Chapter 5
မိုက်ကီရယ်တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးနေသည်မဟုတ် ယောလ်သည်လည်း ထိုအခြေအနေကြောင့် ထိတ်လန့်သွားပြီး အံ့သြမှင်တက်နေလေသည်။ ယောလ်သည် ခဏတာမျှ သတိလက်လွတ်ဖြစ်သွားခဲ့ပြီး ယခုအခြေအနေမှ မည်သို့လွတ်မြောက်ရမည်ကို စဉ်းစားနေရင်းဖြင့် အရှေ့သို့လဲကျသွား၏။
"..."
"..."
တစ်ခဏတာမျှ အရာအားလုံး တိတ်ဆိတ်သွားလေသည်။ မှန်ပေသည်။ အရှေ့သို့ လဲကျသွားသော ယောလ်မှာ ငြိမ်သက်သွားပြီး မိုက်ကီရယ်သည်လည်း မည်သည့်စကားတစ်ခွန်မျှ ထွက်ဆိုလာခြင်း မရှိပေ။
တိတ်ဆိတ်မှုမှာ ကြာရှည်လာသည်နှင့်အမျှ ယောလ်၏ ခေါင်းထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာသည်။ သူ၏ ပုံစံအစစ်အမှန်ကို ရိုးသားစွာ ဖော်ထုတ်လိုက်ခြင်းမှာ ပို၍ကောင်းမွန်မည်လား သို့မဟုတ် ယခုလိုမျိုးပဲ ဆက်နေသင့်လားဟု တွေးတောနေမိသည်။
ဝါဂွမ်းတစ်ဆုပ်စာမျှသာ ရှိသော သူ့ခေါင်းထဲတွင် အတွေးနှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ သူ မည်သည့်လမ်းကို ရွေးချယ်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ သူ၏ ပူပန်မှုများသာ ပိုမိုနက်ရှိုင်းလာချိန်တွင်...။
"ဆီလက်ဖ်..."
မိုက်ကီရယ်သည် တိုးလျသောအသံဖြင့် ဆီလက်ဖ်ကို ခေါ်လိုက်သည်။ ဆီလက်ဖ်မာဆွန်သည် အိုလော့မိသားစု၏ သူရဲကောင်းတပ်မှူး ဖြစ်ပြီး ဝတ္ထုထဲတွင် မိုက်ကီရယ်၏ ရူးသွပ်သော အမိန့်များကို လိုက်နာဆောင်ရွက်ပေးရသည့် သူ၏ ညာလက်ရုံးပင် ဖြစ်သည်။
ဝတ္ထုထဲတွင် မိုက်ကီရယ်သည် ဆီလက်ဖ်၏ ကျေးဇူးရှင်အဖြစ် ရိုးရှင်းစွာ ဖော်ပြခဲ့သည်။ သူသည် မည်သို့သော ကျေးဇူးရှင်မျိုး ဖြစ်သည်ကို မသိခဲ့ပေ။ သို့သော် ယောလ်၏ အမြင်တွင် မိုက်ကီရယ်သည် မည်မျှပင် ကြီးမြတ်သော ကျေးဇူးရှင် ဖြစ်စေကာမူ သူ၏ ရူးသွပ်သော အမိန့်များကို လိုက်နာသော ဆီလက်ဖ်သည်လည်း ရူးသွပ်နေပုံရ၏။
ဝတ္ထု၏ အဆုံးတွင် မိုက်ကီရယ်မှာ ပုန်ကန်မှုစတင်သည့်တိုင် ဆီလက်ဖ်သည်သာ ရှေ့တန်းတွင် ရှိခဲ့လေသည်။
ရိုးရိုးသားသားပြောရရင် ငါလည်း ပါမောက္ခပြောသမျှကို လုပ်ပေးရတာပဲ။ ဒါပေမဲ့ သူက အာဏာသိမ်းဖို့ ကြိုးစားနေရင် ငါချက်ချင်း သက်ဆိုင်ရာကို သတင်းပို့ရမှာပဲ။ ဟုတ်တယ်လေ ပါမောက္ခက ငါ့ကျေးဇူးရှင်မှ မဟုတ်တာ ငါ့ရန်သူပဲဟာ။
