Chapter 6
အမလေး အဲဒါ ဘာသံကြီးလဲ။ ငါ အသံထွက်မိသွားတာလား။
ယောလ်လေးမှာ မျက်လုံးများဝိုင်းစက်သွားလေသည်။ ယောလ်သည် အံဆွဲထဲတွင် ပိတ်မိနေခြင်းကြောင့် အပြင်ဘက်တွင် မိုက်ကီရယ် ရှိနေသလား၊ မရှိတော့ဘူးလား ဟုပင် မသိရပေ။
မိုက်ကီရယ် ကြားသွားရင် ဘယ်လိုလုပ်မလဲ။ အခုတောင် ငါ့ကို သံသယဝင်နေတဲ့ဟာကို။
စိုးရိမ်စိတ်တို့ဖြင့် ယောလ်လေးမှာ လှုပ်ပင် မလှုပ်ရဲတော့ပေ။ မိုက်ကီရယ်က အံဆွဲကို ချက်ချင်း ဖွင့်လိုက်မည်လားဟူသော ကြောက်စိတ်သာ စိုးမိုးနေသည်။ အမှောင်ထဲသို့ သူ၏ အပြာရောင် မျက်လုံးလေးများဖြင့်သာ လှည့်ပတ်ကြည့်ရှုနေမိသည်။ သို့သော် အချိန်ခဏကြာသည်အထိ မည်သူကမျှ အံဆွဲကို ရုတ်တရက် ဖွင့်မလာခဲ့ပေ။
ဟင်… သူ ထွက်သွားပြီလား။
သူ့စိတ်ထဲတွင် သိချင်စိတ်က တဖွားဖွားပေါ်လာသည်။ အသံတစ်စက်ကလေးမျှ မကြားရသောကြောင့် ရင်ထဲတွင် ပူပန်သောကများစွာဖြင့် ပူလောင်နေသည်။
ထိုသူမှာ အခန်းထဲမှ ထွက်သွားခြင်းဟုတ်၊မဟုတ် မသိရသောကြောင့် အံဆွဲကို မဖွင့်ရဲချေ။ ထို့ကြောင့် ယောလ်လေးမှာ အမှောင်ထဲတွင် တံတွေးခြောက်များကိုသာ ကြောက်လန့်တကြားဖြင့် မျိုချနေမိသည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိပေ။ အချိန်အတော်ကြာအောင် ပိတ်လှောင်ခံထားရသဖြင့် အသက်ရှုရသည်မှာ ခက်ခဲလာသည်။ လေပြတ်လပ်သလိုပင် ခံစားရသည်။
ယောလ်တစ်ယောက် အသက်ရှုကြပ်လာ၏။ သူ့စိတ်အခြေအနေကြောင့်ထင်သည်။ သူ တဖြည်းဖြည်း သတိမေ့ချင်လာသည်။
ငါ သေတော့မှာလား။ ဒီအတိုင်းဆို အသက်ရှုကြပ်ပြီး သေရချည်းရဲ့။
သူ အပြင်မှာ ဘာတွေဖြစ်နေသည်ကို မသိသော်လည်း ချက်ချင်း သေတော့မည်ဟု ခံစားရသဖြင့် အံဆွဲကို နည်းနည်းလေးတော့ ဖွင့်မှ ဖြစ်တော့မည်။ လေဝင်လေထွက်ရရုံမျှလေး ဖွင့်လိုက်လျှင် မိုက်ကီရယ် အခန်းထဲတွင် ရှိနေပသ်လျှင် အံဆွဲရွေ့သွားသည်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
ဟူး... ပင်ပန်းလိုက်တာ။
ယောလ်သည် သူ့ကိုယ်ခန္ဓာလေးမှာ ၂၀ စင်တီမီတာမျှသာ ရှည်လျားသော်လည်း ထရပ်လိုက်သောအခါ သူ့ခေါင်းက အံဆွဲမျက်နှာကျက်ကို ထိလုနီးပါးပင် ဖြစ်နေသည်။ အံဆွဲက ထိုမျှပင် ကျဉ်းမြောင်းလှသည်။
