်ကို သနားပါဦး!"

 

မိုက်ကီရယ် စကားပြောပြီးသည်နှင့် ယောလ်တစ်ယောက် သူ့ခြေထောက်တိုတိုလေးများပေါ် ဒူးထောက်ထိုင်ချကာ ငိုယိုလိုက်သည်။ သူသည် သူ့ခေါင်းအကြီးကြီးကို စားပွဲပေါ်တင်ကာ လက်များကို ပွတ်သပ်နေသည်။

 

"ဒီမှာ လက်စွပ် ပြန်ပေးပါ့မယ်၊ ကျွန်တော့်ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဟင့်...ဟင့်..."

 

ယောလ်လေးသည် လက်စွပ်ကို အလျင်အမြန် ဆွဲထုတ်ကာ ကမ်းပေးလိုက်သည်။ သူ၏ တုန်ယင်နေသော လက်ပေါ်ရှိ စိန်လက်စွပ်ပင် တုန်ယင်နေသည်။ စားပြီးခါစကမှ ခြောက်သွေ့သွားသော သူ့မျက်လုံးတစ်ဝိုက်ရှိ အဝတ်စသည် မျက်ရည်များဖြင့် ပြန်လည် စိုစွတ်လာပြန်သည်။

 

မိုက်ကီရယ်၏ စရိုက်သည် သွေးသားမရှိ၊ မျက်ရည်မရှိသောသူဖြစ်သောကြောင့် သူ့ကို ချက်ချင်းပင် မညှာတာဘဲ တရားရုံးသို့ ပို့လိုက်မည်ဖြစ်သည်။ ယောလ်လေးမှာ ထောင်ထဲသို့ ဆွဲခေါ်ခံရပြီးသား လူတစ်ဦးပမာ ကြောက်ရွံ့စွာ ငိုယိုနေမိသည်။

 

"ဟင့်... ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါဦး၊ ဟင့်...ဟင့်...ဟင့်... အခုကစပြီး ကျွန်တော် ကောင်းကောင်းမွန်မွန် နေပါ့မယ်၊ ဟင့်... တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ၊ တစ်ကြိမ်လောက် ခွင့်လွှတ်ပေးရင် ကျွန်တော် တကယ်..."

 

"ဒါကို ငါ လျစ်လျူရှုမယ်လို့ ပြောရင် မင်း ငါပြောတဲ့အတိုင်း လုပ်မှာလား”

 

မိုက်ကီရယ်၏ စကားကြောင့် ယောလ်တစ်ယောက် တုန်ယင်နေသော ခေါင်းကို မော့လိုက်သည်။ မျက်ရည်စွန်းထင်းနေသော သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။ 


ကျားတစ်ကောင်သည် သူ့နောက်မှ လိုက်နေစဉ် ကောင်းကင်ပေါ်မှ ကြိုးတစ်ချောင်း ဆင်းလာသကဲ့သို့ သူ ခံစားလိုက်ရသည်။

ယောလ်လေးသည် သူ့ခေါင်းကို အကြိမ်များစွာ လျင်လျင်မြန်မြန် ငြိမ့်ပြလိုက်သည်။ လက်သီးအရွယ် ခေါင်းလေးသည် အကြိမ်များစွာ လှုပ်ရှားနေသည်။

 

"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဘာမဆို လုပ်ပါ့မယ်!"

 

သူ့ကိုယ်လက်အင်္ဂါတွေ ပြတ်ထွက်မသွားအောင် ဘာမဆို လုပ်ရမှာပဲ။

 

ယောလ်လေးသည် မစဉ်းစားတော့ဘဲ ဖြေလိုက်သည်။ သူ့ပြိုင်ဘက်သည် အရူးမိုက်ကီရယ်မှတစ်ပါး အခြားသူ မဟုတ်သည်ကို သူ မေ့လျော့နေ၏။


ချန်ဟျွန်းက ‘’မင်းက မွေးရာပါ ဘွဲ့ရတစ်ယောက်ပဲ’ ဟူ၍ အမြဲပြောလေ့ရှိသည်။ ယောလ်လေးသည် ထိုစကားများ၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ သို့သော် ထိုစကားများသည် လက်ရှိအခြေအနေကို ကိုယ်စားပြုနေသည်။

 

"ကောင်းပြီ၊ ဒါဆို ဒါကို ငါမရှိသလို သဘောထားလိုက်မယ်"

 

"ဟင့်... ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

 

ယောလ်လေးမှာ မျက်ရည်များအပြည်ဖြစ်‌နေပြီး တောက်ပနေသော မျက်လုံးပြာလေးများဖြင့် တုံ့ပြန်သည်ကို မြင်ရသောအခါ မိုက်ကီရယ်သည်

 သူ့နှုတ်ခမ်းထောင့်စွန်းများကို ကျေနပ်စွာ မြှင့်တင်လိုက်သည်။

 

သူသည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ရရှိလိုက်ပြီဟု သူ့ကိုယ်သူ တွေးလိုက်တော့သည်။