(N/ စိတ်ထင်တော့ ယောလ်က သူ့ပါမောက္ခနဲ့ မိုက်ကီရယ် ကိုယှဉ်ပြောနေတာ)
"ဟုတ်ကဲ့၊ ပြောပါ"
"ဒါ... ဒါကို ကြည့်လိုက်ဦး"
"ဒါကိုလား"
မိုက်ကီရယ် ညွှန်ပြနေသည့်အရာကို မြင်သောအခါ ဆီလက်ဖ်သည် ခေါင်းစောင်း၍ မေးလိုက်သည်။
မိုက်ကီရယ်၏ ဖြောင့်စင်းသော လက်ညှိုးဖြူဖြူလေးသည် ဝါဂွမ်းအရုပ်ကလေးတစ်ရုပ်ကို ညွှန်ပြနေသည်။ မြို့စားမင်း၏ အခန်းထဲတွင် ထိုကဲ့သို့ အရာဝတ္ထုတစ်ခု ရှိနေသည်ကို ဆီလက်ဖ် အံ့သြမိသွားသည်။ သို့သော် မည်သည့်အရာကိုမျှ ကြောက်ရွံ့ပုံမရသော သူ့အထက်အရာရှိသည် အဆုံးတွင် ထစ်အငေါ့ငေါ့ပြော၍ အရုပ်ကို သွားကြည့်ရန် တောင်းဆိုသည်ကိုတော့ သူနားမလည်ခဲ့ပေ။
"အင်း ဟုတ်တယ်၊ အဲဒါကို"
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ"
ဆီလက်ဖ်သည် သူဘာလုပ်နေရသည်ကို အနည်းငယ်မျှပင် နားမလည်ခဲ့ပေ။ သို့သော် ၎င်းသည် အမိန့်ဖြစ်သောကြောင့် သူ လိုက်နာရန် ဆုံးဖြတ်လိုက်သည်။ သူ ရှေ့သို့ လျှောက်သွားစဉ် မိုက်ကီရယ်သည် ဆီလက်ဖ်၏ ပခုံးကို ဆွဲကိုင်၍ နောက်သို့ ဆွဲလိုက်သည်။
"ဘာဖြစ်လို့လဲဗျ"
"သတိထား"
"ဗျာ"
"သတိထားလို့ ငါ ပြောနေတာ"
သူကြားတာ မမှားစေရန် ထပ်မေးလိုက်သော်လည်း သူပြန်ကြားရသည့် အသံမှာ အတူတူပင်ဖြစ်သည်။ မြို့စားမင်းသည် အခြားသူများကို စိုးရိမ်ကြောင်း ပြောရမည့်သူမျိုးမဟုတ်ဘဲ သူ့ကို နှစ်ကြိမ်တိုင်တိုင် သတိထားရန် ပြောနေခဲ့လေသည်။
ထို့နောက် ဝါဂွမ်းအရုပ်ကို စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဆီလက်ဖ်သည် မိုက်ကီရယ်၏ ပုံမှန်မဟုတ်သော အပြုအမူကို ပို၍ပင် ထူးဆန်းစွာ ခံစားလိုက်ရပြီး အရုပ်ထံသို့ ချဉ်းကပ်သွားခဲ့သည်။
ဆီလက်ဖ်သည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေသော အရုပ်လေးကို ကောက်ယူလိုက်သည်။ အရုပ်လေးမှာ အစိတ်အပိုင်း နှစ်ခုသာပါသော အရုပ်ဖြစ်ပြီး ခေါင်းနှင့် ကိုယ်ထည် အချိုးအစားညီမျှလေသည်။
ထိုမျှ အရေးမပါသော အရုပ်ကလေးကို အဘယ်ကြောင့် သတိထားရမည်ကို သူ မသိပေ။ သို့သော် ဤသည်မှာ အမိန့်ဖြစ်သောကြောင့် ဆီလက်ဖ်သည် ထိုနူးညံ့သော အရုပ်ကလေးကို သေသေချာချာ အနီးကပ် ကြည့်လိုက်၏။