ယောလ်မှာ ဤကဲ့သို့ အခန်းကျဉ်းထဲတွင် တစ်ခါမျှ နေဖူးခြင်း မရှိပေ။ အခေါင်းထဲ အရှင်လတ်လတ် ဝင်ရသည်နှင့် တူနေသည်ဟု သူ တွေးလိုက်မိသည်။ ယောလ်တစ်ယောက် အောက်ဆီဂျင် အနည်းငယ်မျှကို ချွေတာရန် အသက်ကို ဖိ၍ ရှုလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် မျက်နှာကျက်ကို ပင့်ကာ သူ့ကိုယ်အလေးချိန်ကို အံဆွဲ၏ အရှေ့ဘက်သို့ ခြေနှစ်ဖက်ဖြင့် သတိထားပြီး တွန်းတင်လိုက်သည်။
အံဆွဲက သူ့ကိုယ်အလေးချိန်ကြောင့် ပွင့်လာရန် သူ စောင့်ဆိုင်းနေခဲ့သည်။
အားရှီး... ဘာလို့ မရတာလဲ။
သို့သော်လည်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ အံဆွဲက မရွေ့ခဲ့ပေ။ ယောလ်လေး၏ ကိုယ်အလေးချိန် အပြည့်အဝဖြင့် တွန်းသော်လည်း လက်တစ်ဖက်စာသာရှိသော ချည်ရုပ်၏ ကိုယ်အလေးချိန်မျှသာ ဖြစ်နေသည်။ ထိုမျှသာ လေးသော အလေးချိန်ဖြင့် သစ်သားအံဆွဲကို တွန်းသော်လည်း မပွင့်လာခဲ့ပေ။
ဟူး... ကဲပါ ထပ်ကြိုးစားကြည့်မယ်။
သူ့အကြံအစည်မှာ မအောင်မြင်သော်လည်း အသက်ရှင်လိုသည့် သူ့ဆန္ဒက ကြီးမားလှသောကြောင့် တစ်ချက်တည်းဖြင့် လက်လျှော့ရန် ဆန္ဒမရှိပေ။ ယောလ်တစ်ယောက် သူ့စိုးရိမ်စိတ်ကို လျှော့ချလိုက်သည်။ သူ့စိတ်ကို အံဆွဲမပွင့်မချင်း စိန်ခေါ်ရန် ကြံစည်လိုက်သည်။
အားးးး!
ယခင်ကနှင့် မတူဘဲ ယောလ်သည် အံဆွဲတံခါးကို အားအကုန်သုံး၍ အတွင်းမှနေပြီး တွန်းထုတ်လိုက်သည်။ သူက အသက်ရှုမဝ ဖြစ်နေချိန်တွင် သူ့ကိုယ်ကို ထောက်ပင့်ထားသော သူ့လက်မောင်းများမှာ တုန်ရီလာသည်။
အခြားသူများ၏ အမြင်တွင် အရေးမပါသော အမူအရာတစ်ခုမျှသာ ဖြစ်သော်လည်း ယောလ်လေးအတွက်မူ ဤသည်မှာ အသက်ရှင်ရေးအတွက် ရုန်းကန်နေရခြင်းပင်ဖြစ်သည်။
အောက်ဆီဂျင် ပြတ်လပ်နေသော်လည်း သူ့ခန္ဓာကိုယ်အနှံ့ အင်အားအပြည့်အဝ ပေးကာ အားအကုန် အလုပ်လုပ်နေသောကြောင့် မကြာမီ မူးလဲတော့မလိုပင် ဖြစ်နေသည်။
သူက ဒီအတိုင်း သေတော့မည်ဟု တွေးတောနေချိန်တွင် အံဆွဲက ဖြည်းဖြည်းချင်း ပွင့်လာလေ၏။
အား ဟုတ်ပြီကွ။ ရပြီ။
အလင်းရောင် တစ်စွန်းတစ်စသည် မှောင်မိုက်နေသော အံဆွဲထဲသို့ ထိုးဖောက်ဝင်လာသည်။ ထိုအချိန်မှာပင် အံဆွဲထဲရှိ ထိုင်းမှိုင်းသောလေထုမှာ ထွက်ခွာသွားပြီး လေကောင်းလေသန့်များ ဝင်ရောက်လာတော့သည်။
ငါ အသက်ရှင်ခဲ့ပြီကွ။
