Chapter : 10 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [7] )
Viewers 3k

Chapter : 10 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [7] )


သန်းခေါင်ယံ ဆယ့်နှစ်နာရီတိတိမှာ ဟိုင်ရိတစ်ယောက် မောပန်းနွမ်းနယ်နေတုန်း စင်္ကြံတစ်လျှောက် တံခါးပိတ်သံကို ကြားလိုက်ရပြီး ပြင်းထန်းသော အော်ဟစ်သံတစ်ခုသည်လည်း ထွက်ပေါ်လာ၏။ ထိုအသံနောက်တွင် လေးလံသော အရာဝတ္ထုတစ်ခု ကြမ်းပြင်ကို ပွတ်တိုက်သွားသံ လိုက်ပါလာခဲ့၏။ အသံကို နားထောင်ကြည့်ရာတွင် ကွယ်လွန်သူက လူတစ်ယောက်ကို ဆွဲခေါ်ပြီး စင်္ကြံလမ်းမှ ထွက်ခွာသွားပုံရသည်။ ထိုအသံက အချိန်အတော်ကြာအောင် ဆက်တိုက်ထွက်ပေါ်နေခဲ့ရာ ဟိုင်ရိလည်း တဖြည်းဖြည်း သည်းမခံနိုင်ဖြစ်လာရ၏။ Live stream ကား အရင်အတိုင်း စည်ကားနေဆဲဖြစ်ပြီး King Kong Barbie ဟုခေါ်သော streamer က အရှေ့မြောက်ပိုင်းမန်ဒရင်းဘာသာစကားဖြင့် သူ့ကိုကြည့်ရှုသူ ညီအစ်ကိုမောင်နှမများကို စိတ်အားထက်သန်စွာ ကျေးဇူးတင်နေခဲ့သည်။ ဟိုင်ရိပင်လျှင် streamer တစ်ဦးအဖြစ် ငွေရှာပြီး သူ့လက်ရှိတာဝန်များကို ရပ်နားလိုက်လျှင် ကောင်းမလားဟု စဉ်းစားမိခဲ့၏။ နောက်ဆုံးတွင် မနက် ၁၂:၄၀ နာရီရောက်သော် အပြင်ဘက်မှ အသံများအားလုံး တိတ်ဆိတ်သွားတော့သည်။ ဒါက ဟိုင်ရိ စောင့်မျှော်နေသော အချိန်ပင်ဖြစ်၏။ သူက App ကိုပိတ်လိုက်ပြီး ချက်ချင်းဆိုသလို မျက်လုံးများကို မှိတ်ကာ အိပ်ပျော်သွားခဲ့သည်။ နောက်နေ့ မနက် ၇ နာရီတွင် ဟိုင်ရိ နိုးလာခဲ့၏။ အပြည့်အဝ နိုးကြားတက်ကြွခြင်းမရှိသေးဘဲ အိမ်သာထဲသို့ မျက်နှာသစ်ရန် ဝင်သွားပြီး သူ့အသားအရေက ကြည့်ကောင်းနေသေးသည်ကို သတိထားမိလိုက်သည်။ မှန်ကို မော့ကြည့်လိုက်သောအခါ ဟိုင်ရိသည် သူ့၏ချောမောမှုကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့၏။ "ငါ ဘာလို့ ဒီလောက် ချောနေရတာလဲ" သူ နားမလည်နိုင်ဖြစ်ကာ မျက်နှာကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ "မနက်အစောကြီး ဖြစ်ပြီး မျက်နှာတောင် မသစ်ရသေးတာကို" ဟိုင်ရိသည် မနေ့က ဝတ်ခဲ့သော အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။ သူ့၏ နှာတံနှင့် မျက်ခုံးရိုးများမှာ မြင့်ပြီး ဖြောင့်တန်းနေရာ လူမျိုးခြား သွေးနှောသူတစ်ဦးနှင့် အတော်လေး ဆင်တူနေ၏။ သူသည် အသားအရေ ဖြူစွတ်နေသောကြောင့် မေးရိုးအောက်ပိုင်းမှ စိမ်းပြာရောင် သွေးကြောများကိုပင် မြင်နေရသည်။ သူသည် သူ့ခြေကျင်းဝတ်အထိ ရှည်လျားကာ သပ်ရပ်သည့် နက်ပြာရောင် ကီမိုနိုကိုဝတ်ဆင်ပြီး မှန်ရှေ့တွင် ရပ်နေခဲ့၏။ သူသည် တကယ်ကို ချောမောခန့်ညားလွန်းလှသည်။ သွားတိုက်နေရင်းဖြင့် မှန်ရှေ့တွင် မူးနေသည့်အတိုင်း သီချင်းဆိုနေ၏။ "နွေဦးရဲ့အလှဆုံးလေညှင်းတောင် မင်းရဲ့အပြုံးနဲ့ မယှဉ်နိုင်ဘူး ~ မမြင်ဖူးတဲ့သူက ဘယ်လိုနားလည်နိုင်မှာတဲ့လဲ " "ဒါက စွဲလမ်းမှုဖြစ်နေရင်လည်း ကိစ္စမရှိဘူး!" သွားတိုက်တံကို မိုက်ခရိုဖုန်းကဲ့သို့ မြှောက်ကိုင်လိုက်ကာ သူ့အဆုတ်ထဲမှ အားကုန် ထွက်ပေါ်လာသည့်အထိ အော်ဆိုလိုက်သည်။ ရုတ်တရက်ဆိုသလို သွားတိုက်ဆေးများက သူ့လည်ချောင်းနှင့် မျက်လုံးထဲ ဝင်သွားခဲ့ရာ ရလဒ်အနေဖြင့် အပြင်းအထန် ချောင်းဆိုးလာစေခဲ့၏။ ဘေဇင်ကို အမှီပြုပြီး အလွန်ခက်ခဲစွာ နောက်တစ်ပိုဒ်ကို ထပ်ဆိုလိုက်သည်။ " ဒါမှမဟုတ် ဒါက ကြိုတင်ပြဌာန်းထားတဲ့ ကံကြမ္မာဆိုရင်လည်း ကိစ္စမရှိဘူး ~ " သွားတိုက်နေရင်း အရက်မူးသမားကဲ့သို့ ဟိုင်ရိက ယိမ်းထိုးနေ၏။ "ဒါပေမယ့် ဒါတွေထဲက ဘယ်အရာမှ အရေးမကြီးဘူး... " ရုတ်တရက် တံခါးခေါက်သံ အနည်းငယ် ကြားရသည်။ ဟိုင်ရိသည် ခဏတာမျှ ကြောင်ငေးကြည့်နေပြီးမှ တံခါးဖွင့်ရန် ရွေ့သွား၏။ သူ့ပါးစပ်ထဲတွင် သွားတိုက်တံက ရှိနေဆဲပင်။ ရှန့်ချန့်ယန်က အပြင်ဘက်တွင် ရပ်နေပြီး ပြုံးခြင်းမမည်ဘဲ မပြုံးခြင်းလည်း မဟုတ်သည့် မျက်နှာဖြင့် သူ့ကို ကြည့်နေသည်။ ရှန့်ချန့်ယန် ဆက်ဆိုလိုက်၏။ "မင်း ငါ့ရင်ခွင်ထဲကို ပြန်လာနိုင်သရွေ့ ~ '' ဟိုင်ရိ : ... ရှန့်ချန့်ယန်က သူ့အခန်းထဲသို့ ခေါင်းပြူကြည့်ပြီး "မသန့်ရှင်းရသေးဘူးလား" "ခဏနေ ပြီးတော့မှာ" ဟိုင်ရိ အိမ်သာထဲသို့ ပြန်ဝင်ပြီး ပါးစပ်ဆေးလိုက်သည်။ ရှန့်ချန့်ယန်က "Infatuation" သီချင်းကို