သူ၏ ပန်းရောင်ဆံပင်မှာ နွေးထွေးပြီး မျက်လုံးများမှာ အပြာရောင် ချည်မျှင်လေးများဖြင့် ပန်းထိုးထားသည်။ ထို့အပြင် သူသည် အလွန်ပင် အပြစ်ကင်းစင်ပြီး သန့်စင်သော အသွင်အပြင် ရှိပေသည်။
ထို့အပြင် သူ့မျက်လုံးများမှာ သူ့မျက်နှာတစ်ဝက်နီးပါး နေရာယူထားသည်အထိ ကြီးမားလှသဖြင့် အရုပ်များအကြောင်း မသိသော်လည်း ချစ်စရာကောင်းသည်ဟု ဆီလက်ဖ်က တွေးမိခဲ့သည်။ သူ၏ ပါးစပ်ပုံစံမှာ ကြောင်ပါးစပ်နှင့် တူပြီး လက်သီးစုပ်အရွယ်ခန့်သာ ရှိလေသည်။
ယေဘူယျအားဖြင့် ဖောင်းကားနေသော ခန္ဓာကိုယ်လေးပေါ်ရှိ ခြေလက်တိုတိုလေးများသည် လုံးဝ အန္တရာယ်ရှိပုံမရပေ။
"ဘာကို စစ်ဆေးရမှာလဲဗျ၊ ဒါက သာမန်အရုပ်လေးပဲလေ"
"သာမန်အရုပ်လေးတဲ့လား"
"ဟုတ်တယ်လေ၊ အခြားတစ်မျိုး ပြောရမယ်ဆိုရင်တော့ ဒါက ချစ်စရာအရုပ်လေးပေါ့”
ဆီလက်ဖ်၏ စကားကို ကြားသောအခါ မိုက်ကီရယ်၏ မျက်နှာအမူအရာသည် တင်းမာသွားခဲ့သည်။
မဖြစ်နိုင်ဘူး။ သူကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ။ အရုပ်က သူ့ဘာသာ မတ်တပ်ရပ်နေပြီး မျက်တောင်ပါခတ်ပြနေတာ။
"မျက်လုံးတွေကရော"
"အပြာရောင်လေးနဲ့ ဝိုင်းစက်နေတာလေ"
"အဲဒါပဲလား"
"အာ... မျက်တောင်နှစ်ခုလည်း ရှိသေးတယ်"
"..."
ဆီလက်ဖ်၏ စကားကြောင့် မိုက်ကီရယ် ဘာမျှမပြောနိုင်တော့ပေ။ ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို သူသည် အမြင်မှားခြင်းဟု ယူဆခဲ့လျှင်ပင် ထိုအရုပ်ကလေးသည် ယခုလေးတင် လှုပ်ရှားနေသည်ကို သူ မျက်လုံးဖြင့် ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ သို့သော် ဆီလက်ဖ်မှာ အရုပ်ကို အနီးကပ် ကြည့်နေသော်လည်း ထူးဆန်းသည်ဟု မခံစားရပေ။
ညက အိပ်ရေးမဝလို့များ သူမှားမြင်ခဲ့တာလား။
မိုက်ကီရယ်သည် ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။ ထူးဆန်းသော ဖြစ်ရပ်ကြောင့် သူ့နောက်ကျောတစ်လျှောက်သည် စိမ့်ကနဲ ဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူသည် အမြင်မှားခဲ့ခြင်းလားဟု တွေးနေမိသည်။
ထိုအချိန်မှာပင် ဆီလက်ဖ်၏ လက်ထဲတွင် ရှိနေသော ယောလ်သည် သူ့နှလုံးသားမှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူသည် သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ လျော့ထားသော်လည်း သူ့စိတ်ထဲရှိ တင်းမာမှုမှာ အမြင့်ဆုံးသို့ ရောက်နေခဲ့သည်။ သူသည် သူ့မျက်လုံးလေးများကို အကျယ်ဆုံးဖွင့်ထားကာ အပြစ်ကင်းစင်သော ပုံစံကို ပြသနိုင်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
ကံကောင်းစွာပင် ဆီလက်ဖ်သည် သူ့ကို သာမန်အရုပ်ကလေးအဖြစ်သာ ထင်ပုံရသည်။ ဖြစ်နိုင်သည်မှာ သူ စိတ်နှစ်၍ သရုပ်ဆောင်ခဲ့ခြင်းသည် အလုပ်ဖြစ်လောက်သည်။
မိုက်ကီရယ် မည်သို့တုံ့ပြန်မည်ကို သူ တွေးနေခဲ့သည်။ သို့သော် ဆီလက်ဖ်၏ မျက်နှာမှာ သူ့ရှေ့တွင် ရှိနေသောကြောင့် သူသည် မျက်နှာကို ဘေးသို့ စောင်းကြည့်၍မရပဲ အရှေ့တည့်တည့်သာ ကြည့်နေနိုင်ခဲ့သည်။
အမြင်မှားခဲ့တာလို့ပဲ ထင်လိုက်နော်၊ မင်း စိတ်ထဲကထင်နေတာ၊ ရူးနေပြီလို့သာ ထင်လိုက်စမ်းပါကွာ။
"ပြဿနာ ရှိလို့လား"
"မဟုတ်ပါဘူး၊ ငါ နည်းနည်း ပင်ပန်းနေတာ ဖြစ်ရမယ်”
အိုး... ဒါပေါ့။ ယောလ်သည် မိုက်ကီရယ်၏ စကားကြောင့် စိတ်ထဲမှ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
မိုက်ကီရယ်က အရူးကြီး အတိုင်းပဲ ဟီးဟီး။
"အာ... အခုတော့ ထူးဆန်းတာ တစ်ခု တွေ့ပြီ"
"ဘာလဲ”
ဘာ..
မိုက်ကီရယ်သည် ဆီလက်ဖ်၏ ရုတ်တရက် စကားပြောင်းသွားမှုကြောင့် အံ့သြစွာ မေးလိုက်ပြီး ယောလ်မှာမူ စိုးရိမ်လာခဲ့သည်။ အခန်းထဲရှိ လူတစ်ယောက်နှင့် အရုပ်တစ်ရုပ်မှာ မတူညီသည့် အတွေးကိုယ်စီနှင့် စိုးရိမ်နေကြလေသည်။
ငါ ဒီအတိုင်းလေးပဲ နေနေတာလေ မျက်တောင်တောင် မခတ်ဘူးလေကွာ။ ဘာလဲ ဘာကထူးဆန်းလို့လဲ။
ယောလ်သည် တိတ်တဆိတ်ဖြင့် စိတ်ပျက်အားငယ်စွာ တရားမျှတမှုကို ပေးရန် ညည်းညူနေခဲ့သည်။ သူသည် မျက်တောင်ပင် မခတ်နိုင်ဘဲ သူ့မျက်လုံးလေးများမှာ အရှေ့သို့ ပြုတ်ကျတော့မတတ် ခံစားနေရသည်။ သူသည် အရုပ်တစ်ရုပ်အဖြစ် သရုပ်ဆောင်နေရသော်လည်း မည်သည့်အရာများမှာ မှားနေသည်ကို သူနားမလည်နိုင်ခဲ့ပေ။
"လက်စွပ်ဝတ်ထားတယ်၊ မြို့စားမင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် မြို့စား ဝေလ်ဆန် ပေးထားတဲ့ စိန်လက်စွပ်လေ"