လက်တစ်ချောင်းစာမျှသာ ကျယ်ဝန်းသော နေရာလေး ပွင့်သွားခြင်းဖြစ်သော်လည်း ယခင်က အလင်းရောင်မရှိ အောက်ဆီဂျင်ပင်မရှိသော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လျှင် ၎င်းက နတ်ပြည်ပင် ဖြစ်နေသည်။ ယောလ်လေးက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး နောက်ထပ်တစ်ကြိမ် ပြန်ရှုလိုက်ပြန်သည်။
ဟမ် ဒါ ဘာအသံလဲ။
သေလုမြောပါး ဖြစ်နေသော ယောလ်တစ်ယောက် သူ့အာရုံများ လက်ရှိသို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် အဝေးမှ အသံတစ်ခုကို ကြားလိုက်သည်။ ဤသည်မှာ လူတစ်ဦး၏ ခြေသံပင်ဖြစ်သည်။
ယောလ်လေးမှာ အတတ်နိုင်ဆုံး အာရုံစိုက်ပြီး ထိုအသံကို နားထောင်လိုက်၏။ ခြေသံက ပိုမိုနီးကပ်လာနေသည်။ တစ်စုံတစ်ယောက်က ဒီဘက်ကို လာနေခြင်းပင်ဖြစ်လိမ့်မည်။
ခြေသံပိုင်ရှင်မည်သူဖြစ်ကြောင်း သိချင်စိတ် ပြင်းပြနေသော်လည်း အတည်ပြုရန် နည်းလမ်းမရှိခဲ့ပေ။ ယခင်က ဒီအတိုင်း သေရတော့မည်ဟု တွေးနေသောကြောင့် မိုက်ကီရယ် အခန်းထဲတွင် ရှိနေနိုင်သည့်တိုင် အံဆွဲတံခါးကို အလျင်စလို ဖွင့်မိခဲ့သည်။ သို့သော် ထိုထက်ပိုပြီး ရွေ့လျားလျှင် အန္တရာယ်နိုင်သည်။
သူ့အာရုံကြောအားလုံးကို အာရုံစိုက်ကာ အပြင်ဘက်မှ လှုပ်ရှားမှုများကို သူ၏ နားလေးများဖြင့်သာ သိရှိရန် ကြိုးစားတော့သည်။
နောက်ဆုံးတွင် ခြေသံက အလွန်နီးကပ်လာပြီးနောက် ရပ်တန့်သွား၏။
ထိုလူမည်သူဖြစ်သည်ကို မသိရသော်လည်း သူက ယခုအခါ အံဆွဲတပ်ဗီရိုရှေ့တွင် ရပ်နေခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ”
"ဒီလိုမျိုး ဖြစ်တတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်၊ ဒီကိုလာဦး”
စိတ်မပါသော အေးစက်သော အသံက လယ်ဗီ၏ အသံပင်။ ထို့နောက် ထွက်ပေါ်လာသော အသံက မိုက်ကီရယ်၏ အသံဖြစ်သည်။ ထိုနှစ်ဦး၏ အသံများကို ကြားရသော နေရာမှာ အံဆွဲတပ်ဗီရိုရှေ့မှ ဖြစ်သည်။ ထို့ကြောင့် ယောလ်တစ်ယောက် သူရှိနေသော အံဆွဲမှာ ထိုအံဆွဲတပ်ဗီရိုထဲရှိ အံဆွဲတစ်ခုအတွင်းတွင် ရှိနေသည်ဟု ကောက်ချက်ချလိုက်၏။
လူနှစ်ဦး သူ့ရှေ့မှာ ရှိနေကြောင်း တွေးလိုက်မိတော့ ယောလ်လေးမှာ တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။