နှာခေါင်းမှတစ်ဆင့် ညည်းဆိုနေ၏။ စာသားများ မပါဝင်သော်လည်း ထိုသီချင်းက ရှင်းလင်း‌ကြည်လင်နေပြီး နားထောင်ရန် အလွန်ကောင်းမွန်လှသည်။ ရှန့်ချန့်ယန်တွင် အံ့မခန်း ဂီတအရည်အချင်းရှိပြီး သူ၏နှာခေါင်းညည်းသံဖြင့်ဆိုရုံနှင့်ပင် အသက်ရှူမှားလောက်အောင် ကောင်းမွန်လှ၏။ ဟိုင်ရိက မျက်နှာသုတ်ရင်း "မင်းလည်း ဒီလိုသီချင်းဟောင်းတွေ နားထောင်တာလား" < TN : 1992 TV Drama တစ်ခုအတွက် ထိုင်ဝမ်အဆိုတော်တစ်ယောက်ဆိုထားတဲ့ သီချင်းပါ Link - https://www.youtube.com/watch?v=wF0kCGbuVT4 > ရှန့်ချန့်ယန် : "ကျွန်တော်က ဆယ့်ကိုးနှစ်... ကိုးနှစ်မဟုတ်ဘူး" ဟိုင်ရိ ရယ်မိလိုက်သည်။ ရှန့်ချန့်ယန်က သူ့ကို ချီးကျူးလာ၏။ "ခင်ဗျား သီချင်းဆိုတာ ကောင်းတယ်" ဟိုင်ရိသည် မဆိုင်းမတွဘဲ ''မွန်ဂိုလူမျိုးတွေက မွေးရာပါ ပါရမီရှင်တွေဖြစ်တာတော့ မတတ်နိုင်ဘူးလေ၊ ငါက ကလဲကတတ်တယ်၊ ဒီဘက်လှည့်လိုက် ငါပြမယ်'' "ဟုတ်ပြီ" ရှန့်ချန့်ယန်ကပြောလိုက်၏။ "မွန်ဂိုအကလား" ဟိုင်ရိ : ''ငါ နည်းနည်းပါးပါးတော့သိတယ်'' ရှန့်ချန့်ယန်က အိမ်သာတံခါးဝတွင် ရပ်လျက် ဟိုင်ရိ မျက်နှာသစ်နေသည်ကို ကြည့်နေ၏။ "ခင်ဗျား အပြင်ထွက်ပြီး ကြည့်လိုက်သေးလား" ရှန့်ချန့်ယန်က မေးလိုက်သည်။


ဟိုင်ရိ : "မကြည့်ဘူး၊ ဘယ်သူသေတာလဲ" "မနေ့က နှစ်ယောက်သေတယ်" ဟိုင်ရိက သူ့ကို တစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်သည်။ "ဘယ်သူတွေလဲ"


ရှန့်ချန့်ယန် : "ခင်ဗျား အံ့သြသွားလိမ့်မယ်" ဟိုင်ရိသည် ထိုအချိန်က သူ့ကိုယ်သူ လူငယ်လေးတစ်ယောက်နှင့် ဆင်တူသည်ဟု ခံစားရပြီး စိတ်ကြည်လင်နေသည်။ "ဘယ်သူလဲ။ သတင်းထောက်နဲ့ ရှန်းရှင့်လား" ရှန့်ချန့်ယန် မည်သည့်စကားမျှ ဆိုမလာပေ။ ဟိုင်ရိ : ... ရှန့်ချန့်ယန် : ... ဟိုင်ရိသည် ကြောင်အကာ ငေးကြည့်နေရင်း မေးလိုက်သည်။ "တကယ်ကြီးလား" ရှန့်ချန့်ယန်က တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့ကို အပြင်ထွက်ကြည့်ရန် ဘယ်ဘက်လက်ကို ဆန့်တန်းပြလိုက်၏။ ဘာလုပ်ရမှန်းမသိဖြစ်နေသော ဟိုင်ရိသည် အပြင်သို့ ထွက်လာခဲ့ရာ အခန်း ၃ နှင့် အခန်း ၇ ၏ တံခါးများ ပွင့်နေသည်ကို တွေ့လိုက်ရသည်။ စင်္ကြံအဆုံးအထိ သွေးစီးကြောင်းနှစ်ခု ရှိနေသည်ကိုလည်း တွေ့လိုက်ရ၏။ ဟိုင်ရိ၏ မျက်လုံးများ ကျယ်သွားသည်။ ရှန့်ချန့်ယန်ကို နောက်ထပ်တစ်ချက် စူးစမ်းစွာ ကြည့်လိုက်ပြီး သူ့ကို အခန်းထဲသို့ ရုတ်တရက် ဆွဲခေါ်ကာ တံခါးကို ပိတ်လိုက်သည်။ "အမှန်အတိုင်းပြော၊ မင်းက လူသတ်သမားလား" ရှန့်ချန့်ယန်က အချိန်အတော်ကြာအောင် ကောက်ကျစ်စွာ ရယ်မောနေပြီး ဘာမှပြန်မပြောဘဲ ငြင်းဆန်နေသည်။ ဟိုင်ရိက အလေးအနက်ထားကာ မေးလိုက်သည်။ "ပြောစမ်းပါ၊ မင်းလား မင်းမဟုတ်ဘူးလား" ရှန့်ချန့်ယန် : "ကျွန်တော် ဘာလို့ ခင်ဗျားကို ပြောရမှာလဲ" ဟိုင်ရိသည် တအံ့တဩဖြစ်ပြီး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ရှန့်ချန့်ယန်က သူ့ကို ခဏတာ စိုက်ကြည့်နေပြီး ပြောလိုက်သည်။ "မနေ့ညက ခင်ဗျားဖြစ်နေရမှာ" ဟိုင်ရိသည် နောက်ဆုံးတစ်‌ခေါက်ပွဲတွင် လူသတ်သမားဖြစ်ခဲ့သော်လည်း နှစ်ညလုံးတစ်ယောက်ကိုမျှ မသတ်ခဲ့ပေ။ ပထမအချက်အနေဖြင့် သူ မသတ်ချင်ခဲ့ပါ။ ထိုအချိန်က အခြားသူများ၏ အချိန်ဇယားများတွင် သူ့အတွက် အသက်အန္တရာယ်ရှိသော သဲလွန်စများ ရှိမရှိ သူ မသိခဲ့သောကြောင့် မျက်စိစုံမှိတ် မသတ်ချင်ခဲ့ပေ။ ဒုတိယအချက်အနေဖြင့် ဤကဲ့သို့သော ဂိမ်းမျိုးတွင် လူသတ်ခြင်း၌ အဓိပ္ပာယ်မရှိဟု သူ ခံစားခဲ့ရသည်။ ထိုဂိမ်းသည် အဆုံးတွင် လူတစ်ယောက်သာ ထွက်ခွာလွတ်‌မြောက်နိုင်သည့် ဂိမ်းမျိုးမဟုတ်ခဲ့ပေ။ အဆုံးတွင် သူ့ကို မဲမပေးလျှင် အားလုံးအဆင်ပြေသွားမည်ဖြစ်သောကြောင့် သတ်ရန် ဆက်လက် တိုက်တွန်းနေရန် မလိုအပ်ခဲ့ပေ။ သူသည် ယနေ့ညတွင် လူနှစ်ယောက်သေဆုံးမည်ဟု မမျှော်လင့်ခဲ့ပေ။ ရှန့်ချန့်ယန် : "လူခုနစ်ယောက်နဲ့ ကစားတဲ့အချီမှာ အဖော်နဲ့တော့ သေချာပေါက်ရှိလိမ့်မယ်။ သူတို့တစ်ယောက်စီက ကစားသမားတစ်ယောက်စီကို သတ်နိုင်တယ်။ စဉ်းစားကြည့်လိုက်... ခင်ဗျားက လူသတ်သမားဆိုရင် ဘယ်သူ့ကို သတ်မှာလဲ" ဟိုင်ရိ : "ငါ မသိဘူး" ရှန့်ချန့်ယန် : "သံသယအနည်းဆုံးလူတွေပေါ့" "သံသယအများဆုံးလူကို အဆုံးအထိ ထားထားလေ၊ ဒါမှ လူဆိုးတွေက လူကောင်းတွေနဲ့ ရောနှောပြီး တစ်ယောက်ကိုတစ်ယောက် ဖယ်ထုတ်သွားကြမှာပေါ့။ လူကောင်းတွေ ကျန်ခဲ့ရင် သူတို့က အဖွဲ့ကို ဦးဆောင်ရင်း အခြေအနေကို ကောင်းကောင်း နားလည်ပြီး လူသတ်သမားကိုတောင် ဖမ်းမိနိုင်တယ်" ဟိုင်ရိ : "ရဲမှူး" ရှန့်ချန့်ယန်က တိတ်ဆိတ်စွာ ပြုံးလိုက်သည်။ သမန်းဝံပုလွေဂိမ်းတွင် 'ရဲမှူး၏နည်းလမ်း' သည် အဖွဲ့ကို ဦးဆောင်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းသည်။ လူတိုင်း အလှည့်ကျ ပြောဆိုပြီးနောက် ရဲမှူးက နိဂုံးချုပ်ကာ တစ်ယောက်ယောက်ကို မဲပေးရန် အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ ဤဂိမ်းတွင် ဤကဲ့သို့သော အခြေအနေမျိုးလည်း ပေါ်ပေါက်လာနိုင်၏။ ထိုအခါမှသာ ဟိုင်ရိသည် ရှန့်ချန့်ယန်က သူ့၏ဇာတ်‌ကောင်ကို အဘယ်ကြောင့် အတင်းအကျပ် ပုံဖျက်ပြီး သံသယဖြစ်ဖွယ်ရာများကို ထောက်ပြရန် တိုက်တွန်းနေသည်ကို နားလည်သွားခဲ့သည်။ ဟိုင်ရိသည် ကွယ်လွန်သူ၏ ချစ်သူဖြစ်သည်။ ရိုးရှင်းသည့် အကြောင်းပြချက်ဖြင့် စဉ်းစားလျှင် သူသည် သံသယအနည်းဆုံး ဇာတ်ကောင်ဟု ဆိုနိုင်သည်။ ဤအချက်ကို လူကောင်းများသာမက လူသတ်သမားများပါ သိကြ၏။ သူ့ကို ရဲမှူးဖြစ်လာခြင်းမှ ကာကွယ်ရန် ပထမညမှာပင် တိုက်ရိုက်ဖယ်ရှားခဲ့နိုင်ဖွယ်ရှိသည်။ မနေ့ညက သူ့တံခါးရှေ့တွင် တုံ့ဆိုင်းနေသော သရဲသည် မည်သူ့ကို ဖယ်ရှားရမည်ကို လူသတ်သမားက မဆုံးဖြတ်နိုင်ခြင်းကြောင့် ဖြစ်နိုင်၏။ ( TN : ရဲမှူးဆိုတာလေးကို ရှင်းပါမယ်နော် ~ သူက တကယ့် ရဲမဟုတ်ဘဲ ဂိမ်းထဲက သံသယဝင်စရာ အနည်းဆုံး လူတစ်ယောက်က လူကောင်းအဖြစ် တခြားလူတွေကပါ သတ်မှတ်ပြီးသား ဖြစ်သွားမှာပါ၊ ဆိုတော့ အဲလူကို လူကောင်းတွေက ယုံပြီး သူပြောတဲ့အတိုင်း လိုက်လုပ်ကြတာမျိုးပါ၊ ဘာလို့ဆို သူက လူသတ်သမား လုံးဝ မဖြစ်နိုင်ဘူးဆိုတာကို သိကြလို့လေ၊ အဲလိုလူမျိုးကို လူကောင်းတွေကို ဦးဆောင်ပြီး လူသတ်သမားကို ရှာတဲ့ ရဲမှူးအဖြစ် တင်စားသုံးကြတာပါ ) ဟိုင်ရိ မည်မျှပင် ဂရုမစိုက်ပါစေ၊ သတိပေးချက်တစ်ခုက သူ့နှလုံးသားကို ဖြတ်သန်းစီးဆင်းလာခဲ့သည်။ ဒါဆိုရင် ဒီည...