"ဘာ…"
အား...သေစမ်းကွာ။
ဆီလက်ဖ် စကားကြောင့် မိုက်ကီရယ်သည် မျက်လုံးပြူးသွားခဲ့ပြီး ယောလ်မှာတော့ စိတ်ပျက်အားငယ်နေခဲ့သည်။
လက်စွပ်ကြောင့် သူ့တည်ရှိမှုကို ဖော်ထုတ်ခံလိုက်ရသည်။ သူ၏ အရမ်းကောင်းသည့် သရုပ်ဆောင်မှုမှာ အချည်းနှီး ဖြစ်ခဲ့လေသည်။
အရာအားလုံးရဲ့ တရားခံက စိန်လက်စွပ်ဖြစ်ပြီး သူ့ရှေ့မှာ အဲလောက်ကြီးတဲ့စိန်ကို ဘယ်သူကများ လျစ်လျူရှုနိုင်မှာလဲ။
"ဒါကို မြို့စားမင်း ဝတ်ပေးထားတာလား”
"ရူးနေတာလား မဟုတ်ဘူး”
ခဏတာ တွေဝေပြီးနောက် ဆီလက်ဖ်က သူ့၏ ဖြစ်နိုင်ချေအရှိဆုံး သုံးသပ်မှုများကို သေသေချာချာ ပြောလိုက်သည်။ ထို့နောက် သူ့ကို တစ်ချိန်လုံး နှိပ်စက်ခဲ့သော ကြောက်ရွံ့မှုကို မေ့လျော့ကာ မိုက်ကီရယ်သည် ဒေါသထွက်ပြီး သူ့စကားများကို ငြင်းဆိုခဲ့သည်။
သို့သော် ထိုရှင်းပြချက်သည် အချည်းနှီးပင် ဖြစ်ခဲ့သည်။ ဆီလက်ဖ်သည် နားလည်မှုရှိသော အပြုံးဖြင့် ညင်သာစွာ ပြုံးလိုက်သည်။
“ဒါပေါ့၊ မဟုတ်ပါဘူး"
"ငါ မလုပ်ဘူးလို့ ပြောနေတယ်လေ၊ ဆီလက်ဖ် မင်း ငါ့ကို ဘာထင်နေတာလဲ”
"အို ဒါပေါ့၊ မြို့စားမင်းကြီးက တစ်ယောက်တည်း ညညဆို အထီးကျန်ပြီး စိန်လက်စွပ်ကို အရုပ်ကလေးတစ်ရုပ်အပေါ် စွပ်ပေးပြီး ဖြေသိမ့်နေတယ်ဆိုတာ မဖြစ်နိုင်တာလေနော်၊ ဒါပေါ့ ကျွန်တော် နားလည်ပါတယ်"
"ငါ... ငါ အဲလိုမဟုတ်ဘူးလို့ ပြောနေတယ်လေ!"
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ မြို့စားမင်း မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ် စိတ်မပူပါနဲ့"
အကြောင်းအရာတစ်ခုကြောင့် မိုက်ကီရယ် ပို၍ ငြင်းဆိုလေလေ ဆီလက်ဖ်မှာ သူ့၏ ကိုယ်ပိုင်အတွေးများကို ပို၍ ယုံကြည်လာလေလေ ဖြစ်သည်။ သူ့ အကြီးအကဲမှာ အလုပ်အရမ်းလုပ်လွန်း၍ စိတ်ဖီစီးမှုများနေခြင်း ဖြစ်မည်ဟု ထင်သွားပြီးနောက် မိုက်ကီရယ်ကိုပင် သနားစိတ် ဝင်လာခဲ့သည်။
သူတို့နှစ်ဦးကို ကြည့်၍ ယောလ်မှာ သက်ပြင်းမျှင်မျှင်လေးချလိုက်သည်။
ဆီလက်ဖ်ဆိုတဲ့ ကောင်စုတ်လေးကလည်း ငါထင်ထားတာထက် ပိုပြီးအသုံးဝင်သားပဲ။