ယောလ်တစ်ယောက် သူ၏ စိုးရိမ်စိတ် ပြည့်နေသော နှလုံးသားလေးကို နှစ်သိမ့်ရန် အသက်ပြင်းပြင်း ရှုလိုက်သည်နှင့် တစ်ပြိုင်နက် အံဆွဲတံခါးက ချက်ချင်း ပွင့်လာတော့သည်။
"ခင်ဗျား ကျွန်တော်ကို ဒါလေးကို ပြဖို့ ခေါ်လိုက်တာလား"
အံဆွဲကို ဖွင့်လိုက်သူက မိုက်ကီရယ်ဖြစ်ပြီး လယ်ဗီကလည်း သူ့ဘေးတွင် အံ့ဩတုန်လှုပ်နေသော မျက်နှာဖြင့် ရပ်နေသည်။
ယောလ်လေးမှာ ကျောက်ရုပ်ကဲ့သို့ မာကျောနေခဲ့သည်။ ထိုနှစ်ဦး ရုတ်တရက် တွေ့ဆုံလိုက်ရခြင်းက သူ့ရင်ကို ကျုံ့သွားလောက်အောင်ပင် အံ့အားသင့်စေခဲ့သည်။ သို့သော် ငြိမ်သက်စွာ လှဲလျောင်းနေခဲ့ခြင်းမှာ အကောင်းဆုံး ဖြစ်သည်။ မိုက်ကီရယ်သာ သူ ရုန်းကန်ပြီး အံဆွဲဖွင့်နေချိန်ကတည်းက အံဆွဲကို ဖွင့်လိုက်မည်ဆိုလျှင် သူ အကြီးအကျယ် ဒုက္ခရောက်နေလောက်ပြီ ဖြစ်သည်။
မှန်သည်။ မိုက်ကီရယ်သည်လည်း အံ့သြသွားခဲ့၏။
သိသာလှစွာပင် သူ အံဆွဲကို ပိတ်ခဲ့စဉ်က အလွန် တင်းကျပ်စွာ ပိတ်ခဲ့သည်။ သို့သော် အသံကြောင့် အံ့ဩသွားသဖြင့် လယ်ဗီကို ဤနေရာသို့ ခေါ်လာခြင်းပင်ဖြစ်သည်။ ထိုအတောအတွင်း အံဆွဲတံခါးက ပွင့်နေသည်ကို တွေ့လိုက်ရသည်။ အကျယ်ကြီးတော့ ပွင့်မနေပေ။ သို့သော် သတိထား၍ ပိတ်ထားသော အံဆွဲဖြစ်နေခြင်းကြောင့် ပို၍ပင် တုန်လှုပ်စရာကောင်းလှ၏။
မိုက်ကီရယ်က တုန်လှုပ်နေသော သူ့နှလုံးသားကို နှစ်သိမ့်ရန် ကြိုးစားပြီးနောက် အရုပ်ကလေးကို တတ်နိုင်သမျှ သာမန်အတိုင်း ပုံစံယူ၍ ကြည့်လိုက်သည်။ အမှန်တော့ အရုပ်ကလေးကို ကြည့်လိုက်ရုံနှင့်ပင် သူ့ကျောများ စိမ့်လာခဲ့သည်။ သို့သော် သူ့ကို အရုပ်ပေးခဲ့သော လယ်ဗီအား စူးစူးရဲရဲ ကြည့်လိုက်ခြင်းမှ မရှောင်လွှဲနိုင်ခဲ့ပေ။
"ဘာတွေပြောနေတာလဲ”
ကဲ၊ အချိန်တန်ပြီ။
မိုက်ကီရယ်၏ စကားကြောင့် ယောလ်တစ်ယောက် တံတွေး မျိုချလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အံဆွဲ ယခင်က လှုပ်ခါသွားချိန်တွင် မိုက်ကီရယ်လည်း တစ်စုံတစ်ရာ မှားနေသည်ဟု ခံစားမိခဲ့ဟန်တူသည်။
သို့သော် ယောလ်တွင် အဖမ်းခံရလုနီးပါး အကျပ်အတည်းများကို ကျော်လွှားခဲ့ဖူးသော မှတ်တမ်းကောင်း ရှိနေ၏။
ယောလ်တစ်ယောက် ဤတစ်ခါလည်း အဆင်ပြေလိမ့်မည်ဟု တွေးလိုက်ပြီး သူ့ကိုယ်သူ အားပေးနှစ်သိမ့်လိုက်သည်။ ရင်ဘတ်ထဲမှ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကိုလည်း ငြိမ်သက်အောင် ထိန်းချုပ်လိုက်သည်။ နီရဲတောက်လောင်နေသော မျက်လုံးများသည် ယောလ်၏ အရှေ့တွင် လှုပ်ခတ်နေသည်။
ယောလ်လေး၏ ဝိုင်းစက်သော မျက်နှာလေးမှာ မိုက်ကီရယ်၏ မျက်လုံးများထဲတွင် ပေါ်နေ၏။ ယောလ်မှာ သူ့မျက်လုံးများထဲတွင် ပိတ်မိနေသလိုပင်။ “သွေးနီရောင် ထောင်" ဟူသော ဝတ္ထုခေါင်းစဉ်ကို ယောလ်တစ်ယောက် ယခု နားလည်သွားပြီဖြစ်သည်။
ယောလ်မှည အသက်ကို အောင့်ထားပြီး သူ့ကို စိုက်ကြည့်နေသော မြို့စားမင်း၏ အကြည့်ကို အံတုနေရ၏။
စိတ်ရှည်ရှည်ထား စိတ်ရှည်ရှည်ထား။ အခု အသက်ရှူလိုက်တာနဲ့ မင်း ဒုက္ခရောက်ပြီပဲ။
"ဟင်း... ဟုတ်တယ်၊ ငါစိတ်ထင်တာပဲ ဖြစ်ရမယ်"
ထို့နောက် မြို့စားမင်းက လှည့်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။
ယောလ်တစ်ယောက် အသက်ရှင်ခဲ့ပြီ။ ထိုကဲ့သို့ ကြမ်းတမ်းသော ဘဝမျိုးမှ သူ အသက်ရှင်ခဲ့သောကြောင့် ယနေ့လည်း အသက်ရှင်လိမ့်မည်။
"လယ်ဗီ”
"ဗျာ"
"အဲဒါကို မီးရှို့လိုက်”
“ဘာ! မဖြစ်ဘူး!!”
ငြိမ်သက်နေပြီးနောက် မီးပုံရှို့ခံရတော့မည့် ယောလ်တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ယောလ် အော်လိုက်သံကြောင့် အခန်းထဲတွင် အေးစက်သော တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ မိုက်ကီရယ်၏ နီရဲနေသော မျက်လုံးများအပြင် လယ်ဗီ၏ အစိမ်းရောင် မျက်လုံးများမှာလည်း ပြူးကျယ်လာကာ ယောလ်ဘက်သို့ လှည့်လာတော့သည်။
သွားပြီ ငါတော့ ဒုက္ခရောက်ပြီ။
ယောလ်လေး၏ ခေါင်းပိစိလေးထဲတွင် "ငါတော့ ဒုက္ခရောက်ပြီ" ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။
သူသည် အကြိမ်ပေါင်းများစွာ ဖမ်းမိလုနီးပါး ဖြစ်ခဲ့သော်လည်း သူ အချည်းနှီး ဖမ်းမိသည်ဟု မယုံနိုင်ပေ။ တစ်ချိန်တည်းမှာပင် သူ၏ ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီးဖြစ်သွားသည်ကို ခံစားရသောအခါ ယခု သူ့ကို မီးရှို့တော့မည်ဟူသော အတွေးကြောင့် ပို၍ပင် ထိတ်လန့်သွားခဲ့သည်။