ရှန့်ချန့်ယန် : "လူတွေက သူတို့ရဲ့အမှားတွေကနေ သင်ယူတဲ့ နေရာမှာ အတော် ညံ့ကြတာပဲ။ ခင်ဗျားကိုယ့်ကိုယ်ကို အရမ်းအပြစ်ကင်းတယ်လို့ ထင်အောင် မလုပ်သရွေ့ အဆင်ပြေမှာပဲ။ လူအများစုက ဘယ်လို ကစားရမှန်း မသိတဲ့သူတွေဖြစ်နိုင်ပေမယ့် ဒီဂိမ်းကတော့ တစ်ဖက်သတ် သတ်ဖြတ်မှုတစ်ခု ဖြစ်လာတာ ထင်ရှားတယ်။ လူသတ်သမားတွေက အဆုံးထိ သတ်ဖြတ်ဖို့ ရည်ရွယ်ထားပြီး လူသုံးလေးယောက်လောက်ပဲ ကျန်တော့မှ ပူးပေါင်းပြီး မဲပေးဖယ်ထုတ်ဖို့ စောင့်နေနိုင်တယ်လေ၊ အဲဒီအခါကျရင် သူတို့ပဲ နိုင်သွားမှာပဲ" ဟိုင်ရိသည် ထိုကဲ့သို့ ကစားနည်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ တကယ်ပင် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည်ဟု ခံစားရသည်။ ဟိုင်ရိ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှန့်ချန့်ယန်အား မေးလိုက်သည်။ "မင်း လူသတ်သမား မဟုတ်ဘူးလား"


"ခင်ဗျားက ကျွန်တော့်ကို ဒီလိုမေးတယ်ပေါ့" ရှန့်ချန့်ယန်က နောက်ဆုံးတွင် အံ့ဩသွားပြီး.... "ကော၊ ကျွန်တော့်အတွက် ဖြေဖို့ တကယ်ကို ခက်တယ်" ဟိုင်ရိသည် ခဏမျှ တုံ့ဆိုင်းပြီးနောက် ထပ်မံ စူးစမ်းမေးမြန်းခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ရှန့်ချန့်ယန်က ပြောလိုက်သည်။ "ကျွန်တော်သာ လူသတ်သမားဆိုရင် ခင်ဗျားကို မနေ့က ကူညီစရာ မလိုဘူးလေ ကျွန်တော်က ခင်ဗျားကို ညဘက် သတ်မှာမှ မဟုတ်တာ" ထိုစကားများကြောင့် ဟိုင်ရိသည် ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားပြီး စိတ်ခံစားမှုကြောင့် မျက်ရည်များပင် မျက်နှာပေါ်သို့ ကျဆင်းလုနီးပါး ဖြစ်ခဲ့ရသည်။ ဒါကို ဘာလို့ခေါ်လဲ၊ ကလေးတစ်ယောက်ရဲ့ မိဘအပေါ် သားသမီးဝတ္တရားကျေပွန်မှုလား။ "ရှန်းရှင့်က လျှို့ဝှက်တိုက်ခိုက်ခံရတာ" ရှန့်ချန့်ယန်က ဝန်ခံပြောဆိုလိုက်သည်။ "အဲဒီကောင်မလေးက သိပ်ပြီး ဉာဏ်မကောင်းဘူး မဟုတ်တာတွေသွားပြီး လူတွေကို ရန်စနေတာ၊ လူတွေအများကြီးကို ရန်စပြီးပြီဆိုတော့ တစ်နေ့ကျရင် သူ့ကို ဖယ်ရှားချင်တဲ့သူ တစ်ယောက်တော့ ရှိလာမှာပဲ၊ သူ့ကို အပြစ်ပုံချလိုက်တော့ ကျန်တဲ့သူတွေက လူသတ်သမားက သူ့ကို ရန်ငြိုးရှိတယ်လို့ ထင်ကြလိမ့်မယ်၊ သူ သေဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး" ဟိုင်ရိသည် ရင်ဘတ်ကို ထိလိုက်ရင်း ရေရွတ်လိုက်သည်။ "ငါ အခု ခံစားရတာက..." ရှန့်ချန့်ယန် : "..?'' ဟိုင်ရိ : "ငါ နောက်ဆုံးတစ်ခေါက်ပွဲက နည်းနည်း‌ လွယ်လွယ်နဲ့ အနိုင်ရလိုက်သလိုပဲ" သူသည် ဤကဲ့သို့သော လှည့်ကွက်များအားလုံးကို စဉ်းစားမိခဲ့သည် မဟုတ်ပေ။ သို့မဟုတ် သူ စဉ်းစားနိုင်ခဲ့သော်လည်း ထိုအတိုင်း လုပ်ဆောင်ရန် မလိုချင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ဟိုင်ရိသည် ယခင်ဂိမ်းတွင် အလွန်သတိထားပြီး လုပ်ဆောင်ခဲ့၏။ သူ လူမသတ်ခဲ့သလို လူ့သဘာဝကိုလည်း မစွက်ဖက်ခဲ့ပေ။ သူသည် လူကောင်းများအား အခြေအနေများကို လှုပ်ရှားစေကာ သံသယကို နှစ်ကြိမ်မျှ အခြားတစ်ယောက်ဆီသို့ ပြောင်းရွှေ့ပေးခဲ့ရုံမျှဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူသည် အားထုတ်မှုမရှိဘဲ အောင်မြင်ခဲ့သည်ဟု ခံစားရ၏။ ရှန့်ချန့်ယန်သည် "နောက်ဆုံးတစ်ခါကလေ" ပြောကာရယ်မောရင်း နောက်လိုက်သည်။ "ကျွန်တော် ခင်ဗျားကို အသက်ချမ်းသာပေးလိုက်တာပါ" ဟိုင်ရိသည် တံခါးကို ပိတ်လိုက်ပြီး ရှန့်ချန့်ယန်နှင့်အတူ နံနက်စာစားရန် ထွက်လာခဲ့သည်။ ထို့နောက် သာမန်ကာလျှံကာသာ‌ မေးလိုက်သည်။ "ဘာလို့ ငါ့ကို မဖော်ခဲ့တာလဲ" သူသည် ရှန့်ချန့်ယန်အား ပထမပွဲတွင် သူ၏ သေစေလောက်သော အားနည်းချက်တစ်ခုကို သိမ်းယူခွင့်ပေးခဲ့သော်လည်း ရှန့်ချန့်ယန်က သူ့ကို မဖော်ထုတ်ခဲ့ပေ။ ရှန့်ချန့်ယန်သည် ဘာမှမပြောဘဲ စဉ်းစားနေခဲ့သည်။ ဟိုင်ရိက သူ့မျက်နှာကို လှည့်ကြည့်လိုက်ရာ သူပြောမည့်စကားကို ရှင်းရှင်းလင်းလင်း သိချင်နေပုံရ၏။ ထိုအချိန်တွင် ချန်ဇယ်သည် သူမ၏အခန်းထဲမှ ထွက်လာခဲ့သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် သူမ ပထမဆုံးမြင်လိုက်ရသည်မှာ သူမ ချစ်သူ၏ အခန်းအပြင်ဘက်ရှိ သွေးစီးကြောင်းတစ်ခုပင် ဖြစ်၏။ နောက်တစ်စက္ကန့်အကြာတွင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဟိုင်ရိသည် သူမအား အနည်းငယ် သနားကရုဏာစိတ် ဝင်မိခဲ့သည်။ ဤသည်မှာ 'ဤဘဝတွင် ထပ်မတွေ့ကြတော့ခြင်း' သို့မဟုတ် 'သေခြင်းဖြင့် ခွဲခွာခြင်း' ဟူသော ကိစ္စမျိုးလား။ ဖုယွမ်သည် သာမန်လူ့ဘောင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ထို့နောက် သူသည် သူ့ဘဝကို ပြန်လည်စတင်လိမ့်မည်။ သူ မည်ကဲ့သို့သော ဘဝမျိုး ပိုင်ဆိုင်နေပါစေ၊ ဆက်လက်ရင်ဆိုင်သွားရမည်သာဖြစ်၏။ သူ ဘဝအပေါ် စိန်ခေါ်ခဲ့သော၊ ကိုယ့်ကိုယ်ကို သတ်သေရန် ကြေညာခဲ့သော အရာမှာ ကျရှုံးခဲ့ရပြီဖြစ်သည်။ ဟိုင်ရိသည် တစ်ခုခုပြောရန် ရည်ရွယ်ချက်ဖြင့် လျှောက်သွားခဲ့သော်လည်း ရှန့်ချန့်ယန်က ချန်ဇယ်ကို တိုက်ရိုက်ကျော်ဖြတ်ပြီး ဧည့်ခန်းထဲသို့ ဝင်သွား၏။ ချန်ဇယ်ဘေးတွင် ရပ်နေရင်း ဟိုင်ရိသည် သူ ဘာပြောသင့်သည်ကို မသိခဲ့ပေ။ သူတို့၏မျက်လုံးများတွင် ဘဝကို ပြန်လည်ရယူခြင်းသည် အလွန်နာကျင်ဖွယ်ရာ ကိစ္စဖြစ်နေပြီဖြစ်သည်။ ဟိုင်ရိသည် သူမအား ဂုဏ်ပြုသင့်သလား သို့မဟုတ် ဝမ်းနည်းကြောင်း ဖော်ပြသင့်သလား မသိခဲ့ပေ။ ဟိုင်ရိက သူမ၏ ပခုံးပေါ်သို့ လက်တင်ကာ နှစ်သိမ့်စကားအနည်းငယ် ပြောလိုသော်လည်း သူ့လက်ကို ရုတ်တရက် ရိုက်ထုတ်ခံလိုက်ရ၏။ ချန်ဇယ်က ဒေါသတကြီးဖြင့် အော်ထုတ်လိုက်သည်။ "လစ်စမ်း!" ဟိုင်ရိသည် နောက်သို့ တစ်လှမ်းဆုတ်ကာ လက်နှစ်ဖက်မြှောက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ ကြားဝင်စွက်ဖက်မိသွားတယ်" ချန်ဇယ်၏စကားများသည် စိတ်ခံစားမှုများ ပြည့်နှက်နေပြီး ထပ်မံအော်ဟစ်လာသည်။ "ထွက်သွား!" ဟိုင်ရိ : "မင်း... ထားလိုက်ပါ၊ ဆောရီး" ယခင်က ကိုယ့်ကိုယ်ကို သတ်သေဖူးသူတစ်ဦးအနေဖြင့် ဟိုင်ရိသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းမပြုမီ လူ့စိတ်ထဲမှ လွှမ်းမိုးနေသော မှောင်မိုက်မှုကို ကောင်းစွာသိရှိနေခဲ့သည်။ ထိုအချိန်က မည်သည့်နှစ်သိမ့်မှုမျိုးမဆို အမွေးတစ်ပင်ကဲ့သို့ အရေးမပါသလို သူ့ ခံစားချက်များကို လုံးဝလျစ်လျူရှုခဲ့ခြင်းပင် ဖြစ်သည်။ မည်သူမျှ သူ၏နာကျင်မှုကို နားမလည်ခဲ့ပေ။


ထို့ကြောင့် ပြင်းပြင်းထန်ထန် နာကျင်နေသူတစ်ဦးသည် အခြားသူ၏ နှစ်သိမ့်မှုကို မည်သို့ပင်ဖြစ်စေ လက်ခံနိုင်မည် မဟုတ်ကြောင်း သူ နားလည်ပေသည်။ ထို့ကြောင့် ဟိုင်ရိသည် သူမကို မည်သို့ နှစ်သိမ့်ရမည်ကို မသိပါပေ။


သူသည် နောက်သို တစ်လှမ်းဆုတ်ကာ လှည့်ပြီး ဧည့်ခန်းထဲသို ဝင်သွားရုံသာ တတ်နိုင်ခဲ့သည်။


🌟🌟🌟