ဆီလက်ဖ်၏ အခြေအမြစ်မရှိသော ထူးဆန်းသည့် အတွေးများကြောင့် သူ့ လျှို့ဝှက်ချက် ဖော်ထုတ်ခံရမည့် အရေးအား ကျော်လွှားခဲ့ရသော ယောလ်သည် အလွန်စိတ်ကျေနပ်နေခဲ့သည်။ နောင်တွင် ဆီလက်ဖ်အား ဆဲဆိုခြင်း မလုပ်တော့ဘူး ဟု ကတိပေးလိုက်သည်။
"ဆီလက်ဖ်"
"ဗျာ"
"အခုချက်ချင်း ငါ့အခန်းထဲက ထွက်သွားတော့"
"ဟုတ်ကဲ့ဗျ"
တစ်နည်းအားဖြင့် သူ့ကိုယ်သူသာ နစ်နာစေသည်ကို နားလည်သွား သဖြင့် မိုက်ကီရယ်သည် ဆီလက်ဖ်အား အမိန့်တစ်ခုပေးလိုက်သည်။ ဆီလက်ဖ်သည် ယဉ်ကျေးစွာ နှုတ်ဆက်၍ ထွက်ခွာသွားပြီးနောက် မိုက်ကီရယ် သက်ပြင်းချလိုက်သည်။ သူသည် သူ့ကို ထူးဆန်းသော အကြိုက်ရှိသည်ဟု စွပ်စွဲခဲ့သော ဆီလက်ဖ်အပေါ် ဒေါသ မပြေနိုင်ခဲ့ပေ။
"နားမလည်နိုင်ဘူး"
မိုက်ကီရယ်က ကိုယ့်ဘာသာကိုယ် ရေရွတ်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသော အရုပ်ကို ကောက်ယူလိုက်သည်။ သူ အရုပ်လေးအား ကြည့်လိုက်သောအခါ ဆီလက်ဖ် ပြောခဲ့သည်မှာ ဤအရုပ်သည် သာမန်အရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။မှန်သည်။ သာမန်အားဖြင့် အရုပ်သည် စိန်လက်စွပ် ဝတ်ဆင်ထားသည်ဆိုသည်ကို သူနားမလည်နိုင်ပေ။ ထို့အပြင် အရုပ်သည် သူ့ဘာသာသူ လှုပ်ရှားပြီး လက်စွပ်ဝတ်ဆင်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူသည် ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ခဲ့သော်လည်း အရုပ်ကို လွှင့်ပစ်ရန် တွေးလိုက်သည့်အခါ လယ်ဗီအား “မြတ်နိုးတန်ဖိုးထားမည်”ဟု ပြောခဲ့သော စကားများမှာ သူ့စိတ်ထဲတွင် ပေါ်လာသည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် မိုက်ကီရယ်သည် အရုပ်ကို ပြတင်းပေါက်ဘေးရှိ အံဆွဲထဲသို့ ထည့်လိုက်သည်။
ဟမ်။ ရား… မိုက်ကီရယ် ဘာလို့ ငါ့ကို ထည့်ပိတ်ထားတာလဲ။ ဒီအထဲမှာ မှောင်မဲနေတာပဲ ကြောက်စရာကောင်းတယ်လို့။
ဒုန်း!
ရုတ်တရက် အမှောင်ထဲတွင် ပိတ်မိသွားသော ယောလ်သည် ကျဉ်းမြောင်းသော အံဆွဲထဲ၌ ရုန်းကန်နေပြီး အံဆွဲမှာ အသံတစ်ခုနှင့်အတူ လှုပ်
ယမ်းသွားသည်။
နှလုံးသားထဲတွင် တည်ငြိမ်သွားပြီးနောက် အရုပ်ကို အံဆွဲထဲတွင် ထည့်လိုက်ပြီး လှည့်ထွက်သွားသော မိုက်ကီရယ်သည် ထိုအသံကြောင့် အံ့သြသွားပြီး နေရာမှာပင် ရပ်တန့်သွားခဲ့လေသည်။