သူသည် ဤအခြေအနေမှ တစ်နည်းနည်းဖြင့် ရုန်းထွက်ရမည်။ ယောလ်တစ်ယောက် သူ၏ခေါင်းကို လျင်မြန်စွာ ခါလိုက်ပြီး သူ့စိတ်ထဲသို့ အကြံတစ်ခု ရောက်လာသည်နှင့် မည်သည့်အရာက အမှန်တကယ် ပြောသင့်သည်ကို မစဉ်းစားဘဲ သူ၏ပါးစပ်က ဦးစွာ လှုပ်ရှားသွားခဲ့သည်။
"ဘာလဲ မဟုတ်ဘူးနော်၊ ဘာလဲ မဟုတ်ဘူးနော်၊ ဘာလဲ မဟုတ်ဘူးနော်"
ယောလ်လေးမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့သော အသံကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။
ခဏတာမျှပင် သူ၏စိတ်ထဲသို့ ရောက်လာသော အတွေးမှာ စကားပြောအရုပ်တစ်ရုပ်အဖြစ် ဟန်ဆောင်ရန်ပင်ဖြစ်သည်။
"လယ်ဗီ"
"ဟုတ်ကဲ့"
"အခုချက်ချင်း မီးရှို့လိုက်တော့"
"ဟုတ်”
"မြန်မြန်"
ယောလ်တစ်ယောက် မိုက်ကီရယ်က သူ့ကို အမြန် မီးရှို့ရန် တိုက်တွန်းသောကြောင့် ထိုစစ်ဆင်ရေး ကျရှုံးခဲ့ကြောင်း သိလိုက်သည်။ ကျန်ရှိနေသော နည်းလမ်းမှာ တစ်ခုတည်းသာ ရှိသည်။
"အား ကယ်ပါဦး၊ ကယ်ပါဦး!"
ထိုနည်းလမ်းမှာ အကူအညီတောင်းခံခြင်းပင်ဖြစ်သည်။
ဤခန္ဓာကိုယ်သေးသေးလေးဖြင့် ထိုအားကောင်းသော အမျိုးသားနှစ်ဦးထံမှ ထွက်ပြေးရန် နည်းလမ်းမရှိသည့်အပြင် အရုပ်အဖြစ် ဟန်ဆောင်ရန်လည်း မဖြစ်နိုင်တော့သဖြင့် အခြားနည်းလမ်းမရှိတော့ပေ။
အံ့သြတကြီး ကြည့်နေသည့် လူနှစ်ယောက်၏ မျက်လုံးများကို သူမြင်နေရသော်လည်း သူဘာလုပ်နိုင်မည်နည်း။
ဒါက အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲလေ။
"ကျွန်တော်က တကယ်ပဲ မသင်္ကာစရာကောင်းပြီး ကြောက်စရာကောင်းတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်က မကောင်းတဲ့အရုပ် မဟုတ်ပါဘူး၊ နတ်ဆိုးလည်း မဟုတ်ပါဘူး ကျွန်တော် အတည်ပြောနေတာပါ၊ ယုံကြပါ နော်"
အရေးပေါ်အခြေအနေတွင် ယောလ် သည် ရေချိုးခါနီး ကြောင်ကလေးတစ်ကောင်ကဲ့သို့ သနားစရာကောင်းစွာ ငိုကြွေးအော်ဟစ် တောင်းပန်ခဲ့သည်။
သူ၏ သေးငယ်သော အရွယ်အစားကြောင့် ဖြစ်နိုင်သည်။ သူ၏အသံသည် လူတစ်ယောက်အသံ၏ ထက်ဝက်မျှသာ ရှိခဲ့သဖြင့် သူ မည်မျှပင် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်ဖြစ်စေ သေးငယ်သော အော်ဟစ်
သံမျှသာ ထွက်ပေါ်လာခဲ့သည်။
"ဟား”
မိုက်ကီရယ်သည် သူ့ကို မော့ကြည့်၍ ကြက်ချေးလုံးလောက် မျက်ရည်ပေါက်များ ကျနေသော လက်ဖဝါးအရွယ် အရုပ်ကလေးတစ်ရုပ်ကို မြင်သောအခါ ရယ်မောလိုက်သည်။